
‘’အင်မတန် ထူးမြတ်တဲ့ နေ့ထူးနေ့မြတ်မှာ အများပြည်သူတွေကို အခမဲ့ ကုသပေးနေတဲ့ သုခဆေးခန်းအနေနဲ့ ဓာတ်မှန်ခန်းကိုပါ ဖွင့်လှစ်ခွင့် ရတဲ့အတွက် မတည်အလှူရှင်တွေကို များစွာ ကျေးဇူးတင်မိတယ်’’ ဟု ပြည်တွင်း သတင်းထောက်များကို နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်မင်းသား ဦးကျော်သူက ပြောသည်။
ဓာတ်မှန်ခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ဓာတ်မှန်ခန်းအဆောက်အအုံအတွက် ကုန်ကျငွေ ကျပ်သိန်း ၂၇၀ ခန့်နှင့် မီးစက်ဖိုး သိန်း ၅၀ အပါအ၀င် စုစုပေါင်း သိန်း ၃၀၀ ကျော် ကုန်ကျကြောင်းနှင့် ဓာတ်မှန်ရိုက်ကူးစက်ကိုမူ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ (ကျပ်သိန်း ၂၅၀ ခန့်) ဖြင့် ၀ယ်ယူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စေတနာ့ဝန်ထမ်း ဓာတ်မှန်ကျွမ်းကျင် ဆရာဝန်တဦးရှိပြီး ဓာတ်မှန်းခန်း ကျွမ်းကျင်ဆရာဝန်များကို ခန့်ထားသွားဦးမည်ဟု သိရသည်။

ယခင်က နာရေးအသုဘတခုကိုသာ ဆောင်ရွက်ပေးနေသော်လည်း နောက်ပိုင်းတွင် ပြည်သူများ လိုအပ်ချက်အရ ကျန်းမာရေးကိုပါ ဆောင်ရွက်ပေးလာခဲ့သည့် ၎င်းတို့အသင်းသည် ယခုဆိုလျှင် ဓာတ်မှန်ကိုပါ ရိုက်ပေးနိုင်တော့မည်ဖြစ်သဖြင့် အလွန်ဝမ်းသာကြောင်း သူက ဆက်ပြောသည်။
‘’ကျန်းမာရေး၊ ပညာရေး စတာတွေကို ဖြည့်စွမ်းပေးနေရတာ ဖြစ်တဲ့အတွက် ကျေနပ်တယ်။ အများပြည်သူအတွက် အများပြည်သူ ကောင်းမှုဆိုတာ နာရေးကူညီမှုအသင်းရဲ့ နောက်ဆုံး ဆောင်ပုဒ်ပါ။ ပြည်သူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲဆောင်ရွက်သွားမယ်’’ ဟု ဆရာမ သန်းမြင့်အောင်က ဆိုသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) က အခမဲ့ ကုသပေးသည့် သုခဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ မဖွင့်လှစ်မီက ဆေးကူညီမှုကော်မတီကို ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့မှ စတင်ကာ မြောက်ဥက္ကလာဆေးရုံကြီး၊ တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံ၊ အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီးတို့တွင် ကျန်းမာရေး ဆေးဝါးကူညီမှုလုပ်ငန်းကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့ရသည်။
အသင်းကြီးသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ ၂၀၁၀ ဇွန်လ ၁၅ ရက်နေ့အထိ ကူညီခဲ့သော နာရေးပေါင်း ၈၉၁၆၁ ရှိခဲ့ပြီဖြစ်သည်။
သုခဆေးခန်းတွင် လာရောက်ကုသသည့် လူနာများမှာ တနေ့လျှင် ပျမ်းမျှအားဖြင့် ၂ဝဝ ခန့်ရှိရာ ယင်းတို့ကို ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ကူညီနေခြင်း ဖြစ်သည်။
သုခအလင်းအမည်ရှိ စာကြည့်တိုက်ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်ဆောင်ဆန်း မွေးနေ့တွင် အသင်းရုံးအပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သေးသည်။
No comments:
Post a Comment