Pages

Subscribe

Thursday 3 June 2010

တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု ဦးဝင်းတင်ပြော


တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေးကိစ္စတွင် အကျိုးသက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှလုပ်ပေးမှာလည်းမဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့ကနေပြီးတော့ ဒီမိုကရေစီအယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာအစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံရန်ရှိသည်ဟု ရန်ကုန်မှလာသော သတင်းများအရ သိရသည်။

တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးရန်ရှိသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေးကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှုအပြောင်းအလဲက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲကြည့်မည့်သဘော ပါမည်ဟု ဦးဝင်းတင်က ခန့်မှန်းသည်။

“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင်သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီအနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရကနေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီးတပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။

တရုတ်အစိုးရအနေဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု political stability ဆိုသည့် စကားလုံးများကို သုံးစွဲလာခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရအနေဖြင့် ပြောလာသည့်အတိုင်း (၃) နှစ်မက အချိန်ကြာခဲ့သော်လည်း ဘာမှအကောင်အထည်မပေါ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “တရုတ်အစိုးရကနေ တရုတ်သံအမတ်ကြီးက ၀မ်ကြားပေါင်မလာခင် အကြိုထုတ်တဲ့ကြေညာချက်ထဲမှာလည်း ဒီစကားလုံးပါတယ်။ ဒါပေမယ့် ဘာမှ တရုတ်က နိုင်ငံရေးတည်ငြိမ်မှုအတွက် လုပ်ပေးတာမဟုတ်ဘူး။ အခုဆို အန်အယ်လ်ဒီကို နိုင်ငံရေးပင်မ ရေစီးကြောင်းထဲကနေ ထုတ်လိုက်တဲ့ အဆင့်အတန်းထိ ရောက်လာတယ်။ ဒါတွေကို ကြည့်ရင် တရုတ်ပြောတဲ့ တည်ငြိမ်မှုမရှိဘူးဆိုတာ ပြတယ်” ဟု ပြောသည်။

အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်အစိုးရပြောသည့် နိုင်ငံရေးတည်ငြိမ်မှုကို လုပ်မည်ဆိုပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဆိုသည်မှာ ဖြစ်မြောက်နိုင်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် စေတနာမရှိခြင်းသည် အခက်အခဲဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့လည်း တကယ်စေတနာရှိရင် စီးပွားရေးလုပ်ငန်းတို့ ဒီမိုကရေစီအရိပ်အယောင်ပြတဲ့ဟာမျိုးတွေလောက် လုပ်နေလို့ကတော့ ဘာမှမထူးဘူး။ လုပ်ရမယ့်ဟာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲလိုဟာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင်မလုပ်ဘူး။ ကျနော်ကတော့ ၀မ်းကြားပေါင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်ချက်မထားဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးရလဒ်တွေကိုလည်း ဘာမှမမျှော်လင့်ဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှု ဆိုတာတွေလည်း ဘာမှရှိလိမ့်မယ်မဟုတ်ဘူးလို့ သဘောထားတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည်

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအတွက် အသက်အာမခံ လျော်ကြေးငွေ ပေးအပ်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခု တည်ထောင်ခွင့်ပြုတော့မည်ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သော နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ထိုင်းအလုပ် သမားဝန်ကြီးဌာနက ယင်းသို့ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီတွင် ဖော်ပြသည်။
အလုပ်သမားလစာ၏ (၀.၂) ရာခိုင်နှုန်းမှ (၁) ရာခိုင်နှုန်းအထိ အလုပ်ရှင်က ပေးအပ်ရမည်ဖြစ်သော အသက်အာမခံ ငွေကြေးဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်နိုင်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုကို မကြာခင် ခွင့်ပြု ဖွင့်လှစ်ပေးသွားတော့မည်ဖြစ်သည်။

အစီအစဉ်အရ ကော်မတီခွဲများသည် တပတ်အတွင်း အာမခံကုမ္ပဏီတခုခုကို ရှာဖွေ၍ လိုအပ်သော အချက်အလက် မှတ်တမ်းများကို နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ၏ နောက်အပတ် အစည်းအဝေးတွင် တင်ပြရမည် ဖြစ်သည်။

ဤအာမခံလျော်ကြေးငွေသည် ထိုင်းအလုပ်သမားများ ရရှိခံစားရသော လူမှုဖူလုံရေး ရန်ပုံငွေနှင့် သက်ဆိုင်ခြင်းမရှိဘဲ ရွှေ့ပြောင်းအလုပ်သမားများအတွက် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုမှ သီးခြားတာဝန်ယူ လုပ်ကိုင်ရမည်ဖြစ်ကာ လျော်ကြေးပေးအပ်မည် မပေးအပ်မည် ဆိုသည်ကို အဆိုပါကော်ပိုရေးရှင်းမှ ဆုံးဖြတ်ပိုင်ခွင့်ရှိမည်ဖြစ်သည်။

အလုပ်သမားမှတောင်းခံလာလျှင် ပေးအပ်မည့် စံချိန်စံညွှန်း ကိုက်မကိုက် ဆိုသည့်ကိစ္စအတွက်မူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက “ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိခိုက်နစ်နာတယ်ဆိုတာကို မီဒီယာတွေက တော်တော်ကျယ်ကျယ်ပြန့်ပြန့် တင်ပြတာတွေရှိတော့ ဒါကို အရေးတယူ စဉ်းစားလာရတာဖြစ်မယ်” ဟု ဆိုသည်။

တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်ရေး ကော်ပိုရေးရှင်းတခု ထူထောင်ပေးမည်ဟု ထိုင်းအစိုးရက ဆုံးဖြတ်လိုက်သည့် တချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကို တိုင်းပြည်အတွင်းမှ ဖမ်းဆီးပြန်ပို့ရေး အစီအစဉ်ကိုလည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထား လုပ်ဆောင်သွားမည်ဟု သိရသည်။

တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးပြန်ပို့ရေးအတွက် ထိုင်း ဒု-၀န်ကြီးချုပ်က အထူးတပ်ဖွဲ့များ ဖွဲ့စည်းရန် သဘောတူခဲ့ပြီးဖြစ်ကာ အဆိုပါ ဖမ်းဆီးရေးလုပ်ငန်းစဉ်အတွက် သုံးစွဲရန် အလုပ်ရှင်ထံမှ အလုပ်သမားခွန်အဖြစ် တရားဝင်အလုပ်သမားတဦးလျှင် ဘတ်ငွေ (၂,၄၀၀) ကောက်ခံသွားမည်ဖြစ်သည်။

စာရင်းဇယားများအရ ၂၀၀၉ ခုနှစ်အတွင်း တရားမဝင်အလုပ်သမား ခန့်ထားမှုအတွက် အလုပ်ရှင်ပေါင်း (၁,၅၁၈) ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံရသူပေါင်းမှာ (၁၁,၄၃၆) ဦးရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့် ဘတ်သက်တမ်း ဆက်ရမည်ဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများအနက် ဦးရေ (၃၀၀,၀၀၀) ကျော်သည် တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းရောက်ရှိ သွားကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်၏ ကုန်ကျငွေစရိတ်ကို မတတ်နိုင်ခြင်းနှင့် အဆိုပါလုပ်ငန်းစဉ်အား ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိမှုများကြောင့် ဖြစ်သည်ဟု အလုပ်သမားရေးအဖွဲ့များမှ ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသားစိစစ်မှုခံယူပြီး ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရမည်ဟု ဆိုသော်လည်း ၎င်းတို့အများစုသည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဆက်လက် ၀င်ရောက်နေကြဆဲဖြစ်ကာ ယမန်နေ့ကပင် မြန်မာအမျိုးသမီး (၄၆) ဦးအား ရနောင်းမြို့အနီး ထိုင်းရေပိုင်နက် ပင်လယ်ပြင်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

မုံရွာဈေးသစ်ကြီး မီးလောင်

စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာတွင် ယနေ့ နံနက် (၂) နာရီကျော်အချိန်၌ မုံရွာဈေးသစ်ကြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးကို နံနက် (၈) နာရီ ခွဲခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ရသောအကြောင်းရင်းကို မီးသတ်မှ အရာရှိများက စစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဗဟိုမှ တာဝန်ရှိသူတဦးက ပြောသည်။
မုံရွာမြို့ခံတဦးက “ကျမတို့ကြားတာကတော့ ဈေးအပေါ်ထပ် စားသောက်ဆိုင်တဆိုင်က ကျန်နေတဲ့ မီးကြွင်းမီးကျန်လို့ ပြောနေကြတယ်။ အပေါ်ထပ်မှာက စားသောက်ဆိုင်တွေနဲ့ ရွှေဆိုင်တွေရှိတယ်” ဟု ပြောသည်။

မုံရွာဈေးသစ်သည် (၂) ထပ်ဈေးဖြစ်ကာ မြေညီထပ်တွင် ဆိုင်ခန်းပေါင်း (၂၀၀)၊ အပေါ်ထပ်တွင် ဆိုင်ခန်းပေါင်း (၂၅၀) ကျော်ခန့် ရှိကြောင်း သိရသည်။

