Pages

Subscribe

Tuesday 22 June 2010

မြန်မာ နျူးကလီးယားအရေး တရုတ်လက်ရှောင်

မြန်မာစစ်အုပ်စုနှင့် မြောက်ကိုးရီးယားတို့ ပူးပေါင်း လုပ်ဆောင်နေသည့် နျူးကလီးယားလက်နက်အစီအစဉ်နှင့် ပတ်သက် ၍ အယ်ဂျာဇီးယားသတင်းဋ္ဌာနက ဇွန်လ ၃ ရက်နေ့တွင် ရုပ်သံထုတ်လွင့်ပြသခဲ့ပြီးနောက် အနုမြူစွမ်းအင် အေဂျင်စီ IAEA က လေ့လာစုံစမ်းမှု ပြုလုပ်နေရသည့်တိုင် မြန်မာ့အိမ်နီးခြင်း တရုတ်အနေဖြင့် နှုတ်ဆိတ်လျှက်ရှိသည်။
၁၉ဂ၃ ခုနှစ်က အာဇာနည်ဗိမာန်တွင် ဗုံးဖေါက်ခွဲခဲ့အပြီး သံသမန်အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မြန်မာနှင့် မြောက် ကိုးရီးယားနှစ်နိုင်ငံအား တရုတ်က ပြန်လည် ဆက်သွယ်ပေးခဲ့ရာ ယခု နျူးကလီးယားအရေးသည် တရုတ်အပေါ် အဓိက တာဝန်ရှိသူ အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

တရုတ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖယ်ကျဉ်ခြင်းခံထားရသည့် မြန်မာစစ်အာဏာရှင်များကို သမရိုးကျစစ်ပွဲသုံး လက်နက်များ ပံ့ပိုးကူညီနေသည့်တိုင်အောင် နျူးကလီးယားကိစ္စတွင်မူ မြန်မာနှင့် တိုက်ရိုက် ပတ်သက်မှုကို လက်ရှောင် လိုကြောင်း တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“တရုတ်က မြန်မာပြည်ကို သမရိုးကျစစ်ပွဲအတွက် လက်နက်တွေကို ထောက်ပံ့တယ် သမရိုးကျထက် ကျော်လွန်တဲ့ လက်နက်တွေကျတော့ နိုင်ငံတကာနဲ့ မျက်နှာပြနေရလို့ မရောင်းပေးနိုင်တော့ မြောက်ကိုးရီးယားနဲ့ ဆက်ပေးတာဖြစ်တယ် မြောက် ကိုးရီးယားနဲ့ မြန်မာအစိုးရဆက်ဆံမှု အဓိက လက်သည်ဟာတရုတ်ပဲ ” လို့ သူက ဆိုသည်။

၁၉၈၃ ခုနှစ် ဗုံးဖေါက်ခွဲမှုအပြီး ရန်သူတော်များဖြစ်ခဲ့သည့် မြန်မာနှင့်မြောက်ကိုးရီးယားတို့ ပြန်ပေါင်းထုတ်ရသည့် အ ကြောင်း တစ်ခုမှာ အမေရိကန် ဆန့်ကျင်သည့် အုပ်စုကို တရုတ်က တည်ဆောက်လိုခြင်းကြောင့် ဖြစ်သည်။

ထိုအချက်သည် မြန်မာနျူးကလီးယားကိစ္စအပေါ် တရုတ်က လက်ရှောင်နေသည့် အကြောင်းဖြစ်ပြီး အကယ်၍ မြန်မာသာ မြောက်ကိုးရီးယားအကူအညီဖြင့် နျူးကရီးယားပိုင်ဆိုင်လာပါက တရုတ်အတွက် မြွေပွေးခါးပိုက်ပိုက်ထားသကဲ့သို့ ဖြစ် မည်ဟု သူက ဆိုသည်။

“ဗမာစစ်တပ်မှာ ဗိုလ်သန်းရွေကစလို့ တပ်သားအဆုံး တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်အပြည့်ရှိတယ် မုံဆာလအရေး အခင်း ကိုးကန့် အရေးအခင်းတုန်းကရော ဒီစိတ်ဓါတ်ကို ပြပြီးပြီ ဒါကိုတရုတ်က သတိမမူဘူး အကျိုးစီးပွားရှိတဲ့ အချိန်မှာ တရုတ် နဲ့ ပေါင်းတယ် အကျိုးစီးပွားမတူးရင် သူတို့မှာရှိတဲ့လက်နက်နဲ့ တရုတ်ကို ပြန်ချမှာပဲ ” လို့ ဆိုသည်။

ထို့အပြင် စစ်အုပ်စု၏ နျူးကလီးယားပိုင်ဆိုင်မှုသည် အနောက်အုပ်စုအတွက်သာမက တိုင်းရင်းသားပြည်သူများအတွက် များစွာ အန္တရာယ်ရှိကြောင်း သူက ဆက်ပြောသည်။

“ဗိုလ်သန်းရွှေတို့က ခေါင်းရှိတာမဟုတ်ဘူး လိုအပ်ရင် ၀နယ်လိုနေရာမျိုးကိုလည်း အနုမြူဗုံးကျဲရင်ကျဲမှာ သူတို့မှာဘာမှ ခိုင်မာတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးစိတ်ဓါတ် လုံးဝမရှိဘူး သူတို့ကို အာခံလို့ကတော့ ရှမ်းပြည်နယ် ကချင်ပြည် နယ်ကို အနုမြူဗုံးကျဲဖို့ အဆင်သင့်ပဲ ” လို့ ဆိုသည်။

မြန်မာစစ်အာဏာရှင်များ နျူးကလီးယားဗုံးပိုင်ဆိုင်လိုသည့် အဓိကကျသည့် အချက် ၂ ခုမှာ စစ်အုပ်စု အာဏာတည်မြဲ ရေးအတွက် အနောက်အုပ်စု၏ ၀င်ရောက်စွက်ဖက်မှုကို အာခံနိုင်ရန်နှင့် စစ်တပ်ကို သွေးထိုးမြှောက်ပင့်ရန်အတွက် ဖြစ် ကြောင်း လေ့လာသူများက ဆိုသည်။

၂၀၀၀ခုနှစ်ခန့်မှစ၍ မြန်မာစစ်အုပ်စုက နျူးကလီးယားလက်နက် စီမံကိန်းကို စတင်အကောင်အထည်ဖေါ်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် နျူးကလီးယား သုတေသနပြုလုပ်ရန် အတွက် မြန်မာသင်တန်းသားများကို ရုရှားနိုင်ငံသို့ စေလွတ်ထားကြောင်း နအဖနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

အိုစမာဘင်လာဒင်၏ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု အမေရိကန် CIA က စွပ်စွဲထားသော ပါကစ္စတန် နျူးကလီးယား ပညာရှင်နှစ်ဦးအား မြန်မာနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေးထားကြောင်း ၂၀၀၁ ခုနှစ်ကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ်လာသေးသည်။

မြန်မာစစ်အုပ်စုအား နျူးကလီးယားစီမံကိန်း အကူအညီပေးနေသည့် မြောက်ကိုးရီးယားတွင် နျူးကလီးယား ထိပ်ဖူး ၄ခုမှ ဂ ခုအထိ ပြုလုပ်နိုင်သည့် ပလူတိုနီယံ အလုံအလောက်ရှိပြီး ၉၉ ရာခိုင်နူန်းသော ပလူတိုနီယံများကို ၂၀၀၂ ခုနှစ်မှစတင်ပြု လုပ်ခဲ့ကြောင်း သိပ္ပံနှင့်နိုင်ငံတကာ လုံခြုံရေးအင်စတီကျု့၏ ၂၀၀ရခုနှစ် အစီရင်ခံစာက ဆိုသည်။

ယခုဆိုလျှင် ကမ္ဘာပေါ်တွင် မြောက်ကိုးရီးယားအပါအ၀င် နျူးကလီးယားထိပ်ဖူးပိုင်ဆိုင်သည့် နိုင်ငံ ၉ ခုရှိပြီး အီရန်နှင့် မြန်မာတို့မှာ နျူးကလီးယားထိပ်ဖူးပိုင်ဆိုင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်သည်။

မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် ခြံစည်းရိုးများ ပြိုပျက်


မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ကာရံထားသော နယ်စပ် ခြံစည်းရိုး အစိတ်အပိုင်း အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမူကြောင့် ပြိုလဲသွားကြောင်း သတင်း ရရှိသည်။

ပြိုလဲသွားသော နေရာမှာ တောင်ပြို(ဝဲ) မြို့နယ်ခွဲရှိ မှတ်တိုင်အမှတ် (၃၄) အနီးတဝိုက်တွင် ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ဟိုတလောက ရေကြီးတုန်းက ပြိုလဲ သွားခဲ့တာဖြစ်ပါတယ်။ အခု စစ်အင်ဂျင် နီယာတွေ ရောက်နေပါတယ်။ မကြာခင် ပြန်လည် ပြုပြင်သွားမယ်လို့ သိရပါတယ်။”


