Pages

Subscribe

Friday 9 July 2010

နေပြည်တော်တပ်များ ပလိပ်ရောဂါကူးစက်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ တပ်များအတွင်း ပလိပ်ရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း စစ်ဆေးရုံသတင်းရပ်ကွက်အရ သိရသည်။

ရောဂါဖြစ်ပွားနေသော တပ်မတော်သားများကို ကုတင် ၁၀၀၀ ဆန့် အမှတ် (၂) တပ်မတော် ဆေးရုံကြီးတွင် ဆေးကုသ ခံယူနေလျက် ရှိသည်။ ထို့အပြင် ပျဉ်းမနားမြို့ ဒေသခံများအတွင်း ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေသည်။

“တပ်ထဲက အသက် ၁၂ နှစ်အောက် သွေးလွန်တုတ်ကွေးဖြစ်တဲ့ ကလေးတွေကိုတော့ ကလေးဆေးရုံတွေကို ပို့တယ်။ ပလိပ်ရောဂါရော၊ သွေးလွန်တုတ်ကွေးရောဖြစ်တဲ့ အသက် ၁၂ နှစ်အထက် လူကြီးကိုတော့ ဒီမှာပဲ တင်တယ်။ သူတို့က ဒီနေပြည်တော်တပ်တွေကပဲ စစ်သားတွေပါ။” ဟု အမည်မဖော်လိုသူ နေပြည်တော် စစ်ဆေးရုံ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ရောဂါဖြစ်ပွားသူ ပမာဏနှင့် ပတ်သက်၍ အသေးစိတ် ဖြေဆိုရန် သူက ငြင်းဆန်လိုက်သည်။

၂ဝဝ၉ ခုနှစ် အစိုးရ ထုတ်ပြန်ချက်အရ နေပြည်တော်သည် လူဦးရေ ၉၂၅၀၀၀ ရှိပြီး ရန်ကုန်၊ မန္တလေးပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။

နေပြည်တော်-ရန်ကုန် ကားလမ်းပေါ်တွင် ထောင်သောင်းချီသော ကြွက်အုပ်များ နေရာပြောင်းရွှေ့မှု ဖြစ်ပေါ်ပြီးနောက် ပလိပ်ရောဂါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့နှင့် ၇ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင် ထူးခြားစွာ ပလိပ်ရောဂါ သတိပေးချက် ပါရှိသည်။

“ကြွက်များ ရုတ်တရက် သေဆုံးပါက ပလိပ်ရောဂါကြောင့် ဖြစ်နိုင်ကြောင်း” ပလိပ်ရောဂါ သံသယရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ကျန်းမာရေး ဝန်ကြီးဌာန၏ နှိုးဆော်စာကို သတင်းစာတွင် ဖော်ပြထားသည်။

“ကြွက်ကောင်းလား၊ ကြွက်နာကျနေတဲ့ ကြွက်လားဆိုတာ လူထုကသိဖို့ကို ကျန်းမာရေးဌာနတွေက အသိပညာပေးတွေ လုပ်ဖို့လိုပါတယ်။ ကိုယ့်အိမ်မှာ သေနေတဲ့ကြွက်ကို မသင်္ကာလို့ရှိရင် ချက်ချင်း ဓါတ်ဆီလောင်းပြီး မီးရှို့ပစ်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးဌာနတွေကို အကြောင်းကြားတာမျိုး လုပ်သင့်ပါတယ်” ဟု ပျဉ်းမနားမြို့ပေါ်ရှိ လူမှုဖူလုံရေးအဖွဲ့မှ ဒေါက်တာဒေါ်ခင်အေးမြင်က ပြောသည်။

ထို့ပြင် ပျဉ်းမနားမြို့ပေါ်မှ ယောက်သွားအင်း၊ ကံဦး၊ ရန်အောင် (၂) နှင့် ရွှေချီ ရပ်ကွက်တို့တွင် ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးဆက်ရောဂါ ဖြစ်နေလျက်ရှိကြောင်း အဆိုပါ ရက်ကွက်များတွင် နေထိုင်သူများက ပြော သည်။

ယခုလအစပိုင်းက သွေးလွန်တုတ်ကွေးရောဂါကို အသက် ၅-၆ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများသာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ သက်ကြီးရွယ်အိုများတွင်ပါ ကူးစက်နေသည်ဟုဆိုသည်။

“သွေးလွန်တုတ်ကွေးကတော့ တချို့ကြတော့ ဆေးခန်းသွားပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်တယ်။ တချို့ကြတော့ ဆေးရုံကို တဆင့်ပြောင်းတက်ကြတယ်။ ဝမ်းလျှောနေတဲ့ လူတွေလဲ မနည်းဘူး” ဟု ယောက်သွားအင်း ရက်ကွက် နေထိုင်သည့် ပွဲရုံပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

စိုစွတ်သည့် ရာသီကို ရောက်လာသည်နှင့် ရေမြောင်း၊ ရေအိုင်များ၊ အမှိုက်ပုံများတွင် ပိုးလောက်လန်းများ ပေါက်ဖွားပြီး ခြင်၊ ယင်ကောင်များ ပေါက်ပွားလာကာ ယင်နားသည့်အစားအစာများစားမိလျင် ဝမ်းလျှော၊ ဝမ်းပျက်ခြင်းများဖြစ်ပြီး ခြင် အန္တရာယ်ကို နိုင်နင်းအောင် ကာကွယ်နိုင်ခြင်း မရှိခြင်းကြောင့် သွေးလွန်တုတ်ကွေးများ ဖြစ်ကြရကြောင်း ဒေါက်တာ ဒေါ်ခင်မြင့်အေးက ပြောသည်။

သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံတွင် ထူးခြားဖြစ်စဉ်တော့ မဟုတ်လှပါ။ ယခုနှစ် ဇန်နဝါရီမှ မေလပိုင်းအထိ ရန်ကုန်တိုင်းအတွင်း လူဦးရေ ၉ဝဝ ကျော် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

စစ်သားက အလုပ်သမားအဖွဲ့ဝင်ကို နုတ်ထွက်ခိုင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကလေးစစ်သားအရေးနှင့် အဓမ္မလုပ်အားပေး ကိစ္စရပ်များအတွက် ILO နှင့် ပူးတွဲလုပ်ကိုင်နေသည့် အလုပ်သမားများသမဂ္ဂ အဖွဲ့ဝင်တဦးကို မကွေးတိုင်း တောင်တွင်းကြီး စစ်သားတဦးက သမဂ္ဂမှ နုတ်ထွက်ရန် မကြာသေးခင်က ဖိအားပေးခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက အသိအမှတ်ပြုရန် ငြင်းဆန်ထားသော မြန်မာအမျိုးသား စက်မှုအလုပ်သမားများနှင့် လယ်သမားများ အကျိုးစီပွား ကာကွယ်ရေး အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် မသိင်္ဂီကို တောင်တွင်းကြီး လေ့ကျင့်ရေး အမှတ် ၁၅ မှ တပ်ကြပ်ကြီး မြသန်းတင်က ယခုတပတ် တနင်္လာနေ့တွင် နေအိမ်သို့ လာရောက်ကာ သမဂ္ဂမှ မနုတ်ထွက်လျှင် ဖမ်းဆီးခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်။

“အဖွဲ့ထဲက ထွက်ပါ၊ မထွက်ရင် အဖမ်းခံရနိုင်တယ်။ ကျန်တဲ့ကိစ္စတွေမှာလည်း ဖိအားများလာလိမ့်မယ်။ အဲဒါကြောင့်မို့ ထွက်ပါ၊ ထွက်တဲ့အခါ သူ့အနေနဲ့ ကူညီသွားမယ်။ ထွက်စာတင်လိုက်ရင် အန္တရာယ်ကင်းမယ်လို့ အိမ်တိုင်ယာရောက် လာပြောတယ်။ မသိင်္ဂီကလည်း ကြောက်ပြီးတော့ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ကြောင်း လက်မှတ်ထိုးပေးလိုက်တယ်” ဟု သမဂ္ဂ တည်ထောင်ရန် ဦးဆောင်ခဲ့သူ ဦးပါလေးက မဇ္ဈိမကို ပြောသည်။

သမဂ္ဂဝင်များသည် ကလေးစစ်သားအရေးနှင့် အဓမ္မလုပ်အားပေး ကိစ္စရပ်များ ပပျောက်ရေးအတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် ပူးတွဲလုပ်ဆောင်နေသဖြင့် အဖွဲ့ဝင်များ လုပ်ကိုင်နေသည့် ကိစ္စများကို သွယ်ဝိုက်သည့် နည်းဖြင့် ဖိအားပေးခြင်း ဖြစ်ကြောင်း သူက သုံးသပ်သည်။

“တောင်တွင်းကြီးက စစ်သားတွေကို သင်တန်းကျောင်းပေးတဲ့ နေရာဖြစ်တယ်။ ကလေးစစ်သားကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်လို့ ကြိုတင်ပြီးတော့ အဖွဲ့ကို လှုပ်ရှားမှုမရအောင်၊ ဒါမှမဟုတ် ဒီလိုလုပ်ငန်းတွေ လုပ်လို့မရအောင်၊ ကြောက်သွားအောင်၊ နောက်ဆုတ်သွားအောင် ကြိုတင်ပိတ်ပင်တဲ့ သဘောတွေ ပါတယ်။ ကျနော်တို့ကို တိုက်ရိုက်တော့ လာပြီး လုပ်လို့ မရသေးဘူးပေါ့ဗျာ” ဟု ဦးပါလေးက ပြောသည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၁ ရပ်ကွက်ရှိ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (စုပေါင်းရုံး တတိယထပ်) တွင် အနောက်ပိုင်းခရိုင် ရဲမှူးကြီးအောင်ဒိုင်းက သမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံခဲ့ကာ သမဂ္ဂ ဖွဲ့ခွင့်မရှိသဖြင့် အရေးယူခံရနိုင်ကြောင်း သတိပေးခဲ့သေးသည်။

အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးကလည်း အလုပ်သမားများသည် ၁၉၅၉ နှင့် ၁၉၆၂ ဥပဒေအရ အလုပ်သမားအဖွဲ့ကို အဖွဲ့ဝင် ၁ဝ ဦးကျော်လျှင် ဖွဲ့ခွင့်ရှိသော်လည်း ထိုအချိန်က ဥပဒေများသည် ယခုခေတ်နှင့် လျော်ညီမှု မရှိတော့သဖြင့် မကျင့်သုံးတော့ကြောင်းနှင့် ဥပဒေထုတ်ပြန်စဉ်က အနိမ့်ဆုံး တနေ့ဝင်ငွေ ၃ ကျပ်ခွဲဖြစ်ပြီး ယခုတွင် ၃ ကျပ်ခွဲနှင့် အလုပ်မဖြစ်တော့ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ထိုစဉ်က အလုပ်သမားသေဆုံးမှု ရှိခဲ့လျှင် နစ်နာကြေးအဖြစ် ၁ သောင်း ၁ ထောင်ပေးရပြီး ယခုအခါ ၄ သိန်းခွဲ ပေးနေရကာ ၂ဝဝ၈ ဖွဲ့စည်းပုံတွင် အလုပ်သမားအရေးနှင့် ပတ်သက်သည့် ဥပဒေ မပြဋ္ဌာန်းသေးသဖြင့် ဆောင်ရွက်ခွင့် မရှိကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါက အသင်းအဖွဲ့ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာ့အမျိုးသား အလုပ်သမားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဝင် ဦးပါလေး (တောင်တွင်းကြီး)၊ ဦးကြည်လင်း (ဒဂုံမြို့နယ်တောင်ပိုင်း)၊ ဦးဝင်းနိုင် (တောင်တွင်းကြီး)၊ မနွဲ့ရီဝင်း (သာယာဝတီ)၊ မခိုင်သဇင် (လှိုင်သာယာ)၊ မအေးချမ်းပြည့် (ရွှေပြည်သာ) သမဂ္ဂ ဥပဒေရေးရာ အကြံပြုသူအဖြစ် ရှေ့နေဦးဖိုးဖြူ (ခ) ရန်နိုင်အောင် အပါအဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရန်ကုန် စက်မှုဇုန်များရှိ စက်ရုံလုပ်သားများ၊ အလုပ်သမား ခေါင်းဆောင်များနှင့် အခြားဒေသများရှိ တောင်သူ လယ်သမားများ ဖြစ်သည်။

ဖွဲ့စည်းပြီး ရက်ပိုင်းအကြာ ပြီးခဲ့သည့်လ ၂ ရက်နေ့တွင် တရားဝင် ရပ်တည်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတိုက်မှတဆင့် စာရေးသားပေးပို့ကာ လျှောက်ထားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားမှုမျိုး မရရှိဘဲ သမဂ္ဂလုပ်ငန်း ဆက်လက်မလုပ်ကိုင်ရန်နှင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် အာဏာပိုင်များဘက်က ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

ယခုလို အလုပ်သမားများသမဂ္ဂ ဖျက်သိမ်းရေး ဖိအားပေးခံနေရစဉ် အဓမ္မလုပ်အားပေးကိစ္စ လျော့ကျသွားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိ Steve Marshall က မဇ္ဈိမကို ယနေ့ ပြောသည်။

သူက ဆက်ပြီး “အဓမ္မအလုပ်ခိုင်းစေခြင်းက မြန်မာနိုင်ငံမှာ အခုထိ ရှိနေသေးတယ်။ အလုပ်ဆက်လုပ်ဖို့ အများကြီး ရှိနေပါသေးတယ်။ အစိုးရက ဥပဒေအရ အဓမ္မလုပ်အားပေး ခိုင်စေတာကို မတရားဘူးလို့ သိပေမယ့် သူတို့ဘက်ကနေ လုပ်ဆောင်ဖို့ရာ အားနည်းချက်တွေ ရှိနေတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်လအတွင်းက ကျင်းပခဲ့သည့် ILO ညီလာခံတွင် Steve Marshall ကို လက်ရှိ ရာထူးအပြင် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းထူထောင်ခွင့်နှင့် ပတ်သက်သည့် အရေးကိစ္စများအတွက်ပါ လုပ်ကိုင်ရန် တာဝန်ပေးခဲ့သည်။

ILO က မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံဥပဒေသစ်အရ အလုပ်သမားသမဂ္ဂများ ထူထောင်ခွင့်ပြုရေးအတွက် စစ်အစိုးရနှင့်အတူ အသင်းအပင်း ဖွဲ့စည်းရေး ဥပဒေသစ် ရေးဆွဲရာတွင် လိုအပ်သည့် အကြံဥာဏ်များ ပေးသွားရန် ဆုံးဖြတ်ခဲ့သည်။

ဥပဒေပြဋ္ဌာန်းရန် ရေးဆွဲနေစဉ် မြန်မာနိုင်ငံ၌ သမဂ္ဂထူထောင်ရန် ကြိုးပမ်းသူများကို အရေးယူမှုမျိုး ဖြစ်လာမည်ကို စိုးရိမ်းကြောင်းနှင့် မလိုလားအပ်သည့် ဖြစ်ရပ်မျိုး ဖြစ်ပေါ်မလာရန် စစ်အစိုးရနှင့် ဆွေးနွေးတိုင်ပင် လုပ်ကိုင်မည်ဟု Steve Marshall က ပြောသည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ ဟာ ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် နောက်လ ဩဂုတ်လဆန်းထဲ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ထိုင်းအစိုးရက အတည်ပြုပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် အဘီဆစ်ဟာ အရင်နှစ် ဇူလိုင်လတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ရုံးတင်စစ်ဆေး နေချိန်ကာလကလဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် မြန်မာစစ်အစိုးရ ဘက်က ပန်ကြားမှုနဲ့  အဲဒီခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရတာ ခုချိန်အထိဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ မကြာမီ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်နဲ့ သုံးသပ်ချက်တွေကိုတော့ စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဟာ နောက်လ ဩဂုတ်လ ပထမပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ကိစ္စကို ပြီးခဲ့တဲ့လတွေ တွင်းကတည်းက နှစ်နိုင်ငံကြားမှာ ညှိနှိုင်းလာခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်၊ ဆွေးနွေးဖွယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ ပြောခွင့်ရသူ Panitan Wattanayagorn က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“၀န်ကြီးချုပ်ဟာ နောက်လ ပထမပတ်ထဲ မြန်မာနိုင်ငံကို သွားမှာဖြစ်ပါတယ်။ ခုခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်းခေါင်းဆောင်သစ် တယောက်အနေနဲ့ မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွေကို တရားဝင် မိတ်ဆက်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ဖြစ်ပါတယ်။ တပါထဲမှာပဲ နှစ်နိုင်ငံ နယ်စပ်ကိစ္စ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်သမားအရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ၊ စွမ်းအင်ဆိုင်ရာ ကိစ္စတွေမှာ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မလဲ ဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ကျနော်တို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေကို အသိပေးဖို့ရှိပါတယ်။”

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်း ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ မစ္စတာ Panitan က -

“ကျနော်ထင်တယ်၊ ပြည်တွင်းက ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ယေဘုယျ အားဖြင့်တော့ ကျနော်တို့အနေနဲ့ နိုင်ငံတွေအားလုံးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကို အားပေးထောက်ခံပါတယ်။ ဒါကျနော်တို့ရဲ့ ရပ်တည်ချက်ပါ။ မြန်မာနိုင်ငံမှာ ခုချိန်အထိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေကနေ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လို့ ရနိုင်မယ့်အခွင့်အရေးတွေ ပိုပွင့်လာမယ့်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဝန်ကြီးချုပ် အဘီဆစ်ဟာ အရင်နှစ် ဇူလိုင်လတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ရုံးတင်စစ်ဆေးနေချိန် ကာလကလည်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်က ပန်ကြားမှုနဲ့ အဲဒီခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရတာ ခုချိန်အထိ ဖြစ်ပါတယ်။ အခုလာမယ့် ခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင် ဘယ်သူဘယ်ဝါနဲ့ တွေ့ခွင့်ရမလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်ထားလားဆိုတဲ့ မေးခွန်းကိုတော့ မစ္စတာ ပါနိတန်က အခုလိုဖြေကြပါတယ်။

“၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အသေးစိတ်ကို ညှိနှိုင်းနေတုန်းပဲ ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါနဲ့ တွေ့မလဲဆိုတာကို အတည်ပြုလို့ မရသလို ငြင်းဆိုလို့လဲ မရသေးပါဘူး။”

ဒါကတော့ ထိုင်း-၀န်ကြီးချုပ်နဲ့အတူ မြန်မာနိုင်ငံကိုလိုက်ပါသွားမယ့် မစ္စတာ Panitan ပြောခဲ့တာပါ။ ထိုင်းအခြေစိုက် ထိုင်းနိုင်ငံအရေး လေ့လာနေတဲ့ ကိုကျော်လင်းဦးကတော့ ထိုင်းဝန်ကြီးချုပ်ရဲ့ မကြာမီခရီးအပေါ် အခုလို သုံးသပ်ပါတယ်။

“ဒီတကြိမ်မှာတော့ ကျနော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေးကို အဓိကထားပြီး တောင်းဆိုမယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ် ထိုင်းအစိုးရဘက်က စိတ်ဝင်စားတဲ့ ကိစ္စကတော့ လာမယ့်ရွေးကောက်ပွဲပေါ့လေ။ ဒီနှစ်အတွင်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်ဖြစ်ဖို့၊ နောက်တခုက မှန်မှန်ကန်ကန် ဖြစ်ဖို့၊ အားလုံးက ကျေနပ်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့ ဒါမျိုးကို အဓိကထားပြီး တိုက်တွန်းလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

“နောက်တခုက ပြီးခဲ့တဲ့လထဲကပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် က ဥရောပ သမဂ္ဂနဲ့တွေ့တဲ့အချိန်မှာ ဘာပြောသလဲဆိုတော့ ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ ဒုက္ခသည်တွေ ရွှေ့ပြောင်းအလုပ်သမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုပါ လာမယ့် ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ မြန်မာပြည်ကို စနစ်တကျ ပြန်သွားအောင်လို့ သူတို့ အားထုတ်ကြိုးပမ်းမယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။ ဥရောပသမဂ္ဂနဲ့ တွေ့တဲ့အချိန်မှာ။ နောက်တခုက အဲဒီအတွက် လိုအပ်တဲ့ ငွေကြေးတွေကိုလဲ ဥရောပ သမဂ္ဂနဲ့ သူတို့ ဆွေးနွေးတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဆိုတော့အခါကျတော့ ဒီကိစ္စဟာလဲ လာမယ့်လမှာ ၀န်ကြီးချုပ် သွားမယ့်ခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အထဲမှာ ပါကောင်းပါနိုင်ပါတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံကို သွားမယ့်ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်ကိုယ်တိုင် ဒီကနေ့ ပြောကြားခဲ့ကြောင်း AFP သတင်းတွေ ထဲမှာလဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က အခြေအနေတွေဟာ မရေရာတာတွေ အများကြီး ရှိနေပေမဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်တာကို မြင်ချင်ကြောင်းလဲ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံတို့ဟာ ချဉ်းကပ်ပုံချဉ်းကပ်နည်း မတူကြပေမဲ့လို့ ရည်ရွယ်ချက်တွေ ချင်းတော့ တူညီကြောင်း ပြောခဲ့တာကိုလည်း AFP သတင်းမှာ ကိုးကားရေးသား ထားပါတယ်။

နိုင်ငံရေးပါတီတွေ လွတ်လပ်ခွင့် ဘာမှမရှိ

မြန်မာပြည်မှာဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ကြမယ့် တရားဝင် နိုင်ငံရေးပါတီ အများစုဟာ အာဏာပိုင်တွေရဲ့  စောင့်ကြည့်မေးမြန်းမှုတွေကို နေ့စဉ်လိုလိုရှိနေလို့ နိုင်ငံရေးလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေတွေကို ညည်းညူနေကြပါတယ်။ ဒီလို စောင့်ကြည့်မှုတွေကြောင့် ပြည်သူတွေကလဲ ပါတီတွေရဲ့  လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ဖို့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ ကနေ ကိုကျော်အောင်လွင်က သတင်းပေးပို့ထားပါတယ်။တရားဝင်ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က အတည်ပြု သတ်မှတ်ပေးထားတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်နေပေမဲ့လဲ နိုင်ငံရေး လုပ်ဆောင်မှုတွေမှာ အာဏာပိုင်တွေဘက်က တရားမ၀င် အဖွဲ့အစည်းလို ဆက်ဆံခံနေရတာတွေ အမြဲတန်းလိုလို စောင့်ကြည့်ခံနေရပြီး ပါတီလှုပ်ရှားမှုတွေကိုလဲ စုံစမ်းမေးမြန်းနေလို့ နိုင်ငံရေး လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံရေးပါတီတွေဘ၀ ရောက်နေရတဲ့အဖြစ်ကို တော်တော် စိတ်ညစ်နေကြပါတယ်။

“လွတ်လပ်မှုကတော့ ကျနော်တို့ လုံးဝ လွတ်လပ်မှုမရှိပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီးတော့ နေ့တိုင်းလာပြီးတော့ ဘာလုပ်နေလဲ၊ အစည်းအဝေး လုပ်နေသလား၊ ဘယ်သူလာလဲ စာရင်းပေးပါဆိုတော့ ဒါတွေက ကျမတို့မှာ လွတ်လပ်ခွင့်တွေကတော့ အင်မတန် ဆုံးရှုံးပါတယ်။ အနှောက်အယှက် ဖြစ်ပါတယ်။ ဘာမှ ကျမတို့ လျှို့ဝှက်လုပ်တာလဲ မရှိဘူးလေ။ ပါတီတခုထောင်ပြီး တည်ထောင်ခွင့်ရပြီဆိုရင် အဲဒီပါတီက ဘာလုပ်ရသလဲဆိုတာတော့ လူတိုင်းသိနေတဲ့ကိစ္စပဲ။ အဲဒီသိနေတဲ့ကိစ္စကိုပဲ ဘာလုပ်နေသလဲ၊ ဒီနေ့ အစည်းအဝေး ရှိသလား၊ အဲဒီအစည်းအဝေးရဲ့ မိနစ်လဲ ပေးရတယ်။ ဘယ်သူတွေတက်တယ်။ ဘာလုပ်တယ်ပေါ့နော်၊ ဒါတွေ အကုန်လုံး နေ့တိုင်း လာမေးနေတယ်၊ နောက်ပြီးတော့ ဧည့်သည်လာရင် ဓါတ်ပုံလာရိုက်တယ်။”

အဲဒါကတော့ ဒီမိုကရက်တစ်ပါတီရဲ့  အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ရှင်းပြခဲ့တာပါ။ အာဏာပိုင်တွေက အမြဲလိုလို စောင့်ကြည့်နေကြတာတွေကြောင့် သူတို့ရဲ့ ပါတီရုံးတွေဖွင့်တဲ့အခါ အိမ်ရှင်တွေက ကြာကြာမထားရဲလို့ အခုဆို သူတို့ပါတီရုံးခန်း ပြောင်းပြီးဖွင့်နေရတာ ၃ နေရာ ရှိသွားပြီလို့ဆိုပါတယ်။

“ဒါ တတိယမြောက်ရုံးပါ။ ဒီနှစ်မှ ကျမတို့ ဆိုင်းဘုတ်တင်ရပါတယ်။ အဲဒီလိုဟာလေးတွေကအစ ကျမတို့မှာ အခက်အခဲ ရှိပါတယ်။ အခက်အခဲ ရှိတယ်ဆိုတာ အိမ်ရှင်တွေကလဲ အိမ်မငှါးရဲဘူးပေါ့နော်။ မငှါးရဲတော့ ၆ လစေ့ရင် ထွက်ပါတော့ ဆိုတော့ ပထမ အိမ်က ထွက်ရတယ်။ နောက် ဒုတိယအိမ်ကျတော့ ၆ လတခါ ငှါးပြန်တော့ ၆ လမဟုတ်ဘူး၊ ၄ လပဲရှိသေးတယ်။ သူတို့က ငွေပြန်အမ်းပါ့မယ် ထွက်ပါတဲ့။ သူတို့ ဆက်မထားချင်ဘူးပေါ့လေ။ သူတို့ကိုယ်တိုင် မကြုံတွေ့ရတာတောင်ပဲ သူတို့ ပတ်ဝန်းကျင်မှာ တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေ အပေါ်မှာမူတည်ပြီးတော့ သူတို့ ကြောက်ကြတာပေါ့လေ။ အရင်တုန်းကဆိုရင် ချိတ်ပိတ်ခံရတာတို့ ဘာတို့ ရှိတယ်မဟုတ်လား။”

အဲဒါကတော့ ဒီမိုကရက်တစ်ပါတီရဲ့  အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှင်းပြခဲ့တာပါ။ တကယ်တော့ ဒေါ်သန်းသန်းနုတို့ ပါတီတခုတည်း အခုလို အခြေအနေတွေ ကြုံနေရတာ မဟုတ်ပါဘူး။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့  အတွင်းရေးမှူး ကိုနေမျိုးဝေ ကလဲ သူတို့အဖွဲ့ ရဲ့  အခြေအနေတွေကို ရှင်းပြပါတယ်။

“ညဘက် အိမ်ခါနီးတဲ့အချိန်ထိတောင်မှလဲ ဟိုက ဖုန်းဝင်လာပြီးတော့ လာတွေ့လို့ လက်ခံထားပြီး စကားပြောရတာ ရှိတယ်။ ဘိုကလေး ရောက်တုန်းက အဲဒီ စအဖ ကနေပြီးတော့ လာတွေ့တယ်။ အဲဒါမျိုး ရှိတယ်။ နောက်တခါ ထူးထူးခြားခြား ဗျာ၊ ဘိုကလေးဘက်ကို ဆင်းသွားတဲ့အခါမှာ ရဲက ၂ ယောက်လောက် အနားမှာရှိတော့ ၁၀ ယောက်လောက်ပဲ လာတယ်ဗျ။ ကျန်တဲ့သူတွေက မလာရဲတော့ဘူး။ အဲဒါမျိုး ရှိတယ်။ နောက်တခါ မြောက်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ မြို့နယ်ရုံး မဖွဲ့ခင်မှာ ကျနော်တို့က လ္ဘက်ရည်ဝိုင်းလေး လုပ်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ မေးကြပြောကြဖို့ လုပ်တော့ လူ ၃၀ လောက် လာတယ်ဗျ။ ရုံးခန်း တကယ်ဖွဲ့တဲ့နေ့ကျတော့ အာဏာပိုင် အဖွဲ့အစည်းက လူ ၂၀ လောက်လာတယ်။ SB တို့ ရဲတို့ စအဖ တို့ နေမှာပေါ့ဗျာ။ လာတော့ အဲဒီမှာ အခမ်းအနား တက်ရောက်သူ တယောက်မှ မရှိပါဘူးခင်ဗျာ။”

အာဏာပိုင်တွေကြောင့် ပါတီလုပ်ငန်း အနှောက်အယှက်တွေ ဖြစ်နေတယ်ဆိုပေမဲ့ ကိုနေမျိုးဝေက အာဏာပိုင်တွေကိုလဲ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ဆွေးနွေး စေချင်နေတာပါ။

“ကြီးမားတဲ့ အနှောက်အယှက်ကတော့ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့က မကန့်ကွက်ဘူး။ အနာဂတ်လမ်းကြောင်း ဖန်တီးတည်ဆောက်ဖို့ ပြောဆိုဆွေးနွေးနေတာ။ သူ ပါဝင်ပတ်သက်လို့ရတယ်။ သူ ပါဝင် ဆွေးနွေးလို့ရတယ်။”

အခုဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၃၉ ပါတီ ရှိနေပြီး အဲဒီအထဲက ၃၆ ပါတီကို မှတ်ပုံခွင့် ပေးခဲ့ပြီးပြီလို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ပါတီတွေ တဖြည်းဖြည်း ပေါ်လာနေပေမဲ့ အခုချိန်ထိ လွတ်လွတ်လပ်လပ် နိုင်ငံရေး လုပ်ခွင့်မရဘဲ ဖြစ်နေတာကို ကိုနေမျိုးဝေကလဲ အားမရနိုင်ဘဲဖြစ်နေပါတယ်။

“အားမရပါဘူး။ အခုလက်ရှိ နိုင်ငံရေးပါတီ၊ ကျနော်အပါအ၀င် ကျန်တဲ့ နိုင်ငံရေးပါတီ အားလုံး လုပ်နေတဲ့ကိစ္စမှာ ရွေးကောက်ပွဲ အတွက် အားကောင်းမောင်းသန် နဲ့ ဖြတ်သန်းရတဲ့ အခြေအနေ ကျနော် မတွေ့ပါဘူး။”

ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ အခုချိန်ထိ ဘယ်နေ့လုပ်မယ် ဆိုတာကို မြန်မာစစ်အစိုးရက မကြေညာသေးပါဘူး။ နိုင်ငံရေးပါတီတွေ အနေနဲ့လဲ ရွေးကောက်ပွဲမတိုင်ခင်မှာ အခု အခြေအနေထက် ပိုပြီးလွတ်လပ်တဲ့ အခွင့်အရေးတွေ ရဖို့လဲ သိပ်ပြီးတော့ မမျှော်လင့်ထားကြဘူးလို့ ဆိုပါတယ်။

ရခိုင် ရေဘေး ဒေသတွင် မျိုးစေ့ နှင့် မြေသြဇာများ အရေး တကြီး လိုအပ်နေ

ရေဘေး ဒုက္ခနှင့် ကြုံတွေ့နေ ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင် နှင့် မောင်တော မြို့တို့ တွင် မျိုးစေ့ နှင့် မြေသြဇာများ အရေးတကြီး လိုအပ်နေ ကြောင်း FAO က ဆိုသည်။ ၄င်း ဒေသတွင် ရေဘေး ဒုက္ခ ကြုံရ ပြီးနောက် မျိုးစေ့ ဝေခြင်း ၁၅ဝဝ၊ မြေသြဇာအိတ် ၅ဝဝ အသီး မျိုးစေ့ ၂ဝဝ ကီလိုဂရမ် နှင့် ပဲစေ့ ၆ဝဝ ကီလိုဂရမ် ထုတ်ပေးရန် လိုအပ် ကြောင်း FAOက ခန့်မှန်း ထားသည်။ FAOသည် ဒေသ အာဏာပိုင်များ နှင့် ပူးပေါင်း၍ စိုက်ပျိုးရေး အတွက် စပါးမျိုးစေ့ တင်း ၄ဝဝဝ ကို ထုတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။ ထို့အပြင် ဈေးကွက်ထုတ် လုပ်မှု အတွက် မြေသြဇာအိတ် ၅ဝဝ ၊Taro Corn ၇ တန်၊ အသီး အရွက် နှင့် ပဲစေ့ ၃ဝဝ ကီလိုဂရမ် ၊ Drum Stick မျိုးစေ့ ၁၈ ကီလိုဂရမ် နှင့် မွေးမြူရေး အတွက် ဆိတ် ၁၄ဝ ကောင် တို့ကိုလည်း ပေးအပ် ခဲ့ကြောင်း သိရသည်။ ဘူးသီးတောင် နှင့် မောင်တော ဒေသတွင် အနာဂတ်၌ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက် လာစေရန် အတွက် လယ်ဧက ၅ဝဝ ခန့် ခုတ်ထွင် ရှင်းလင်းရန် လိုအပ် ကြောင်း FAO က ဆိုသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်း ပြီးနောက် ရေကြီးခြင်း နှင့် မြေပြိုခြင်း များ ဖြစ်ပွား ခဲ့ရာ လူ ၆၈ ဦး သေဆုံးပြီး အိမ်ခြေ ၂၈ဝဝဝ ခန့် ရေလွှမ်းမိုး ခံခဲ့ရ သည်ကို UNHCR က ထုတ်ပြန်ခဲ့ ကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။

တစ်ခါသုံး ဖုန်းကတ် ဝယ်ရင် ဆိုင် အချို့က မှတ်ပုံတင် မိတ္တူ မတောင်းတော့

အခု နောက်ပိုင်းမှာ ဖုန်း အရောင်းဆိုင် အတော် များများ မှာ အက်ဖ်အီးစီ ၂၀၊ ၅၀ တန် တစ်ခါသုံး ငွေကြိုပေး ဖုန်းကတ် ဝယ်ရင် မှတ်ပုံတင် မိတ္တူ မတောင်းတော့တာ တွေ့ရတယ်။ ၂၀ တန် ကတ်ဖုန်း အမြဲ အသုံးပြု နေတဲ့ မမေသူက “ အရင်က ဖုန်းကတ် ဝယ်ရင် မှတ်ပုံတင် မိတ္တူ ပေးခဲ့ရ တယ်၊ အခုနောက်ဆုံး တစ်ခေါက် ဝယ်တော့ မိတ္တူ မတောင်း တော့ဘူး၊ အိတ်ထဲမှာ မှတ်ပုံတင် ဆောင်စရာ မလိုတော့ဘူး ဆိုတော့ အလုပ် မရှုပ် တော့ဘူးပေါ့ ”လို့ ပြောပါတယ်။သည်နှစ် မေလဆန်း ပိုင်းမှာ ဖုန်းကတ် ဝယ်သူတွေ ဆီက မှတ်ပုံတင် မိတ္တူရမှ ဖုန်းကတ် ရောင်းချ ရမယ်လို့ စင်ထရယ် မာကတ်တင်း က သတ်မှတ် ထားပါတယ်။ အဲသည် နောက်ပိုင်း ဖုန်း အရောင်း ဆိုင်တွေ ဖုန်းကတ် ရောင်းအား ထက်ဝက် မက ကျဆင်း သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ အက်ဖ်အီးစီ ၂၀ တန်၊ ၅၀ တန် ဖုန်းကတ် တွေကို မှတ်ပုံတင် မတောင်းဘဲ ရောင်းပေး နေပါတယ်။ အနီး အနားမှာ ရှိတဲ့ ဖုန်းဆိုင် အချို့ကလည်း မတောင်းတော့ ကိုယ့်ဆိုင် က ကွက်ပြီး တောင်းရင် ရောင်းရမှာ မဟုတ်ဘူးလို့ မဟာဗန္ဓုလ ပန်းခြံလမ်း အနီးမှ ဖုန်းဆိုင် တစ်ဆိုင်က ပြောပါတယ်။

