Pages

Subscribe

Friday 9 July 2010

ပုဂံစင်တာ တည်ဆောက်ရေးမှ ရုံးဝန်ထမ်းများ မူလရုံး၌ ပြန်လည်တာဝန်ထမ်းခွင့်ရ

ပုဂံမြို့၊ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ရေး လုပ်ငန်းခွင်၌ အလုပ်ကြမ်း ခိုင်းစေခြင်းခံနေရသည့် သာသနာရေးရုံး ၀န်ထမ်း (၁၀) ဦးခန့်သည် ၎င်းတို့မူလရုံးဖြစ်သည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဝန်ကြီးရုံးသို့ ဇူလိုင် ပထမပတ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ရပြီဟု သိရသည်။

ပြီးခဲ့သည့် ဇွန် (၃၀) ရက်တွင် သာသနာရေးရုံးဝန်ထမ်းများ အလုပ်ကြမ်းလုပ်နေကြရ ဟူသည့်ခေါင်းစဉ်ဖြင့် ခေတ်ပြိုင်က သတင်းဖော်ပြခဲ့သည်။ ထို့နောက်ပိုင်း ယခုကဲ့သို့ ၀န်ထမ်းများ ရန်ကုန်မြို့၌ ပြန်လည်တာဝန်ထမ်းဆောင်ခွင့် ရခြင်းဖြစ်ကြောင်း သာသနာရေးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ယင်း သတင်းနောက်ဆက်တွဲအဖြစ် ပုဂံစင်တာ အုပ်ချုပ်သူ ဦးမောင်နီ (ဒု-ဗိုလ်မှူးကြီး-ငြိမ်း) အား နေပြည်တော် သာသနာရေးဦးစီးဌာနသို့ ပြန်လည်ခေါ်ယူခဲ့ပြီး နေပြည်တော်၊ သာသနာရေးဝန်ကြီးဌာန၏ ရေလှောင်တမံစီမံကိန်းသို့ စေလွှတ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးမောင်နီအား သာသနာရေးရုံးဝန်ထမ်း အများစုက ရုံးလုပ်ငန်းနှင့် ဆီလျော်မှုမရှိသော အလုပ်ကြမ်းများကို ဗျူရိုကရက်ဆန်ဆန် ခိုင်းစေသည့် အရာရှိကြီးတဦးအဖြစ် သတ်မှတ်ကြသည်။

“တချို့ ဦးစီးအရာရှိတွေ ဘိလပ်မြေအိတ် ထမ်းနေရတယ်။ အလုပ်ပင်ပန်းလို့ ခဏနားနေတဲ့ ၀န်ထမ်းတွေ့ရင် ဦးမောင်နီက လေးခွနဲ့ပစ်ပြီး အတင်းလုပ်ခိုင်းတတ်တယ်” ဟု ၀န်ထမ်းတဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

သာသနာရေးဝန်ကြီးဌာနတွင် တရားမျှတမှုမရှိသော ဌာနတွင်း အုပ်ချုပ်ရေးစနစ်အပေါ်၌လည်း ၀န်ထမ်းအားလုံး စိတ်ပျက်နေကြသည်ဟု သိရသည်။

လက်ရှိတွင် ပုဂံမြို့၊ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ရေးကို သာသနာရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ (ဒု-ဗိုလ်မှူးကြီး- ငြိမ်း) က ဆက်လက် တာဝန်ယူထားသည်။ ၎င်းတာဝန်ထမ်းဆောင်သည့်နေ့မှာပင် ယခင်ဝန်ထမ်းများကို တဦးမျှ မလိုချင်ကြောင်း၊ ရန်ကုန်သို့ အမြန်ပြန်ပို့ရန် ညွှန်ကြားကြောင်း သာသနာရေးရုံး ၀န်ထမ်းတို့ထံမှ သိရသည်။

အလုပ်ကြမ်းခိုင်းစေမှု သတင်းပေါက်ကြားမှုအပေါ် ဦးစီးအရာရှိတဦးက “ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အစီအစဉ် ရှိနိုင်တယ်။ ရန်ကုန်-ပုဂံစင်တာ ကူးချည် သန်းချည် လုပ်နေရတဲ့ ၀န်ထမ်းတွေက အများကြီး။ ဒီတော့ အလုပ်ကြမ်းခိုင်းစေမှု သတင်းပေါက်ကြားသွားတဲ့အပေါ် လက်သည်ရှာရ ခက်နေတယ်” ဟု ပြောသည်။

လတ်တလော ပုဂံစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်၌ ပြည်နယ်/တိုင်းတို့မှ သာသနာရေးရုံးဝန်ထမ်းအချို့ ကျန်ရှိနေသေးသည်ဟု သိရသည်။

ဗုဒ္ဓဓမ္မ စင်တာသည် နိုင်ငံတော်၏ စိုက်ထုတ်ကုန်ကျမှု၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ပုဂံမြို့၊ ပုဂံယဉ်ကျေးမှုနယ်မြေ၊ အာနန္ဒာဘုရားအနီးတွင် တည်ရှိကာ တည်ဆောက်ချိန် (၁) နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် အောင်ထက် ရေးသားသည်။

No comments:

Post a Comment