“လောင်တာကတော့ အားလုံးနီးပါးကုန်သွားတယ်၊ ဆုံးရှုံးမှုကတော့ မသိရသေးဘူး။ ဘယ်က စလောင်မှန်းလဲ မသိသေးဘူး။ ဒါကြောင့် တန်ဖိုး ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာ ပြောမရသေးဘူး” ဟု မုံရွာမြို့ခံ ဈေးသစ်ဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထိုဈေးသစ်၏ မြေညီထပ်တွင် အထည်ဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ လူသုံးကုန်အမျိုးမျိုး၊ အလှကုန်၊ ငါးခြာက်၊ သားစိမ်း ငါးစိမ်း စသော ပစ္စည်းအမယ်ပေါင်းစုံ ရောင်းချကြောင်း သိရသည်။

ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို အရေးယူပြီ

သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုလုပ်ခဲ့သည့် ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ် တရားရုံးက ပြစ်မှုကျင့်ထုံးပုဒ်မ ၂၀၄ (၁) အရ ယနေ့ အရေးယူလိုက်ကြောင်း ဆဲဗင်းဒေးသတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံက ပြောသည်။

၎င်းက “အမှုနဲ့ပတ်သက်ပြီးတော့ ဒီနေ့ တရားရုံးကနေပြီးတော့ မြို့နယ်တရားသူကြီး ဦးနေအောင်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၃ / ၅၀၆) ပထမပိုင်းအရ အရေးယူလိုက်ပြီလို့ ပြောပါတယ်” ဟု ဆိုသည်။
ပုဒ်မ (၃၂၃) သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ (၅၀၆) ပထမပိုင်းသည် ခြိမ်းခြောက်ပြောဆိုမှုဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးဦးက တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် သမ္မန်စာဆင့်ခေါ်ထားကြောင်း၊ (၃) ကြိမ်အထိ မလာရောက်ပါက တရားဥပဒေအတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း မအေးသူစံက ပြောသည်။

အမှုကို ဇွန်လ (၁၇) ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီ မအေးသူစံဘက်မှ အကျိုးဆောင်ရှေ့နေမှာ တရားရုံးချုပ်ရှေ့နေ ဦးသန်းထွန်းအောင်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တရားရုံးရောက်ရသည့်အဖြစ်နှင့်ပတ်သက်၍ မအေးသူစံက “ကျမတသက်နဲ့တကိုယ် ဒီလိုမျိုး ရုံးရောက်လောက်တဲ့အထိတော့ မမျှော်လင့်မိပါဘူး။ ကျမတို့ သတင်းထောက်အလုပ်ဆိုတာ ဒီလိုရုံးတွေ ဂတ်တွေနဲ့တော့ နီးစပ်တယ် ပြောရမှာပေါ့။ အခုလိုမျိုး တရားရုံးကို ရောက်ရတယ်ဆိုတာလည်း ကျမအနေနဲ့ ကြားထဲကနေပြီးတော့ စာပေနဲ့စာနယ်ဇင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီးတော့ သူနဲ့ကျမကို ကြားဝင်ညှိနှိုင်းပေးတယ်။ ကျမဘက်ကလည်း ကျမလိုက်လျောနိုင်တဲ့ အတိုင်းအတာကို ပြောလိုက်တယ်ပေါ့။ သူ့ဘက်က လိုက်လျောခြင်းမရှိတဲ့အတွက် တရားဥပဒေ လမ်းကြောင်းတခုပဲ ရှိတော့တဲ့အတွက် ဒီလမ်းကြောင်းကိုပဲ ဆက်လုပ်ရမယ့်ပုံစံ ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့်လ (၁၉) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ဂျွန်ဆင်စ် ဘေဘီ အလှကုန် ပရိုမိုးရှင်းပွဲပြုလုပ်ရာ Ball Room တွင် မင်းသမီး ထက်ထက်မိုးဦးအား 7Day News ဂျာနယ် မှ မအေးသူစံက အင်တာဗျုး ပြုလုပ်ပြီးနောက် မေးသော မေးခွန်းအပေါ် မကျေမနပ်ဖြစ်ကာ ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့သည်အပေါ် ရန်ကင်းမြို့နယ်တရားရုံးတွင် သတင်းထောက် မအေးသူစံက ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“သူ့ရဲ့ တုံ့ပြန်မှုကတော့ ကျမခံစားရသလောက် အရမ်းကို တာဝန်မဲ့လွန်းတယ်လို့ ထင်ပါတယ်” ဟု မအေးသူစံက ပြောသည်။

ပုဒ်မ (၃၂၃) အရ ထောင်ဒဏ် (၁) နှစ်နှင့် ငွေဒဏ် (၁,၀၀၀) ကျပ်၊ ပုဒ်မ (၅၀၆) အရ ထောင်ဒဏ် (၂) နှစ် ချမှတ်နိုင်ကြောင်း ဥပဒေရေးရာကိုကိုးကားပြီး ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက ပြောကြားသည်။

အဖမ်းခံရသော KIO လူငယ် တူးရိန် ပြန်လွှတ်လာ

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ နအဖအစိုးရမှ မသင်္ကာသူဟု ယူဆရသော KIO လူငယ် မရစ်တူးရိန် ကို ပြီးခဲ့သည့် မေလ၂၈ ရက်နေ့တွင် ပြန်လွှတ်လိုက်သည်။

06310-police-one

KIO လူငယ်များကို ဖမ်းချုပ်ထားတဲ့ အမှတ် ၁ ရဲစခန်း၊ မြစ်ကြီးနားမြို့။ ဓါတ်ပုံ - ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၁)ရဲစခန်းတွင် ၁လခန့် ဖမ်းဆီးချူပ်နှေင်ထားပြီး စစ်ဆေးချက်အရ အပြစ်မရှိ၍ ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟု သူနဲ့နီးစပ်သူတစ်ဦးမှ ပြောသည်။

လူငယ် မရစ်တူးရိန် အား ရဲများက မေ ၁ရက်နေ့ တွင် အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

တူးရိန် သည် ကချင်လွတ်မြောက်အဖွဲ့ (KIO) အောက် လူငယ်အင်အားစုဖြစ်သည့် EEDY (Education and Economic Development for Youth) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

မြစ်ဆုံဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးနေချိန်တွင် သူနှင့်အတူ တခြား EEDY လူငယ်များကိုလည်း မြစ်ကြီးနားတွင် ပိုက်စစ်တိုက်လိုက်လံဖမ်းဆီးနေပါသည်။
ဖားကန့် ကျောင်စိမ်းနယ်မြေမှ EEDY ခေါင်းဆောင်အဆင့်ရှိသူ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာတဦးဖြစ် သည့် ထီန ကိုလည်း မြန်မာစစ်ထောက်လှမ်းရေးများက မေ ၁၄ ရက်နေ့ က ဖားကန့်မှ မြစ်ကြီးနားသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပြီခဲ့သည့် မေလ၂၃ ရက်နေ့ က မြစ်ကြီးနာမြို့ စီတာပူရပ်ကွက် တွင် EEDY လူငယ် ၆၀ ကျော်ကို ဖမ်းဆီးပြီး ၎င်းတို့ကို အခုချိန်ထိ အမှတ် ၁ ရဲစခန်းတွင် ဖမ်းချုပ်ထားပါသည်။

ယခုချိန်အထိ အဖမ်းခံရသော KIO လူငယ်တချို့ကိုသာ အာဏာပိုင်များ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးပြီး အများစုကတော့ ချုပ်နှောင်ခံရဆဲဖြစ်ကြောင်းသိရှိရသည်။

ကချင်ပြည်နယ်တွေ ဈေးနှုန်းသက်သာစွာဖြင့် မှတ်ပုံတင်အမြန်လုပ်ပေးနေ

ဒီနှစ်မကုန်မီ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲထည့်နိုင်ရန် ကချင်ပြည်နယ်တွင် မှတ်ပုံတင်မရှိသေးသူများကို ဈေးနှုန်းသက်သက်သာသာနဲ့ ပြီးခဲ့သည့် မေလလယ်မှစ၍ ရပ်ကွက်ရုံးများတွေ အမြန်လုပ်ဆောင်ပေးနေသည်။

060110-myitkyina-manu

ကချင်ရိုးရာမနောတိုင်၊ မြစ်ကြီးနာမြို့၊ ကချင်ပြည်နယ်။

နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား မရှိသည့် အသက်၁၀နှစ် အထက်ကလေးများမှစကာ မှတ်ပုံတင်လုပ်ပေးနေခြင်းဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားရပ်ကွက်တိုင်းရှိ ရပ်ကွက်ရုံးများ၌ ဈေးနှုန်းသက်သာစွာအမြန်ဆုံးလုပ်ပေးနေသည်။ မှတ်ပုံတင် တစ်ခုရဖို့ “ပိုက်ဆံနည်းနည်းပဲ ကုန်တယ် ၂၀၀၀၊ ၃၀၀၀ လောက်ဘဲ အပြီး” ဟု ဒူကထောင်မှ ဒေသခံတစ်ဦးပြောသည်။