ယခင်ကထက် စာရင် စင်ထရယ် မာကတ်တင်း ဘက်က စည်းကမ်း အရမ်း တင်းကျပ် တာတွေ မလုပ်တော့ ပေမယ့် ဖုန်းဆိုင်ကြီး တချို့ ကတော့ မှတ်ပုံတင် မိတ္တူတောင်းပြီး ရောင်းချ ဆဲပဲလို့ သိရတယ်။ ရွှေဂုံတိုင် မစ္စတာဖုန်း တယ်လီကွန်မှ မန်နေဂျာ ဒေါ်မြတ်သီရိခိုင်က “ ဖုန်းကတ်ကို မြန်မာ့ ဆက်သွယ်ရေး နဲ့ စင်ထရယ် မာကတ်တင်း က ညွှန်ကြား ထားတဲ့ အခြေ အနေပေါ် မူတည်ပြီး ရောင်းပေးနေ ပါတယ်၊ မိတ္တူ တောင်းရမယ် ဆိုပြီး စလုပ်ချိန် တုန်းက ရောင်းအား သိသိ သာသာ ထိခိုက်ခဲ့ ပေမယ့် အခုတော့ ပုံမှန် ဖြစ်နေ ပါပြီ ” လို့ ပြောပါတယ်။ ဆိုင်တွေမှာ ရောင်းချတဲ့ ဖုန်းကတ် ဈေးနှုန်းတွေက တော့ မကွာခြား ဘူးလို့ သိရတယ်။ အခုလက်ရှိ ရောင်းချနေတဲ့ ဖုန်းကတ် ဈေးနှုန်း တွေက ကျပ် ၂၂၀၀၀၊ ၂၃၀၀၀ ဝန်းကျင်ပါဟု ပြောကြား ခဲ့ကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားသည်။

ယုဇနပလာဇာ ကားပါကင်တွင် ဆောက်လျက်ရှိ ဆိုင်ခန်း များ လွှဲပြောင်းမှု ကန့်သတ်

ယုဇန ပလာဇာရှိ ကား ပါကင်တွင် ဆိုင်ခန်း သစ်များ ဆောက်လုပ်လျက် ရှိပြီး ဈေး အတွင်း မူလ ရောင်းချလျက် ရှိသည့် ဆိုင်ခန်းများ လွှဲပြောင်း မှုကို ကန့်သတ်လျက် ရှိသည်။ ယုဇန ပလာဇာရှိ ကားပါကင် နေရာတွင် တိုးချဲ့ ဖွင့်လှစ်မည့် ဆိုင်ခန်းများ အားလုံး နီးပါးကို ယခင်က မင်္ဂလာ ဈေးတွင် ရောင်းချလျက် ရှိသည့် ဆိုင်ခန်းများမှ လာရောက် ငှားရမ်းကြရာ ဆိုင်ခန်းများ ဆောက်လုပ်၍ မပြီးစီးမီ ဆိုင်ခန်း အားလုံး နီးပါး ငှားရမ်းပြီး ဖြစ် ကြောင်း ယုဇနပလာဇာ အုပ်ချုပ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ဆိုင်ခန်းတွေ ကတော့ ဆောက်လို့ မပြီးသေး ပါဘူး။ အခု ငှား ချင်တဲ့ သူတွေကိုက ပုံစံ အကြမ်း ပြပြီး လိုချင်တဲ့ နေရာကို ငှားတာပါ။ အထည် ရောင်းဖို့ အတွက် ဆိုင်ခန်းတွေ အားလုံး ကတော့ ငှားလို့ ကုန်သွား ပါပြီ။ ဆေး အရောင်းဆိုင် အတွက်က ဒီနေ့မှ စပြီး ငှားပေးတာ အခုဆိုရင် ဆိုင်ခန်းက ၁၀ ခန်း လောက်ပဲ ကျန်တော့ တယ်ဟု ယုဇန ပလာဇာ အုပ်ချုပ်ရေး ကော်မတီက ပြောသည်။

အဆိုပါ တိုးချဲ့ ဆိုင်ခန်း များတွင် လာရောက် ငှားရမ်း သူများမှာ မင်္ဂလာ ဈေးတွင် လက်ကား ရောင်းဝယ် လျက် ရှိသည့် ဆိုင်များမှ အများဆုံး လာရောက် ငှားရမ်းလျက် ရှိပြီး ဆေးအရောင်း ဆိုင်ခန်းများ တွင်လည်း ဆေးကုမ္ပဏီ ၁၀ ခုခန့် လာရောက် ငှားရမ်းပြီး ဖြစ်သည်။ ယုဇန ပလာဇာရှိ ကားပါကင် တိုးချဲ့ ဆိုင်ခန်း များကို ဇွန် ၁၁ ရက်မှ စပြီး စတင် ပြင်ဆင်ကာ ဇူလိုင်လ နောက်ဆုံး ပတ် အတွင်း အပြီးသတ် ဆောက်လုပ် သွားရန် ရည်ရွယ် ထားကာ ဆိုင်ခန်းများကို ယုဇန ပလာဇာရှိ ပထမထပ်၊ တတိယထပ် နှင့် စတုတ္ထထပ် တို့ရှိ ကား ပါကင် များတွင် ဆောက်လုပ်ထား ရှိသည်။

ထို့ပြင် ယုဇန ပလာဇာ တတိယ ထပ်တွင် ဖွင့်လှစ် ထားရှိသည့် စားသောက် ဆိုင်တန်းကို စတုတ္ထ ထပ်သို့ ပြောင်းရွှေ့ ဖွင့်လှစ် ရမည် ဖြစ်ပြီး မူလ နေရာတွင် ဆိုင်ခန်းများ တိုးချဲ့ ဆောက် လုပ်ကာ ငှားရမ်း သွားရန် စီစဉ် နေကြောင်း အဆိုပါ စားသောက် ဆိုင်တန်းမှ တာဝန်ရှိသူ တစ်ဦးကဆို သည်။ စားသောက် ဆိုင်တန်း တစ်ခုလုံး စတုတ္ထထပ် ကို ပြောင်းရွှေ့တော့ မှာပါ။ ဇူလိုင်လ ကုန်လောက် ရွှေ့ ဖြစ်ပါမယ်။ ပြောင်းရွှေ့လိုက်ရင်တော့ အခုလို ပုံစံမျိုး မဟုတ်ဘဲ ဒီဇိုင်း ဆန်းဆန်းနဲ့ အဆင့်မီ စားသောက် ဆိုင်တန်း ဖြစ်အောင် ပြုလုပ်သွားမှာပါ။ ပြောင်းရွှေ့ရမယ့် စရိတ် အပြင် ဆိုင်ရဲ့ ဒီဇိုင်း တွေလည်း ပြောင်းမယ် ဆိုပေမယ့် အစားအသောက်ရဲ့ ဈေးနှုန်းတွေကို ပြောင်း မပြောင်း ကတော့ အခုထိ မသတ်မှတ် ရသေးပါဘူးဟု ၄င်းက ဆိုသည်။

ယုဇန ပလာဇာရှိ တိုးချဲ့ ဆိုင်ခန်းများ၏ ဈေးနှုန်းမှာ ဆိုင်ခန်း အကျယ်နှင့် ဆိုင်ခန်း နေရာတို့ အပေါ်တွင် မူတည်ပြီး အနည်းဆုံး ၆ လခန့် ငှားရမ်း စာချုပ် ချုပ်ရမည် ဖြစ်ပြီး ယုဇနပလာဇာ အုပ်ချုပ်ရေး ကော်မတီတွင် သွားရောက် စုံစမ်း ငှားရမ်း နိုင်သည်။ မင်္ဂလာ ဈေး မီးလောင်ပြီး နောက်ပိုင်းတွင် ဈေးအတွင်း ရောင်းချလျက် ရှိသည့် ဆိုင်ခန်းများ အား မင်္ဂလာ ဈေးသစ်၊ မင်္ဂလာမွန်ဈေး နှင့် မင်္ဂလာဈေးသစ် အနီးရှိ ဘောလုံးကွင်း တွင် ယာယီ မင်္ဂလာ ဈေး တစ်ခု ဆောက်လုပ်ကာ ဆိုင်ခန်းများ နေရာချထား ပေးလျက် ရှိသည်။ ယာယီ မင်္ဂလာဈေးတွင် ရောင်းချလျက် ရှိသည့် ဆိုင်ခန်း များမှာလည်း ပစ္စည်းများ ထားရှိရန် မလွယ်ကူခြင်း ဆိုင်ခန်း ဖွင့်လှစ် ရောင်းချ ရာတွင် အဆင်မပြေမှု အချို့ကြောင့် ယုဇန ပလာဇာရှိ တိုးချဲ့ ဆိုင်ခန်းများကို ငှားရမ်း ကြခြင်း ဖြစ်သည်။

အခု လက်ရှိ ကျွန်တော်က ယာယီ မင်္ဂလာဈေးမှာ ဆိုင်ခန်း ဖွင့်ထားတယ်။ အဆင်သိပ် မပြေဘူး။ မင်္ဂလာဈေး ကလည်း ဘယ်တော့ေ လာက်မှ ပြန်ဖွင့်မယ် မသိတော့ ယုဇန ပလာဇာမှာပဲ ငှားလိုက် ပါတယ်။ အခု ကျွန်တော် ငှားထားတဲ့ နေရာ က အလယ်လောက် ကျတယ်။ ဆိုင်ခန်းက လကုန် အပြီး ဆောက်မယ် ပြောတယ်၊ ဘယ်တော့ ဆိုင်စဖွင့် ဖြစ်မလဲတော့ မသိသေးဘူးဟု အထည်ဆိုင် ဖွင့်ရန် ဆိုင်ခန်း ငှားရမ်းသူ တစ်ဦးက ပြောသည်။ ယုဇန ပလာဇာတွင် ဆိုင်ခန်း ငှားရမ်း လိုသူ များပြား လာသောကြောင့် ယုဇန ပလာဇာ အုပ်ချုပ်ရေး ကော်မတီမှ ၄င်းတို့ထံမှ ငှားရမ်း ထားရှိသည့် ဆိုင်ခန်း များကို ၄င်းတို့ မသိဘဲ တစ်ဆင့် ပြန်လည် ငှားရမ်း ခြင်းကို တွေ့ရှိပါက ဇူလိုင် ၁ ရက်မှ စပြီး ဆိုင်ခန်း ငှားရမ်းခ ငွေအား ပြန်မပေးဘဲ ဆိုင်ခန်း ပိတ်သိမ်းပြီး အရေးယူ သွားမည် ဖြစ်ကြောင်း ထပ်မံ၍ ကြေညာချက် ထုတ်ပြန် ထားသည်။ မင်္ဂလာဈေး မီးလောင်ပြီး နောက်ပိုင်းတွင် ယုဇန ပလာဇာ နှင့် ယင်းအနီးရှိ နေရာများ၊ တော်ဝင် ပလာဇာ တို့တွင် ဆိုင်ခန်းများ အများဆုံး ငှားရမ်း ရောင်းချလျက် ရှိသောကြောင့် ယုဇန ပလာဇာရှိ ပုဂ္ဂလိကပိုင် ဆိုင်ခန်း များမှာ ငှားရမ်း ခနှုန်း မြင့်တက် သွားပြီး ယုဇန ပလာဇာမှ တိုက်ရိုက် ငှားရမ်းသည့် ဆိုင်ခန်း ငှားရမ်းခ နှုန်းမှာ ပြောင်းလဲမှု မရှိကြောင်း တွေ့ရသည်။

ကုန်ဈေးနှုန်းများတက်လာ၍ အိမ်ထောင်ရှင်အမျိုးသမီးများ အခက်အခဲကြုံနေရ

ကချင်ပြည်နယ်ဈေးကွက်တွင် မိုးအဝင်မှ စကာ ပြည်တွင်းကြိတ်ဆီများဖြစ်သည့် မုံညှင်းဆီ၊ ပဲဆီများ နေ့စဉ်နေ့အမျှ ဈေးတက်လာ၍ အရောင်းအေးနေသည်။

ပြီးခဲ့သည့်ဇွန်လ အစောပိုင်း မုံညှင်းဆီ ၁ပိဿ ကျပ်၂၃၅၀ မှ ယခုဈေးကွက်တွင် ကျပ်၂၆၀၀၊ ပဲဆီ ၁ပိဿ ကျပ် ၃၀၀၀ ရှိရာမှ ကျပ် ၃၄၀၀ တက်နေသည်။

မုံညှင်းဆီသိသိသာသာ တက်လာခြင်းသည် “ဒီနှစ်နွေမှာ မုန်ညှင်းခင်းသိပ်မလုပ်ကြဘူး၊ ဈေးတက်လာလို့ ထင်တယ် အရောင်းလည်းအေးလာတယ် နောက်ထပ်လည်း ဈေးလည်းဆက်တက်လာနိုင်သေးတယ်” ဟု ကုန်သည်တစ်ဦးမှ ပြောပြသည်။

ကချင်ပြည်နယ်တစ်ခုလုံးတွင် ပဲဆီဈေးကြီးသဖြင့် မုံညှင်းဆီသာ အသုံးများနေသော်လည်း ယခု မုံညှင်းဆီ ဈေးတက်လာ၍ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ဈေးဝယ်ရန် အခက်အခဲကြုံနေရသည်။

“ဈေးတောင်မသွားနိုင်ဘူး၊ နှစ်ပတ်ရှိပြီ၊ ချွေတာနေရတယ်၊ ဆီလည်း မသုံးမဖြစ်သာ သုံးနေရတယ်” ဟု အိမ်ထောင်ရှင်အမျိုးသမီးမှ ကုန်ဈေးနှုန်းတက်၍ ဈေးမသွားနိုင်ကြောင်းပြောပြသည်။

သကြား ၁ ပိဿ ကျပ် ၁၅၅၀၊ ယခင် ကျပ် ၁၄၀၀ ရှိပြီး၊ ခရမ်းချဉ်သီးဈေးလည်း ယခင် ၁ပိဿ ၁၂၀၀၊ ယခု ၁ ပိဿ ကျပ်၁၄၀၀ ရှိနေပြီဖြစ်သည်။

ဒေသထွက်ကြက်သွန်ဈေးနှုန်းမှာ ကျဆင်းလာပြီး ကြက်သွန်ဖြူဈေး ၁ ပိဿ ကျပ် ၃၀၀၀၊ ယခင်ကျပ် ၄၀၀၀၊ ကြက်သွန်နီဈေး ၁ ပိဿ ယခင် ကျပ် ၆၀၀၊ ယခု ကျပ်၄၀၀ သို့ဖြစ်နေသည်။

တရုတ်ကြက်သွန်ဖြူဈေးနှုန်းတော့ တစ်ဟုန်တိုးတက်လာသည်။ ၁ပိဿ ကျပ်၂၇၀၀မှ ယခု ကျပ် ၃၀၀၀ ဈေးနှုန်းတက်လာသည်။

ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ လျော့နည်းလာ

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှတဆင့် ၂၀၁၀ ခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ ဦးရေသည် ယမန်နှစ်ထက် များစွာလျော့နည်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းကူညီရေးအဖွဲ့ (တီဘီဘီစီ) က ပြောကြားသည်။

၂၀၁၀ ခုနှစ် (၆) လတာ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတဆင့် တတိယနိုင်ငံသို့ အခြေချခွင့်ရခဲ့သူ (၄,၆၇၀) ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင်မူ ဦးရေ (၁၆,၆၈၅) ဦးအထိရှိခဲ့ကြောင်း တီဘီဘီစီ၏ စာရင်းတွင်ဖော်ပြသည်။

ယင်းသို့ ထွက်ခွာခွင့်ရရှိသူ နည်းပါးလာရသည့် အဓိကအကြောင်းမှာ အခြေချခွင့်ပေးသောနိုင်ငံများက ဒုက္ခသည်များအား ရွေးချယ်ရာတွင် အချက်အလက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့်ဖြစ်သည်ဟု တီဘီဘီစီ အကြီးအကဲဖြစ်သူ Jack Dunford က ပြောသည်။

၎င်းက “ဥပမာ ဒုက္ခသည်အများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေဖြစ်တယ်။ အဲဒီအတွက် အခြေချခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အလေးပေးမှုထဲမှာ အဲဒီလူတွေ မပါတော့ဘူး။ ပြီးတော့ ရွေးချယ်ရာမှာ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံ ဗဟုသုတ ရှိမှု၊ မရှိမှု အပေါ်မှာလည်း နောက်ပိုင်းမှာ မူတည်လာတယ်။ အခြားအချက်တွေက ကျန်းမာရေးဆိုင်ရာတွေကြောင့်ပါ။ ဒါကြောင့် ဒီ (၆) လအတွင်းမှာ ထွက်ခွာခွင့်ရသူ နည်းသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေချခွင့်ရရှိသူ အများစုအနက် အမေရိကန်နိုင်ငံက အများဆုံး လက်ခံခဲ့ပြီး သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ယူကေနိုင်ငံတို့က အနည်းငယ်စီ လက်ခံခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုတွင် တီဘီဘီစီ၏ အထောက်အပံ့ ရရှိထားသူ ဒုက္ခသည်ဦးရေ (၁၄၀,၀၉၄) ဦးရှိကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