ယခုလ ၁၃ရက်မှ ၁၅ရက်အထိ ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးစဉ် တောင်ကျ ချောင်းရေများ တိုက်စားမူကြောင့် နယ်စပ် ခြံစည်းရိုးများ ပြိုပျက်သွားခဲ့ခြင်း ဖြစ်သည်။

“အဲဒီတုန်းက မိုးကလည်း တအားရွာတယ်။ နောက် ရေကြီးခဲ့တယ်ဆိုတော့ နယ်စပ်ခြံစည်းရိုး ဒေါက်တိုင်တွေက မခံနိုင်ဘူးလေ။ ဖေါင်ဒီရှင်း တွေလည်း သိပ်မခိုင်ဘူးဆိုတော့ တာဆည်ထားတဲ့ မြေဘောင်တွေ အကုန်းလုံး ပြိုပျက်သွားတာ ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

မြန်မာ-ဘင်္ဂလာ နယ်စပ်ရှိ မိုင်ပေါင်း ၁၆၈ မိုင်ရှည်လျားသော နယ်စပ်ခြံစည်းရိုး ကာရံမှုကို လွန်ခဲ့သော ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းပိုင်းတွင် စတင်ခဲ့သည်။ အခုအခါ မိုင် ၄၀ အရှည် ခြံစည်းရိုးမှာ ကာရံ ပြီးစီးသွာပြီဟု သိရသည်။ ယခု ပြိုပျက်သွားမူကြောင့် သိန်းပေါင်းများစွာ အကုန်အကျခံပြီး ပြန်လည် ပြုပြင်တည်ဆောက်ရမည်ဟု သိရသည်။

မြန်မာဘက်မှ ကာရံနေသော နယ်စပ်ခြံစည်းရိုးမှာ ဘားဝါယာ နှစ်ထပ်ဖြစ်ပြီး နယ်စပ် ပတ်လမ်း ပါရှိကြောင်း တောင်ပြိုမြို့နယ်ခွဲမှ အရာရှိတဦးက ပြောသည်။ ခြံစည်းရိုး ကာရံမှုကြောင့် မြန်မာနှင့် ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံအကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

အထက်လွှတ်တော်အမတ် လက်ထောက်နဲ့ NLD ရန်ကုန်မြို့မှာ တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ (John Kerry) ရဲ့ လက်ထောက် ရော်ဘင် လာနာ (Robin Larner) က သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို လေ့လာဖို့ လာရောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ NLD ပါတီ ခေါင်းဆောင်ပိုင်းနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက တွေ့ဆုံတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂျွန် ကယ်ရီရဲ့ လက်ထောက်တဦးဖြစ်သူ ရော်ဘင် လာနာဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။ သူ့ခရီးစဉ်အတွင်း နေရာ တော်တော်များများကို သွားရောက်ပြီး မြန်မာနိုင်ငံထဲက အခြေအနေတွေကို လေ့လာ စုံစမ်းခဲ့တာလို့ ဒီကနေ့ သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“အဓိကတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေရယ်၊ NLD ရဲ့ အခြေအနေတွေရယ်၊ ဒါတွေကိုပဲ အပြန်အလှန် ပြောဖြစ်ပါတယ်။ အခု သူပြောပြချက်အရ သူက ၁၉ ရက်နေ့က ရောက်နေတယ်။ သာမန်လူတွေနဲ့လည်း သူ တွေ့တယ်။ နေရာတော်တော်များများ သူရောက်တယ်နဲ့ တူပါတယ်။ အဲဒါတွေ ပြောပြတော့ သူက မြန်မာနိုင်ငံရဲ့ လက်တွေ့ အခြေအနေကို သိချင်လို့ လာတဲ့သဘောလို့ပဲ ကျနော် အဲဒီလောက်ပဲ မြင်ပါတယ်။”

NLD ဘက်ကတော့ လက်ရှိ ရည်တည်မှု အခြေအနေတွေနဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီက ဘာကြောင့် မှတ်ပုံမတင်ရသလဲဆိုတဲ့ အခြေအနေတွေကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့ NLD ရဲ့ အခု ရပ်တည်နေမှု အခြေအနေကို မေးပါတယ်။ ဦးတင်ဦး ရှင်းပြတယ်။ နောက် ရွေးကောက်ပွဲ လုပ်ခဲ့ရင် ရွေးကောက်ပွဲ ပြီးသွားတဲ့ အခြေအနေကို မေးတော့ ရွေးကောက်ပွဲ ပြီးသွားတဲ့ အခြေအနေကိုတော့ ကျနော်တို့ အခုအချိန် မပြောနိုင်ဘူး။ နိုင်ငံရေးရဲ့ အပြောင်းအလဲ ဆိုတာတွေက ကျနော်တို့လည်း မသိပါဘူး။ အဲဒီလိုပဲ ပြောလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲရဲ့ အခြေအနေတွေရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက အပိုဒ် ၆ အခြေအနေတွေရယ်၊ နောက် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရ ကိုယ့်ခေါင်းဆောင်ကို ကိုယ် ထုတ်ပစ်ရမယ်၊ နိုင်ငံရေးလုပ်လို့ အကျဉ်းကျထားတဲ့ လူတွေကို ထုတ်ပစ်ရမယ်ဆိုတာ ဘယ်တော့မှ ကျနော်တို့ မလုပ်နိုင်တဲ့ ကိစ္စမျိုး ဖြစ်တယ်။ ဒါတွေကို သူ့ကို ပြောပြတယ်။ သူ သဘောပေါက်ပါတယ်လို့ ပြန်ပြောပါတယ်။”

NLD ဘက်က ရှင်းလင်း တင်ပြတာတွေကို ရော်ဘင် လာနာ အနေနဲ့ မှတ်သားသွားပေမဲ့ သူမဘက်ကတော့ သဘောထား ထင်မြင်ချက် ပြန်လည်ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရော်ဘင် လာနာဟာ သူမရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခြင်း ရှိမရှိဆိုတာ မသိရသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်ဆိုတဲ့ သတင်းကိုတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့တုန်းကလည်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတွေနဲ့ ဘန်ကောက်မှာရှိတဲ့ ကနေဒါသံရုံး အရာရှိတွေ NLD ခေါင်းဆောင်ပိုင်းကို သွားရောက် တွေ့ဆုံခဲ့ကြပါသေးတယ်။

ရန်ကုန်မြို့က အမေရိကန် သံမှူးကြီးအိမ်မှာ ဒီကနေ့ ရော်ဘင် လာနာနဲ့ တွေ့ဆုံခဲ့ကြတဲ့ NLD ခေါင်းဆောင်ပိုင်းကတော့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦးဉာဏ်ဝင်း အပါအ၀င် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဟန်သာမြင့်၊ ဒေါက်တာ မေ၀င်းမြင့်နဲ့ ဦးဝင်းမြင့်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ရော်ဘင် လာနာဟာ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံအပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆက်လက် တွေ့ဆုံတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပါကစ္စတန် ဂုဏ်ထူးဆောင်ဆု ရရှိ

မြန်မာပြည်သူတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က Benazir Bhutto Shaheed ဆု ပေးအပ်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ အကျဉ်းချခံထားရပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အံတုနေတဲ့ သူ့ရဲ့သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တာ ဖြစ်တယ်လို့ PPP ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူ၊ လူ့အခွင့်အရေး ရရှိရေး ဆောင်ရွက်နေသူ၊ အများအတွက် ပရဟိတ လုပ်နေသူနဲ့ အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေး လုပ်နေသူတွေဆိုပြီး ကဏ္ဍ ၄ မျိုးခွဲပြီး ဆုပေးတာဖြစ်တယ် ဆိုတာကို ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ နိုင်ငံသမ္မလည်းဖြစ်တဲ့ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zadari) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူဆုအတွက် ရရှိတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဘနာဇီယာရဲ့ တနင်္လာနေ့က ကျရောက်တဲ့ ၅၇ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး သူ့ရဲ့ပါတီက ဒီဆုတွေကို ပထမဆုံး ပေးအပ်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘူတိုဟာ ပါကစ္စတန်မှာ ၂၀၀၇ ခုနှစ်က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသစ်များသယ်ယူရေးကန်ထရိုက်ရ ကုမ္ပဏီက တရုတ်ဘက် သစ်ခိုးထုတ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခုတ်လှဲမှုကို အာဏာပိုင်များက ဖမ်းဆီးပြီး သိမ်းဆီး ရမိ သည့် သစ်များကို ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးသို့ ပို့ဆောင်သည့် လုပ်ငန်းအား ကန်ထရိုက် ရယူထား သည့် အောင်မိုင်ကုမ္ပဏီက တရုတ် ပြည်သို့ ပြန်လည်ခိုးထုတ်နေသည်။