ပြီးခဲ့သည့်နှစ်များတွေ မှတ်ပုံတင်တစ်ခုရရန် ကျပ်ငွေ တစ်သောင်းကျော်ကုန်ကျပြီး အချိန်တစ်လနီးပါး စောင့်နေရသည်။ “ကိုယ်မှတ်ပုံတင်အပ်တဲ့လူမလာရင် နောက်နေ့လာခဲ့၊ နောက်အပတ်မှလာခဲ့နဲ့ ရက်ချိန်းတာနဲ့တင် အချိန်က ကုန်နေတယ်၊ လာရတဲ့ ဆိုင်ကယ်ဆီဖိုးလည်းကုန်တယ်” ဟု တပ်ကုန်းဒေသခံ တစ်ဦးမှပြောသည်။
ယင်းတို့ ရပ်ကွက်တိုင်းတွင် မှတ်ပုံတင် လုပ်ပေးနေချိန် အိမ်ထောင်စုစာရင်းမရှိသူများကိုလည်း အိမ်ထောင်စုစာရင်းလုပ်ပေးနေသည်။

ဒီပတ် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားကာ ရယကမှ ရပ်ကွက်တိုင်းတွင်လည်း သန်းခေါင်စာရင်း လိုက်လံကောက်နေသည်။ ယင်းတို့လိုက်ကောက်နေခြင်းသည် “၂၀၁၀ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ စာရင်းလိုက်ကောက်ထားတယ်” လို့ ရပ်ကွက်လူကြီးများပြောဆိုခဲ့ကြောင်းကို စီတာပူဒေသခံတစ်ဦးမှ ပြန်ပြောပြသည်။

ယင်းသန်းခေါင်စာရင်းတွင် ရပ်ကွက်လူကြီးမှ အိမ်ထောင်စုစာရင်းများတောင်း၍ အသက်၁၈နှစ်ပြည့် လူငယ်မှစကာ သက်ကြီးရွယ်အိုထိ နာမည်၊ မှတ်ပုံတင် စသည်များကို လိုက်ကောက်နေခြင်းဖြစ်သည်။

ဒီနှစ်အတွင်း ယခုလို ဒေသခံ လူဦးရေ “အိမ်ထောင်စုစာရင်း” များကို လိုက်လံကောက်ခံနေသည်မှာ နှစ်ကြိမ်တိုင်ရှိပြီဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများရှိ

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများရှိ
ဇွန်လ ၃ရက်။ နော်အောင်လေး (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ဒေသ တစ်လျှောက်တွင် ယခုလ ပိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များ၍ လူသေဆုံး သည်အထိ ရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဖြစ်ပွားရာ၌ ဒုက္ခသည်စခန်းများ၊ မြန်မာနိုင်ငံဘက်ခြမ်းရှိ မြ၀တီနှင့် ထိုင်းဘက်ခြမ်းရှိ ကျေးလက်ဒေသတချို့တွင် လူကြီး ရော ကလေးပါ ဖြစ်ပွားခြင်းဖြစ်ပြီး မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က လူလတ်ပိုင်း အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့သည်ဟု မယ်လဆေးရုံအုပ် စောနေစဲန်က ကေအိုင်စီကို ပြောသည်။


“ပြီးခဲ့တဲ့အပတ်က အသက် ၄၀အရွယ်နဲ့ ၃၃နှစ်အရွယ် အမျိုးသမီး ၂ယောက် သွေးလွန်တုပ်ကွေးနဲ့ သေဆုံးသွားတယ်။ Dengue Shock မှန်းလည်းသိတော့ ကျနော်တို့  မဲဆောက်ဆေးရုံကို ပို့ တာပါပဲ။ သူတို့က ဒီအဆင့်ရောက်နေတာ သိလို့ မဲဆောက်ဆေးရုံကို ပို့ပြီး ကုသပေမဲ့လည်း အသက်မမှီတော့ဘူးလေ။”ဟု စောနေစဲန်က ဆိုသည်။

ထိုသေဆုံးသူများသည် Dengue Hemorrhagic, Den-gue Shock ဖြင့် ရောဂါပြင်းထန်ခြင်း၊ ဆေးရုံသို့ အရောက်နောက်ကျ ခြင်းများကြောင့် ဆုံးပါးသွားခြင်းဖြစ်သည်ဟု သိရသည်။

မယ်လစခန်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဝေဒနာရှင်များမှာ တပတ်လျှင် လူဦးရေ ၂၀ခန့်ရှိပြီး ၎င်းတို့မှာ အသက် ၅နှစ်မှ ၅၀အတွင်း ရှိသူများဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က ကလေးငယ်များတွင်သာ ဖြစ်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် လူလတ်ပိုင်းနှင့် အသက်အရွယ်ကြီးရင့်သူများပါ အဖြစ်များလာကြောင်း သိရသည်။

အဆိုပါရောဂါ ဝေဒနာ ခံစားရသူများသည် နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွေးပေါင်ချိန် ရုတ်တရက်ကျခြင်း၊ သတိလက်လွတ်ဖြစ်ခြင်းနှင့် သွေးဝမ်းပါခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်တတ်သည်။

မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်အတွင်းရှိ ခလီးသူးကလိုးရွာတွင် အချို့မှာ တစ်အိမ်လုံးနီးပါး သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားကြသည်ဟု အသက် ၃၉နှစ်အရွယ်ရှိ ၎င်းရွာသားက ယခုလို ပြောသည်။

“သားနဲ့သမီးက အရင်ဖျားကြတယ်။ သူ့အမေက သူတို့ကို ပြုစုရင်း ကူးသွားတာ။ သူက ဆေးလည်း မသောက်ဖြစ်ဘူး။ နောက် ကျတော့ ကိုယ်ပူတာမကျတော့ဘဲ လက်တွေခြေထောက်တယ် ညိုလာတယ်။ တံတွေးမှာ သွေးတွေပါလာတော့မှ ဆေးရုံ တက်လိုက်ရတယ်”ဟု ပြောသည်။

ကရင်ပြည်နယ် ဖားအံနှင့် မြဝတီမြို့တွင်လည်း သွေးလွန်တုပ်ကွေးရောဂါကြောင့် မေလလယ်ခန့်က ကလေးအတော်များများ သေဆုံးမှုရှိသည်ဟု ဖားအံဆေးရုံဝန်ထမ်းနှင့် မြ၀တီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မြ၀တီဆေးရုံအနီး နေထိုင်သူတဦးက “မေလလယ်လောက်မှာ သွေးလွန်တုပ်ကွေး တော်တော်ဖြစ်ကြတယ်။ မြ၀တီဆေးရုံမှာ တနေ့ကို ကလေး ၃ယောက်လောက် သေတယ်။ အဲဒီတုန်းက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်တာ။ အခုတော့ နည်း နည်းလျော့သွားပြီ။ လူနာသုံးလေးဦးလောက်ပဲ ရှိတော့တယ်”ဟု သူက ပြောသည်။

သို့သော် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် သွေးလွန်တုပ်ကွေး ရောဂါဝေဒနာသည် အနည်းငယ်သာရှိပြီး ဆိုးဆိုးရွားရွား ဖျားနာခြင်းမျိုးမရှိကြောင်း အတွင်းလူနာဌာနမှ ဆေးဝန်ထမ်းတဦးက ပြောသည်။

မယ်လစခန်းတွင် ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူ ၄ဦးရှိပြီး ၎င်းရောဂါသည် မနက် ၇နာရီမှ ညနေ ၆နာရီအတွင်း ကိုက်တတ်သည့် (Ades)ဟုခေါ်သော ခြင်အမျိုးအစား၏ အကိုက်ခံရခြင်းကြောင့် ဖြစ်ပွား ခြင်း ဖြစ်သည်။
ယခုအချိန်တွင် မယ်လစခန်းတွင်း၌ နေ့လည်ခင်းအိပ်လျှင် ခြင်ထောင်ထောင်ရန်၊ ခြင်မခိုအောင်းနိုင်အောင် အိမ်ပတ်ဝန်းကျင် ခြုံနွယ်များ ရှင်းလင်းရန်၊ ရေစည်ရေပုံးများတွင် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်အောင် သန့်သန့်ရှင်းရှင်းထားရန် စသည့် ရောဂါကာကွယ်ရေး ပညာပေးသင်တန်းများ ပို့ချကာ ခြင်ဆေးများ လိုက်လံဖျန်းပေးနေသည်ဟု သိရသည်။

ဗိုလ်မှူးကြီးစောနယ်ဒါးမြ ဥရောပနိုင်ငံသို့ ရောက်ရှိနေ

ဗိုလ်မှူးကြီးစောနယ်ဒါးမြ ဥရောပနိုင်ငံသို့ ရောက်ရှိနေ
ဇွန်လ ၂ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီးစောနယ်ဒါးမြသည် မိခင်အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် လက်ရှိအချိန်တွင် ဥရောပနိုင်ငံတစ်ခုသို့ ရောက်ရှိနေသည်ဟု သိရသည်။

မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားစီစဉ်ပေးချက်အရ ဗိုလ်မှူးကြီးစောနယ်ဒါးမြသည် မိခင်အဖွဲ့အစည်း ကေအဲန်ယူ၏ ခွင့်ပြုချက်ဖြင့် မေလ ၃၁ရက်နေ့တွင် ဥရောပခရီးစဉ်အဖြစ် နော်ဝေနိုင်ငံကို စတင်ရောက်ရှိခဲ့ပြီး ယခုဆိုလျှင် ၃ရက်မြောက်နေ့လည်း ဖြစ် သည်။


ဗိုလ်မှူးကြီးစောနယ်ဒါးမြ၏ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ ကေအဲန်ယူ အထွေထွေအတွင်းရေးချုပ် နော်စီဖိုးရာစိန်က ကေအိုင် စီကို ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

