Pages

Subscribe

Thursday 3 June 2010

မုံရွာဈေးသစ်ကြီး မီးလောင်

စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာတွင် ယနေ့ နံနက် (၂) နာရီကျော်အချိန်၌ မုံရွာဈေးသစ်ကြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးကို နံနက် (၈) နာရီ ခွဲခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ရသောအကြောင်းရင်းကို မီးသတ်မှ အရာရှိများက စစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဗဟိုမှ တာဝန်ရှိသူတဦးက ပြောသည်။
မုံရွာမြို့ခံတဦးက “ကျမတို့ကြားတာကတော့ ဈေးအပေါ်ထပ် စားသောက်ဆိုင်တဆိုင်က ကျန်နေတဲ့ မီးကြွင်းမီးကျန်လို့ ပြောနေကြတယ်။ အပေါ်ထပ်မှာက စားသောက်ဆိုင်တွေနဲ့ ရွှေဆိုင်တွေရှိတယ်” ဟု ပြောသည်။

မုံရွာဈေးသစ်သည် (၂) ထပ်ဈေးဖြစ်ကာ မြေညီထပ်တွင် ဆိုင်ခန်းပေါင်း (၂၀၀)၊ အပေါ်ထပ်တွင် ဆိုင်ခန်းပေါင်း (၂၅၀) ကျော်ခန့် ရှိကြောင်း သိရသည်။

“လောင်တာကတော့ အားလုံးနီးပါးကုန်သွားတယ်၊ ဆုံးရှုံးမှုကတော့ မသိရသေးဘူး။ ဘယ်က စလောင်မှန်းလဲ မသိသေးဘူး။ ဒါကြောင့် တန်ဖိုး ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာ ပြောမရသေးဘူး” ဟု မုံရွာမြို့ခံ ဈေးသစ်ဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထိုဈေးသစ်၏ မြေညီထပ်တွင် အထည်ဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ လူသုံးကုန်အမျိုးမျိုး၊ အလှကုန်၊ ငါးခြာက်၊ သားစိမ်း ငါးစိမ်း စသော ပစ္စည်းအမယ်ပေါင်းစုံ ရောင်းချကြောင်း သိရသည်။

No comments:

Post a Comment