ပြီးခဲ့သည့် (၁၉)ရက်နေ့ ညပိုင်းက တရုတ်-မြန်မာနယ်စပ် နမ်းခမ်းမြို့အနီး မံဝိန်းကြီး ကျေးရွာရှိ အောင်မိုင် ကုမ္ပဏီ သစ်ချကွင်းအတွင်း စုပုံထားသည့် သစ်များကို စက်ယန္တယား များနှင့် လူအင်အားအသုံးပြုကာ သစ်ကား (၂၈)စီးဖြင့် တရုတ်ပြည် နောင်တောင်မြို့သို့ သယ်ထုတ်ခဲ့သည်ဟု မန်ဝိန်းကြီး ဒေသခံတဦးက ပြောသည်။

“မံဝိန်းကြီးနဲ့ တရုတ်ပြည်နော်တောင်ကြားမှာရှိတဲ့ ပန်ခမ်း တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ်ကနေ (၅) စီး လောက်ဖြတ်တယ်။ ကျန်တာက ချောင်းဖြတ်ပြီး ခိုးလမ်းကသယ်ထုတ်တာ။ အားလုံး(၂၈)စီး။ အဲဒီ သစ်တွေက မံစီမြို့နယ်ထဲက ဖမ်းဆီးရမိတဲ့ သစ်တွေ။ အဲဒါကို ဧရာဝတီ မြစ်ကမ်းက စင်းခမ်းအနီးက ဝက်သိုးသစ်ချဆိပ်ကို ပို့ရမှာ။ အဲဒီကို မပို့ဘဲ မံဝိန်းကြီးမှာ လာထားပြီး အခွင့်အခါသင့်တော့ တရုတ် ဘက် ခိုးထုတ်ခဲ့တာ။”

အောင်မိုင်ကုမ္ပဏီသည် ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် အုန်းမြင့်၏ သားနှင့် ဆွေမျိုးများ ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီဖြစ်ပြီး၊ ဗိုလ်ချုပ် အုန်းမြင့် မပခ တိုင်းမှူး ရာထူးဖြင့် တာဝန်ထမ်း ဆောင်စဉ် ကာလကတည်းက ဖမ်းဆီးရမိသစ်များ သယ်ယူရေးကန်ထရိုက်ကို နှစ်စဉ် ရယူလုပ်ကိုင်နေခဲ့ပြီး တရုတ် ပြည်ဘက် သစ်ခိုးထုတ်မှု ကို လုပ်ကိုင်နေခဲ့သည်ဟု သစ်လုပ်ငန်းရှင်များနှင့် နီးစပ်သူတဦးက ပြောသည်၊

“အောင်မိုင်ကုမ္ပဏီက တရုတ်ဘက် သစ်ခိုးထုတ်နေတာကြာပြီ။ မဖမ်းရဲဘူး။ ဗိုလ်ချုပ် အုန်းမြင့်က နေ ပြည်တော်မှာ ရှိနေတဲ့ခါကျတော့ အခုတိုင်းမှူးက မျက်နှာပျက်မှာလည်း စိုးရိမ်ပုံရတယ်။ ပြီးတော့ အောင်မိုင် ကုမ္ပဏီကလည်း နယ်မြေခံ ဗျူဟာမှူးတို့၊ စစ်တပ်တို့ ကို ငွေလည်းပေးထားတယ်ဆိုတော့ အခုလို လုပ်ခွင့်ရနေတာ။ ”

ကချင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှသစ်များကို တရုတ်-မြန်မာနယ်စပ်သို့ ခိုးထုတ်မှုအား မကြာခဏ ဆိုသလို ဖမ်းဆီးမှုများ ရှိနေသော်လည်း နယ်မြေခံအာဏာပိုင် များက ပါဝင်ပတ်သက်နေသဖြင့် သစ်ခိုး ထုတ်မှုမှာ ရပ်တန့်မသွားဘဲ နှစ်စဉ် ပွင့်လင်းရာသီ ချိန်ရောက်တိုင်း သစ်ခိုးထုတ်မှုမှာ ရှိမြဲရှိနေကြောင်း နယ်စပ် ဒေသခံများက ပြောသည်။

ကြံ့ဖွံ့ပါတီ ချောင်းဆုံတွင် စည်းရုံးရေးဆင်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ နိုင်ငံရေးပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်း ပါတီဝင်သစ် စုဆောင်းမှုနှင့် မဲဆွယ်မှုများ ပြုလုပ်လျှက်ရှိသည်။

ချောင်းဆုံမြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးမျိုးမင်းလှိုင် ဦးဆောင်သော အဖွဲ့က ချောင်းဆုံမြို့နယ်အောက်ရှိ ကျေးရွာများမှ ရွာဥက္ကဌများကို တရွာလျှင် လူ ၅ဝ စီ စုဝေးခိုင်းပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးစီးသော ကြံ့ဖွံ့ပါတီကို ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲထဲ့ရန်နှင့် ပါတီဝင်ကြရန် စည်းရုံးရေးလုပ်နေခြင်း ဖြစ်သည်။

ကြံဖွံ့အဖွဲ့၏ တရွာဝင် တရွာထွက် စည်းရုံးရေးခရီးစဉ်ကို တနင်္လာနေ့မှစတင်ပြီး ဒေသတွင်း ဆက်လက် လှည့်လည်လျှက်ရှိသည်။ သို့သော်လည်း ထူးခြားစွာပင် ချောင်းဆုံမြို့ပေါ်တွင် စည်းရုံးရေးလုပ်ငန်းများ မဆောင်ရွက်ရသေးကြောင်း ဒေသခံများက ပြောသည်။

“သူတို့ကမလာခင် ရွာသူကြီးတွေကို ရွာတရွာကို အိမ်ထောင်ဦးစီး လူဦးရေ ၅ဝ စုထားဖို့ ကြိုပြီး အကြောင်းကြား ထားတာ။ သူတို့ရောက်လာတာနဲ့ စည်းရုံးရေးတရား ဟောတော့တာပဲ။ ပြီးရင်ဓါတ်ပုံတွေရိုက်ပြီး ဖေါင်ဖြည့်ထားတဲ့ စာရွက်ပေါ်မှာ ကပ်ယူသွားတာ” ဟု ကတောင်စိန် ရွာခံတဦးက မဇ္ဈိမကိုပြောသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကသာ အနိုင်ရမည်ဟု စည်းရုံးသူများက ပြောကြားသွားသည်။

“မဲထည့်တဲ့အခါကြရင်လည်း မဲပေးမမှားအောင် ခြင်္သေ့ကိုပဲ မဲပေးဖို့ပြောတယ်။ ခြင်္သေ့ဆိုတာ တောတောင်တွေရဲ့ ဘုရင်တဲ့ ဘယ်ကောင်မှ မနိုင်ဘူးတဲ့။ အဲဒါကြောင့် ဒီရွေးကောက်ပွဲမှာလဲ သူတို့ ခြင်္သေ့ပဲ နိုင်မှာဖြစ်တဲ့အတွက် နောင်တမရစေချင်လို့ ပြောတာတဲ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီ၏ အမှတ်အသားဖြစ်သော ခြင်္သေံ့တံဆိပ်ကို စည်းရုံးရေးသမားများက ရည်ညွှန်းပြောဆိုသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လျှောက်ထားကြသော ၄၂ ပါတီအနက် ကြံ့ဖွံ့ပါတီကို စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ပြီး တနိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်များတွင် ပါဝင်ရန် ရည်မှန်းထားကြသည်။

မွန်ဒေသကို ကိုယ်စားပြု ဝင်ပြိုင်မှာဖြစ်သော တခုတည်းသော မွန်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီကတော့ ပါတီစည်းရုံးရေးလုပ်ငန်းများ မစနိုင်သေးဟု ပါတီဥက္ကဌ နိုင်ငွေသိန်းက မဇ္ဈိမကိုပြောသည်။

ကြံ့ဖွံ့ပါတီနှင့် အစိုးရလိုလားသော ပါတီတခုဖြစ်သည့် ယခင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှာ အဓိက ပြိုင်ဖက်များဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီက ပြောသည်။

“ကျနော်တို့ကတော့ ဒေသခံ ပြည်သူလူထုကိုပဲ အားကိုးပြီး တော့ စည်းရုံးမှာပါ။ ကျနော်တို့ပါတီရဲ့မူဝါဒကို လူထုကိုချပြမယ်။ လူထုဆီက တောင်းဆိုချက်တွေကိုလည်း ကျနော်တို့က လက်ခံမယ်။ အတင်းအားဓမ္မတော့ မစည်းရုံးပါဘူး” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမင်းနွယ်စိုးက မဇ္ဈိမကိုပြောသည်။

လူမှုရေးအသင်းအဖွဲ့ဟု ကြေညာကာ တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို အမွေဆက်ခံပြောင်းလဲလိုက်သော ကြံ့ဖွံ့ပါတီမှာ ယခင်ကတည်းက ဝန်ကြီးဌာနများ၏ ရန်ပုံငွေများဖြင့် ဒေသအချို့တွင် လမ်းခင်း၊ ဆေးခန်း ဆောက်လုပ်မှုများ ရှိနေခဲ့သည့်အတွက် လူထုအကြား မိတ်ဆက်ပြီးသားဖြစ်နေခဲ့သည်ဟု ရန်ကုန်တိုင်းမှ ကြံ့ဖွံ့ခေါင်းဆောင်တဦးက ပြောသည်။