“သူ ဥရောပခရီး သွားမယ်ဆိုတဲ့အကြောင်း မသွားခင် ခွင့်ပြုချက်လာယူတော့ ကေအဲန်ယူအနေနဲ့ သွားရင်ကောင်းမယ်လို့ ကျမတို့ သူ့ကို အကြံပေးတယ်။ ဟိုမှာရောက်ရင် တရားမျှတမှု မရှိတဲ့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း။ နောက် တိုင်းရင်းသားဒေသတွေမှာ အရပ်သားတွေကို ညှင်းပမ်းသတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်အ ကြောင်း အဲဒီနှစ်ခုကို ဥရောပအစိုးရနဲ့ ဥရောပမှာရောက်နေတဲ့ ကရင်လူမျိုးတွေသိအောင် အဓိကထား ရှင်းပြပေးဖို့ပါ”ဟု ပြောသည်။

ဗိုလ်မှူးကြီးနယ်ဒါးမြသည် အစောပိုင်း၌ ဥရောပရှိ နော်ဝေတစ်နိုင်ငံတည်းသာ သွားရောက်မည်ဖြစ်သော်လည်း အီတလီနှင့် ဂျာမဏီနိုင်ငံများသို့ ခရီးစဉ်ဆက်သွားဦးမည်ဟု ယမန်နေ့က ကေအဲန်ယူကို ထပ်မံ ဆက်သွယ်အသိပေးခဲ့ကြောင်း နော်စီဖိုးရာ စိန်က ဆက်ပြောသည်။

၎င်း၏ ဥရောပခရီးစဉ်သည် အောင်မြင်ပြီး မြန်မာနိုင်ငံအခြေအနေ ပြောင်းလဲရေးအတွက် တစုံတရာ အထောက်အကူပြုလိမ့် မည်ဟု ယုံကြည်ကြောင်း ခရီးမထွက်ခွာမီ ဗိုလ်မှူးကြီးနယ်ဒါးမြက ဧရာဝတီသတင်းဌာနကို ယခုလို ပြောပြခဲ့သည်။

“ကျနော်တင်ပြမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ကရင်ပြည်သူရဲ့ဒုက္ခတွေကို အများက စာနာထောက်ကြပြီးသားပါ။ ဒါကြောင့် အ နာဂတ် မြန်မာနိုင်ငံရဲ့ လျှို့ဝှက်စီမံကိန်းတွေကို ကျနော်ပြောတဲ့အခါ သူတို့(သက်ဆိုင်ရာနိုင်ငံအစိုးရ)က ကျနော့်ကို ထောက် ခံကြမယ်ဆိုတာ သေချာပါတယ်”ဟု သူက ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) ဌာနချုပ်တွင် အထူးတာဝန်ခံ(Officer on Special Duty) အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီးစောနယ်ဒါးမြသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ဂျာမဏီနိုင်ငံသို့ အလားတူ ခရီးစဉ်မျိုး တစ်ခေါက် သွားရောက်ခဲ့ဖူးသည်။

အင်တာနက်လိုင်း နှေးကွေးမူကြောင့် သုံးစွဲနုန်း အလွန်အမင်းလျော့ကျ

ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံမှ မြို့တချို့တွင် အင်တာနက်လိုင်းများ နှေးကွေးသည့် အပြင် သုံးမရ ဖြစ်နေသဖြင့် အင်တာနက် သုံးစွဲသူ အရေအတွက် အလွန်လျော့နည်းသွားကြောင်း အမည်မဖေါ်လိုသူ အင်တာနက်ဆိုင်ဖွင့်ပြီး စီးပွားရေး လုပ်ကိုင်နေသူ လူငယ် တဦးက ပြောသည်။
“ မေလ ၂၈ ရက်နေ့က စပြီးတော့ အင်တာနက်လိုင်းတွေ တော်တော့ကို နှေးကွေးသွားတယ်။ ကျွန်တော်တို့ ဆိုင်မှာ အင်တာနက်လိုင်းက လာတော့ လာပါတယ်။ ဒါပေမယ့် ပုံမှန်လို မဟုတ်တော့ သုံးစွဲသူတွေက အချိန် အကြာကြီး စောင့်ရတယ်။ သတင်းတွေ ဖတ်မယ်- စာပို့မယ် ဆိုရင် အချိန်အကြာကြီး စောင့်ပီးမှ အဆင်ပြေတယ်။ နောက်နေ့တွေမှာ တဖြည်းဖြည်းနဲ့ သုံးစွဲသူက လုံးဝကို လျော့ကျ သွားတယ်။ အခုတော့ စီးပွားရေး ထိခိုက်နေရပီ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လူထု ၀န်ဆောင်မူ လုပ်ငန်းများထဲတွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ခြင်းသည်လည်း တွက်ခြေကိုက်သော စီးပွားရေးလုပ်ငန်း တခု ဖြစ်သဖြင့် ရန်ကုန်နှင့် မန္တလေးမြိုကများ၌ သာမက နယ်မြို့များတွင်လည်း အင်တာနက်ဆိုင်များကို စီးပွားရေး အရ ဖွင့်လှစ်ပြီး လုပ်ကိုင် လာကြသည်ဟုသိရသည်။

ထိုသို့ စီးပွားရေး အရ အင်တာနက်ဆိုင်များ ဖွင့်လှစ်ပြီး လုပ်ကိုင် စားသောက်နေရသော်လည်း အင်တာနက်လိုင်းများ နှေးကွေးလာသဖြင့် သုံးစွဲသူများ အပေါ် အားနာစရာ ဖြစ်နေကြောင်း တခြား ဆိုင်ပိုင်ရှင် တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့လည်း စီးပွားရေး လုပ်လို့သာ လုပ်နေရတာပါ။ သုံးစွဲတဲ့ လူတွေကို အထူး အားနာစရာ ဖြစ်နေပါတယ်။ မေးလ် တစောင် ဖွင့်ဖို့ အတွက် အချိန်ယူပြီး စောင့်နေရတယ်။ ခုလို သုံးစွဲတဲ့ သူတွေ အခက်အခဲ ဖြစ်နေတဲ့ အတွက် လိုင်းမကောင်းကြောင်းကို သွားပီး အကြောင်း ကြားရင်လည်း လာပြုပြင်ပေးတာ မရှိပါဘူး။ ဒါပေမယ့် လိုင်းကြေးကိုတော့ ပုံမှန် ပေးဆောင် နေကြရပါတယ်။”

ထိုသို့ အင်တာနက်လိုင်းများ နှေးကွေးမူနှင့် အတူ လျှပ်စစ်မီးမှာလည်း ပုံမှန် မလာသဖြင့် ပုဂ္ဂလိက မီးစက်များကို အချိန်အကြာကြီး အသုံးပြုရသဖြင့် အင်တာနက်ဆိုင်ပိုင်ဆိုင်များမှာ စီးပွားရေး အရ တွက်ခြေမကိုက် ဖြစ်နေသည်ဟု သူက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အင်တာနက် လိုင်းများကို တွင်ကျယ်စွာ အသုံးမပြုနိုင်ရန်အတွက် ယခုအချိန်က စပြီး ကန့်သတ်မူများ ပိတ်ပင်မူများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟုလည်း သိရသည်။

“ ဒီမှာ ကောလဟာလ ပြောသံကြားနေရတာကတော့ အင်တာနက် လိုင်းတွေ နှေးကွေးသွားတာဟာ ရွှေးကောက်ပွဲနဲ့ ပတ်သက်တယ်ဆိုပီး ပြောနေကြပါတယ်။ နောက်ပိုင်းဆိုရင် ဒီထက် အခြေအနေ ပိုဆိုး လာနိုင်တယ်လို့ တွက်ချက် ပြောဆိုနေသူတွေလည်း ရှိပါတယ်။ ခုခေတ် လူငယ်တွေက အင်တာနက်ကို အများကြီး အသုံးပြုလာကြတယ်လေ။ ခုတော့ အင်တာနက်လိုင်းတွေ သုံးမရတာကြောင့် ညဉ်းတွားသံတွေကို ကြားနေရပါပြီ” ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့အတွင်း အင်တာနက်ဆိုင်များ မှိုလို ပေါက်နေပြီး ယခင်က ဆိုင်တိုင်းလိုလိုတွင် လူပြည့်ကျပ်နေသော်လည်း ယခုရက်ပိုင်း အတွင်းတွင် သုံးစွဲသူ မရှိဘဲ ဆိုင်များကို ဖွင့်ထားရကြောင်း တခြား ဆိုင်ပိုင်ရှင် အမျိုးသမီး တဦးက ပြောသည်။

သို့အတွက် သူမတို့ဆိုင်တွင် အင်တာနက် သုံးစွဲရန် လာသူများမှာ အင်တာနက် လိုင်းအဆင် မပြေမူကြောင့် ဂိမ်းမ်များကိုသာ ဆော့ကစား နေကြသည်ဟု သူမက ပြောသည်။

