Pages

Subscribe

Friday 9 July 2010

မုံရွာတွင် ဘုန်းတော်ကြီးကျောင်းများ လုံခြုံရေး ချထား

ကမ္ဘာနှင့်အ၀ှန်း ကျော်ကြားခဲ့သော၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ လယ်တီကျောင်းတိုက်၊ စိတ္တသုခကျောင်းတိုက်၊ ပေပင်ကျောင်းတိုက်နှင့် အရှေ့လေးထပ်ကျောင်းတိုက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ နှင့် ရဲကားများ ချထားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း တိုင်းမှူး၏ ညွှန်ကြားချက်ဖြင့် ယင်းသို့လုံခြုံရေး ချခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် ရဲအရာရှိတဦးက ပြောသည်။

ဘုန်းတော်ကြီးကျောင်းများကို လုံခြုံရေးချရန် မည်သည့်အကြောင်းမှ မကြားဘဲ ဘာ့ကြောင့် လုံခြုံရေးချသည်ကို မေးမြန်းသည့်အခါ ရဲများက တိုင်းမှူး၏အမိန့်ဖြစ်ကြောင်း ပြောသည်ဟု မုံရွာမြို့ခံတို့ထံမှ သိရသည်။

ယခင်လ (၃ဝ) ရက်နေ့တွင် လယ်တီကျောင်းနှင့် စိတ္တသုခကျောင်းတို့ကို မီးရှို့ရန်လာသည်ဟု ယူဆရသူ နှစ်ဦးအား သံဃာတော်များက ဖမ်းဆီးမိခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ လုံခြုံရေးချခဲ့ခြင်းဖြစ်သည်။

“မီးမရှို့ခင် ဘုန်းကြီးကျောင်းတွေကို ကြိုတင်ပြီးတော့ ခြိမ်းခြောက်တဲ့သဘော အကြောင်းကြားတယ်လေ။ အဲဒီတော့ ဒီကိစ္စဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး” ဟု လယ်တီဘုန်းတော်ကြီးကျောင်းမှ ဒကာရင်းတဦးက ခေတ်ပြိုင်သို့ပြောသည်။

ထိုကြောင့် ကြိုတင်သိထားသဖြင့် မီးရှို့ချိန်တွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း လယ်တီကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်သည်။

၎င်းက “ဦးဇင်းတို့ ကျောင်းကို မီးရှို့ဖို့ လာတော့ အသက် (၁၄) နှစ်လောက်ပဲရှိတဲ့ နေဝင်းအောင်နဲ့ ဇော်ဇော်အောင်ဆိုတဲ့ ကလေး (၂) ယောက်ကို ဦးဇင်းတို့ ဆရာတော်က ဖမ်းမိတယ်” ဟု မိန့်သည်။

ဘုန်းကြီးကျောင်းများကို မီးရှို့မည်ဟု ယူဆရသော သံသယဖြင့် လူ (၅) ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း မုံရွာရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။

သို့သော် ဖမ်းဆီးထားသူများ၏ အမည်နှင့် မည်သို့အရေးယူ အပြစ်ပေးမည်ဆိုသည်ကို ၎င်းက ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

မုံရွာမှ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် မုံရွာမြို့ခံတဦးကမူ ယင်းသို့ ဘုန်းကြီးကျောင်းများကို မီးရှို့ရန်ကြံစည်မှုသည် စက်တင်ဘာ အရေးအခင်း မရောက်မီ သံဃာများကို စောင့်ကြည့်စေလိုသော ရည်ရွယ်ချက်ဖြင့် အမှုအခင်း ဖြစ်စေရန် အစိုးရဘက်မှ တမင်ဖန်တီးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

၎င်းက “ဖြစ်နိုင်ချေ ရှိတာကို တွေးရတာပေါ့။ ဘာလို့လည်းဆိုတော့ အလကားသက်သက် စောင့်ကြည့်တာမျိုးကျတော့ အစိုးရအနေနဲ့ မကောင်းဘူးလေ။ အခုတော့ အကြောင်းပြချက် ရတာပေါ့။ အခုလို ကိစ္စတွေကြောင့် လုံခြုံရေးအရ စောင့်ကြည့်တာပါဆိုရင် ပြီးသွားပြီလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ၌ မြန်မာတနိုင်ငံလုံးတွင် သံဃာ့အရေးအခင်း ဖြစ်ပေါ်ခဲ့ရာ ကျောင်းသားများနှင့် ပြည်သူတို့လည်း ပါဝင်လာကြသည့်အတွက် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် သံဃာတော်များအပါအ၀င် လူပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရသည်။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

No comments:

Post a Comment