သို့သော်လည်း လူမှုရေး ကြံ့ဖွံ့အသင်းနှင့် နိုင်ငံရေး ကြံ့ဖွံ့ပါတီကို သီးခြားခွဲထုတ်မှာလား ဆိုသည်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ နေပြည်တော်က ညွှန်ကြားချက်ကိုသာ စောင့်ဆိုင်းနေကြသည်။

ကြံ့ဖွံ့အသင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ နာယက တဦးဖြစ်သည်။

မေလနောက်ဆုံးပတ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ဘက်ထိပ်သီးများ၏ လေးလပတ် အစည်းအဝေးတွင် ကြံ့ဖွံပါတီ အနိုင်ရရေးအတွက် ဝိုင်းဝန်းပံ့ပိုးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်တိုင်းမှုးများကို မှာကြားခဲ့သည်။

သြစတြေးလျ ထိန်းသိမ်းရေးစခန်းရှိ မြန်မာများ ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ) ။ ။ သြစတြေးလျနိုင်ငံ ဒါဝင်ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် အီရတ်နိုင်ငံသားတစု သြစတြေးလျတွင် ခိုလှုံခွင့်ရရေးအတွက် ယခုလ ၁၅ ရက်နေ့မှစတင်၍ အစာငတ်ခံ ဆန္ဒပြနေသည်။

မြို့တော် ကင်ဘာရာ၏ အနောက်မြောက်ဘက် ၁၉၄၉ မိုင် (၃၁၃၇ ကီလိုမီတာ) ခန့်အကွာတွင် တည်ရှိသည့် နိုင်ငံ့မြောက်ပိုင်း ဒါဝင်မြို့ ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် အီရတ်နိုင်ငံသားများ အနည်းဆုံး ၄၁ ယောက်က အမြန်ဆုံး ခိုလှုံခွင့်ရရှိရေးအတွက် လူမှုအကျိုးဆောင်အဖွဲ့များ လာရောက်ကူညီပေးရန် ဆန္ဒပြနေခြင်းဖြစ်ပြီး အကုန်လုံးတော့ အစာငတ်ခံဆန္ဒပြခြင်းမဟုတ်ဟု သိရသည်။

“စခန်းမှာ နေနေတာကြာပြီ။ စခန်းကို လာနေကျ သူတို့အမှုတွေကို စစ်ဆေးပေးနေတဲ့ အဖွဲ့အစည်းတွေ၊ လူဝင်မှု ကြီးကြပ်ရေးတွေ မလာတာ ကြာတယ်လေ။ သူတို့ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ဘာမှမရတော့ အခုလို ဆန္ဒပြတာပါ” ဟု Queens Land ပြည်နယ် Brisbane မြို့တွင် အခမဲ့ လူမှုအကျိုးဆောင်လုပ်ငန်း Voluntary Social Work တွင် အမှုထမ်းနေသူ ကိုစိုးလွင်က မဇ္ဈိမကို ပြောသည်။

လူမှုအကျိုးဆောင်အဖွဲ့များ ဒါဝင် ထိန်းသိမ်းရေးစခန်းမရောက်သည်မှာ ၃ လ အနည်းဆုံးရှိပြီဟု သူက ထပ်ပြောသည်။

အီရတ် ၁၀ ဦးမှာ နောက်ပိုင်းတွင် ဆန္ဒပြမှုတွင် မပါဝင်တော့သဖြင့် မြန်မာနိုင်ငံမှဟုဆိုသော ရိုဟင်ဂျာ ၃၁ ဦးသာ ဆက်လက်ဆန္ဒပြနေခြင်း ဖြစ်သည်။

Brisbane ရှိ ချင်းလူမျိုးအဖွဲ့အစည်းတခုဖြစ်သော ဖလမ်းသမဂ္ဂမှ အတွင်းရေးမှူး ဦးဗျက်သဲက “ပုံမှန်နေတဲ့ အတိုင်းပဲ နေတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆန္ဒပြတယ်။ အစားမစားဘဲ နေသူတွေလည်း ရှိတယ်။ ဆန္ဒပြသူထဲက မြန်မာတယောက်တော့ နေမကောင်းဖြစ်လို့ ဆေးရုံကို ပို့လိုက်သေးတယ်။ ဆေးရုံကနေ ပြန်ရောက်လာပါပြီ။ လိုက်လျောမှုမရှိရင် ဆက်လက်ဆန္ဒပြမယ်။ တောင်းဆိုတဲ့ အရာတွေ မရရင် ဆက်ပြမယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခု ဆန္ဒပြသူများးမှာ အီရတ်နှင့် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့ရပိုင်ခွင့်အတွက် တောင်းဆို ဆန္ဒပြခြင်းဖြစ်ပြီး ယခုလို ဆန္ဒပြသဖြင့် ဒုက္ခသည် လျှောက်ထားမှုအပေါ် ထိရောက်မည် မဟုတ်ကြောင်း ဒါဝင်ထိန်းသိမ်းရေးစခန်းမှ တာဝင်ရှိသူတဦးက ပြောခဲ့ကြောင်း သြစတြေးလျနိုင်ငံ ABC News ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကွယ်လွန်သူ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှအရိုးပြာကို ဇာတိမြေ၌မြုပ်နှံသွားမည်

ကွယ်လွန်သူ မွန်အမျိုးသားသုတေသနစာပေပညာရှင်တစ်ဦးဖြစ်သော အသက်(၈၈)နှစ်အရွယ်ရှိပါမောက္ခ ဒေါက်တာနိုင်ပန်းလှ၏အရိုးပြာကို ချက်မြုပ်ဇာတိဖြစ်သည့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ဂူသွင်းမြုပ်နှံသွားမည်ဟု မိသားစုများကပြောပါသည်။

ကွယ်လွန်သူ မွန်အမျိုးသားသုတေသနစာပေပညာရှင် ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ
ပါမောက္ခဒေါက်တာနိုင်ပန်းလှသည် ဇွန်လ(၁၈)ရက်နေ့ နံက်(၅)နာရီအချိန်တွင် ရန်ကုန်မြို့နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီး ဇွန်လ(၂ဝ)ရက်နေ့တွင် ရေဝေးသုသာန်၌ ကြွင်းကျန်သောရုပ်ကလာပ်ကို သဂြိင်္ုလ်ခဲ့ပါသည်။ ပါမောက္ခဒေါက်တာနိုင်ပန်းလှ၏ သက်တမ်းတလျှောက်တွင် သုတေသနလုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူဖြစ်သကဲ့သို့ သူရေးသားခဲ့သောစာပေများဖြစ်သည့် ရာဇဓိရာဇ်အရေးတော်ပုံကျမ်း၊ ဝါရီရူဖြတ်ထုံး၊ မွန်ဓမ္မသတ်ကျမ်း(၁၁)စောင်တွဲ၊ ဒေါက်တာနိုင်ပန်းလှ၏သုတေသနစာတမ်းများ၊ ရွှေစည်းခုံ ကျောက်စာ၊ မြစေတီကျောက်စာ အစရှိသည့်စာပေများသည် သမိုင်းမှတ်တိုင်အဖြစ် စာပေ၊ယဉ်ကျေးမှုသုတေသနသမားများ အတွက် အဖိုးမဖြတ်နိုင်သောစာပေများဖြစ်သည်ဟု စာပေလေ့လာသူများကဆိုပါသည်။ ထို့အပြင် ပါမောက္ခ ဒေါက်တာနိုင်ပန်းလှသည် မွန်ဘာသာနှင့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း၊ ဇာတ်ကြီးဆယ်ဘွဲ့တို့ကို တည်းဖြတ်ထုတ်ဝေခဲ့သည့်အတွက် မွန်ပညာရှင်စာပေသမားများအတွက် အဖိုးမဖြတ်နိုင်သော စာပေများဖြစ် ခဲ့သည်။ ပါမောက္ခဒေါက်တာနိုင်ပန်းလှ ကွယ်လွန်သွားသည့်အတွက် မွန်လူမျိုးများအတွက်သာမက မြန်မာနိုင်ငံ သုတေသနလုပ်ငန်းများအတွက်လည်း ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု သမိုင်းသုတေသီများ ကဆိုပါသည်။