မြန်မာနိုင်ငံတွင်နေရောင်ခြည်လျှပ်စစ်စွမ်းအင်သုံးစွဲသူများ

မြန်မာနိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား မလုံလောက် မှုကြောင့် နေရောင်ခြည် ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် အသုံးပြု မှုများ ယခုနှစ်ပိုင်းတွင် ပိုမို များပြား လာကြောင်း ပြည်တွင်း ဆိုလာ ကုမ္ပဏီ များက ဆိုသည်။ ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် သုံးစွဲ မှုတွင် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများထက် နယ်မြို့ များတွင် အများဆုံး အသုံးပြုလျက် ရှိသည် ဆိုသည်။ ဆိုလာပြား မှ တစ်ဆင့် နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ် ထုတ်လုပ်မှုမှာ ပျက်စီး ချို့ယွင်း နိုင်သော အစိတ်အပိုင်း နည်းပါးခြင်း၊ ဆူညံမှု မရှိခြင်း၊ နေရောင်ခြည်သာ လိုအပ်၍ အခြား လောင်စာ မလို အပ်ခြင်း နှင့် လျှပ်စစ် ရရှိမှု အားကောင်းခြင်း တို့ကြောင့် သုံးစွဲသူ ပိုမို များပြား လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆိုလာ စနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီ တို့သာ လိုအပ်ပြီး အိမ်သုံး လျှပ်စစ် ပစ္စည်းများပါ အသုံးပြု နိုင်ရန် ပြုလုပ် တပ်ဆင်ပါက ကျပ် ၁၀ သိန်း ဝန်းကျင်ခန့် ကုန်ကျ နိုင်ကြောင်း ဆိုလာပြား ရောင်းချသည့် ကုမ္ပဏီမှ သိရကြောင်း Favourite News Journal တွင် ဖော်ပြ ထားသည်။


solar system electric

ပါရမီ ယာဉ်လိုင်း များတွင် ကြိုတင် ငွေထည့် ထားသော ယာဉ်စီးခ ကတ်များ အသုံးပြုမည်

ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီမှ ပြေး ဆွဲလျက်ရှိသော ပါရမီ နှင့် အဓိပတိ ယာဉ် လိုင်းများတွင် ကြိုတင်ငွေ ထည့်ထား သော ယာဉ်စီးခကတ်များ အသုံးပြုကာ ကားခ ပေးချေသော စနစ်ကို အသုံးပြု နိုင်ရေး အတွက် ဗန္ဓုလ ပို့ဆောင်ရေး ကုမ္ပဏီ နှင့် အီး - ထရိတ် မြန်မာ ကုမ္ပဏီတို့ ဆွေးနွေး ညှိနှိုင်း မှုများ ပြီးစီးပြီ ဖြစ်သဖြင့် မကြာမီ စတင် အသုံးပြု တော့မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ အီး - ထရိတ်မြန်မာမှ ကွန်ပြူတာ နည်းပညာ အသုံးပြုမည့် တပ်ဆင် ပေးမည့် ကိရိယာ များတွင် ခရီးသည်က ငွေကြိုတင်သွင်း ထားသော ကတ်များကို အသုံးပြုကာ ငွေပေးချေ ခြင်းဖြင့် ကျသင့် ငွေကို ကတ်မှ နှုတ်ယူသော စနစ်အရ ယာဉ်စီးခကို ကောက်ခံ နိုင်မည်ဟု ဆိုပါသည်။ နိုင်ငံတကာ တွင် ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနေ ကြသော ယခုစနစ်ကို အောင်မြင်စွာ အသုံးပြု နိုင်မည်ဆိုလျှင် အနည်းဆုံး ခရီးသည် နှင့် ယာဉ် နောက်လိုက်တို့ အကြား အကြွေမအမ်း နိုင်သဖြင့် နေ့စဉ် ကြုံတွေ့ ရသော ပြဿနာ ဖြေရှင်း ပြီးသား ဖြစ်သွားမည် ဖြစ်ပါ သည်။ ယင်းစနစ် အသုံးပြု သော နိုင်ငံတကာ ဘတ်စ် လိုင်းများတွင် ယာဉ်နောက်လိုက် မလို သော်လည်း မြန်မာနိုင်ငံ တွင် စနစ်တကျ ရယူ ကောက်ခံနိုင်ရေး အတွက် မည်သို့ ဆောင်ရွက်မည်ကို အများက စိတ်ဝင် စားနေ ကြသည်။ ပါရမီနှင့် အဓိပတိ ယာဉ်လိုင်း များတွင် အဆင် ပြေပြေ သုံးစွဲနိုင်ပါက အခြားလိုင်း များတွင် လည်း သုံးစွဲ လာလိမ့်မည်ဟု ယူဆရ ပါသည်။

လိုင်းကားများပေါ် ပစ္စည်းများ မေ့ကျန်ခဲ့ ပါက သက်ဆိုင်ရာ ဂိတ်တွင် လာရောက် ထုတ်ယူနိုင်

လိုင်းကားများ ပေါ်တွင် မေ့ကျန်ခဲ့သော ပစ္စည်း များကို မိမိ လိုက်ပါ ခဲ့သော လိုင်း၏ ဂိတ်များတွင် လာရောက် ထုတ်ယူနိုင် ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မ.ထ.သ) မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။ ကားတွေ ပေါ်မှာ မေ့ကျန် ပစ္စည်းတွေကို ယာဉ်နောက်လိုက် တွေက သိမ်းဆည်းပြီး ဂိတ်မှူးကို အပ်ရ ပါတယ်။ အဲဒီ့ မေ့ကျန် ပစ္စည်းတွေကို သက်ဆိုင်တဲ့ ဂိတ်တိုင်းမှာ ဖြစ်ဖြစ်၊ ဂိတ်ဖျားမှာ ဖြစ်ဖြစ် သွားရောက် စုံစမ်း ထုတ်ယူနိုင် ပါတယ်ဟု ၎င်းက ပြောသည်။ လိုင်းကားပေါ်မှာ ပစ္စည်းတွေ ခဏခဏ မေ့ကျန် ကြတယ်။ ထီးတို့၊ ထမင်းချိုင့်၊ ပိုက်ဆံအိတ်တို့၊ တချို့ဆို ဖုန်းတောင် ကျန်ခဲ့ ကြတယ်။ ကျွန်တော်တို့ ကားပေါ် မေ့ကျန်ခဲ့တဲ့ ပစ္စည်း မှန်သမျှကို ဂိတ်မှာပဲ အပ်တယ်။ တကယ်လို့ ပစ္စည်း ကျန်ခဲ့တယ် ဆိုရင် ကိုယ်စီးတဲ့ ကားရဲ့ ဂိတ်မှာပဲ မေးပြီး ထုတ်လို့ ရပါတယ် ဟု (မ.ထ.သ) အထူးယာဉ် လိုင်း တစ်ခု ယာဉ်နောက်လိုက် တစ်ဦးက ဆိုသည်။
ကားပေါ် ကျန်ခဲ့တဲ့ ပစ္စည်း တွေက ပြန်ရတာလည်း ရှိသလို မရတာ လည်း ရှိပါတယ်။ တစ်ယောက်ယောက်က ယူသွားခဲ့ ရင်တော့ ပြန်မရနိုင် တော့ဘူး။ တစ်လောက ကားသိမ်းလို့ ပြန်လာတဲ့ အချိန်မှာ ထိုင်ခုံ အောက်မှာ ဟန်းဖုန်း တစ်လုံး ကျနေတာ တွေ့ရတယ်။ အဲဒါနဲ့ ဌာနကိုအပ်ပြီး ပိုင်ရှင်နဲ့ ဆက်သွယ်ပြီး ပြန်ပေး လိုက်တယ်ဟု အနောက်ပိုင်း ခရိုင် မော်တော်ယာဉ်လိုင်း တစ်ခု၏ ယာဉ်မောင်း တစ်ဦးက ပြောသည်။

ကျွန်တော် ကိုရီးယားသွား တုန်းက ကားစီးရင်း နဲ့ ကားပေါ်မှာ အိတ်ကျန် ခဲ့တယ်။ အဲဒီအိတ်မှာ Passport ပါတယ်။ သူတို့ဆီ မှာတော့ ကားဂိတ် တွေမှာ လိုက်ထုတ်ရတာ မဟုတ်ဘူးဗျ။ ကားပေါ် ဖြစ်ဖြစ်၊ ရထားပေါ် ဖြစ်ဖြစ် ကျန်ခဲ့တဲ့ ပစ္စည်းတွေ ဆိုရင် သွားထုတ်လို့ ရတဲ့ ဌာန သပ်သပ် ရှိတယ်။ ကျွန်တော့်အိတ် ကျန်ခဲ့တော့ အဲဒီဌာနကို သွား ဆက်သွယ်တာ။ သူတို့က ကျွန်တော် ပြောတဲ့ ပစ္စည်း မရောက်သေး ပါဘူးတဲ့ ဖုန်းနံပါတ် ထားခဲ့ပါ။ ရောက်လာရင် ဖုန်းဆက် ပေးပါမယ်လို့ ပြောတယ်။ ညနေကျ ဖုန်းပြန်ဆက် ပေးတယ်။ ကျွန်တော်တို့မှာ အဲဒီလို ဌာနလေး မရှိသေးဘူး ဟု ကိုရီးယားတွင် နှစ်နှစ် သွားရောက် အလုပ် လုပ်ကိုင်သူ တစ်ဦးက ပြောဆိုကြောင်း True News Journal ဂျာနယ်တွင် ဖော်ပြထားသည်။