တီဘီဘီစီသည် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ အန်ဂျီအိုအဖွဲ့ (၁၂) ဖွဲ့ဖြင့် စုစည်းထားသော ညွန့်ပေါင်းအဖွဲ့အစည်းတရပ်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်များအတွက် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် ခိုလှုံခွင့်အတွက် အကာအကွယ် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

တတိယနိုင်ငံသို့ အခြေချရာတွင် စခန်းအကြီးအကဲအချို့နှင့် ပွဲစားအချို့ကြောင့် မသမာမှုများ ရှိနေဆဲဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းမှ ကိုရင်မောင်က ဆိုသည်။

၎င်းက “ထွက်ခွင့်ရတဲ့ အချို့သူတွေရဲ့နေရာမှာ ပွဲစားတွေက လူအစားထိုးပြီး သွားခိုင်းတာတွေ အခုရှိနေဆဲပဲ။ ဒီကိစ္စက စခန်းထဲက အကြီးအကဲတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အဲဒီအတွက် ရန်ကုန်မြို့အပါအဝင် ပိုက်ဆံရှိတဲ့သူတွေက ထွက်ချိန်ရောက်မှ စခန်းကို ခဏရောက်လာပြီး သွားခွင့်ရတာတွေ ရှိတယ်။ ကျနော်က မိသားစုရှိတော့ မိသားစုအားလုံး သွားနိုင်တဲ့နိုင်ငံရမှ ဖြစ်မယ်လေ။ ဒီလိုဆိုပြန်တော့လည်း ကိုယ်သွားချင်တဲ့နိုင်ငံတွေက လက်မခံပြန်ဘူး” ဟု ပြောသည်။

ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းနယ်စပ်သို့ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာဖွယ်ရှိပြီး ယခုနှစ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း Jack Dunford က ဆိုသည်။

ငွေလဲလှယ်နှုန်း ကျဆင်းလာခြင်း၊ ဆန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဒုက္ခသည်များ ထပ်မံတိုးပွားလာခြင်းတို့ကြောင့် ဒုက္ခသည်များအား ထောက်ပံ့ပေးထားသည့် ခွဲတမ်းများကိုလည်း နှစ်စဉ် လျှော့ချနေရပြီး ယခုနှစ်တွင် ထပ်မံ လျှော့ချရဖွယ် ရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှစ၍ တတိယနိုင်များသို့ အခြေချခွင့် ရရှိပြီးသူပေါင်း (၆) သောင်းခန့်ရှိပြီဖြစ်ကြောင်း တီဘီဘီစီက ဖော်ပြသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

လမ်းဘေးဈေးသည်များ ဈေးရောင်းခွင့် ကန့်သတ်

ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များကို နံနက် (၆) နာရီမှ (ည) ၆ နာရီအတွင်း လုံးဝရောင်းချခွင့်မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမိန့်ထုတ်ပြန်လိုက်သည်။

ယခုလ (၇) ရက်နေ့မှ စတင်ကာ ဈေးရောင်းချခွင့်ကို သက်ဆိုင်ရာမြို့နယ်များက ပိတ်ပင်သွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီဝင်တဦးက ပြောသည်။

၎င်းက “လမ်းဘေးဈေးသည်တွေကြောင့် လမ်းတွေပေါ်မှာ အမှိုက်တွေ ပွတယ်၊ ညစ်ပတ်တယ်၊ ယာဉ်ကြောကျပ်တယ်၊ ယာဉ်တိုက်မှုတွေ ဖြစ်စေတယ်။ အဲဒါတွေကြောင့် အခုလို အမိန့်ထုတ်ပြန်ရတာ ဖြစ်တယ်။ လူတွေက အာဏာနဲ့ အမိန့်ထုတ်ပြန်မှ ကြောက်ကြတယ်၊ အေးအေးဆေးဆေး ပြောတာကို လက်မခံကြဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင်း (၆) မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်တို့တွင် လမ်းဘေးဈေးသည်များကို မြို့တော်စည်ပင်မှ လော်စပီကာများဖြင့် ဈေးရောင်းချခြင်းမပြုရန် ယမန်နေ့၌ လိုက်လံအော်ဟစ် သတိပေးနေသည်။

(၃၉) လမ်းထိပ်တွင် ထမင်းဆိုင်ဖွင့်သူတဦးက “ဒီအနားမှာက ပွဲစားတွေပေါတော့ စားသူတွေပေါတယ်။ ဈေးကလည်း တော်တဲ့ ဈေးလေးနဲ့ပဲ ရောင်းတာဆိုတော့ စားသူများတယ်။ အခုတော့ ဒီဆိုင်လေးကို ဘယ်နေရာ ရွှေ့လို့ ရွှေ့ရမှန်း မသိတော့ဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင်းသာမက ကမာရွတ်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ စသည့် မြို့နယ်တို့၌လည်း လမ်းဘေးဈေးသည်များ ရောင်းချခွင့်ကို လုံးဝပိတ်ပင်လိုက်သည်။

ပတ်ဝန်းကျင်ကို ညစ်ညမ်းထိခိုက်စေသဖြင့် လမ်းဘေးဈေးသည်များအား ဈေးရောင်းခြင်း ပိတ်ပင်သည်ကို လက်ခံသော်လည်း ၎င်းတို့အား အခြားနေရာစီစဉ်မပေးနိုင်ဘဲ ပြုလုပ်သည်မှာ မတရားလုပ်ရာကျကြောင်း စည်ပင်သာယာ အင်ဂျင်နီယာဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ဈေးရောင်းမယ့်နေရာတွေကို ဈေးတန်းတွေ လုပ်ပေးထားပေါ့။ အခု ဒီစီမံချက်က အောင်မြင်မှာ မဟုတ်ဘူး။ လမ်းဘေး ဈေးသည်နဲ့ ရန်ကုန်က ကင်းလို့မရဘူးလေ။ ကျနော်တို့လည်း မြို့ထဲမှာ လမ်းဘေးဈေးသည်တွေကိုပဲ အားကိုးနေရတာ” ဟု ပြောသည်။

ယခင်က ရန်ကုန်တွင် လမ်းဘေးဈေးသည် ရှင်းလင်းရေးစီမံချက်ကို စည်ပင်မှခန့်ထားသော လုံခြုံရေးအဖွဲ့က နံနက်ပိုင်းတွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ကြောင်း၊ ယခုမူ လုံးဝဈေးမရောင်းရဟု စပီကာဖြင့် လိုက်လံအသိပေးနေကြောင်း အနော်ရထာလမ်းမပေါ်တွင် ဈေးရောင်းသူတဦးက ပြောသည်။

၎င်းက “ကျမက ဒီမှာ စတီးပစ္စည်းတွေ ရောင်းလာတာကြာပြီ။ သူတို့ကတော့ ညနေ (၃) နာရီမှာမှ ရောင်းရမယ်လို့ ပြောထားပေမယ့် ကျမတို့ဈေးသည်တွေက မနက်ကဘဲ ထွက်ကြတယ်၊ ရောင်းကြတယ်၊ စည်ပင်ကရဲတွေ လာဖမ်းတယ်၊ ပြေးကြတယ်၊ ဒီလိုနဲ့ပဲ နေလာကြတာ။ အခုတော့ ညဈေးပဲ ရောင်းရမယ့်အနေအထားပေါ့။ အဲဒီအချိန်မှာ မြို့ထဲကို အလုပ်လာသူတွေက ပြန်ချိန်လေ၊ ရေရှည်ဆိုရင်တော့ မလွယ်နိုင်ဘူး၊ ကျမတို့ ဒီအမိန့်ကို လက်မခံနိုင်ဘူး” ဟု ပြောသည်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီသည် ပြည်သူများ၏ လူမှုရေးအခက်အခဲများကို ဖြေရှင်းပေးရသော အဖွဲ့အစည်းအဖြစ် မည်သည့်ဝန်ကြီးဌာနအောက်တွင်မှ မရှိဘဲ သီးသန့်ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်သော ဌာနတခုဖြစ်သည်။

စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဋ္ဌမှာ ကြံ့ဖွံ့ ပါတီ၏ ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

တပ်ရင်းမှူး စိတ်ကောက်၍ ဘုရားသုံးဆူဂိတ်ပိတ်

ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော စံခရဘူရီ-ဘုရားသုံးဆူဂိတ်၏ (No man land) ဘုံဆိုင်မြေကို ပိတ်လိုက်သဖြင့် ခရီးသွားလာသူများ ဒုက္ခရောက်နေကြကြောင်း သိရသည်။

ယမန်နေ့က စတင်၍ မြန်မာဘက်အခြမ်းရှိ လမ်းကို ကွန်ကရစ်လောင်းနေပြီး ယနေ့နံနက်တွင် ဘုံဆိုင်မြေအတွင်းသို့ ဝင်ရောက် လောင်းချလာသည့်အတွက် ထိုင်းအာဏာပိုင်များက ကန့်ကွက်ခဲ့သောကြောင့် အများပြည်သူသွားလာရန် ဖွင့်လှစ်ထားပေးသောလမ်းကို မြန်မာအာဏာပိုင်တို့က ပိတ်လိုက်သဖြင့် ဘုရားသုံးဆူမြို့အတွင်း သွားလာလည်ပတ် အရောင်းအဝယ်လုပ်နေသူများ ဒုက္ခရောက်နေကြသည်ဟု ထိုင်းအာဏာပိုင် သတင်းရပ်ကွက်နှင့်နီးစပ်သူတဦးက ပြောသည်။

၎င်းက “မနေ့ကတည်းက မြန်မာဘက်အခြမ်းမှာ ကွန်ကရစ် လောင်းနေတာ ဒီမနက်ကြတော့ ဒီဘုံဆိုင်မြေအထဲကို ဝင်လောင်းလာတယ်။ ထိုင်းဘက်ကသွားပြောတော့ မြန်မာဘက်က ဒါသူတို့မြေ သူတို့ပိုင်တယ်ပေါ့လေ။ အဲဒီမှာ စကားများကြပြီး မြန်မာတပ်ရင်းမှူးက စိတ်ကောက်ပြီး ပိတ်ခိုင်းလို့ ပိတ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါ တပ်ရင်းမှူးမှာ ခလရ (၃၂) မှ ဒု-ဗိုလ်မှူးကြီး အောင်တင့်ခိုင်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ကော်မတီ၏ မြန်မာဘက်ခြမ်းမှ ဥက္ကဋ္ဌလည်းဖြစ်သည်။ ယခင်မူလ တည်ရှိနေသော ဝင်ထွက်သွားလာရာ ဂိတ်ကြီးကိုမူ ပိတ်ထားသည်မှာ (၃) နှစ်ခန့် ရှိပြီဖြစ်သည်။ ယခုလမ်းကိုမူ လူ၊ မော်တော်ကား၊ ဆိုင်ကယ်များ သွားလာ၍ရရန် ဖွင့်ပေးထားခြင်းဖြစ်သည်။

အဆိုပါကိစ္စဖြစ်ပွားခဲ့၍ ဓာတ်ပုံမှတ်တမ်းတင်ရန် ထိုင်းနိုင်ငံဘက်အခြမ်း ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဓာတ်ပုံသွားရိုက်သူများကိုလည်း မြန်မာစစ်တပ်မှ ခဲဖြင့်ပေါက်၍ ပြန်လှည့်လာခဲ့ရကြောင်း အဆိုပါ ထိုင်းသတင်းရပ်ကွက်နှင့် နီးစပ်သူက ပြောသည်။

အလားတူ ထိုင်း-မြန်မာနှစ်နိုင်ငံ ဖြတ်သန်းသွားလာရသော မဲဆောက်-မြဝတီ ဂိတ်ကိုလည်း ယမန်နေ့က မြ၀တီသို့ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ပြည်နယ်ရဲမှူးကြီးကျော်မြင့်တို့ လာရောက်ပြီး ကုန်သွယ်ရေးကိစ္စများ လာရောက်စစ်ဆေးနေ၍ ယနေ့နံနက် (၇) နာရီခန့်က လူရောကားပါ ပိတ်ထားလိုက်ကာ နေ့လယ် (၃) နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နှင့်ကပ်လျက် မယ်ဆိုင်-တာချီလိတ်ဂိတ်မှာမူ ပုံမှန်ဖွင့်လှစ်ထားရှိကြောင်း ဒေသခံတဦးက ပြောသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

ပုဂံစင်တာ တည်ဆောက်ရေးမှ ရုံးဝန်ထမ်းများ မူလရုံး၌ ပြန်လည်တာဝန်ထမ်းခွင့်ရ

ပုဂံမြို့၊ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ရေး လုပ်ငန်းခွင်၌ အလုပ်ကြမ်း ခိုင်းစေခြင်းခံနေရသည့် သာသနာရေးရုံး ၀န်ထမ်း (၁၀) ဦးခန့်သည် ၎င်းတို့မူလရုံးဖြစ်သည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဝန်ကြီးရုံးသို့ ဇူလိုင် ပထမပတ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ရပြီဟု သိရသည်။

ပြီးခဲ့သည့် ဇွန် (၃၀) ရက်တွင် သာသနာရေးရုံးဝန်ထမ်းများ အလုပ်ကြမ်းလုပ်နေကြရ ဟူသည့်ခေါင်းစဉ်ဖြင့် ခေတ်ပြိုင်က သတင်းဖော်ပြခဲ့သည်။ ထို့နောက်ပိုင်း ယခုကဲ့သို့ ၀န်ထမ်းများ ရန်ကုန်မြို့၌ ပြန်လည်တာဝန်ထမ်းဆောင်ခွင့် ရခြင်းဖြစ်ကြောင်း သာသနာရေးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ယင်း သတင်းနောက်ဆက်တွဲအဖြစ် ပုဂံစင်တာ အုပ်ချုပ်သူ ဦးမောင်နီ (ဒု-ဗိုလ်မှူးကြီး-ငြိမ်း) အား နေပြည်တော် သာသနာရေးဦးစီးဌာနသို့ ပြန်လည်ခေါ်ယူခဲ့ပြီး နေပြည်တော်၊ သာသနာရေးဝန်ကြီးဌာန၏ ရေလှောင်တမံစီမံကိန်းသို့ စေလွှတ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးမောင်နီအား သာသနာရေးရုံးဝန်ထမ်း အများစုက ရုံးလုပ်ငန်းနှင့် ဆီလျော်မှုမရှိသော အလုပ်ကြမ်းများကို ဗျူရိုကရက်ဆန်ဆန် ခိုင်းစေသည့် အရာရှိကြီးတဦးအဖြစ် သတ်မှတ်ကြသည်။

“တချို့ ဦးစီးအရာရှိတွေ ဘိလပ်မြေအိတ် ထမ်းနေရတယ်။ အလုပ်ပင်ပန်းလို့ ခဏနားနေတဲ့ ၀န်ထမ်းတွေ့ရင် ဦးမောင်နီက လေးခွနဲ့ပစ်ပြီး အတင်းလုပ်ခိုင်းတတ်တယ်” ဟု ၀န်ထမ်းတဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

သာသနာရေးဝန်ကြီးဌာနတွင် တရားမျှတမှုမရှိသော ဌာနတွင်း အုပ်ချုပ်ရေးစနစ်အပေါ်၌လည်း ၀န်ထမ်းအားလုံး စိတ်ပျက်နေကြသည်ဟု သိရသည်။

လက်ရှိတွင် ပုဂံမြို့၊ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ရေးကို သာသနာရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ (ဒု-ဗိုလ်မှူးကြီး- ငြိမ်း) က ဆက်လက် တာဝန်ယူထားသည်။ ၎င်းတာဝန်ထမ်းဆောင်သည့်နေ့မှာပင် ယခင်ဝန်ထမ်းများကို တဦးမျှ မလိုချင်ကြောင်း၊ ရန်ကုန်သို့ အမြန်ပြန်ပို့ရန် ညွှန်ကြားကြောင်း သာသနာရေးရုံး ၀န်ထမ်းတို့ထံမှ သိရသည်။

အလုပ်ကြမ်းခိုင်းစေမှု သတင်းပေါက်ကြားမှုအပေါ် ဦးစီးအရာရှိတဦးက “ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အစီအစဉ် ရှိနိုင်တယ်။ ရန်ကုန်-ပုဂံစင်တာ ကူးချည် သန်းချည် လုပ်နေရတဲ့ ၀န်ထမ်းတွေက အများကြီး။ ဒီတော့ အလုပ်ကြမ်းခိုင်းစေမှု သတင်းပေါက်ကြားသွားတဲ့အပေါ် လက်သည်ရှာရ ခက်နေတယ်” ဟု ပြောသည်။

လတ်တလော ပုဂံစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်၌ ပြည်နယ်/တိုင်းတို့မှ သာသနာရေးရုံးဝန်ထမ်းအချို့ ကျန်ရှိနေသေးသည်ဟု သိရသည်။

ဗုဒ္ဓဓမ္မ စင်တာသည် နိုင်ငံတော်၏ စိုက်ထုတ်ကုန်ကျမှု၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ပုဂံမြို့၊ ပုဂံယဉ်ကျေးမှုနယ်မြေ၊ အာနန္ဒာဘုရားအနီးတွင် တည်ရှိကာ တည်ဆောက်ချိန် (၁) နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် အောင်ထက် ရေးသားသည်။

မြန်မာ့ရွေးကောက်ပွဲ ရှုတ်ချရန် မလေးအစိုးရကို တိုက်တွန်းမည်

မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၏ တရားမမျှတမှုများကို ရှုတ်ချသွားရန် မလေးရှား လွှတ်တော်အမတ်များက မလေးရှား အာဏာရအစိုးရကို တိုက်တွန်းသွားမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