ပါမောက္ခဒေါက်တာနိုင်ပန်းလှသည် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကော့ဗိန်းရွာ၌ သက္ကရာဇ် (၁၉၂၃) ခုနှစ်တွင်မွေးဖွါးခဲ့ပါသည်။ အခြေခံပညာအထက်တန်းအထိပညာသင်ကြားခဲ့ပြီး ဓါတုဗေဒမင်းကြီးဦးချစ်သောင်း ဦးစီးသော ဓါတုဗေဒဌာနတွင် စာရေးအဖြစ်စတင်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ပါမောက္ခဒေါက်တာလုစ်နှင့် တွဲဖက်ပြီး ရှေးဟောင်းသုတေသနလုပ်ငန်းတွင်တာဝန်ယူခဲ့ပါသည်။ ပါမောက္ခဒေါက်တာနိုင်ပန်းလှသည် နှစ်(၄ဝ) ကျော် ရှေးဟောင်းယဉ်ကျေးမှုသုတေသနဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အသက်(၇ဝ)ဝန်းကျင်ခန့်၌် (၁၉၉၁)ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်ရှိ Pacific Western တက္ကသိုလ်မှ ယဉ်ကျေးမှု မနုဿဗေဒ အထူးပြုနှင့် B.sc နှင့် Ph.d ဘွဲ့များကို ဂုဏ်ထူးနှင့်ရရှိခဲ့ပါသည်။ (၁၉၉၂) ခုနှစ်တွင် ဝါရီရူ မွန်ဓမ္မသတ်( ၁၁) စောင်တွဲကျမ်းပြုစုခဲ့သည့်အတွက် ဥပဒေပါရဂူဘွဲ့ကိုထပ်မံရရှိခဲ့ပါသည်။ ဂျပန်နိုင်ငံ၊ အိုကီနာဝါ ကျွန်း မေယိုတက္ကသိုလ်တွင် အမြဲတမ်းပါမောက္ခအဖြစ် အရှေ့တောင်အာရှယဉ်ကျေးမှုနှင့်သမိုင်းဘာသာရပ် များကိုပို့ချပေးခဲ့ပါသည်။ မွန်စာပေတတ်မြောက်ရေးအတွက် နိုင်ပန်းလှထာဝရရန်ပုံငွေတစ်ခု တည်ထောင်ထားခဲ့ပြီး မွန်စာပေဘာသာပြန်ပြိုင်ပွဲများ၊ပညာရေးထူးချွန်သောမွန်ကျောင်းသားများကို ထောက်ပံ့ခဲ့ပါသည်။ ကွယ်လွန်သည့် အချိန်အထိ သုတေသနစာပေများကို ရေးသားနေသည်ဟု ဆွေမျိုးသားချင်းတစ်ဦးကပြောပါသည်။

ချေးငွေအစား စပါးပြန်ဆပ်ရသည်ကို ကျိုက်လတ်တောင်သူတို့ မကျေနပ်

ကျိုက်လတ်မြို့တောင်သူများအား ဦးပိုင်နှင့် ဆန်စပါးအထူးပြုကုမ္ပဏီတို့က မိုးစပါး ချေးငွေများ ထုတ်ချေးလျက်ရှိရာ ပြန်လည်ပေးဆပ်ရမည့်အချိန်၌ ချေးငွေအစား ဆန်စပါးကို ပေးရမည်ဆိုသည့်အတွက် တောင်သူတို့ မကျေမနပ် ဖြစ်နေကြသည်။

ကျိုက်လတ်တောင်သူများအား ချေးငွေထုတ်ပေးရာ၌ တောင်သူ (၅) ဦးတစု၊ (၁၀) ဦးတစုဖြင့် ၀ိုင်းကြီးချုပ်စနစ်၊ (၁) ဧက (၅၀,၀၀၀) ကျပ်နှုန်း ရရှိသည်ဟု သိရသည်။

အုန်းပင်စုကျေးရွာ တောင်သူတဦးက “လယ်ဧကရှိသလောက် ယူလို့ရတယ်။ ဧက (၃၀) ရှိလို့ (၁၀) ဧကအတွက်ပဲ ယူချင်လည်းရတယ်။ ၀ိုင်းကြီးချုပ်သဘောက တောင်သူတဦး ချေးငွေမဆပ်နိုင်ရင် ကျန်လူတွေက ၀ိုင်းဆပ်ပေးရတယ်” ဟု ဆိုသည်။

ဧရာဝတီတိုင်းအတွင်းတွင် ကုမ္ပဏီ (၂၀) ခန့်က တောင်သူများအား ချေးငွေထုတ်ပေးလျက်ရှိရာ ပြန်လည်ပေးဆပ်ချိန်၌ ငွေ သို့မဟုတ် စပါး မည်သည့်အရာသွင်းသွင်း လက်ခံသည်ဟု သိရသည်။

သို့သော် ကျိုက်လတ်တောင်သူတို့ ချေးငွေ ပြန်လည်ပေးဆပ်ချိန်၌ ငွေကြေးအစား စပါးကိုသာ လက်ခံသည်အတွက် များစွာ အခက်တွေ့လျက်ရှိသည်။

“ကိုယ့်လယ်ထွက်စပါး သွားသွင်းပါတယ်။ မသန့်လို့ မယူဘူးဆိုပြီး ဦးပိုင်က ပြောတယ်။ ဒါနဲ့ တင်း (၁၀၀) ပေါက်ဈေးထက် (၂) သောင်းကျပ် လျှော့ပြီး သွင်းတာကျ လက်ခံတယ်။ တချို့ လယ်သမားတွေ ကိုယ့်စပါး ပြန်ရောင်း၊ အပြင်က စပါးအသန့်ကို ဈေးကြီးပေး ၀ယ်သွင်းနေရတယ်။ တခြားမြို့တွေလို စပါးသွင်းသွင်း၊ ငွေပဲဆပ်ဆပ် လက်ခံသင့်တယ်” ဟု မိကျောင်းအိုင်ကျေးရွာ တောင်သူတဦးက ဆိုသည်။

ကျိုက်လတ်မြို့၏ နွေစပါးစိုက်ခင်းများသည် တဧက ပျမ်းမျှ တင်း (၈၀) ခန့် ထွက်လေ့ရှိရာ မြစ်ရေတင်စရိတ်၊ မြေဆီဖိုးများနှင့်တွက်သော် အကျိုးအမြတ် နည်းသည်ဟု သိရသည်။

ထို့ပြင် အပူချိန်လွန်ကဲမှုကြောင့် ပြီးခဲ့သည့် နွေစပါးများ နေလောင်ကျွမ်းကာ အထွက်နှုန်းလျော့ခဲ့ရသည်ဟု တောင်သူတို့က ပြောသည်။

“ခုနှစ် နွေစပါးတွေ နေကျွမ်းလို့ အတော်များများ ပျက်ကြတယ်။ တောင်သူတွေ ဘယ်က နာလန်ထူမှာလဲ။ ဒါပေမယ့် ချေးငွေအတွက် ရှာကြံပြီး စပါးဆပ်ခဲ့ရပါတယ်။ ခု ပေးနေတဲ့ မိုးစပါးချေးငွေကို ဦးပိုင်ကနေ ယူကို မယူချင်တာ။ အစိုးဘဏ်က ချေးတဲ့ တဧက (၂) သောင်း ဆိုတာလည်း မြေဆီဖိုးတောင် ရှိတာမဟုတ်ဘူး။ နောက်ပြီး (၁၀) ဧကအတွက်ပဲ ထုတ်ပေးတာဆိုတော့ တောင်သူတွေက ဦးပိုင်က မဖြစ်မနေ ယူနေရတယ်။ ချေးငွေကို စပါးနဲ့တွက်ပြီး ပေးသွင်းနေရတာ မတရားမှန်းသိပေမယ့် ယူနေကြရတယ်” ဟု တောင်သူများက ပြောသည်။

အဆိုပါ အခြေအနေကို ကျိုက်လတ် အခြေစိုက် ဒဂုန်အင်တာနေရှင်နယ်ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ “ရွာသာကြီးအနီးက ဧက (၅၀၀)၊ ဧက (၁,၀၀၀) စိုက်ကွင်းတွေမှာ ကျနော်တို့ မျိုးသစ်တွေ ထုတ်နေပါတယ်။ အဲဒီမျိုး၊ မြေဆီကိုယူရင် ငွေကိုလျှော့ပြီး ထုတ်ချေးပါတယ်။ တဧက (၅၀,၀၀၀) ကျပ်၊ (၂) ရာခိုင်နှုန်းတိုးနဲ့ပါ။ နိုင်ငံတော်ပေါ်လစီအရ အိတ်စပို့ ဦးစားပေးနေရတဲ့အတွက် ချေးငွေအစား စပါးကိုပဲ ယူပါတယ်။ ငွေကို လက်မခံပါဘူး” ဟု တာဝန်ရှိသူတဦးက ဖြေသည်။