ကြယ်ငါးပွင့် သင်္ဘောသား ထက်ဝက်နီးပါး နုတ်ထွက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်သို့ ရောက်ရှိသွားသော ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထက်ဝက်နီးပါးမျှဖြစ်သော သင်္ဘောသား ၅၅ဝ ခန့်သည် ယခုလ ၁ ရက်နေ့မှစတင်၍ အလုပ်ထွက်သွားကြပြီး လစာပိုမိုကောင်းမွန်သော နိုင်ငံခြားသင်္ဘောလိုင်းများတွင် အလုပ်ရှာကြမည်ဖြစ်သည်။

တပ်မတော် ဘဏ္ဍာရေးရှာဖွေမှုအတွက် ထူထောင်ထားသော ဦးပိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသော ကြယ်ငါးပွင့်သင်္ဘောလိုင်းကို လွှဲယူအပြီး နှစ်လအကြာ သင်္ဘောသား ၁၂၂၇ ဦးအနက် အနည်းဆုံး ၅၅ဝ ဦး နုတ်ထွက်သွားကြသည်။
’’ဝန်ထမ်းဟောင်းတွေကို ဆန္ဒသဘောထား တောင်းခံပြီးတော့ ဆက်လုပ်မယ့်လူကို ဆက်ခန့်ပါတယ်။ ဆက်မလုပ်တဲ့လူကို ထွက်ခွင့်ပေးလိုက်ပါတယ်’’ ဟု ကြယ်ငါးပွင့် အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့အထိ သင်္ဘောကုန်းပတ်ဌာနမှ ဝန်ထမ်း ၃၅ဝ နုတ်ထွက်သွားခဲ့ပြီး အင်ဂျင်ဌာနမှ ၂ဝဝ ဦး အလုပ်ထွက်သည်။

နုတ်ထွက်လိုကြောင်း ဆန္ဒပြုသည့် ဝန်ထမ်းများ၏ CDC (Continuous Discharge Certificate) များကို ရန်ကုန်တိုင်း ဒေါပုံမြို့ရှိ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD) သို့ ယနေ့တွင် အပြီးသတ် လွှဲပြောင်းမှုပြုလုပ်မည်ဟု သိရသည်။ CDC တွင် သင်္ဘောသားတဦး၏ သက်တမ်းတလျှောက် လုပ်ကိုင်ခဲ့သည့် သင်္ဘောအမျိုးအစား၊ လုပ်သက်အတွေ့အကြုံနှင့် ကပ္ပတိန်တို့၏ မှတ်ချက်များ ပါရှိသည်။

ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် လက်ရှိအချိန်တွင် နိုင်ငံခြားသွား ကုန်တင်သင်္ဘော ၉ စီးနှင့် ကမ်းရိုးတန်းသွား သင်္ဘော ၁၆ စီး ပိုင်ဆိုင်သော်လည်း ၁၃ စီးသာ ပြေးဆွဲရန် စီစဉ်ထားသည်။

ဦးပိုင်အုပ်ချုပ်မှုအောက် ရောက်လာပြီးနောက် ဝန်ထမ်းများကို ထိန်းထားနိုင်ရေး ကြိုးပမ်းမှုအဖြစ် ကြယ်ငါးပွင့်က သင်္ဘော အုပ်စု ၄ စုခွဲ၍ လစာတိုးမြှင့်ပေးရန် စီစဉ်လျက်ရှိသည့်ကြားကပင် နုတ်ထွက်ကြခြင်းလည်း ဖြစ်သည်။

အုပ်စု - ၁ တွင် နိုင်ငံခြား ခရီးဝေးသွား ကုန်တင်သင်္ဘောများဖြစ်သော ကိုကိုးကျွန်း၊ ကျောက်ဖြူ၊ ကျိုင်းတုံတို့ ပါရှိသည်။ အုပ်စု - ၂ တွင် နိုင်ငံခြား ခရီးတိုသွား သင်္ဘောများဖြစ်သော ထားဝယ်၊ မာန်အောင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ ပါဝင်သည်။ အုပ်စု - ၃ တွင် မော်လမြိုင်၊ စစ်တွေ၊ Ocean Brave တို့ ပါဝင်သည်။ အုပ်စု - ၄ တွင် ကမ်းရိုးတန်းသွား ပြည်တွင်းခရီးစဉ်သုံး မြစ်ကြီးနားနှင့် တောင်ကြီးတို့ ပါဝင်သည်။

အုပ်စု ၁ သင်္ဘော၌ အမြင့်ဆုံး ကပ္ပတိန်နှင့် Chief Engineer တို့အား လစာငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝ၊ အုပ်စု ၂ တွင် ကန်ဒေါ်လာ ၄၇ဝဝ ၊ အုပ်စု ၃ တွင် ကန်ဒေါ်လာ ၃၅ဝဝ နှင့် အုပ်စု ၄ တွင် မြန်မာကျပ်ငွေ ၇ သိန်းခွဲပေးရန် လစာနှုန်းထားအသစ်ကို ဇွန် ၁ ရက်နေ့မှစတင်၍ သတ်မှတ်ထားသည်။

သို့သော် ယင်းလစာငွေနှုန်းသစ်သည်ပင် နိုင်ငံတကာ သင်္ဘောလိုင်းကြီးများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ဟု သင်္ဘောသားများက ပြောသည်။

နိုင်ငံပိုင် စီမံခန့်ခွဲမှုအောက်တွင် ရှိခဲ့စဉ်က ကာလကြာရှည်စွာ အရှုံးပေါ်ခဲ့ပြီး ဝန်ထမ်းများ ပိုလျှံနေခဲ့သလို မေလကတည်းက စတင်၍ လူသစ်စုဆောင်းမှုများ ပြုလုပ်ထားသဖြင့် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် နုတ်ထွက်မှု ဖြစ်သော်လည်း မထိခိုက်ဟု ကုန်းပတ်ဌာနအရာရှိက ပြောသည်။

ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းအရှည် ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) တွင် အနောက်ဘက် ရခိုင်ပြည်နယ်မှ တောင်ဘက် တနင်္သာရီတိုင်းအထိ ခရီးသည်နှင့် ကုန်ပစ္စည်း ပို့ဆောင်ခြင်း လုပ်ငန်းများကို တာဝန်ယူထားသည်။

ထို့ပြင် အရှေ့ဖျား ခရီးစဉ်အဖြစ် ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အနောက်ဘက် ခရီးစဉ်အဖြစ် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ယူအေအီးနှင့် အရှေ့အလယ်ပိုင်းနိုင်ငံတို့ရှိ ဆိပ်ကမ်းများသို့ ကုန်စည်များ ပို့ဆောင်ပေးနေသည်။

နော်ဝေးဝန်ကြီး နာဂစ်ဒေသ လှည့်လည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်နှင့်အတူ နာဂစ်ဆိုင်ကလုံး မုန်တိုင်းသင့် ဒေသသို့ သွားရောက် လေ့လာခဲ့သည်။

၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေ ၃၁ ရက် နေ့က ရောက်ရှိလာသော မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်နှင့်အဖွဲ့သည် လွန်ခဲ့သည့် ၂ နှစ်ကျော်က နာဂစ်မုန်တိုင်းတိုက်ခတ်ရာ ဒေသများကို လှည့်လည်ကြည့်ရှု့အပြီး နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေတို့နှင့် တွေ့ဆုံခဲ့သည်။
မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က နာဂစ်မုန်တိုင်းသင့်ရာဒေသကို လေယာဉ်ပေါ်မှကြည့်ရှုခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ ကျေးရွာ ၃ ရွာကို သီးသန့် သွားရောက်ခဲ့သည်ဟု ခရီးစဉ်တွင် အတူလိုက်ပါသွားခဲ့သော အကူညီပေးရေးအဖွဲ့တခုမှ တာဝန်ခံတဦးက ပြောသည်။

“ပျက်ဆီးဆုံးရှုံးမှုတွေကို နော်ဝေနိုင်ငံက သိပါတယ်။ သေသွားတဲ့ သူတွေ အသက်ပြန်ရှင်လာဖို့အတွက် မတတ် နိုင်ပေမယ့် အသက်ရှင်ကျန်ခဲ့သူတွေအတွက် ထူထောင်ရေးလုပ်ငန်းတွေကို ပြည့်စုံအောင် အတတ်နိုင်ဆုံး ကူညီ သွားပါမယ်” ဟု နော်ဝေဝန်ကြီး ကျေးရွာသားများကို ပြောကြားသွားကြောင်း ကုလသမဂ္ဂဌာနကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မေ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ၂ဝဝ၈ ခုနှစ်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတောင်ပိုင်းတို့ကို နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ခိုက်ရာ လူ ၁၄ဝဝဝ သေဆုံးပြီး လူဦးရေ ၂.၄ သန်း အခြေပျက်ပြားသွားရသည်။

ကွမ်းခြံကုန်း မြို့နယ်တွင် ငါးဖမ်းလုပ်ငန်းမှ ငါးဖမ်းကိရိယာပိုင်ဆိုင်မှုနှုန်းသည် နာဂစ်မဖြစ်မီက ၁၅.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သော်လည်း မုန်တိုင်းပြီးနောက်၂.၇ ရာခိုင်နှုန်းသာ ကျန်တော့ကြောင်း နာဂစ်ကူညီရေးလုပ်ဆောင်နေသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ TCG က ထုတ်ပြန်ထားသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများဖြစ်ခဲ့သည့် ဒေသအသီးသီးအတွက် အဆောက်အဦနှင့် အသက်မွေး ဝမ်းကြောင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးအတွက် ၂ဝဝ၉-၂ဝ၁၁ အတွင်း နာဂစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း ဒေါ်လာ ၆၉၁ သန်း လိုနေသော်လည်း ယခုအထိ သန်း ၁၈ဝ သာ ရရှိ သေးကြောင်း သိရသည်။