ယခုလ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသည့် တပ်ပေါင်းစု (၁၀) စုမှ ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်သည့် မလေးရှားပါလီမန်အတွင်း မြန်မာ့ ၂၀၁၀ ရွေးကောက်ပွဲ တရားမမျှတမှုများ ကြားနာပွဲအပြီး ယခုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ မလေးရှား အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ရလာတဲ့ ရလဒ်ကို အသိအမှတ်မပြုဖို့ ပြောတဲ့အခါမှာ လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ ပါလီမန်ထဲမှာ ဒီဆုံးဖြတ်ချက်ကျဖို့အတွက် စပြီးတော့မှ စတင်ဆောင်ရွက်သွားဖို့ ဆိုပြီးတော့ သူတို့ အစိုးရဆီကို တိုက်တွန်းမှုတွေ လုပ်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောပါတယ်” ဟု တပ်ပေါင်းစု (၁၀) စု၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

မလေးရှားအစိုးရ ၀န်ကြီးချုပ်ရုံးဝန်ကြီး၊ အတိုက်အခံခေါင်းဆောင် ဒါတိုဆရီ အန်န၀ါ အီဘရာဟင်နှင့် ၀ါရင့်အတိုက်အခံ ခေါင်းဆောင်ဖြစ်သော အာဆီယံပါလီမန် အမတ်များအဖွဲ့ (မလေးရှားနိုင်ငံ- AIPMC) ဥက္ကဋ္ဌတို့နှင့်လည်း မြန်မာ့ရွေးကောက်ပွဲကိစ္စ သီးသန့်ဆွေးနွေးခဲ့ကြသည်။

အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (မလေးရှား) ကလည်း ယမန်နှစ်ကတည်းက မြန်မာစစ်အစိုးရကို အာဆီယံအဖွဲ့ကြီးမှ ထုတ်ပစ်ရန် အဖွဲ့ကြီးအား တောင်းဆိုနေမှုကိုလည်း ဆက်လက်တောင်းဆိုသွားမည်ဟု ပြောကြားသည်။

“လောလောဆယ် ဖြစ်နေတဲ့ အနေအထားတွေပေါ်မှာ အီဗရာဟင်အနေနဲ့ သူ အကုန်လုံးသိတယ်။ အဲတော့ သူ့အနေနဲ့ အာဆီယံမှာ ဒီ နအဖကို အရေးယူမှု ဖြစ်ဖို့အတွက်ကို မလေးရှားက ပိုပြီးတော့မှ ထိထိရောက်ရောက် လုပ်ရမယ်ဆိုတဲ့အပေါ်မှာ သူ့ရဲ့ လွှတ်တော်အမတ် မိတ်ဆွေတွေ အကုန်လုံးကိုလည်း သူတိုက်တွန်းသွားမယ်လို့ ပြောသွားပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

တပ်ပေါင်းစု (၁၀) စု ကိုယ်စားလှယ်များက နအဖအစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ်ကို ပြောင်းလဲနိုင်မည် မဟုတ်သကဲ့သို့ အာဆီယံဒေသအတွင်းတွင်လည်း အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည်မဟုတ်ကြောင်း ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးစု အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပ ဒီမိုကရက်တစ် အဖွဲ့အစည်းများ ပူးပေါင်းပြီး တပ်ပေါင်းစုပေါင်း (၁၀) ခု ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူထု အသင်းအဖွဲ့များ ပါဝင်သည်။

ခေတ်ပြိုင်သတင်းထောက် စိုးမိုး ရေးသားသည်။

မုံရွာတွင် ဘုန်းတော်ကြီးကျောင်းများ လုံခြုံရေး ချထား

ကမ္ဘာနှင့်အ၀ှန်း ကျော်ကြားခဲ့သော၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ လယ်တီကျောင်းတိုက်၊ စိတ္တသုခကျောင်းတိုက်၊ ပေပင်ကျောင်းတိုက်နှင့် အရှေ့လေးထပ်ကျောင်းတိုက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ နှင့် ရဲကားများ ချထားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း တိုင်းမှူး၏ ညွှန်ကြားချက်ဖြင့် ယင်းသို့လုံခြုံရေး ချခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် ရဲအရာရှိတဦးက ပြောသည်။

ဘုန်းတော်ကြီးကျောင်းများကို လုံခြုံရေးချရန် မည်သည့်အကြောင်းမှ မကြားဘဲ ဘာ့ကြောင့် လုံခြုံရေးချသည်ကို မေးမြန်းသည့်အခါ ရဲများက တိုင်းမှူး၏အမိန့်ဖြစ်ကြောင်း ပြောသည်ဟု မုံရွာမြို့ခံတို့ထံမှ သိရသည်။

ယခင်လ (၃ဝ) ရက်နေ့တွင် လယ်တီကျောင်းနှင့် စိတ္တသုခကျောင်းတို့ကို မီးရှို့ရန်လာသည်ဟု ယူဆရသူ နှစ်ဦးအား သံဃာတော်များက ဖမ်းဆီးမိခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ လုံခြုံရေးချခဲ့ခြင်းဖြစ်သည်။

“မီးမရှို့ခင် ဘုန်းကြီးကျောင်းတွေကို ကြိုတင်ပြီးတော့ ခြိမ်းခြောက်တဲ့သဘော အကြောင်းကြားတယ်လေ။ အဲဒီတော့ ဒီကိစ္စဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး” ဟု လယ်တီဘုန်းတော်ကြီးကျောင်းမှ ဒကာရင်းတဦးက ခေတ်ပြိုင်သို့ပြောသည်။

ထိုကြောင့် ကြိုတင်သိထားသဖြင့် မီးရှို့ချိန်တွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း လယ်တီကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်သည်။

၎င်းက “ဦးဇင်းတို့ ကျောင်းကို မီးရှို့ဖို့ လာတော့ အသက် (၁၄) နှစ်လောက်ပဲရှိတဲ့ နေဝင်းအောင်နဲ့ ဇော်ဇော်အောင်ဆိုတဲ့ ကလေး (၂) ယောက်ကို ဦးဇင်းတို့ ဆရာတော်က ဖမ်းမိတယ်” ဟု မိန့်သည်။

ဘုန်းကြီးကျောင်းများကို မီးရှို့မည်ဟု ယူဆရသော သံသယဖြင့် လူ (၅) ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း မုံရွာရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။

သို့သော် ဖမ်းဆီးထားသူများ၏ အမည်နှင့် မည်သို့အရေးယူ အပြစ်ပေးမည်ဆိုသည်ကို ၎င်းက ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

မုံရွာမှ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် မုံရွာမြို့ခံတဦးကမူ ယင်းသို့ ဘုန်းကြီးကျောင်းများကို မီးရှို့ရန်ကြံစည်မှုသည် စက်တင်ဘာ အရေးအခင်း မရောက်မီ သံဃာများကို စောင့်ကြည့်စေလိုသော ရည်ရွယ်ချက်ဖြင့် အမှုအခင်း ဖြစ်စေရန် အစိုးရဘက်မှ တမင်ဖန်တီးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

၎င်းက “ဖြစ်နိုင်ချေ ရှိတာကို တွေးရတာပေါ့။ ဘာလို့လည်းဆိုတော့ အလကားသက်သက် စောင့်ကြည့်တာမျိုးကျတော့ အစိုးရအနေနဲ့ မကောင်းဘူးလေ။ အခုတော့ အကြောင်းပြချက် ရတာပေါ့။ အခုလို ကိစ္စတွေကြောင့် လုံခြုံရေးအရ စောင့်ကြည့်တာပါဆိုရင် ပြီးသွားပြီလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ၌ မြန်မာတနိုင်ငံလုံးတွင် သံဃာ့အရေးအခင်း ဖြစ်ပေါ်ခဲ့ရာ ကျောင်းသားများနှင့် ပြည်သူတို့လည်း ပါဝင်လာကြသည့်အတွက် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် သံဃာတော်များအပါအ၀င် လူပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရသည်။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

ပြောင်းရွှေ့သူများပြားသောကြောင့်တာချီလိတ်မြေကွက်ဈေးအဆမတန်ထိုးတက်

သျှမ်းပြည်နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့သို့ တစ်နှစ်ကျော်အတွင်း ပြောင်းရွှေ့နေထိုင်သူဦးရေ အလွန်များပြားလာ သောကြောင့် ယခင်ကထက်မြေကွက်ဈေး အဆမတန်ထိုးတက်သွားကြောင်း ကြားသိရသည်။

“လူစည်ကားတဲ့ တာလော့ရပ်၊ မကာဟိုခမ်းရပ်တွေမှာ အရင်ကမြေကွက်တစ်ကွက်ဆိုရင် ထိုင်းဘတ်ငွေ ၂ သန်းကနေ အခုဘတ် ၈ သန်းအထိတက်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောပါသည်။

နအဖအာဏာပိုင်များနှင့် မြေကွက်ပိုင်ရှင်များပေါင်းကာ ၂၀၁၀နှစ်ဆန်းပိုင်းမှစ၍ မြေကွက်များပိုင်းပြီးရောင်းချနေကြောင်း ကို ဆန်ဆိုင်းတိုင်းရပ်ကွက်သားတစ်ဦးက ဤကဲ့သို့ပြောပါသည်။

“ဆန်ဆိုင်းတိုင်းရပ် အပိုင်း “င”မှ ကွက်သစ်မယ့်ဆိုင်ချောင်းဘေးအထိ ကျယ်ပြန့်တဲ့မြေလွတ် ၃၁ ဧကကို အကွက်ပေါင်း ၃၀၀ ဖြတ်ပြီး ရောင်းချနေတာ။ မြေကွက် 40x60၊ 60x80 က ဘတ် ၈ သိန်းကနေ ဘတ် ၅ သန်းအထိ ထိုးတက်သွားတယ်”

ယခုကဲ့သို့တာချီလိတ်မြို့ မြေလွတ်များအကွက်ပိုင်းရောင်းချမှုသည် ခယက/ဗျူဟာမှူး/တိုင်းမှူးအဆင့် အာဏာပိုင်များနှင့် စီးပွါးရေးသမားများနားလည်မှုဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ ဂျူလိုင်လဆန်းပိုင်းမှစ၍ရောင်းချမှုခေတ္တရပ်ဆိုင်းထား ကြောင်း ၎င်းကဆက်လက်ပြောပါသည်။

အဆိုပါမြေကွက် ၃၀၀ ကျော်ပိုင်ဆိုင်မှုအစုရှယ်ယာများထဲတွင် ဟုန်ပန်းကုမ္ပဏီ၊ ယုဇနကုမ္ပဏီတို့လည်း ပါဝင်ကြောင်း ဒေသခံများပြောကြားချက်အရသိရှိရသည်။

ဝ တပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ဖိအားပေးလာသည့်နောက်ပိုင်း ဟုန်ပန်းကုမ္ပဏီမှ တရုတ်အချို့နှုတ်ထွက်ပြီး ကိုယ်ပိုင်မြေကွက်များ ၀ယ်ယူသူလည်းရှိသည်ဟုဆို၏။

တာချီလိတ်မြို့ မယ့်ခေါဝ်ရပ်ကွက်၊ ပါလျဲန်ရပ်ကွက်နှင့် ရွှေတိဂုံပုံတူစေတီအနောက်ဘက်တွင်လည်း မြေကွက်များ ဈေးကောင်းလျက်ရှိသည်ဟုဆို၏။

နအဖအာဏာပိုင်က အပစ်ရပ်အဖွဲ့များအား ပြည့်သူ့စစ်၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးအကြပ်ကိုင် လာသည့်နောက်ပိုင်းမှစ၍ မိုင်းဖုန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်းနှင့် မိုင်းလားအထူးဒေသတို့မှချမ်းသာချောင် လည်သည့်ဒေသခံများ တာချီလိတ်သို့ ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။

လူနာများအား ဂရုမစိုက်သည့် နမ့်ခမ်းဆေးရုံ ခြောက်ကပ်

လူနာများအပေါ် ဂရုစိုက်မှု နည်းပါးသည်ဟု သတင်းကြီးနေသဖြင့် ဆေးကုသခံယူလိုသူများ သွားရောက်မှုသိပ် မရှိတော့ ဘဲ သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီး ခြောက်ကပ်လျှက်ရှိကြောင်း သိရသည်။
ဧပြီလကုန်ပိုင်းက နမ့်ခမ်းဆေးရုံတွင် မွေးလူနာဒေါ်ခမ်းရှင် ဗိုက်ခွဲမွေးစဉ် မိခင်ရောကလေးပါသေဆုံးမှုဖြစ်ပွားပြီး နောက် ပိုင်း သွားရောက် ဆေးကုခံယူသူ သိသိသာသာနည်းပါးလာကြောင်း ဆေးရုံဝန်ထမ်းအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆေးရုံသို့ လူနာသိပ်မလာတော့သည့်ကိစ္စနှင့်ပတ်သက်၍ နအဖကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ဒု-ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် စုံစမ်းမေးမြန်းမှု ပြုလုပ်ခဲ့သေးကြောင်း ဆေးရုံဝန်ထမ်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

“မနေ့က တိုင်းချုပ်ရဲ့နမ့်ခမ်းခရီးစဉ်မှာ ဆေးရုံကိုလာကြည့်သွားတယ်။ ဆေးရုံမှာလူနာမရှိပဲ ခြောက်ကပ်နေတော့ လူနာ တွေ ဘာကြောင့်မရှိတာလည်းလို့မေးတယ်။ ဆေးရုံမှာဗိုက်ခွဲမွေးလို့သေသွားတဲ့ကိစ္စကြောင့်လားလို့မေးတယ်။ ဆေးရုံတာ ၀န်ရှိ သူတွေက ဘာမှတော့ပြန်မပြောဘူး ” ဟု သူက ဆိုသည်။

ဆေးရုံတွင်လူနာနည်းရသည့် နောက်ထပ်အကြောင်းတစ်ခုမှာ ယခုအခါ နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးခန်း အမြောက် အများ ဖွင့်လှစ်လာ၍လည်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဆေးရုံက ဆရာဝန်တွေကိုယ်တိုင် ပြင်ပမှာဆေးခန်းဖွင့်တော့ တော်ရုံဖျားတာနာတာက အပြင်မှာပဲကုသကြတာပေါ့ ပြင်ပဆေးခန်းကတော့ ၈ ခုလောက်ရှိတယ်။ ခွဲစိတ်နိုင်တာက ၂ ခုရှိတယ် ” ဟု ဆိုသည်။

ဒေသခံအများစုက နမ့်ခမ်းဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူရန် မလိုလားကြကြောင်း ဒေသခံတစ်ဦးကပြောသည်။


“ ဆေးရုံက ကောင်းကောင်းမွန်မွန်ကုမပေးဘူး၊ မွေးလူနာဗိုက်ခွဲမွေးမယ်ဆိုရင် ကြိုတင်ငွေ ၃ သောင်းအရင်ပေးရတယ် ငွေမပေးရင်လုံးဝဂရုမစိုက်တော့ဘူး အရင်မွေးလူနာသေပြီးနောက်ပိုင်းဆို ခွဲမွေးတာဆို ဆေးရုံကလက်မခံတော့ဘူး မူစယ် ဆေးရုံ ကိုပဲလွတ်တယ်၊ အခုဆို မူစယ်ကိုသွားကြတာများတယ်” ဟု ဒေသခံက ဆိုသည်။

နမ့်ခမ်းမြို့သည် တရုတ်နယ်စပ်နှင့် ကပ်နေသောကြောင့် ရောဂါအသည်းအသန်ဖြစ်သူများအနေဖြင့် တရုတ်ဆေးရုံများ သို့သွား ရောက်ကြကြောင်း သိရသည်။

နယ်စပ်ဒေသများတွင် ကူးစက်ရောဂါများ လျှင်မြန်စွာ ပြန့်ပွားလွယ်သော်လည်း ကျန်းမာရေးကဏ္ဍအတွက် နအဖ စစ်အုပ်စု အသုံးပြုငွေမှာ တိုင်းပြည်ဝင်ငွေ၏ ၀.၄ ရာခိုင်နူန်းသာရှိကြောင်း နိုင်ငံတကာလေ့လာရေးအဖွဲ့များ၏ အစီရင်ခံ စာများက ဆိုသည်။

အရေအတွက်ထက် အရည်အသွေးပိုအရေးကြီးဟု ကျားဖြူပါတီပြော

ဂျွန်လဆန်းပိုင်းကစ၍ သျှမ်းပြည်အနှံ့ မြို့နယ်ကော်မတီရုံးခွဲများ ဆက်တိုက်ဖွင့်လှစ်ခဲ့သည့် သျှမ်းတိုင်းရင်းသား များဒီမိုရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီအနေဖြင့် အရေအတွက်ထက် အရည်အသွေးရဖို့ပိုအရေးကြီးကြောင်း အဖွဲ့ ၀င်အသိုင်းအ၀ိုင်းထံမှ ကြားသိရပါသည်။

“ပါတီဝင်အရေအတွက်ပြည့်ဖို့က ကျနော်တို့အတွက် သိပ်စိတ်မပူရဘူး၊ လူထုရဲ့ စစ်မှန်တဲ့ နှလုံးသားရဖို့ အရေးကြီးတယ်၊ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်လို့ကျနော်မြင်တယ်”- ဟု ကျားဖြူ ပါတီဝင် ပင်လုံမြို့သားတဦးကပြောပါသည်။

မြို့နယ်ကော်မတီဝင်များဖွဲ့စည်းရန် စည်းရုံးရာတွင်လည်း - ကော်မတီရန်ပုံငွေရရှိရေး၊ အနာဂတ် လူထု/ တိုင်း ပြည် ခေါင်းဆောင်များဖြစ်မည့် လူငယ်များအရည်အသွေးမြင့်တင်ရေးတို့ကို အဓိကထားပြောကြားသည်ဟု ဆိုပါသည်။