ဦးပိုင်ကုမ္ပဏီ၏ တာဝန်ရှိသူတဦးကမူ “ကျနော်တို့က (၂) ရာခိုင်နှုန်းတိုးအနက် (၁.၇၅) ရာခိုင်နှုန်းကို ကုမ္ပဏီအတွက် ယူပါတယ်။ (၀.၇၅) ရာခိုင်နှုန်းအတိုးကို ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ထားပါတယ်။ ဧရာဝတီတိုင်းမှာ လယ်မြေတွေ ဖောင်းပွနေပါတယ်။ စပါးထွက်မလာပါဘူး။ ဒီတော့ အိတ်စပို့စပါး အခက်အခဲ ရှိနိုင်ပါတယ်။ စပါးလိုချင်လို့ တောင်သူတွေကို ချေးငွေ ထုတ်ချေးတာပါ။ ငွေလိုချင်ရင် မြို့ပေါ်မှာ ငွေတိုးချေးစားမှာပေါ့” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ဒု-ဥက္ကဋ္ဌ ဦးလှမောင်ရွှေကလည်း “ကျနော်တို့ အထူးပြု ကုမ္ပဏီတွေကတော့ လယ်သမားတွေနဲ့ ယုံကြည်မှု တည်ဆောက်နေတဲ့အပေါ် စပါးဖြစ်ဖြစ် ငွေဖြစ်ဖြစ် လက်ခံပါတယ်။ ချေးငွေကို စပါးသွင်းသွင်း ငွေသွင်းသွင်း လက်ခံရမယ်လို့ ကျနော်တို့ မူရှိပါတယ်။ သို့သော် ကျိုက်လတ်ချေးငွေကိစ္စ ကိုင်တွယ်နေတာ ဦးပိုင်ဖြစ်နေတဲ့အတွက် ညှိနှိုင်းဖို့ ကျနော်တို့ အခက်အခဲရှိနေပါတယ်” ဟု ဆိုသည်။

မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) ၏ ဥက္ကဋ္ဌမှာ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးဖြစ်ပြီး နိုင်ငံတော်၏ စီမံကိန်းများ၊ လုပ်ကွက်အားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြရန် အထူးအခွင့်အာဏာ ပေးထားခြင်းခံရသူဖြစ်သည်။

ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး

ထိုင်းနိုင်ငံ ပထုံဌာနေ ခရိုင်အတွင်းတွင် ဇွန် (၁၇) ရက်မှ (၂၁) ရက်အထိ တရားမ၀င် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားပေါင်း (၁,၀၀၀) ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တိုင်းဒေသ (၁) ရဲစစ်ဌာနချုပ် ရဲဒု-ဗိုလ်ချုပ်ကြီး ကရီဆာခပန်ကိုဟောင်ချန်နှင့် ပထုံဌာနီခရိုင်ရဲမှူး ဗိုလ်မှူးချုပ် မီသီ သွတ်လာဆန်တို့၏ ပူးပေါင်းအဖွဲ့က ခရိုင်အတွင်းရှိ ကလောင်လန်းမြို့နယ်နှင့် လမ်လုကာမြို့နယ်တို့မှ ဈေးများ၊ စက်ရုံများတွင် တရားမ၀င်အလုပ်လုပ်ကိုင်နေသူများအား ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဒေလီးနယူးသတင်းတွင် ဖော်ပြသည်။

ဖမ်းမိသူများအနက် အချို့သည် နိုင်ငံခြားသား အလုပ်သမားဖြစ်ကြောင်း သက်သေခံလက်မှတ်များ ကိုင်ဆောင်ထားကြသော်လည်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသူများဖြစ်ကြောင်း၊ အချို့အလုပ်သမားများမှာမူ လုပ်ငန်းရှင်များက ၎င်းတို့၏ သက်သေခံလက်မှတ်များကို သိမ်းဆည်းခြင်း ခံထားရသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူအားလုံးသည် တရားစွဲဆိုခြင်းခံရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးမှုနှင့်ပတ်သက်၍ ရဲဒု-ဗိုလ်ချုပ်ကြီးက “ခရိုင်အသီးသီးရှိ ဒေသပေါင်းစုံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဆက်လက်ဖမ်းဆီးမှာဖြစ်ပြီး လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေဟာ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အတွင်း ပူးပေါင်းဆောင်ရွက်လာပြီး တရားဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို တောင်းခံဖို့ လိုတယ်ဆိုတာ အသိပေးချင်တယ်” ဟု ပြောသည်။

ယင်းသို့ ပါဝင်ပူးပေါင်းခြင်းမရှိသည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးတရားစွဲဆိုသွားမည်ဟု သိရသည်။

ရဲစခန်း (၁၄) ခုမှ ပူးပေါင်းဖမ်းဆီးမှုတွင် မြန်မာ (၃၉၀)၊ လာအို (၇၁)၊ ကမ္ဘောဒီးယား (၁၆၅) နှင့် ဗီယက်နမ် (၃) ဦးတို့ပါဝင်ပြီး ၎င်းတို့အား သခိုနောင်ဒေသ ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ကာ ရုံးတင်တရားစွဲဆို၍ ဌာနေသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

အဖမ်းဆီးခံရသည့် တရားမဝင်အလုပ်သမားများအား ဘတ်စ်ကားငယ်များ၊ အချုပ်ကားများနှင့် ခြောက်ဘီးကားကြီးများပေါ်တွင် တကြိမ်လျှင် အယောက် (၁၀၀) ခန့် အမျိုးသမီး၊ အမျိုးသား ရောနှောတင်ဆောင်ကာ ပြွတ်သိပ်ကြပ်၍ သခိုနောင်ဒေသ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း သိရသည်။

ဘန်ကောက်မြို့တွင်လည်း တရားမ၀င် နိုင်ငံခြားသားအလုပ်သမား (၈၀၀) ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်မြို့တော် ရဲဌာနချုပ် တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ဆန်သန်ချိုင်းယာနွန်က တနင်္ဂနွေနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါအလုပ်သမားများသည် မြို့တော်ရဲဌာနချုပ် အမှတ် (၁) မှ (၉) အတွင်း ထိန်းချုပ်သည့်ဒေသများမှ ဖမ်းဆီးမိခြင်းဖြစ်ပြီး ဇွန် (၁၆) ရက်မှ (၁၉) ရက်အတွင်း ဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ နိုင်ငံခြားသားအလုပ်သမား (၈၃၀) ကျော်တွင် မြန်မာ (၃၄၆) ဦး၊ ကမ္ဘောဒီးယား (၃၀၇) ဦးနှင့် ကျန်ရှိသောသူများမှာ လာအို၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယားနှင့် အစ္စရေးနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ခြင်းသည် ထိုင်းလူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိပြီး ဥပဒေချိုးဖောက်မှုများလည်း ဖြစ်ပေါ်စေသဖြင့် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်နှင့် အခြား စီးပွားရေးအချက်အချာဒေသများ စသည့် ဒုစရိုက်ထူပြောသောဒေသ (သို့မဟုတ်) ဆုံရပ်များကို ပစ်မှတ်ထား၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းချုပ်သွားမည်ဟု ဘန်ကောက်မြို့တော် ရဲဌာနချုပ်တပ်မှူးက ပြောကြားသည်။

ဖမ်းဆီးမှုများမှာ ယခုလအတွင်း ဆက်တိုက်ဆိုသလိုဖြစ်နေပြီး မဟာချိုင်ဒေသ၌ ဇွန် (၁၇) ရက်တွင် တရားမ၀င်အလုပ်သမား (၁၅၃) ဦး၊ (၁၉) ရက်တွင် (၈၀) ဦးနှင့် (၂၀) ရက်တွင် ဟတ်ရိုင်၌ (၆၀) ဦး အသီးသီးဖမ်းဆီးခံထားရသည်။

ဘန်ကောက်မြို့ ဓာတ်ဆီဆိုင်တခုရှိ အလုပ်သမားများကို ဝင်ရောက်ဖမ်းဆီးရာတွင် အသက် (၁၄) နှစ်အရွယ် မြန်မာကလေးငယ် (၂) ဦးလည်း ပါသွားသည့်အတွက် မိဘများမှာ စိုးရိမ်နေကြသည်။

မြ၀တီတွင် ရွှေဆိုင်ဓားပြတိုက်ခံရ

ယနေ့ညနေ (၅) ခန့်အချိန်တွင် မြ၀တီမြို့ရှိ မြမြင့်မိုရ်ရွှေဆိုင်ကို လူ (၄) ဦးက ဓားပြ၀င်တိုက်ရာ ရွှေသား ကျပ်သိန်း (၆၀) ဖိုးခန့်ပါသွားသည်ဟု မြ၀တီခရိုင် ရဲမှူးတဦးက ပြောသည်။

မြ၀တီအမှတ် (၅) ရပ်ကွက်ရှိ ဦးထွန်းအောင် ဒေါ်ရွှေသန့်၏ ရွှေဆိုင်ကို ရုပ်ဖျက်ထားသည့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးက ခြောက်လုံးပြူး (၂) လက်ဖြင့် လာရောက်ကာ တိုက်ယူခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်က ရဲကိုတိုင်ကြားကြောင်း သိရသည်။

ရွှေဆိုင်သို့ မြ၀တီခရိုင်အာဏာပိုင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း၊ မြို့တွင်းမြို့ပြင်တွင် ပိုက်စိတ်တိုက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ လုံခြုံရေးအပြည့်ချထားသည့် နယ်စပ်မြ၀တီမြို့၌ လူသူအများ သွားလာနေသည့်အချိန်တွင် ဓားပြတိုက်မှု ဖြစ်ပွားသည်ကို မြို့ခံများက မယုံနိုင်အောင်ဖြစ်ရသည်ဟု ပြောဆိုနေကြသည်။

