Pages

Subscribe

Tuesday 4 December 2007

အမျိုးသားနေ့  အထိမ်းအမှတ် နှိုးဆော်ချက်။

ကျွန်တော်တို့ ဘာလုပ်ကြမလဲ


မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အလုပ် လုပ်ကြရာမှာ လုပ်ငန်းစဉ် အပိုင်း ၂ ပိုင်းကို သေချာတွေ့မိပါတယ်။
  1. နအဖကို တိုက်ရိုက် တိုက်ခိုက်တဲ့ အပိုင်း
  2. နအဖကို ဖိအားဝိုင်းပေးတဲ့ အပိုင်း
ဆိုပြီး ( ၂ ) ပိုင်းရှိပါတယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အပြီး ( ၂ ) လ ကျော်ကျော်အတွင်း နိုင်ငံအတွက် အဓိက လုပ်နေတဲ့ အပိုင်းတွေကို ပြန်ကြည့်ရလျှင် ဒုတိယ အပိုင်းကိုသာ လုပ်နေကြပါတယ်။

ဂမ်ဘာရီ၊ ပီညဲရိုး၊ USA၊ Security Council၊ EU၊ ASEAN၊ China၊ Indina အစရှိတဲ့ အကြောင်းအရာတွေကို ပြောဆို ဖိအားပေးနေတာကို တွေ့ရပါတယ်။

အထက်ပါ နိုင်ငံတွေ၊ အဖွဲ့ အစည်းတွေက ပါဝင် ပြောဆို ကူညီနေကြတာဟာ၊ အမှန်တကယ်မှာတော့ ကျွန်တော်တို့ အဝေးရောက် ပြည်ပနိုင်ငံရေးကို လုပ်နေကြတဲ့ လူတွေက တောင်းဆိုနေတာကြောင့် ပါဝင်ပြောဆို လာကြတာလားဆိုတာကို မှန်မှန်ကန်ကန် ပြန်သုံးသပ်ကြည့်ဖို့လိုလာပါပြီ။

ကျွန်တော့် ကိုယ်ပိုင် အမြင်အရ အထက်ပါ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ဒီလောက် အထိပါဝင်ပြောဆို ကူညီလာကြတာဟာ ပြည်တွင်းက နအဖကို တိုက်ရိုက် တိုက်ခိုက်တဲ့ လူတွေနဲ့ သိန်းချီတဲ့ သံဃာတော်တွေ ရဲရဲတောက် ဆန္ဒပြခဲ့ကြလို့ပါပဲ။

ဒီတော့ နံပါတ် ၂ အချက်သည် နံပါတ် ၁ အချက်ဖြစ်တဲ့ တိုက်ရိုက် တိုက်ခိုက်ရေးရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ပြောရလျှင် တိုက်ရိုက် တိုက်ခိုက်ရေးက ထွက်လာတဲ့ result တွေကို ထိန်းသိမ်းတဲ့ အခြေအနေသာ ရှိပါတယ်။

အဲဒီအခြေအနေကိုတောင် ကျွန်တော်တို့က ညီညီညွတ်ညွတ်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်း မရှိသေးဘူးလို့ မညှာတမ်း ဝေဖန်ကြည့်ချင်ပါတယ်။ နအဖကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ အခြေအနေအထိကို မည်သည့် ပြည်ပရောက် အဖွဲ့ အစည်း၊ မည်သည့် ပုဂ္ဂိုလ် တဦး တယောက်ကမှ လုပ်နိုင်စွမ်းမရှိတာကို တွေ့ရပါတယ်။ ပြည်ပရောက် ကျွန်တော်တို့တွေ သေသေချာချာ အာရုံစိုက် လုပ်ရမှာကတော့ တိုက်ရိုက် တိုက်ခိုက်နည်းပဲ ဖြစ်ပါတယ်။ ဖိအားပေးတဲ့ နည်းကတော့ ကျွန်တော်တို့ ၀င်မပြောလဲ စက်တင်ဘာ တော်လှန်ရေးကြောင့် သူတို့တွေ ကူညီပြောဆိုနေမှာ မလွဲပါဘူး။ သူတို့ လိုတဲ့ သတင်းအချက်အလက် အကူအညီတွေကိုသာ ပေးရုံပါပဲ။

အခု အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။ ဖိအားပေးမှုတွေကိုသာ အာရုံစိုက် ပြောဆိုတိုင်ပင် လုပ်ကိုင်မှုတွေများနေပြီး၊ တိုက်ရိုက် တိုက်ခိုက်တဲ့ နည်းကို အားနည်းနေတာ တွေ့ရပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းကနေ ၂၀၀၅ အထိမှာ မြန်မာ့နိုင်ငံရေး ကစားကွက်ကို ဘာကြောင့် နအဖက အပေါ်စီးက ကစားနိုင်ခဲ့သလဲ။ ပြန်စစ်ဆေးကြည့်ပါ။ ပြည်တွင်းရော၊ ပြည်ပရော တိုက်ရိုက် တိုက်ခိုက်ရေးကို မလုပ်ကြဘဲ ဖိအားပေးတဲ့ အလုပ်တွေကို လုပ်ကိုင်တာများနေတာတွေ့ရပါတယ်။ သတိထားမိတဲ့ စကားလုံးလေး တစ်ခုက .. စောင့်ကြည့်ရဦးမယ် .. တဲ့။ နအဖ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ် ဆိုတာပါပဲ။

၈၈ မျိုးဆက်ကျောင်းသားများ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ၈၈ ကျောင်းသားတွေ ဦးဆောင်ပြီး နအဖကို တိုက်ရိုက်တိုက်ခိုက်မှုတွေ လုပ်လာတာ တွေ့ကြရပါတယ်။ အဲဒီအခါမှာ နအဖတွေဘက်က ၈၈ ကျောင်းသားတွေ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ် ပြန်ဖြစ်သွားပါတယ်။ နအဖ စောင့်ကြည့်ရဦးမယ် ဆိုတာတွေက ပြီးခဲ့တဲ့ စက်တင်ဘာတော်လှန်ရေးကို ဦးတည် သွားစေခဲ့ပါတယ်။

ကျွန်တော်တို့ ဖိအားကိစ္စတွေကို ပြောဆိုလုပ်ကိုင်နေကြတာဟာ နောက်ထပ် စောင့်ကြည့်ရဦးမယ် ဆိုတဲ့ အခြေအနေကို ပြန်သွားနေတာလား ......

ကဲ ...... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။

ကိုထိုက်