“အခုနယ်ဆင်းဖို့ ရုံးချုပ်က ထောက်ပံ့ခဲ့တဲ့ ငွေကြေးလဲ သိပ်မလောက်ချင်ဘူး။ ငွေရေးကြေးရေး အခက်အခဲ နည်းနည်းရှိတယ်လို့ပြောရမယ်၊ ပါတီဝင်ကိစ္စက အဲလောက်အရေးမကြီး၊ မြောက်ပိုင်းသျှမ်းပြည်ဘဲ ပါတီဝင် အင်အားက ၇၀၀-၈၀၀ လောက်ရှိနေပြီ၊ ကျနော်တို့ပင်လုံမှာ ဆို ၇၀-၈၀ လောက်ရှိမယ်။ တပြည်လုံးအတိုင်း အတာနဲ့ဆို အခြားမြို့နယ်တွေက တမြို့နယ် ၂၀-၃၀ လောက်ရရင် အိုကေပြီ”- ဟု ဆက်ပြောသည်။

ကျားဖြူပါတီသည် သျှမ်းပြည် မြောက်ပိုင်း၌ မြို့နယ်ရုံးခွဲ အများအပြား ဆက်တိုက်ဖွင့်လှစ်နိုင်ခဲ့သော်လည်း သျှမ်း ပြည်တောင်ပိုင်းနှင့် သံလွင်အရှေ့ပိုင်းတို့၌ ဆက်လက်သွားရောက်ဖွဲ့စည်းရဦးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ရုံးခွဲအတွက်ကော်မတီ ဖွဲ့စည်းပြီးဖြစ်သော သျှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ လဲချား(လိုင်းခ)၊ မိုင်းကိုင်တို့တွင်မူ ရုံးခန်းမဖွင့်လှစ်ရသေးကြောင်း၊ မိုင်းရှူးရတနာမြေဘက်တွင်လည်း ရုံးခန်းအပြင် ကော်မတီဝင် များပင် မဖွဲ့စည်းရသေးကြောင်း အဆိုပါအသိုင်းအ၀ိုင်းက ပြောပြပါသည်။

“သံလွင်အရှေ့ခြမ်းဆို မိုင်းတုံ မိုင်းဆတ် ဘက်လဲသွားရဦးမယ်။ လင်းခေး၊ မိုင်းပန်၊ မောက်မယ် နဲ့ မိုးနဲ တို့ဘက် တော့ လူလွှတ်ပြီးပြီ၊ အခုလောလောဆယ်တော့ ပင်လောင်းမှာ ရုံးခွဲထပ်ဖွင့်ထားတယ်။ ကရင်နီပြည် လွယ် ကော် ဖါးဆောင်း ဘက်လဲ သွားနေတုန်း” - ဟု သျှမ်းပြည်တောင်ပိုင်းရောက် ကျားဖြူပါတီဝင် တဦးကပြောပါ သည်။

ကျားဖြူပါတီဝင်၌ သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်တို့မှ အရည်အသွေးရှိသည့် ပုဂ္ဂိုလ်များ အများအပြားရရှိထား ကြောင်း၊ သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းအပြင် အခြားပြည်နယ်/တိုင်းတို့မှပုဂ္ဂိုလ်များလည်း အများအပြားဆက်တိုက် ၀င်ရောက်လာမည်ဟုယုံကြည်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြပါသည်။

နအဖ ရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသော စည်းမျဉ်းအရ နိုင်ငံရေးပါတီတခုလျှင် အဖွဲ့ဝင် ၅၀၀ ထက် မနည်းရှိရမည်ဖြစ်ပြီး တပြည်လုံးအတိုင်းအတာ ၀င်ရောက်ယှဉ်ပြင်မည်ဆိုပါက အဖွဲ့ဝင်အင်အား ၁၀၀၀ ပြည့်မှီ ရမည်ဖြစ်သည် ဟုဆိုထားသည်။

ကစထမှူး ဗိုလ်ချုပ်မင်းအောင်လှိုင် သျှမ်းပြည်(မြောက်ပိုင်း) သို့ ရောက်ရှိ

နအဖ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့သို့ ဇူလိုင် ၈ ရက်နေ့ နေ့လည် ၁၁ နာရီကျော်ခန့်တွင်ရောက်ရှိလာကြောင်း သိရသည်။

၎င်း၏ခရီးစဉ်အတွင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံနေပြီး အရပ်ဘက်ဋ္ဌာန ဆိုင်ရာများသို့ ကြည့်ရူ့စစ်ဆေးဖွယ်ရှိကြောင်း အမည်မဖေါ်လိုသူ မြို့ခံဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

“နေ့လည် ၁၁ နာရီကျော်လောက်က ရောက်လာတယ် မယကရုံးမှာ အစည်းအဝေးလုပ်နေတယ် ကြံ့ဖွံ့တွေ လည်းပါတယ် ဆေးရုံဘက်လည်းသွားမယ်ထင်တယ် သန့်ရှင်းရေးတွေလုပ်ပြီး ပြင်ထားတယ်” ဟု သူကပြော သည်။

ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သျှမ်းပြည်ရှိ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံမြို့များ၌ အခြေဆိုက်သော အရှေ့ပိုင်း တိုင်းစစ်ဋ္ဌာနချုပ် အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်နှင့် တြိဂံတိုင်းစစ်ဋ္ဌာနချုပ် စသည့်စစ်တိုင်း ၃ တိုင်း အားဦးစီး ကွပ်ကဲရသူဖြစ်သောကြောင့် ယခုခရီးစဉ်တွင် လုံခြုံရေး၊ စစ်ရေးကိစ္စများ ဆောင်ရွက်ဖွယ်ရှိကြောင်း တရုတ် နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“နအဖကျင်းပမဲ့ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ တရုတ်နယ်စပ် နမ့်ခမ်းလိုနေရာမျိုးမှာ လုံခြုံရေးကိစ္စတွေ ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအတည်ပြုတုန်းက ဒီဒေသမှာ လုပ် ကြံမှုတွေ ဖြစ်ခဲ့တာရှိတော့ အခုရွေးကောက်ပွဲမှာ ဒါမျိုးမဖြစ်ဖို့ ပြင်တာဖြစ်နိုင်တယ် ဒီဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက သေးငယ်ပေမဲ့လည်း ဂယက်ရိုက်မှုက အင်မတန်ကြီးတာဖြစ်တယ် ” ဟု သူကဆိုသည်။

ထိုဒေသတွင် လုံခြုံရေးအတွက် ကွတ်ခိုင်မြို့တွင် တိုက်ခိုက်ရေးတပ်ရင်း ၃ ရင်းပါဝင်သည့် စစ်ဗျူဟာတစ်ခုထားရှိသည့် အပြင် ပြင်ပအရံတပ်ရင်း ၂ ရင်း အမြဲတမ်း တိုးချဲ့ထားရကြောင်း စစ်ရေးအကဲခတ်များကဆိုသည်။

ပြီးခဲ့သည့် ၆-၇/၇/၂၀၁၀ ကလည်း ဒု-ဗိုလ်ချုပ်ကြီးမင်းအောင်လိုင် နှင့် ကြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး တို့ ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း စစ်ဆေးရေးခရီးလှည့်လည်ခဲ့သေးသည်ဟု ထိုင်းနယ်စပ်သတင်းရပ်ကွက် ကဆိုသည်။

မပခ လက်နက် တိုက် ဖောက်ခွဲ ဖျက်ဆီးခံရ

မြောက်ပိုင်းတိုင်း စစ်ဌာနချု ပ် တပ်များအတွက်
လက်နက် နှင့် ခဲယမ်းမီးကျောက်များ တပ်ဆင်သို
လှောင်လှောင်ရာ ဌာန ဖြစ်သည့် ကချင်ပြည်နယ်
ဟိုပင် မြို့ နယ် အနီးမှ လက်နက်တိုက် တစ်ခုသည်
တနင်္လာနေ့ ညက ပေါက်ကွဲ မှု ဖြစ်ပွား ပြီးနောက်
ပြည်နယ် အတွက် အရေးပါသည့် လက်နက်များ အား
လုံးနီးပါး ဆုံးရှုံးသွားရသည် ဟု မန္တလေး တိုင်း တံခွန် တိုင်
မြို့ နယ်ရှိ သံချပ်ကာ ယန္တယား တပ်မှ အမည် မဖော်လို သည့်
အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

ထိုလက်နက် တိုက် ပေါက်ကွဲမှုကြောင့် အနည်းဆုံး စစ်သား ဦးရေ လေးဆယ် ကျော်
သေဆုံးသည်ဟု သတင်းရရှိသည်။ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ထိုနေရာ သို့ 
ကာကွယ်ရေး ၀န်ကြီးဌာန မှ ဗိုလ်ချုပ် သာအေး နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်
တိုင်း မှုး ဗိုလ်ချုပ် စိုးဝင်း တို့ လာရောက် ကြည့် ရှုသည် ဟု သတင်းရရှိသည်။

လက်နက် တိုင် ပေါက်ကွဲမှု သတင်း ကို မြန်မာ စစ်အစိုးရ က သတင်း မထုတ် ပြန်သော် လည်း
မြစ်ကြီးနား ၊မိုးကောင်း ၊ မိုးညှင်း နှင့် ဟို ပင် ရှိ စစ်တပ်များ အား အရေး ပေါ် တပ်လှန့် ထား သည် ဟု သိရသည်။

ထိုလက်နက် တိုက် ပေါက်ကွဲ မှု သည် အပစ်ရပ် အဖွဲ့ များ ၏ လက်ချက် ဖြစ်သည် ဟု နေပြည်တော်ရှိ
လက်နက်နှင့် ခဲယမ်းမီးကျောက် ညွှန်ကြားမှု ဌာန မှ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။၏

မြန်မာ စစ်တပ် တွင် မပခ လက်အောက်ခံ တပ်များ သည် တာဝန် လစ်ဟင်း မှု များ အများ ဆုံးဖြစ်ပြီး
တိုင်းမှုး ကိုယ်တိုင် အပစ် ရပ် အဖွဲ့ များ နှင့် ဂေါက် ရိုက်ကစား ခြင်း ၊တပ်တွင်း သို့  ဖိတ် ခေါ် ၍ စားသောက်
ပွဲများ ကျင်းပ ခြင်း တို့ ကို ပြု လုပ် သည် ဟု ဖားကန့် ဒေသတွင် စစ်တပ် အရာရှိ တစ်ဦး အဖြစ် တာဝန်
ထမ်းဆောင် ခဲဖူးသူ တစ်ဦး ကပြောသည်။

ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့သည့် လက်နက် တိုက် အား နေပြည်တော် နှင့် မန္တလေး တိုင်း မှ တာဝန် ရှိသူ
များ က သွားရောက် စစ်ဆေးရာ ဖောက်ခွဲဖျက်ဆီး ခံရခြင်း ဟု သတင်းရရှိသည်။

ထို လက်နက် တိုက် သည် ၁၉၇၈ ခုနှစ် တွင် ဗိုလ်မှုးချုပ် အယ်(လ)ခွန် ဖန် လက်ထက်ဉ် စတင်တည်
ဆောက်ခဲ့ခြင်း ဖြစ်သည်။

ခလရ ၃၈၉ ခဲယမ်းတိုက်ပေါက်ကွဲ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြစ်ကြီးနား-မန္တလေး ရထားလမ်းပေါ်၌ တည်ရှိသော ဟိုပင်မြို့အနီးမှ ခြေလျင်တပ်ရင်း ၃၈၉ တပ်ရင်းပိုင် ခဲယမ်းမီးကျောက် ယမ်းတိုက်တခု ပေါက်ကွဲမှု ဇွန်လ ၃ဝ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများအပြောအရ သိရသည်။

လက်နက်ကြီး ဗုံးသီးများထားရှိရာ ပေါက်ကွဲမှုကြောင့် တပ်ရင်း၏ အနောက်ဖက် ၂ ဖါလုံခန့်အကွာမှ ရွာသစ်ကြီး၊ တပ်ရင်းနှင့် မျက်နှာချင်းဆိုင် ကားလမ်းသာခြားသည့် နှုန်းချိုကျေးရွာသားများ အထိတ်တလန့်ဖြစ်ကုန်သည်။

၈၁ မမ ဗုံးသီး၊ ၆ဝ မမ ဗုံးသီး၊ အာပီဂျေ ဗုံးသီး များ သိုလှောင်ရာ ဗဟိုကင်းအနောက်ဘက်ရှိ သံဆူးကြိုးကာ ပေ ၅ဝ ပတ်လည် မြေကျင်းတူးထားသော အဆောက်အဦးတွင်း ပေါက်ကွဲမှု ဖြစ်သည်။

“အဲဒါ ပေါက်ကွဲတာ ဘေးပတ်ဝန်းကျင်ရွာတွေက အိမ်တွေပါ တုံခါပြီးတော့ ဘုရားညောင်ရိုးတွေ တောင် လဲကုန်တယ်” ဟု ရွာသားများထံမှ သိရသည်ကို ဟိုပင်မြို့ခံတဦးက မဇ္ဈိမကို ပြန်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး နှစ်ရက်အကြာ ယခုလ ၂ ရက်နေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု တပ်တွင်း သတင်းရပ်ကွက်က ပြောသည်။

ဟိုပင်-ဖားကန့် လမ်းမကြီးပေါ်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၈၉ တပ်ရင်း သည် ဟိုပင်မြို့ အနောက်ဘက် ၄ မိုင်ခန့်အကွာ၌ တည်ရှိသည်ဟု သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဟိုပင်ရဲစခန်းအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲတဦးက “အဲဒါက ကျနော်တို့ ရဲစခန်းက ဘာမှ ဂဃဏန မသိရဘူး။ သူတို့က သူတို့ တပ်ဖွဲ့မှာ ဖြစ်တာဘဲ။ ကျနော်တို့ ရဲစခန်းနဲ့ ဘာမှလည်း အဆက်အသွယ် မရှိဘူး။” ဟု ပြန်ဖြေသည်။

ထို့ပြင် ယခုလ ၆ ရက်နေ့တွင် ဟိုပင်မြို့ မြဇေယျာရပ်ကွက်နေ ဝ' တပ်ဖွဲ့ဝင် ဗိုလ်မှူးအိုက်ထွန်း၏ နေအိမ်သို့ ရဲ၊ အက်စ်ဘီနှင့် နေပြည်တော်မှ အရပ်ဝတ် စရဖ အဖွဲ့များ ၂ဝ ဦးခန့် လာရောက်စစ်ဆေး ပြီး သေနတ် ပြောင်းတိုတလက်နှင့် ပြောင်းရှည် တလက် အပါအဝင် ပါဂျရိုကားတစီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်ဟု မြို့ခံတဦးက ပြောသည်။

ဗိုလ်မှူးအိုက်ထွန်း၏ သားကို ဖမ်းဆီးခဲ့သော်လည်း စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ပေးခဲ့သော်လည်း သူ၏ ရာဘာခြံ ခြံစောင့်တဦးကိုမူ ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု သိရသည်။ လက်ရှိ ဗိုလ်မှူး အိုက်ထွန်းနှင့် ဇနီးတို့သည် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ယင်းအဖမ်းအဆီး သတင်းများနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရရှိသေးပေ။

ကရင်ပြည်နယ် ဘီးလင်းတပ် ခမရ ၃ တွင်လည်း ပြီးခဲ့သည့် ၂ လခန့်က ဆေးလိပ်မီးကြောင့် လက်နက်ရုံ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

တပ်မတော်တွင် ယင်းသို့ လက်နက်သိုလှောင်ရုံ၊ ခဲယမ်းတိုက်များ ပေါက်ကွဲမှုဖြစ်လျှင် သက်ဆိုင်ရာ တပ်ရင်းမှူး၊ တပ်သားများကို ရာထူးမှ ဖြုတ်ချခြင်း၊ ရာထူးလျော့ချခြင်း သို့မဟုတ် တပ်ပြောင်း ပြစ်ဒဏ်ပေးမှုများ ရှိခဲ့သည်ဟု ပြည်ပတွင် အခြေစိုက် နေထိုင်နေသော တပ်မတော် အရာရှိဟောင်း ဗိုလ်ထက်မင်းက ပြောသည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ငါးပါတီ မဟာမိတ်ဖွဲ့၍ ရွေးကောက်ပွဲ နိုင်ရန်ပြင်

ရန်ကုန် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများအပေါ်ကျော်ဖြတ် အနိုင်ရရေးအတွက် နိုင်ငံရေးပါတီငါးခု မဟာမိတ်အဖြစ် ပူးပေါင်းပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျှက် ရှိကြသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတို့နှင့် ပြည်ထောင်စု ဒီမိုကရေစီပါတီတို့ ရန်ကုန်တွင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေခြင်းဖြစ်သည်။

“ကျနော်တို့ Target (ပစ်မှတ်) က ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အောင်နိုင်ရေး ဖြစ်တဲ့အတွက် မူဝါဒတွေ ကိုက်ညီတဲ့ သူတွေနဲ့ ပူးပေါင်းမှာပါ။ အဲဒီအခါ ဘယ်လိုပူးပေါင်းမယ် ဆိုတာမျိုးကိုတော့ လောလောဆယ် မစီစဉ်ရသေးပါဘူး။ ဒါပေမဲ့ ဆွေးနွေးနေကြပါတယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဥက္ကဋ္ဌ ဦးသုဝေက ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲ နီးလာသောအခါ အခြားပါတီများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ကာ၊ အချင်းချင်း မိတ်ဆက်ပြီး ယုံကြည်မှု တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ယင်းအတွက် ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့်လည်း အဆက်အသွယ်ရှိကြောင်း ပြောသည်။

သူက “ပါတီအချင်းချင်း ဆက်သွယ်ရေးတွေ လုပ်နေတယ်၊ ရင်းနှီးအောင်လုပ်နေတယ်၊ အချင်းချင်း ပေါင်းတယ်ဆိုတာ ဆန္ဒတူမှ ဖြစ်မှာလေ။ ...ပါတီတွေ ပူးပေါင်းကြမယ်ဟေ့ဆိုရင် ပေါင်းလုပ်လို့ ရနိုင်သရွေ့ ပေါင်းလုပ်ချင်တယ်’’ ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း တိုင်းရင်းသား ဒေသများတွင် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်သောကြောင့် လက်တွဲ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကမ်းလှမ်းလိုက်သည်။

