Pages

Subscribe

Friday 9 July 2010

ကွန်တိန်နာ စခန်းအတွက် လယ်သမားများ ဖယ်ပေးရ

ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် ကွန်တိန်နာ ယာဉ်ရပ်နား စခန်း တည်ဆောက်မည့် နေရာ၌ နေထိုင်သူများ ယခုနှစ် အတွင်း အပြီးသတ် ပြောင်းရွှေ့ ပေးရမည်ဆို၍ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ကွန်တိန်နာ ယာဉ်ရပ်နားစခန်း တည်ဆောက်မည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြေပုံ

ဒဂုံမြို့သစ်ဆိပ်ကမ်း စက်မူဇုန်တွင် ကွန်တိန်နာယာဉ် အစီး ထောင်ကျော် ရပ်နားနိုင်ရန် ယာဉ်ရပ်နားစခန်းကို ဒဂုံဆိပ်ကမ်း အပြည်ပြည်ဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီလီမိတက်က ယခုနှစ် ဇွန်လမှစပြီး တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း ဒဂုံဆိပ်ကမ်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ က ပြောဆိုသည်။

ကွန်တိန်နာ ယာဉ်ရပ်နားစခန်းတည်ဆောက်ရန် ထိုနေရာမှ လယ်ယာလုပ်ကိုင်သူများစွာ ပြောင်းရွှေ့ပေးရမည်ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် လယ်ယာလုပ်ကိုင်နေသူ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတဦးက “ကွန်တိန်နာတွေရပ်ဖို့ စဆောက်နေကြပြီ။ ကွန်တိန်နာစခန်းနေရာမှာ လယ်လုပ်တဲ့ လူတွေကတော့ ချက်ချင်း ပြောင်းပေးလိုက်ရပြီ။ ဒီဘက်ခြမ်းက ကျမတို့တွေကျတော့ ဒီနှစ်အတွင်းမှာ အပြီးပြောင်းပေးရမယ်။ နေစရာရော လုပ်ငန်းရော ပျောက်ကုန်တာပေါ့” ဟု ဆိုသည်။

ကွန်တိန်နာ စခန်း တည်ဆောက်နေသည့် နေရာတွင် လယ်လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူများ အဓိက နေထိုင်ကြောင်း သိရသည်။

ကွန်တိန်နာယာဉ်ရပ်နားစခန်း တည်ဆောက်ရန် ယုဇနကုမ္ပဏီလီမိတက်ပိုင် မြေကွက်ပေါင်းများစွာကို ယုဇန ဦးဌေးမြင့်က ရောင်းချခဲ့ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

“တချို့က ယုဇနကုမ္ပဏီကနေ ငှားပြီး လယ်လာလုပ်တာတွေ၊ တချို့ကလည်း ဒီအတိုင်း တဲလာထိုးပြီး လယ်လာလုပ်စား နေကြတာတွေပါ။ ပြောရမယ်ဆိုရင် ကျူးကျော်တွေပေါ့။ အဲဒါတွေ အားလုံး ဖယ်ပေးရမှာပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

ဒေသခံ လယ်မြေအငှား လုပ်ကိုင်နေသူ တဦးက“ကျနော်တို့က ရွာကနေ တက်လာပြီး ယုဇန ဦးဌေးမြင့် ဆီကနေ ဒီလယ်တွေ ငှားပြီး လုပ်စားနေကြတာ။ အခု ဖယ်ပေးရမယ် ဆိုတော့ ကျနော်တို့ မိသားစု ဘယ်သွားနေရမှန်း မသိတော့ဘူး။ ပြောင်းဖို့ကို ဘာမှ စုထား ဆောင်းထားတာ မရှိဘူးလေ။ အားလုံး စိတ်ညစ်နေရတယ်”ဟု ဆိုသည်။

ယုဇနကုမ္ပဏီသည် ၁၉၉၆ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ယုဇနဥယျဉ်မြို့တော် တည်ဆောက်ရန် လယ်ပိုင်ရှင်များစွာထံမှ ဈေးနှုန်းမတန်မဆနှိမ်၍ ၀ယ်ယူထားခဲ့ကြောင်း ထိုဒေသတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်လာခဲ့သူ တဦးက ပြောသည်။

“ဦးဌေးမြင့် မြို့သစ်လာတည်တုန်းကဆို လယ်သမားတွေ ပြောင်းပေးရတာ မနည်းဘူး။ လယ်သမားတွေ သူတို့ပိုင်တဲ့ လယ် ဧက ပေါင်း များစွာကို မတန်မဆနဲ့ ရောင်းလိုက်ရတာ။ တချို့ဆို စိတ်ထိခိုက်ပြီး အသက်တောင် ဆုံးရှုံးတယ်”ဟု ၎င်းက ပြောပြသည်။

ဧရာဝတီသတင်းထောက် မိုးယံ ရေးသားသည်။

No comments:

Post a Comment