လူထုစိတ်ဝင်စားမှု နည်းပါး စည်းရုံးရေးခက်ခဲဟု ပါတီများ ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ လူထုက ပါတီနိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းနေသဖြင့် စည်းရုံးရေးလုပ်ငန်းများတွင် အခက်အခဲရှိကြောင်း ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည့် ပါတီအချို့ထံမှ စုံစမ်းသိရှိရသည်။

ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည့် အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်၊ ဝံသာနု NLD၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် မတူကွဲပြားရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) တို့က ထိုကဲ့သို့ ပြောဆိုကြခြင်း ဖြစ်သည်။
“ပြည်သူလူထုက ပါတီနိုင်ငံရေးနဲ့ ကင်းကွာနေတာ နှစ် ၂ဝ ရှိပြီ။ အဲဒါကြောင့် စည်းရုံးရေးလုပ်ငန်းတွေမှာ အခက်အခဲ ရှိတယ်။ ကျနော်တို့ အချင်းချင်းထိတွေ့မှုတို့၊ ပြည်သူနဲ့ထိတွေ့မှုတို့၊ ပါတီဖွဲ့တဲ့ နေရာမှာ အခက်အခဲတွေ ရှိတာပေါ့လေ” ဟု အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ဆက်သွယ်ရေးတာဝန်ခံ ဦးအုန်းလွင်က ပြောသည်။

ဝံသာနု NLD က ဒုဥက္ကဋ္ဌ ဦးရဲဝင်းက “ခက်တာက ပြည်သူလူထုကို တော်တော်လေး ပြောရတယ်။ နိုင်ငံရေးလုပ်ရင် အဖမ်းခံရမယ်ဆိုတာကို ခေါင်းထဲမှာ ရောက်နေတဲ့အတွက် တော်တော်လေး ဖြေရှင်းပြီး နားလည်အောင် ပြောဆိုစည်းရုံးနေရတယ်။ နယ်တွေ သွားတဲ့အခါမှာတော့ တော်တော်ကို အခက်အခဲ ရှိပါတယ်။ နိုင်ငံရေးလုပ်ရမှာ၊ ပါတီဝင်ရမှာကို တော်တော်လေး ကြောက်နေတယ်” ဟု ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကလည်း လူထုသည် စိုးရွံ့မှုရှိနေသဖြင့် ထင်သလောက် ရှေ့ထွက်မလာသည့် အခက်အခဲမျိုး ကြုံတွေ့နေရသည်ဟု ဆိုကာ၊ မတူကွဲပြားရေးပါတီ အတွင်းရေးမှူး ကိုနေမျိုးဝေကလည်း ပြည်သူလူထုအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စားရန်နှင့် မကြောက်ရန် ဟောပြောနေရကြောင်း ပြောဆိုသည်။

မှတ်ပုံတင်ခွင့် ရပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ခွင့်ပြုချက်ကျပြီးသည်မှ ရက်ပေါင်း ၉ဝ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား စာရင်းကို ရွေးကော်မရှင်သို့ မတင်ပြနိုင်ပါက ပယ်ဖျက်ခံရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့်လ ၂၉ ရက်နေ့ထုတ်ပြန်ထားသည်။

ပြည်ထောင်စုတဝှန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁ဝဝဝ စည်းရုံးမည်ဟူ၍ ဝန်ခံချက် (သို့မဟုတ်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်း၌ စည်းရုံးမည့် ပါတီဖြစ်ပါက အနည်းဆုံး ၅ဝဝ စည်းရုံးမည်ဟု ဝန်ခံချက်များနှင့်အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြရသည်။

ပါတီဖျက်သိမ်းခံရခြင်းမရှိစေရန် လွတ်လပ်စွာ စည်းရုံးခွင့်မရရှိဘဲ ရက် ၉ဝ အတွင်း အဖွဲ့ဝင်အင်အား ပြည့်မီရန်အတွက် ခင်မင်ရာ မိတ်ဆွေသင်္ဂဟများထံ သွားရောက်ကာ စည်းရုံးနေရကြောင်း ၎င်းတို့က ပြောဆိုကြသည်။

သို့သော် လွတ်လပ်စွာ စည်းရုံးခွင့်ရှိလျှင် ဤပြဿနာများ ပြေလည်သွားနိုင်သည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက ဆိုသည်။

သူက “ကြံ့ဖွံ့ပါတီတို့၊ အစိုးရနဲ့ပတ်သက်နေတဲ့ လူတွေဆီကနေ ကျောထောက်နောက်ခံပြုပြီး တည်ဆောက်တဲ့ ပါတီမဟုတ်လို့ ပြည်သူ့ကိုယ်စားပြု ပါတီဖြစ်အောင် ကြိုးစားမယ်၊ အဲဒီအတွက် ပြဿနာ မရှိပါဘူး။ ဗဟိုစည်းရုံးရေး ကော်မတီရဲ့ လှုပ်ရှားမှုတွေကို အစိုးရနဲ့ အာဏာပိုင်အဆင့်ဆင့်ကနေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရင် အဲဒီကိစ္စတွေ ဖြေရှင်းနိုင်မှာပါ။ အနှောင့်အယှက်တွေ ရှိနေမယ်၊ အချိန်ကြန့်ကြာမှုတွေ ရှိနေမယ်ဆိုရင် လုပ်ရကိုင်ရတာ အခက်အခဲ ရှိနိုင်ပါတယ်” ဟု ပြောသည်။

အစိုးရ ကျောထောက်နောက်ခံပြု ပါတီများမှလွဲ၍ အခြားပါတီများအနေဖြင့် ပါတီရန်ပုံငွေ အခက်အခဲရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်က “ငွေရေးကြေးရေးကတော့ သိပ်ပြီးတော့ အခက်အခဲ ရှိတယ်။ အခုဟာက အချိန်နဲ့တပြေးညီ လုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ။ ဥပမာ ဒီနေ့ လုပ်ရမယ်ဆိုရင် နောက် ၄-၅ ရက်လောက်မှ လုပ်နိုင်တဲ့ အနေအထားဖြစ်နေတယ်” ဟု ပြောသည်။

“စည်းရုံးရေးဆင်းဖို့ ကြိုးစားနေတာပေါ့နော်။ ငွေရေးကြေးရေး ဘယ်သူဘယ်လို ထည့်မယ်ဆိုတာ စည်းဝေးနေတယ်။ သွားဖို့လာဖို့ကတော့ ငွေရေးကြေးရေး နည်းနည်းတော့ အခက်အခဲ ရှိတယ်'' ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ကိုနေမျိုးဝေကလည်း ၎င်းတို့ပါတီအနေဖြင့် စည်းရုံးရေးလုပ်ငန်းများတွင် သုံးစွဲရန်အတွက် ရန်ပုံငွေ အခက်အခဲ ရှိနေကြောင်း ပြောသည်။

ပါတီတည်ထောင်ခွင့်ကို တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးက ရွေးကောက်ပွဲ ဥပဒေနှင့်အညီ စတင်လျှောက်ထားရသည်။ လျှောက်ထားပြီးနောက်ပိုင်းတွင် တည်ထောင်ခွင့်ပြုကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ သက်ဆိုင်ရာပါတီသို့ အကြောင်းကြားသည်။

တည်ထောင်ခွင့်ပြုပြီးသော ပါတီများသည် ဒုတိယအဆင့်အနေဖြင့် ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်က လက်မှတ်ထိုးပြီး ပါတီအလံနှင့် ပါတီတံဆိပ်တို့ကို တင်ပြ၍ ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့် လျှောက်ထားရပြန်သည်။

ထို့နောက် ရွေးကောက်ပွဲ ကော်မရှင်က ပါတီအလံ၊ တံဆိပ်တို့ကို ကန့်ကွက်မှု ရှိမရှိ စိစစ်ပြီးမှ မှတ်ပုံတင်ခွင့်ပြုသည်။ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီများသည် ပါတီဝင်စာရင်း တင်ပြရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီရှိသွားပြီဖြစ်သည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၃၂ ပါတီအနက် ၂၈ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို စစ်အစိုးရက ကြေညာခြင်း မရှိသေးပါ။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီး ၂၈ ပါတီ စာရင်း

* တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (ဧပြီ ၂၉)
* လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဧပြီ ၂၉)
* ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO (မေ ၁၃)
* ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (မေ ၁၇)
* ဒီမိုကရေစီပါတီ (မြန်မာ) (မေ ၂ဝ)
* ကယန်းအမျိုးသားပါတီ (မေ ၂ဝ)
* မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ (မေ ၂ဝ)
* ကရင်ပြည်သူ့ပါတီ (မေ ၂၁)
* “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (မေ ၂၁)
* ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် (မေ ၂၁)
* တအောင်း (ပလောင်) အမျိုးသားပါတီ (မေ ၂၄)
* မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (မေ ၂၄)
* ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (မေ ၂၄)
* ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (မေ ၂၆)
* ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (မေ ၂၆)
* ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) (မေ ၂၆)
* ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (မေ ၂၆)
* အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် (မေ ၂၇)
* မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မေ ၂၇)
* ချင်းအမျိုးသားပါတီ (မေ ၂၇)
* ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) (မေ ၂၇)
* ခေတ်သစ်ပြည်သူ့ပါတီ (မေ ၂၈)
* ပြည်ထောင်စု ဒီမိုကရေစီပါတီ (မေ ၂၈)
* မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ (မေ ၂၈)
* မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (ဇွန် ၁)
* ချင်းတိုးတက်ရေးပါတီ (ဇွန် ၁)
* အင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဇွန် ၁)
* ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇွန် ၁)

မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး

နယူးဒေလီ (မဇ္ဈိမ)။ ။ မုံရွာမြို့ရှိ ချင်းတွင်း ရတနာဈေးသစ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ပေါင်း ၁၆၅၆ သိန်း ဖြစ်ကြောင်း မုံရွာ ဗဟိုမီးသတ်အဆိုအရ သိရသည်။

ကြာသာပတေးနေနံနက် ၃ နာရီခွဲမှ စတင်၍ နံနက် ၁ဝ နာရီခွဲအထိ မီးလောင်မှုတွင် ငါးပိ၊ ငါးခြောက်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
“အပြီးသတ် ငြှိမ်းတာက ၁ဝ နာရီ ၃ဝ မှာပါ။ ဈေးက နှစ်ထပ်ဈေး၊ မီးလောင်တာကတော့ အပေါ်ထပ်က ၁၅၃ ခန်း၊ အောက်ထပ်က ၂၅၃ ခန်း စုစုပေါင်း ၄ဝ၆ ခန်း လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၆၅၆ ဖြစ်ပါတယ်” ဟု မုံရွာ ဗဟိုမီးသတ်မှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက မဇ္ဈိမကို ဆိုသည်။

ဈေးကြီးသည် မြို့လယ်ခေါင် လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမ အရှေ့ဘက် (အလယ်ရပ်) နှင့် အနောက်ဘက် (ဘုရားကြီးရပ်ကွက်) တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်ထားပြီး ဆိုင်ခန်းပေါင်း ၁ဝဝ၆ ခန်း ရှိသည်။ မီးလောင်မှုမှာ အရှေ့ဘက်ရုံသာ ဖြစ်သော်လည်း ယခုအခါ အနောက်ဘက် ဈေးရုံကိုပါ ပိတ်ထားလိုက်သည်။

မီးလောင်ရာသို့ မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးနှင့် ပုလဲ၊ တောင်ဘက်ရှိ မြင်းမူ၊ မြောက်ဘက်ရှိ အလုံမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ရာ မီးသတ်ကားပေါင်း ၃၉ စီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။

ယခုသတင်းပေးပို့သည့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်ရှင်းလင်းဆဲဖြစ်သည်။

လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ လောင်ကျွမ်းကြောင်း ဈေးလုံခြုံရေးများက ယုံကြည်နေပြီး၊ ဗဟိုမီးသတ်ကလည်း အင်ဗာတာမှ စတင်လောင်ကျွမ်းကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ မီးလောင်လေ့ရှိရာ ယခုနှစ်အတွင်း၌ပင် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဈေး ၄ ထပ်မြောက်နှင့် ခေါင်မိုးပေါ်ရှိ ဆိုင်ခန်း စုစုပေါင်း ၈၄၅ ခန်း မီးလောင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင် ရန်ကုန် သင်္ကန်းကျွန်းဈေးတွင် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ခဲ့သေးသည်။

အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းဆောင်ရွက်မှု ရှိနေသည်ဟူသော စွပ်စွဲချက်များ ထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေကာ မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟုဆိုကာ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက် (Jim Webb) က သူ၏ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်သည်။

မစ္စတာ ဂျင်မ်ဝက်သည် ကိုရီးယား၊ ထိုင်း၊ မြန်မာ အာရှ ၃ နိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်လည်ပတ်ရန် စီစဉ်ထားခဲ့ရာမှ ခရီးစဉ်အား ရုတ်ချည်း ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။ သူသည် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် အခြား အရာရှိများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာမှ ယခုကဲ့သို့ ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။
ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် သူက စစ်အစိုးရသည် မြောက်ကိုရီးယားနှင့် ချိတ်ဆက်၍ နျူကလီးယား ရရှိရေး အစီအစဉ်ကို အကောင်အထည် ဖော်နေသည်ဟု စွပ်စွဲချက်များအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ရေးသားထားခဲ့သည်။ မြန်မာစစ်တပ်မှ ထွက်ပြေးလာခဲ့သော အရာရှိတဦးကလည်း စစ်အစိုးရတွင် နျူကလီးယား အစီအစဉ်ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ထိုအစီအစဉ်ကို သက်သေပြရန်အတွက် အထောက်အထား စာရွက်စာတမ်းများလည်း ရှိသည်ဟု ပြောဆိုခဲ့သည်။

ကြေညာချက်ထဲတွင် ”မြောက်ကိုရီးယားဆီကနေ လက်နက်တွေ သင်္ဘောတစီးနဲ့ ပို့ခဲ့တယ်လို့ သံသယရှိတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို မြန်မာက ချိုးဖောက်တာဖြစ်တယ်လို့ မကြာသေးခင်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် မကြာသေးခင်က စွပ်စွဲထားတယ်။ အခုဆိုရင် မရှင်းရသေးတဲ့ အလေးအနက် ထားရမယ့် ကိစ္စနှစ်ခုက နှစ်နိုင်ငံကြားမှာ ရှိနေတယ်။ အဲဒီကိစ္စတွေကို ရှင်းလင်းမှု မပြုလုပ်နိုင်မချင်း မြန်မာပြည်ကို သွားလည်တာဟာ မသင့်တော်ဘူး” ဟု လွှတ်တော်အမတ်က ရေးသားထားသည်။

မစ္စတာ ဂျင်မ်ဝက် ရည်ညွှန်းသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ သည် ပြီးခဲ့သည့်နှစ်က ချမှတ်ခဲ့ခြင်းပြီး မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်းကို ပိုမိုတင်းကျပ်ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်ဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှု အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း ကြေညာသည့်အပေါ် တုံ့ ပြန်သည့်အနေဖြင့် ထိုဆုံးဖြတ်ချက် ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်၏ ခရီးစဉ် ရုတ်တရက် ဆိုင်းငံ့ထားလိုက်ခြင်းသည် သူ၏ သဘောထားများ ရုတ်ချည်း ပြောင်းလဲသွားမှုကို သိသာထင်ရှားစေသည်။ သူသည် မြန်မာနှင့် မြောက်ကိုးရီးယားအကြား နျူကလီးယားကိစ္စ ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်ဟု ယခင်ကတည်းက စွပ်စွဲချက်များ ထွက်ပေါ်နေခဲ့သော်လည်း မြန်မာနိုင်ငံကို သွားရောက်ရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ စစ်အစိုးရနှင့် စီးပွါးရေးနှင့် နိုင်ငံရေးအရ ညှိနှိုင်းမှုများ ပိုမိုပြုလုပ်ရေးကို ထောက်ခံသော မစ္စတာ ဂျင်မ်ဝက်သည် အမေရိကန် ပြည်ထောင်စု၏ လူကြိုက်များသော MSNBC Hardball နိုင်ငံရေး သတင်း အစီအစဉ်တွင် သူ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မစ္စတာ ဂျင်မ်ဝက်က Hardball တာဝန်ခံ ခရစ်စ်မက်သူးစ်သို့ ပြောကြားရာတွင် “အမေရိကန်အနေနဲ့ နိုင်ငံရေးအရ သဘောထားချင်း မတိုက်ဆိုင်ရုံနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ မပြုလုပ်ဘဲ နောက်ခြေတလှမ်း ဆုတ်တာမျိုးတွေကို ရပ်ပြီးတော့ အဲဒီ့နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါပြီ” ဟု ပြောခဲ့သည်။

၂ဝဝ၉ ခုနှစ် သြဂုတ်လထဲတွင် သူသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သဖြင့် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်အစိုးရ၏ အဆင့်အမြင့်ဆုံး အရာရှိတဦး ဖြစ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း သူသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှုသည် အကျဉ်းကျနေသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တော လွတ်မြောက်စေရန် စွမ်းဆောင်နိုင်ခဲ့သည်။ ဂျွန်ယက်တောသည် နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အင်းလျားကန်မှတဆင့် တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သဖြင့် ၂ဝဝ၉ ခုနှစ် မေလဆန်းတွင် ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန်ဟုဆိုသော ဂျွန်ယက်တော၏ ထူးဆန်းသည့် လုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ပြီးမြောက်ကုန်ဆုံးရန် နှစ်ပတ်အလိုတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယက်တော၏ လုပ်ရပ်ကြောင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲကာ နေအိမ်တွင် ထိန်းသိမ်းသည့် ပြစ်ဒဏ်ကို သက်တမ်းတိုးခွင့် ရရှိစေခဲ့ပြီး နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာနိုင်ငံသား အားလုံးအား ကံဆိုးမိုးမှောင်ကျစေခဲ့သည်။