အဆိုပါရွှေဆိုင်အနီးတွင် အလုပ်လုပ်ကိုင်နေသူများကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ဓားပြများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အမှတ် (၅) ရပ်ကွက်မှ ဆိုက္ကားသမားတဦးက ပြောသည်။

စစ်တပ်လျှို့ဝှက်စီမံကိန်းနယ်မြေ လုံခြုံရေးတိုးမြှင့်

မကွေးတိုင်း နတ်မောက်မြို့နယ် အရှေ့တောင်ဘက် ပင်းကတော့တောင်ကြောပေါ်တွင် နအဖစစ်တပ်၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းနယ်မြေအား မကြာသေးမီ ရက်ပိုင်းကစ၍ စစ်တပ်အင်အား ပိုမိုတိုးချထားပြီး အနီးတ၀ိုက်မှ ကျေးရွာသားများအား တောင်ခြေအနီး သွားလာမှုများ ပိတ်ပင်လိုက်သည်။

လွန်ခဲ့သည့် (၄) နှစ်လောက်မှစ၍ အဆိုပါ တောင်ကြောပေါ်သို့ စစ်တပ်မှ လာရောက်အခြေချကာ စက်ယန္တရားများ ပို့ဆောင်ခြင်း၊ မိုးကာအုပ်ထားသည့်ယာဉ်များနှင့် ဘိလပ်မြေအိတ်များ တင်ဆောင်သည့်ကားများ သွားလာမှုရှိခဲ့ကြောင်း၊ ယခုအခါ ထိုဒေသတွင် စစ်တပ်အင်အား တိုးချဲ့ချထားသည်ကို တွေ့ရကြောင်း နတ်မောက်ဒေသခံတဦးက ပြောသည်။

၎င်းက “အခုလ အစောပိုင်းလောက်က စစ်သားတွေ ထပ်တိုးထားတယ်။ ကျောက်ပန်းတောင်း၊ ပျဉ်းမနား မီးရထားလမ်းပေါ်က ရွှေပန်းကျေးရွာရဲ့ အရှေ့လောက်မှာရှိတယ်။ အဲဒီဘက်မှာ ဂွေးကုန်း၊ ရှမ်းကုန်း၊ ဆင်သေကန်၊ ဒန့်သလွန်ကုန်း၊ ဖျောက်ဆိပ်ကုန်းတို့လို ရွာတွေရှိတယ်။ အခု အဲဒီတောင်ကြောဘက် ထင်းခုတ်၊ ဝါးခုတ်ကတော့ အရင် (၄) နှစ်လောက်ကတည်းက ပိတ်ထားတာ။ အခုတော့ တောင်ခြေနား စားကျက်တွေဘက် ကျွဲနွားတွေ သွားလွှတ်လို့ မရတော့ဘူး။ စစ်တပ်က ရှေ့ထွက် ကင်းပုန်းဝပ် စောင့်နေတယ်” ဟု ပြောသည်။

နတ်မောက်မြို့နယ်အတွင်းတွင် စစ်လက်နက်ပစ္စည်းစက်ရုံလည်းရှိပြီး ယခု တောင်ကြောပေါ်ရှိ ဆောက်လုပ်ရေးစီမံကိန်းနှင့် အလှမ်းဝေးကာ သီးသန့်ဖြစ်နေကြောင်း၊ ယခုဆောက်လုပ်ရေး စီမံကိန်းသည် ဥမင်လိုဏ်ခေါင်း ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများအကြား ယူဆပြောဆိုနေကြောင်း နတ်မောက်ဒေသခံတဦးက ပြောသည်။

၎င်းက “ဂွေးကုန်းနဲ့ ဆင်သေကန်ဘူတာအကြား သံလမ်းအရှေ့ဘက် (၂) မိုင် လောက်ပဲရှိမယ် ထင်တယ်။ ရထားပေါ်ကနေ အဆောက်အဦတွေ လှမ်းမြင်နေရတယ်။ ဟိုနှစ်တွေတုန်းကဆို တောင်တွေပေါ် သစ်ပင်တွေ ခုတ်ထားလို့ ပြောင်နေတာ၊ အခုသစ်ပင်တွေ ပြန်စိုက်ထားတယ်။ အစောပိုင်းက မိုင်းခွဲတာတွေ နေ့တိုင်းကြားရတယ်။ ဥမင်လိုဏ်ခေါင်း ဖောက်နေတာ၊ ပျဉ်းမနားအထိ ဖောက်သွားမှာဆိုပြီး ပြောနေကြတယ်။ ကိုရီးယားလို နိုင်ငံခြားသားတွေ ရောက်လာတာကို အချို့မြင်လိုက်ရတဲ့သူ မြင်လိုက်ရတယ်” ဟု ပြောသည်။

မကြာသေးမီက နအဖ၏ လျှို့ဝှက် နျူကလီးယားစီမံကိန်းနှင့် ဥမင်လိုဏ်ခေါင်းကိစ္စများကို စီမံကိန်းတွင် ပါဝင်ပတ်သက်ခဲ့သူ မြန်မာပြည်မှထွက်လာသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြည်ပသတင်းဌာနများမှတဆင့် ဖော်ထုတ်ခဲ့သဖြင့် ယခုကဲ့သို့ စီမံကိန်းများရှိရာ ဒေသအား ပြင်ပလူများ လာရောက် စုံစမ်းထောက်လှမ်းမှုများ မလုပ်နိုင်ရန် လုံခြုံရေး တိုးမြင့်လိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “ဗိုလ်မှူး စိုင်းသိန်းဝင်း ဖွင့်ချလိုက်တော့ မဟုတ်ပါဘူးဆိုပြီး တဖက်က ငြင်းနေသလို ကျန်တဖက်ကလည်း အဲလို လျှို့ဝှက်နယ်မြေတွေကို အခြားပြင်ပကလူတွေ လာပြီး ဓာတ်ပုံရိုက်တာ၊ သတင်းလာထောက်တာတွေ မဖြစ်ဖို့ လုံခြုံရေး တိုးချထားတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ချိတ်ပုဆိုးဝတ် ဝန်ကြီးများ သတိဆွဲ၍ ဧည့်ကြို

ကြိုးကြီး ချိတ်ရောင်စုံ၊ ခေါင်းပေါင်းစ တလူလူ၊ တိုက်ပုံ တကားကားနှင့် ကတ္တီပါ ခုံမြင့်ဖိနပ်ဆင်တူ ကိုယ်စီ ဆင်ယင်ထားပြီး သတိဆွဲနေသည့် စစ်အစိုးရ ဝန်ကြီးများကို မြင်တွေ့ရသည်မှာ အရပ်သား အစိုးရအဖြစ် တမင် ဖန်တီးထား လေသလားဟု လူအများက မေးခွန်းထုတ်နေကြသည်။

လာအို ဝန်ကြီးချုပ်ကို အသင့်အနေအထားဖြင့် ကြိုဆိုနေကြသည့် ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီးအဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)


ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်းအား စစ်အစိုးရဝန်ကြီးများက ပုံပါအတိုင်း ဝတ်ဆင်ကာ ကြိုဆိုနေကြခြင်း ဖြစ်သည်။

ဆယ်စုနှစ် ၂ ခုအတွင်း နိုင်ငံတော်အဆင့် ဧည့်ကြိုပွဲ၌ ယခုကဲ့သို့ ဝတ်စားဆင်ယင်ပုံမျိုးဖြင့် ကြိုဆိုကြသည်ကို မြင်တွေ့ခဲကြသည်။

ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ဝန်ကြီး ၂၇ ဦးတို့သည် ဧပြီ လကုန်ပိုင်းတွင် စစ်ဘက်ရာထူးများမှ အရပ်ဘက်သို့ ပြောင်းလဲခဲ့ကြပြီးနောက် ဤသို့ ဝတ်စားဆင်ယင်မှုများဖြင့် ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် အပေါင်းအပါ ဝန်ကြီးများသည် ခေါင်းပေါင်း၊ တိုက်ပုံအပြင် အရောင်ကွဲပြားရန် စီစဉ်ထားသော ချိတ်လုံချည်၊ ပုံစံတူ ခုံမြင့် ကတ္တီပါ ဖိနပ်များ စီးထားပြီး သတိဆွဲလျက် ရပ်နေကြခြင်းကို MRTV ရုပ်/ သံကလည်း ထုတ်လွှင့် သွားခဲ့ပြီး ကြည့်ရှုရသူများ အမြင်ဆန်းလျက်ရှိကြောင်း သိရသည်။

ကြည့်ရှုခဲ့သူ တဦးက “အကယ်ဒမီပွဲမှာ အရောင်းဆိုင်တွေက စပွန်ဆာပေးလို့ မင်းသမီးတွေ ကြိုးကြီးချိတ်ရောင်စုံကို အပြိုင်အဆိုင် ဝတ်လာကြတာနဲ့တူတယ်” ဟု ပြောသည်။

