Pages

Subscribe

Friday 9 July 2010

မြန်မာ့ရွေးကောက်ပွဲ ရှုတ်ချရန် မလေးအစိုးရကို တိုက်တွန်းမည်

မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၏ တရားမမျှတမှုများကို ရှုတ်ချသွားရန် မလေးရှား လွှတ်တော်အမတ်များက မလေးရှား အာဏာရအစိုးရကို တိုက်တွန်းသွားမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

ယခုလ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသည့် တပ်ပေါင်းစု (၁၀) စုမှ ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်သည့် မလေးရှားပါလီမန်အတွင်း မြန်မာ့ ၂၀၁၀ ရွေးကောက်ပွဲ တရားမမျှတမှုများ ကြားနာပွဲအပြီး ယခုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ မလေးရှား အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ရလာတဲ့ ရလဒ်ကို အသိအမှတ်မပြုဖို့ ပြောတဲ့အခါမှာ လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ ပါလီမန်ထဲမှာ ဒီဆုံးဖြတ်ချက်ကျဖို့အတွက် စပြီးတော့မှ စတင်ဆောင်ရွက်သွားဖို့ ဆိုပြီးတော့ သူတို့ အစိုးရဆီကို တိုက်တွန်းမှုတွေ လုပ်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောပါတယ်” ဟု တပ်ပေါင်းစု (၁၀) စု၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

မလေးရှားအစိုးရ ၀န်ကြီးချုပ်ရုံးဝန်ကြီး၊ အတိုက်အခံခေါင်းဆောင် ဒါတိုဆရီ အန်န၀ါ အီဘရာဟင်နှင့် ၀ါရင့်အတိုက်အခံ ခေါင်းဆောင်ဖြစ်သော အာဆီယံပါလီမန် အမတ်များအဖွဲ့ (မလေးရှားနိုင်ငံ- AIPMC) ဥက္ကဋ္ဌတို့နှင့်လည်း မြန်မာ့ရွေးကောက်ပွဲကိစ္စ သီးသန့်ဆွေးနွေးခဲ့ကြသည်။

အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (မလေးရှား) ကလည်း ယမန်နှစ်ကတည်းက မြန်မာစစ်အစိုးရကို အာဆီယံအဖွဲ့ကြီးမှ ထုတ်ပစ်ရန် အဖွဲ့ကြီးအား တောင်းဆိုနေမှုကိုလည်း ဆက်လက်တောင်းဆိုသွားမည်ဟု ပြောကြားသည်။

“လောလောဆယ် ဖြစ်နေတဲ့ အနေအထားတွေပေါ်မှာ အီဗရာဟင်အနေနဲ့ သူ အကုန်လုံးသိတယ်။ အဲတော့ သူ့အနေနဲ့ အာဆီယံမှာ ဒီ နအဖကို အရေးယူမှု ဖြစ်ဖို့အတွက်ကို မလေးရှားက ပိုပြီးတော့မှ ထိထိရောက်ရောက် လုပ်ရမယ်ဆိုတဲ့အပေါ်မှာ သူ့ရဲ့ လွှတ်တော်အမတ် မိတ်ဆွေတွေ အကုန်လုံးကိုလည်း သူတိုက်တွန်းသွားမယ်လို့ ပြောသွားပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

တပ်ပေါင်းစု (၁၀) စု ကိုယ်စားလှယ်များက နအဖအစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ်ကို ပြောင်းလဲနိုင်မည် မဟုတ်သကဲ့သို့ အာဆီယံဒေသအတွင်းတွင်လည်း အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည်မဟုတ်ကြောင်း ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးစု အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပ ဒီမိုကရက်တစ် အဖွဲ့အစည်းများ ပူးပေါင်းပြီး တပ်ပေါင်းစုပေါင်း (၁၀) ခု ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူထု အသင်းအဖွဲ့များ ပါဝင်သည်။

ခေတ်ပြိုင်သတင်းထောက် စိုးမိုး ရေးသားသည်။

No comments:

Post a Comment