သူက “တိုင်းရင်းသားတွေ ရှိတဲ့နေရာတွေမှာ နေရာဝင်မယူဘူး။ တိုင်းရင်းသား ရဲဘော်တွေကို ကျနော်တို့ NDF နဲ့ လက်တွဲလိုတယ်ဆိုရင် လက်တွဲနိုင်ပါတယ်” ဟု ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF တို့သည် နိုင်ငံတဝှမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ ဖြစ်သည်။

အဆိုပါ ပါတီခေါင်းဆောင်များက ၎င်းတို့၏ အဓိက ပြိုင်ဘက်မှာ စစ်အစိုးရထူထောင်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စစ်အစိုးရလိုလားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ဖြစ်ကြောင်း ပြောဆိုကြသည်။

“ကျနော်တို့ နားလည်တာက ကြံ့ဖွံ့ဆိုတာ လက်ရှိအာဏာရ အစိုးရအဖွဲ့ရဲ့ အထောက်အပံ့တွေနဲ့ လုပ်နေတဲ့ အဖွဲ့ပဲလေ။ တစည ပါတီကလည်း ကြာရှည်တည်ထားတဲ့ အထောက်အထားတွေရှိတယ်။ ငွေကြေး၊ အဆောက်အဦးပေါ့။ ပြီးတော့ အာဏာ၊ ငွေ ရှိတဲ့ သူတွေ ရှိတယ်။ အခွင့်အရေးရှိတယ်၊ ကျနော်တို့မှာလည်း အားသာချက်တော့ ရှိတာပေါ့။ ပြည်သူတွေက မှန်တာကို ကြိုက်တယ်၊ မမှန်တာကို မကြိုက်ဘူး။ တရားတာကို ကြိုက်တယ်၊ မတရားတာကို မကြိုက်ဘူး။ ပြည်သူကို အမှန်အတိုင်း ပြောပြမယ်၊ ရိုးရိုးသားသားနဲ့ လုပ်မယ်ဆိုရင် ပြည်သူတွေက တခဲနက် အားပေးထောက်ခံလိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဦးသုဝေက ပြောသည်။

၎င်းတို့ကဲ့သို့ပင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီကလည်း သူတို့၏ ပြိုင်ဘက်မှာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ဦးစီးသော ကြံ့ဖွံ့ပါတီဟု ဆိုသည်။

ပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ကျနော်တို့က ရခိုင် ၁၇ မြို့နယ်လုံးမှာ ပြိုင်မယ်။ မန္တလေး၊ ဖားကန့်၊ လပွတ္တာ၊ ဟိုင်းကြီးမှာလည်း ပြိုင်ဖို့ လုပ်ထားတယ်။ ရန်ကုန်မှာတော့ ရုံးးဖွင့် ပြီးပြီ၊ ပြိုင်မှာပါ။ စိတ်တူကိုယ်တူတွေကိုလည်း ပေါင်းဖို့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့နံနက် ၉ နာရီတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဗဟိုဌာနချုပ် ဆိုင်းဘုတ်တင်ပွဲကို ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့ ၅၂ လမ်းရှိ အမှတ် ၄၃ တွင် ပြုလုပ်ခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲသို့ ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုနှင့် အတွင်းရေးမှူးများဖြစ်သော ဒေါ်နေရည်ဗဆွေ၊ ဒေါ်ချိုချိုကျော်ငြိမ်းတို့က နံ့သာရည်နှင့် ပက်ဖျန်းပေးကာ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။

ဆက်စပ်ဖြစ်ရပ်တခုမှာ စစ်အစိုးရက လူမှုရေးအသင်းအဖွဲ့ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းကာ အသင်းသစ်တခုကို ထူထောင်ရန်ပြင်ဆင်နေသည်ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက ပြောသည်။

ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်သော အဓိကတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူမှုရေး လုပ်ငန်းများလုပ်ကိုင်၍ ဆက်လက်ရပ်တည်သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် စစ်အစိုးရအနေဖြင့် လူမှုရေးကြံ့ဖွံ့ကို ဆက်လက်ထားရမည်၊ မထားရမည်ကို ကာလအတန်ကြာ ဝေခွဲမရဖြစ်နေခဲ့ပြီး မကြာသေးခင်ကမှ အမည်သစ်ဖြင့် လူမှုရေးအသင်းအဖွဲ့တခုကို အမာခံထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်ကပြောသည်။

မဇ္ဈိမသတင်းထောက် ညိမ်းသူ ရေးသားသည်။

ဦးတေဇသား လျှောက်ထားချက် ဥရောပ သမဂ္ဂ ပယ်ချ

ဦးတေဇ၏ သားအကြီး ပြည့်ဖြိုးတေဇက သူ့အပေါ် ဥရောပသမဂ္ဂ၏ ဒဏ်ခတ် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန် တရားရုံးသို့ ဦးတိုက် လျှောက်ထား ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး၏ သားက လျှောက်ထားလာမှုကို တရားရုံးက မေလ ၁၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး တရာရုံး ကုန်ကျစရိတ်ကို ဥရောပသမဂ္ဂ ကောင်စီသို့ ပေးချေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးတေဇ (ညာစွန်)နှင့် သားနှစ်ယောက် ဖြစ်သော ပြည့်ဖြိုးတေဇ (ဝဲအစွန်)၊ ထက်တေဇ (ဦးတေဇမှ ဒုတိယမြောက်နှင့် ဦးတေဇ၏ အငယ်ဆုံးသမီး (အလယ်) တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ပြည့်ဖြိုးတေဇက သူသည် စစ်အစိုးရအဖွဲ့ဝင် မဟုတ်သကဲ့သို့ စစ်အစိုးရနှင့်လည်း ဆက်စပ်မှု မရှိကြောင်း၊ အစိုးရ စီမံအုပ်ချုပ်ရေး ယန္တရားမှလည်း မည်သည့် အကျိုးကျေးဇူးမျှ မရရှိကြောင်း ခုခံချေပ လျှောက်ထားခဲ့သည်။

လန်ဒန် အခြေစိုက် ဥပဒေအကျိုးဆောင် ကာတာ ရပ်က် (Carter-Ruck) အဖွဲ့မှ ရှေ့နေများက “ဦးတိုက်လျှောက်ထားသူ ပြည့်ဖြိုးတေဇ သို့မဟုတ် သူ၏ဖခင်သည် စစ်အစိုးရထံမှ မည်သည့် အကျိုးကျေးဇူးကိုမျှ မရရှိပါ” ဟု အခိုင်အမာ တင်ပြခဲ့ကြသည်။

သို့သာ် ဦးတေဇသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်မှုကို အခြေခံ၍ ဒေါ်လာသန်း ထောင်ပေါင်းများစွာရှိသည့် စီးပွားရေးအင်ပါယာကြီးကို တည်ထောင်ထားသော စွယ်စုံ စီးပွားရေး လုပ်ငန်းရှင်ကြီးအဖြစ် လူသိများနေသူဖြစ်သည်။

အမှု၌ အားမပါလှသော ခုခံ ပြောဆိုချက်တခုတွင် ပြည့်ဖြိုးတေဇ၏ ရှေ့နေများက “စစ်အစိုးရနှင့် ကျေးဇူးခံကျေးဇူးစားရှိနေသည်ဟု ဥရောပသမဂ္ဂ ကောင်စီက သတ်မှတ်ထားသော ပုဂ္ဂိုလ်တယောက်၏ သားဖြစ်နေခြင်းသည် စစ်အစိုးရနှင့် ချိတ်ဆက်နေသည်ဟု မဆိုလို” ဟု ခုခံလျှောက်ထားခဲ့သည်။

ထို့အတူ ပြည့်ဖြိုးတေဇသည် စင်ကာပူရှိ ဖခင်၏ ကုမ္ပဏီ ၂ ခုတွင် အစုရှယ်ယာများကို ၂ နှစ်ကြာ ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် မြန်မာစစ်အစိုးရနှင့် ဆက်စပ်မှု ရှိကောင်းရှိနိုင်သည့် သူ့ဖခင်၏ ကုမ္ပဏီမှ အခွင့်ထူးများ ရခဲ့ကြောင်း ပြသနိုင်ခြင်း မရှိဟု ပြည့်ဖြိုးတေဇက အခိုင်အမာဆိုသည်။

ထိုသို့ ဦးတေဇ သို့မဟုတ် သားဖြစ်သူ ပြည့်ဖြိုးတေဇတို့က စစ်အစိုးရထံမှ အကျိုးအမြတ် မရဟူသောအချက်ကို တရားလို ရှေ့နေများက ခုခံချေပခဲ့သည်။

“ထိပ်တန်း စီးပွားရေးသမားများ၏ မိသားစုဝင်များ အနေဖြင့် စီးပွားရေးလုပ်ငန်းများမှ ရရှိသော အကျိုးကျေးဇူးများကို ခံစားနေသည်ဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် အစိုးရ၏ စီးပွားရေးမူဝါဒမှ စီးပွားရေးလုပ်ငန်းရှင်များ၏ မိသားစုဝင်များလည်း အကျိုးကျေးဇူးခံစားနေရသည်ဟူသော အချက်ကို ခုခံကာကွယ်ရန် အကြောင်းမရှိ” ဟု တရားလို ရှေ့နေများက ပြန်လည် ချေပခဲ့သည်။

ပြည့်ဖြိုးတေဇက ဥရောပသမဂ္ဂ၏ ပြစ်ဒဏ်ချမှတ်မှုကို ဖယ်ရှားပစ်ရန် အားထုတ်မှုသည် ဦးတေဇအတွက် ဒဏ်ခတ်အရေးယူမှုကို ရှောင်းကွင်းစရာ နည်းလမ်းတခု ဖြစ်လာနိုင်၍ ဥရောပသမဂ္ဂ ကောင်စီက စိုးရိမ်မှုရှိကြောင်း သိရသည်။

“လျှောက်ထားလာသူသည် အဘယ်ကြောင့် သူ့အပေါ် ကန့်သတ်ချက်များ အထူးထားရှိသည်ကို သိပြီးဖြစ်သည်။ လျှောက်လွှာ အပိုဒ် ၃၇ တွင် ဖော်ပြချက်အရ ဖခင်ဖြစ်သူ ပိုင်ဆိုင်သော ငွေများကို တခြားမိသားစုများထံ လွှဲပြောင်းပေးခြင်းဖြင့် နောက်ကွယ်မှ ထိန်းချုပ်နိုင်သည့် အန္တရာယ်ကို တွေ့ရသည်” ဟု ဥရောပသမဂ္ဂ ကောင်စီက ဆိုသည်။

ပြည့်ဖြိုးတေဇက “သူသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အပေါ်တွင် စိတ်ပျက်မှု မရှိသကဲ့သို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး သို့မဟုတ် ဒီမိုကရေစီ ဖော်ဆောင်ရေးကိုလည်း လေးစားပါကြောင်း” နှင့် စစ်အစိုးရနှင့် နိုင်ငံရေးတွင်လည်း ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကောင်စီသို့ ထပ်လောင်း လျှောက်ထားခဲ့သည်။

ပြည့်ဖြိုးတေဇ၏ ညီဖြစ်သူ ထက်တေဇသည် စစ်အစိုးရအပေါ် အမေရိကန်အစိုးရ၏ ပြစ်ဒဏ်ခတ် အရေးယူမှု နှင့် ပတ်သက်၍ ၂၀၀၇ ခုနှစ်တွင် ရိုင်းပျသော အီးမေးလ်တစောင်ဖြင့် မထီမဲ့မြင်ပြုခဲ့သည်ဟု သိရသည်။

အီးမေးလ်ထဲတွင် “အမေရိကန်က ငါတို့ကို တားမြစ်ပိတ်ပင် ထားပါစေ။ ငါတို့က စင်ကာပူမှာ အေးအေးဆေးဆေးပဲ။ ငါတို့က မြန်မာတပြည်လုံးရဲ့ GDP (စုစုပေါင်း ပြည်တွင်း ထုတ်ကုန်) ပေါ်မှာ ထိုင်နေတာ။ ငါတို့မှာ စင်ကာပူတို့၊ တရုတ်တို့၊ ရုရှတို့လို နိုင်ငံမျိုးတွေကို ရောင်းဖို့ သစ်တွေ၊ ကျောက်တွေ၊ ဓာတ်ငွေ့တွေ ရှိတယ်” ဟု ရေးထားသည်။

ပြည့်ဖြိုးတေဇက မြန်မာနေရှင်လိဂ်တွင် ဝင်ရောက် ယှဉ်ပြိုင်နေသော ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ဦးတေဇသည် သား ၂ ယောက်ဖြစ်သူ ပြည့်ဖြိုးတေဇနှင့် ထက်တေဇတို့ ၂ ဦး ကျောင်းတက်ခဲ့သော စင်ကာပူနိုင်ငံသို့ စီးပွားရေးကိစ္စများဖြင့် မကြာခဏ ခရီးသွားလေ့ရှိသည်။

စင်ကာပူနိုင်ငံ၏ ဘဏ်ကြီးနှစ်ခုဖြစ်သော OCBC နှင့် DBS တို့က ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရရှိသော ဒေါ်လာ သန်းထောင်ပေါင်းများစွာကို သိမ်းဆည်း ပေးထားသည် ဟူသော အချက်ကို ငြင်းဆန်ထားကြသည်။

“ဒီအမှုနဲ့ ရုံးတော်ရဲ့ ဆုံးဖြတ်ချက်က ဘာကိုပြနေသလဲဆိုတော့ ပိုပြီးအားကောင်းတဲ့၊ အတိအကျ ပစ်မှတ်ထားတဲ့ ပြစ်ဒဏ်ခတ် အရေးယူမှုတွေက သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို ပြနေတာပဲ” ဟု Burma Campaign UK မှ မာ့က် ဖာမန်နာက ဆိုခဲ့သည်။

သို့သော် တဆက်တည်းတွင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဦးတည်စေသော မက်လုံးနှင့် စည်းရုံးသည့် နည်းကိုလည်း သုံးသင့်သည်ဟု ဖာမန်နာက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလတွင် ဥရောပသမဂ္ဂက ကြေညာခဲ့သည်။ သက်တမ်းတိုးကြောင်း ကြေညာရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ရေးဆွဲထားခြင်းမဟုတ်ဟု ဖော်ပြခဲ့သည်။

ထိုသို့ အရေးယူ ဆောင်ရွက်မှုများသည် တချို့နေရာများတွင် အသေအချာ ပစ်မှတ်ထား ဆောင်ရွက်နိုင်သော်လည်း အားပျော့နေသေးကြောင်း၊ မလုံလောက်သေးကြောင်း ဝေဖန်မှုများ ရှိနေသည်ဟု သိရသည်။

တချို့ကမူ ပြစ်ဒဏ်ခတ်မှုသည် စစ်အစိုးရကို ပြုပြင်ပြောင်းလဲမှုများဆီသို့ မတွန်းပို့နိုင်သဖြင့် “ဆွေးနွေးညှိနှိုင်းမှု” နည်းလမ်းအသစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောဆိုနေကြကြောင်းလည်း သိရသည်။

ဒဏ်ခတ်အရေးယူမှုမှာ ပြဿနာမဟုတ်ကြောင်း၊ သို့ရာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ နှင့် မလေးရှား ကဲ့သို့သော စစ်အစိုးရအား နိုင်ငံရေးနှင့် စီးပွားရေးအရ ကူညီထောက်ပံ့ပေးနေသည့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ ကြောင့်သာလျှင် ဒဏ်ခတ်အရေးယူမှုမှာ အားနည်းနေရခြင်းဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

ဥရောပသမဂ္ဂသည် ပိတ်ဆို့ ဒဏ်ခတ်မှုကို ၁၉၉၆ ခုနှစ်က အစပြုခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးလေ့ ရှိသည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုသည် စစ်ဗိုလ်ချုပ်များ၏ ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ သံတမန် ဆက်သွယ်ရေး ကန့်သတ်ခြင်း၊ နိုင်ငံခြားဘဏ် စာရင်း ပိတ်ဆို့ခြင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ မဟုတ်သည့် အထောက် အပံ့များကို ဆိုင်းငံ့ခြင်း စသည်တို့ ပါဝင်သည်။

ကြံ့ဖွံ့နှင့် တစည ကို အဓိကထား ပြိုင်မည်ဟု ဦးသုဝေပြော

၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ အဓိက ပြိုင်ဘက်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ဖြစ်ကြောင်း ဦးသုဝေက ယနေ့နံနက်တွင် ပြောဆို လိုက်သည်။

ယနေ့နံနက်တွင် ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဦးသုဝေ (ဓာတ်ပုံ - ဧရာဝတီ)

“စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီက ကျနော်တို့ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်လာပါ လိမ့်မယ်”ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

ပါတီ ဆိုင်းဘုတ်တင်ပွဲကို ဦးသုဝေ ကိုယ်တိုင်က ဖွင့်လှစ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တခြားပါတီမှ ပုဂ္ဂိုလ်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ဝင်များ၊ မွန်နှင့် ချင်း တိုင်းရင်းသားတချို့ နှင့် ပြည်တွင်း စာနယ်ဇင်းသမားများ တက်ရောက်ကြကြောင်း သိရှိရသည်။

အခမ်းအနားကို ဒေသခံ အာဏာပိုင်များ၊ ရဲအထူးသတင်းတပ်ဖွဲ့ (SB)၊ စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ) စသည်တို့မှ လာရောက် ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ကြောင်း အနှောင့်အယှက် တစ်စုံတစ်ရာ ပေးခြင်းမျိုးများ မရှိကြောင်းလည်း ဦးသုဝေ က ပြောသည်။

ပါတီအနေဖြင့် လတ်တလောတွင် ပါတီဝင် စည်းရုံးရေးလုပ်ငန်းများ၊ နယ်မြို့များတွင် အဖွဲ့ဝင်များ စည်းရုံးခြင်းနှင့် အမှုဆောင် အဖွဲ့များဖွဲ့စည်းရန်၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ထားရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီဝင်အင်အား စာရင်း တင်ပြတော့ မည် ဖြစ်ကြောင်း၊ ပါတီဝင် အရေအတွက် ၁၅၀၀ ဖြင့် တင်ပြမည်ဖြစ်ကြောင်း၊ အပို ပါတီဝင်အင်အားအနေဖြင့် ၁၀၀၀၊ ၂၀၀၀ ခန့်လည်း ကျန်ရှိနေသေးကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများ လတ်တလော ကြုံတွေ့နေရသည့် ရန်ပုံငွေအခက်အခဲနှင့် ပတ်သက်၍“ကျနော်တို့ပါတီတွေရဲ့ အကြီးဆုံး အခက်အခဲကတော့ ရန်ပုံငွေပဲလေ၊ အဲဒါကြောင့် ပါတီဝင်တွေကိုယ်တိုင်က ပိုက်ဆံတွေထည့်၊ ပါတီ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဒေါ်သန်းသန်းနုဆိုရင် လက်ဝတ်လက်စားတွေ ရောင်းပြီးတော့ သိန်းငါးဆယ် ထည့်ထားပါတယ်၊ ဒီလိုမျိုးကနေပဲ စပြီး လှုပ်ရှား ရတာပေါ့”ဟု ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

ရှေ့ကာလတွင်လည်း လက်ကမ်းစာစောင်များ၊ ရင်ထိုး တံဆိပ်များ ဝေငှ၍ ပါတီ ရန်ပုံငွေ အတွက် အလှူခံမည် ဖြစ်ကြောင်း၊ အပတ်စဉ် ဂျာနယ်များ ထုတ်ဝေ၍လည်းကောင်း ပါတီရန်ပုံငွေရရှိရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ ထောင်ခွင့် ချမှတ်ပေးခဲ့သည်။

ဦးသုဝေသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပါတီ အမည်ဖြင့် ဝင်ရောက် အရွေးခံခဲ့ပြီး လွှတ်တော် အမတ် တနေရာ အနိုင်ရဖူးသည်။ ယင်းပါတီသည် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံရသည်။

ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၃ ပါတီရှိပြီး မှတ်ပုံ တင်ခွင့် လျှောက်ထားသည့်ပါတီ ၃၉ ပါတီအနက် ၃၆ ပါတီကို ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးပြီး ဖြစ် သည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ကွန်တိန်နာ စခန်းအတွက် လယ်သမားများ ဖယ်ပေးရ

ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် ကွန်တိန်နာ ယာဉ်ရပ်နား စခန်း တည်ဆောက်မည့် နေရာ၌ နေထိုင်သူများ ယခုနှစ် အတွင်း အပြီးသတ် ပြောင်းရွှေ့ ပေးရမည်ဆို၍ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ကွန်တိန်နာ ယာဉ်ရပ်နားစခန်း တည်ဆောက်မည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြေပုံ

ဒဂုံမြို့သစ်ဆိပ်ကမ်း စက်မူဇုန်တွင် ကွန်တိန်နာယာဉ် အစီး ထောင်ကျော် ရပ်နားနိုင်ရန် ယာဉ်ရပ်နားစခန်းကို ဒဂုံဆိပ်ကမ်း အပြည်ပြည်ဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီလီမိတက်က ယခုနှစ် ဇွန်လမှစပြီး တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း ဒဂုံဆိပ်ကမ်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ က ပြောဆိုသည်။

ကွန်တိန်နာ ယာဉ်ရပ်နားစခန်းတည်ဆောက်ရန် ထိုနေရာမှ လယ်ယာလုပ်ကိုင်သူများစွာ ပြောင်းရွှေ့ပေးရမည်ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် လယ်ယာလုပ်ကိုင်နေသူ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတဦးက “ကွန်တိန်နာတွေရပ်ဖို့ စဆောက်နေကြပြီ။ ကွန်တိန်နာစခန်းနေရာမှာ လယ်လုပ်တဲ့ လူတွေကတော့ ချက်ချင်း ပြောင်းပေးလိုက်ရပြီ။ ဒီဘက်ခြမ်းက ကျမတို့တွေကျတော့ ဒီနှစ်အတွင်းမှာ အပြီးပြောင်းပေးရမယ်။ နေစရာရော လုပ်ငန်းရော ပျောက်ကုန်တာပေါ့” ဟု ဆိုသည်။

ကွန်တိန်နာ စခန်း တည်ဆောက်နေသည့် နေရာတွင် လယ်လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူများ အဓိက နေထိုင်ကြောင်း သိရသည်။

ကွန်တိန်နာယာဉ်ရပ်နားစခန်း တည်ဆောက်ရန် ယုဇနကုမ္ပဏီလီမိတက်ပိုင် မြေကွက်ပေါင်းများစွာကို ယုဇန ဦးဌေးမြင့်က ရောင်းချခဲ့ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

“တချို့က ယုဇနကုမ္ပဏီကနေ ငှားပြီး လယ်လာလုပ်တာတွေ၊ တချို့ကလည်း ဒီအတိုင်း တဲလာထိုးပြီး လယ်လာလုပ်စား နေကြတာတွေပါ။ ပြောရမယ်ဆိုရင် ကျူးကျော်တွေပေါ့။ အဲဒါတွေ အားလုံး ဖယ်ပေးရမှာပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

ဒေသခံ လယ်မြေအငှား လုပ်ကိုင်နေသူ တဦးက“ကျနော်တို့က ရွာကနေ တက်လာပြီး ယုဇန ဦးဌေးမြင့် ဆီကနေ ဒီလယ်တွေ ငှားပြီး လုပ်စားနေကြတာ။ အခု ဖယ်ပေးရမယ် ဆိုတော့ ကျနော်တို့ မိသားစု ဘယ်သွားနေရမှန်း မသိတော့ဘူး။ ပြောင်းဖို့ကို ဘာမှ စုထား ဆောင်းထားတာ မရှိဘူးလေ။ အားလုံး စိတ်ညစ်နေရတယ်”ဟု ဆိုသည်။

ယုဇနကုမ္ပဏီသည် ၁၉၉၆ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ယုဇနဥယျဉ်မြို့တော် တည်ဆောက်ရန် လယ်ပိုင်ရှင်များစွာထံမှ ဈေးနှုန်းမတန်မဆနှိမ်၍ ၀ယ်ယူထားခဲ့ကြောင်း ထိုဒေသတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်လာခဲ့သူ တဦးက ပြောသည်။

“ဦးဌေးမြင့် မြို့သစ်လာတည်တုန်းကဆို လယ်သမားတွေ ပြောင်းပေးရတာ မနည်းဘူး။ လယ်သမားတွေ သူတို့ပိုင်တဲ့ လယ် ဧက ပေါင်း များစွာကို မတန်မဆနဲ့ ရောင်းလိုက်ရတာ။ တချို့ဆို စိတ်ထိခိုက်ပြီး အသက်တောင် ဆုံးရှုံးတယ်”ဟု ၎င်းက ပြောပြသည်။

ဧရာဝတီသတင်းထောက် မိုးယံ ရေးသားသည်။

အာဆီယံ ရော့ခ် ပြိုင်ပွဲ မြန်မာ ဆန်ခါတင် ဒုတိယအဆင့် အရွေးခံရ

အရွေးချယ် ခံခဲ့ရကြောင်း သတင်းရရှိသည်။

မလေးရှား အခြေစိုက် AirAsiaRedTix.com နှင့် MTV Asia တို့ ပူးပေါင်းကျင်းပသည့် ရော့ခ်ဂီတ အဖွဲ့လိုက်ပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ အဖွဲ့ပေါင်း ၃၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဆန်ခါတင် ဒုတိယအဆင့် အရွေးချယ်ခံရသည့် Unrivalled အဖွဲ့ (ဓာတ်ပုံ - Unrivalled)

ပြိုင်ပွဲဝင်ရန် အတွက် အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသည့် တေးသီချင်း များကို ပေးပို့ရပြီး ယှဉ်ပြိုင် သူများထဲမှ ပထမ အဆင့် အနေနှင့် အဖွဲ့ ၃၀ ကို ရွေးချယ်ခဲ့ကာ ယင်းအဖွဲ့ ၃၀ မှာ မလေးရှား နိုင်ငံသို့ အသံစစ်ဆေးမှု ခံယူရန် ဇွန်လ ၂၆ ရက်နေ့က သွားရောက် ခဲ့ကြောင်း Unrivalled အဖွဲ့ဝင် တဦးဖြစ်သူ ကိုမွန်ဘွဲ့က ပြောသည်။ ယခု အရွေးချယ် ခံရသည့် ဆန်ခါတင် ဒုတိယ အဆင့်တွင် အဖွဲ့ပေါင်း ၂၀ ပါဝင်သည် ဟုလည်း ၎င်းက ဆိုသည်။

“ပထမ ရွေးတဲ့ အဖွဲ့ ၃၀ မှာ ပါပြီး အသံစစ်ဖို့ ကျနော်တို့ အဖွဲ့က ရိုက်ထားတဲ့ MTV နဲ့ မလေးမှာ သွားပြိုင် ခဲ့ပါတယ်။ ဒီမှာ ထပ် ရွေးတာ ဆန်ခါတင် ဒုတိယ အဆင့်အထိ ပါခဲ့ပါတယ်”ဟု သူက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံမှ ရောခ့် အဖွဲ့အနေနှင့် Unrivalled အဖွဲ့သည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ် သည်။

“သီချင်းအပိုင်း၊ တီးခတ်မှုအပိုင်းတွေကို ကြည့်ရင် သူတို့နဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ အဓိက MTV ရိုက်ထား တာတွေ ကြည့်ရင်တော့ အဲဒီမှာ အားနည်းချက်တွေ ရှိနေတာပေါ့။ ဒီအပိုင်းမှာ မြန်မာက အာဆီယံ အဆင့် မမီလောက်အောင် လုံးဝကွာသွားတယ်လို့ ထင်တယ်”ဟု ကိုမွန်ဘွဲ့က ဆက်ပြောသည်။

ပြိုင်ပွဲဝင်သူ များထဲတွင် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံများမှ ယှဉ်ပြိုင်သည့် အဖွဲ့ အများဆုံးပါဝင်ပြီး မြန်မာနိုင်ငံမှ အဖွဲ့ ၁၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း Unrivalled တဖွဲ့သာ မလေးရှားနိုင်ငံတွင် သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။


“ကိုယ့် နိုင်ငံကနေ အပြင်ထွက်ပြီဆို စကားပြောတတ်ပေမယ့် သီချင်းတပုဒ်လုံး ကျတော့ အင်္ဂလိပ်စာ လိုအပ်ချက် အခက်အခဲတွေရှိမယ်။ နောက်ပြီး လူငယ်တွေက အွန်လိုင်းမှာ ဒီလို အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာ မေ့နေတာလည်း ပါတယ်”ဟု မြန်မာ လူငယ် ရောခ့် ဂီတအဖွဲ့တခုမှ အဖွဲ့ဝင်တဦးက ပြောသည်။


အဆိုပါပြိုင်ပွဲတွင် မည်သည့် အဖွဲ့ ပထမ ရရှိသည်ဆိုသည်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


မြန်မာနိုင်ငံအနေနဲ့ ယခုကဲ့သို့ အာဆီယံအဆင့်ထိ အောင်မြင်မှု ရရှိသွားသည့် ဂီတအဖွဲ့များထွက်ပေါ်မှုမရှိသေးခြင်းမှာ နိုင်ငံတွင်း အတွေ့အကြုံဖလှယ်မှု၊ အခွင့်အလမ်းရရှိမှု အားနည်းချက်များ ရှိနေသေးကြောင်း ပြည်ပနိုင်ငံများကဲ့သို့ ဂီတ ပွဲတော်များ ဖန်တီး၍ နိုင်ငံတကာ ဂီတအဖွဲ့များအား လေ့လာခွင့်ရနိုင်သည့် အခြေအနေမရှိသေးကြောင်း သူကပြောသည်။

ရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်ကလည်း “ ကျနော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဘန်ကောက်မှာ ထိုင်း ဒါရိုက်တာနဲ့ ရိုက်ခဲ့တဲ့ Big5 ကိုပဲကြည့်။ သီချင်းတပုဒ်ကို ပုံဖော်နိုင်ဖို့ အတတ်ပညာ လိုနေသေးတယ်လို့ ထင်တယ်” ဟု ပြောသည်။

ပြည်တွင်း၌ ယှဉ်ပြိုင်နိုင်ရန် ပွဲများပြုလုပ်ပေးပါက မြန်မာပြည်မှ ရော့ခ် အဖွဲ့များ စိတ်ဝင်စားမှု များလာပြီး လူငယ် အဖွဲ့သစ်များ ပေါ်ပေါက်ကာ ပွဲအတွေ့အကြုံ ရင့်ကျက်မှု ရှိလာနိုင်ကြောင်း၊ အဆိုတော်များ၏ အဆင့်အတန်းကို ပရိသတ် စိတ်ဝင်စားသည့် အခြေအနေ ဖန်တီးပေးသင့်ကြောင်း သူကပြောသည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

ဗီယက်နမ် ဘဏ်ခွဲ ဖွင့်ခွင့်မရ

ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော ဗီယက်နမ် ရင်းနှီးမြုပ်နှံမှုနှင့် ဖွံဖြိုးရေး ဘဏ် (Bank for Investment and Development of Vietnam-BIDV) က မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့် မရရှိကြောင်း တာဝန်ရှိသူတဦး က ပြောသည်။

ဗီယက်နမ် ဘဏ်ခွဲတည်ထောင်ခွင့်မရရှိခြင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေ အရ ဖြစ်သည်ဟု BIDV တာဝန်ရှိသူ က ပြော ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဥပဒေ အရလုပ်လို့ မရတာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဘဏ်နှင့် အာမခံလုပ်ငန်းများ အပါအ၀င် လုပ်ငန်း ၁၂ ခုကို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ(၃) အရ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အတွက် ကန့်သတ်ထားကြောင်း သိရသည်။

ယင်းသို့ ဘဏ်ခွဲဖွင့်လှစ်ခွင့် မရရှိသဖြင့် Myanmar Investment and Development Company အမည်ဖြင့် ရင်းနှီး မြုပ်နှံမှု လုပ်ငန်း တခုထူထောင်ရန် စီစဉ်နေသည်ဟု BIDVတာဝန်ရှိသူက ပြောသည်။

BIDVကိုယ်စားလှယ်ရုံးကို ပြီးခဲ့သည့် ဧပြီလ အတွင်းက ရန်ကုန်မြို့ပြည်လမ်းတွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ ဈေးကွက်သတင်း အချက် အလက်များ ကောက်ယူနေလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဗီယက်နမ် နိုင်ငံပိုင် BIDV သည် အာဆီယံနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကVietnamese-invested Bank of Investment and Development of Cambodia (BIDC) အမည်ရ ဘဏ်ခွဲဖွင့်လှစ်ထားပြီး အမေရိကန် ဒေါ်လာသန်း ၇၀ ကနဦး ရင်းနှီးမြုပ်နှံကာ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းများနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသော ဗီယက်နမ် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာများ အထောက်အပံ့ပေးလျက်ရှိကြောင်း ဗီယက်နမ် သတင်းတရပ်တွင် ဖော်ပြထားသည်။

“ဗီယက်နမ်က မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးလုပ်ခွင့်ရဖို့ မျှော်လင့်နေတာပါ”ဟု ဇွန် ၂၁ ရက် က ရန်ကုန်တွင် ကျင်းပခဲ့သော “Myanmar-The new Denstination for Vietnamese Investors” ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တဦးက ပြောဆိုသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ရန်ကြိုးစားလျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ရာဘာစိုက်ပျိုးရေးလုပ်ငန်း တို့တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရန်ရှိကြောင်း၊ Vietnam Airways သည်လည်း ရန်ကုန်-ဟနွိုင်း ခရီးစဉ်ကို တပတ် ၄ ရက် ပျံသန်းနေပြီး ဟိုချီမင်း-ရန်ကုန်၊ ဟိုချီမင်း-မန္တလေး ခရီးစဉ်များ တိုးချဲ့ပျံသန်းရန်ရှိကြောင်း သိရသည်။

ဗီယက်နမ်လုပ်ငန်းရှင်များသည် မြန်မာ့ရေလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံရန် အဓိက စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးက မော်ဒန် သတင်းဂျာနယ်နှင့် အင်တာဗျူး တခုတွင်ပြောဆိုထားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသော ဗီယက်နမ် ၀န်ကြီးချုပ်၏ ဧပြီလအတွင်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဗီယက်နမ် က ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိနေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

“စီးပွားရေးတွေလုပ်ခွင့်ပေးရမယ်။ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ ဗီယက်နမ်က မြန်မာ ၂၀၁၀ နိုင်ငံရေးနဲ့ပတ်သက်ရင် ပါးစပ်ပိတ် နေပေးရမယ် ဆိုတဲ့ အပေးအယူတွေရှိကောင်း ရှိမှာပဲ”ဟု ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ တဦးက ဆိုသည်။

၂၀၀၉ ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉၉ သန်းရှိခဲ့ကြောင်း Xinhua သတင်းတွင်ဖော်ပြထားသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည်မတ် ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၂၃.၆၄၉ သန်း ရင်းနှီးမြုပ်နှံထားပြီး နိုင်ငံ အလိုက်ရင်းနှီးမြုပ်နှံမှုတွင် အဆင့် ၂၀ ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၏ စာရင်းဇယားများအရ သိရသည်။

ဧရာဝတီသတင်းထောက် မျိုးမောင် ရေးသားသည်။