စစ်ဝတ်စုံ၊ စစ်ဖိနပ်၊ ဦးထုပ်များကိုသာ အနှစ် ၂၀ ကျော် ဝတ်ဆင်ခဲ့ရသော စစ်ဝန်ကြီးများမှာ သာမန်လူမဝတ်သည့် အဝတ်အစားများဖြင့် ကသိကအောင့် ဖြစ်နေပုံရသည်ဟုလည်း ၎င်းက ဆိုသည်။

ဝန်ကြီးများ ဝတ်ဆင်ထားသည့် ချိတ်လုံချည် အဆင်များသည် မြန်မာပြည်၌ မင်္ဂလာဆောင်ချိန်တွင် သတို့သား၊ ရှင်ပြုချိန်တွင် မောင်ရှင်လောင်း၊ ဇာတ်ကနေသည့် ဇာတ်မင်းသားတို့မှ တပါး တခြား ပွဲလမ်းသဘင်များ၌ ဝတ်ဆင်သည်ကို မြင်ရခဲလှသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီလ ၂၉ ရက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့ကြသည်။

ပြည်တွင်း မီဒီယာများတွင် လက်ရှိ အစိုးရကို တပ်မတော် အစိုးရဟု ခေါ်ဝေါ်သုံးစွဲခြင်း မပြုကြရန် ကာကွယ်ရေးဦးချုပ် (ကြည်း) ၏ ညွှန်ကြားချက် မေလ အစောပိုင်းက ထွက်ပေါ်လာခဲ့သည်။

ဝန်ကြီးများကို တမင်သတ်မှတ်၍ ယခုကဲ့သို့ ဝတ်ခိုင်းသည်မှာ ထင်ရှားကြောင်းလည်း လူအများက ဝေဖန်နေကြသည်။

အဆိုပါ ဝတ်စားဆင်ယင်ပုံများကို လူထုမျက်မှောက်တွင် ဖော်ပြလာခြင်းဖြင့် အရပ်သား အစိုးရအဖြစ် မြင်လာရန် လုပ်ဆောင်နေကြဟန်ရှိကြောင်း ဝေဖန်သူများက ဆိုသည်။

ကမ်းနားလမ်းဖောက်ရန် အဆောက်အအုံများ ဖျက်မည်

ရန်ကုန် ဆိပ်ကမ်းပတ် လမ်းသစ် ဖောက်လုပ်ရန် အတွက် မလွတ်ကင်းသည့် ဌာနဆိုင်ရာ အဆောက်အအုံ ၈၀၀ ကျော်နှင့် လူနေ အိမ်ရာ စီမံကိန်း ၃ ခု ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

“ကမ်းနားလမ်းမကြီး တလျှောက် ကပ်ဖောက်သွားမှာဆိုတော့ မလွတ်တဲ့ အဆောက်အအုံတွေ အကုန် ဖျက်ရမယ်။ အဲဒီမှာ နေနေတဲ့ ဝန်ထမ်းတွေလည်း ရှိတော့ သူတို့အတွက် ဘယ်လို စီစဉ်ပေးမလဲဆိုတာ မသိသေးဘူး။ အခုအချိန်ထိတော့ ညွှန်ကြားလာတာ မရှိသေးဘူး” ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ရုံးမှ အရာရှိတဦးက ပြောသည်။

မြေပုံပါ အနီရောင် လိုင်းတလျှောက်ရှိ အဆောက်အအုံများကို ဆိပ်ကမ်းပတ်လမ်း ဖောက်ရန် ဖျက်သိမ်းမည် ဖြစ်သည်



ဆက်လက်၍ ၎င်းက “လက်ရှိ ကမ်းနားလမ်းပေါ်မှာ အိမ်ရာ ၃ ခုရှိတယ်။ လမ်းကို အဆောက်အအုံ နောက်ကျောက ဖောက်သွားမယ် ဆိုပေမယ့် အခုချိန်ထိ လွတ်မလွတ် မသေချာသေးဘူး။ လမ်း နယ်နမိတ်တွေကတော့ စတိုင်းနေပြီ” ဟု ပြောသည်။

ဆိပ်ကမ်းပတ်လမ်း ပေအရှည်ကို ၅. ၇ မိုင် သတ်မှတ်ထားပြီး ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်တို့အား ဖြတ်သန်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပတ်လမ်းသည် ဗိုလ်တထောင် သန်လျှက်စွန်းဆိပ်ကမ်းမှ ကြည့်မြင်တိုင် မြန်မာ့စီးပွားရေး ကိုအော်ပရေးရှင်း ဆိပ်ကမ်း အထိ ရှည်လျားကာ ကွန်ကရစ်လမ်း ဖြစ်ပြီး လမ်းအကျယ်ကို ၄၈ ပေ သတ်မှတ်ထားသည်။

“နဂို တင်ထားတဲ့ ပိုင်းလော့ပုံစံ (မြေပုံကြမ်း) အရ ဆိုရင်တော့ အိမ်တွေ အများကြီး ပါကုန်မှာ။ ဒါကျတော့လည်း သူတို့ မလုပ်ရဲဘူး။ အခု မြေပုံနည်းနည်းပြန်ပြင်ပြီး ကွင်းဆင်း တိုင်းတာရေးတွေ စနေပြီ” ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး၊ အင်ဂျင်နီယာဌာန (လမ်းတံတား) မှ အင်ဂျင်နီယာတဦးက ပြောသည်။

ဆိပ်ကမ်းပတ် လမ်းသစ်ဖောက်လုပ်ခွင့်ကို စစ်အစိုးရနှင့် နီးစပ်သော အေးရှားဝေါလ် ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိထားပြီး ကွန်တိန်နာနှင့် သစ်လုံးတင် ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြစ်နဲ့ ကပ်လျက် အောင်ဇေယျ ရပ်ကွက်က လှော်ကားလမ်းတော့ တခြမ်းပါမယ်။ အိမ်ရာ စီမံကိန်းက လူတွေကတော့ တော်တော် လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ မြန်မာပြည်မှာ လမ်းဖောက်လို့ မလွတ်ရင် ဖျက် ပဲ။ ပြီးရင် အစား ဘယ်တော့မှ ပြန်ရတာ မဟုတ်ဘူး” ဟု လမ်းတံတား အင်ဂျင်နီယာကပြောသည်။

အဆောက်အအုံများ မဖယ်ရှားသေးသော်လည်း အလုံ သင်္ဘောကျင်း မြေနေရာ ရှင်းလင်းရေးများ ပြုလုပ်နေကြောင်း သိရသည်။

“တချို့ ဌာနဆိုင်ရာ ရုံးတွေမှာ နေပြည်တော် ပြောင်းသွားရလို့ လူမရှိပေမယ့်၊ တချို့ ရုံးတွေမှာတော့ ၀န်ထမ်းတွေရှိတယ်။ ဒီအတွက် ဘယ်မှာ သွားနေရမယ်ဆိုတာမျိုး အခုထိ ဘာမှပြောတာ မရှိသေးဘူး” ဟု ဗိုလ်တထောင် ရေတပ်ဝင်းမှ ၀န်ထမ်းတဦးကပြောသည်။

မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးပိုင် အဆောက်အအုံ ၅၅ လုံး အပါအဝင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စည်ပင်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် (ရေ)၊ သစ်တော ရေးရာဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ပိုင်ဆိုင်သည့် အဆောက်အအုံ စုစုပေါင်း ၈၀၀ ကျော်မှာ ဖျက်သိမ်းခံရမည့် စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

ပြင်သစ်အသင်းသားများ သပိတ်မှောက်ဖွယ်ရှိ

ယနေ့ည အိမ်ရှင် တောင်အာဖရိက အသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်တွင် ပြင်သစ် ကစားသမား တချို့ ပါဝင်ကစားဖွယ် မရှိကြောင်း သိရသည်။

ပြင်သစ်နည်းပြ ဒိုမစ်နက်ခ်ျ၏ နည်းဗျူဟာများကို ဝေဖန်မှုကြောင့် တိုက်စစ်မှူး နီကိုလပ်စ် အနယ်လ်ကာ ကို ဖယ်ရှားလိုက် သည့် အတွက် မကျေနပ်သော အသင်းသားတချို့မကစားဘဲ ဆန္ဒပြဖွယ်ရှိကြောင်း Guardian သတင်းစာတွင် ဖော်ပြထားသည်။

“ပြင်သစ် ကစားသမား တချို့ ဒီကနေ့ ကစားရမယ့် တောင်အာဖရိကနဲ့ ပွဲကို ကစားလိုပုံ မပေါ်ဘူး”ဟု နည်းပြ ဒိုမစ်နစ်ခ်ျက ပြောသည်။

တိုက်စစ်မှူး အနယ်လ်ကာသည် မက္ကဆီကို အသင်းကို ရှုံးနိမ့်သည့် ပွဲအပြီးတွင် နည်းပြ၏ နည်းဗျူဟာကို လူသိရှင်ကြား ဝေဖန်ရုံမ က ရင်သီးစွာ ပြောဆို မှုကြောင့် အနယ်လ်ကာကို ဖယ်ရှားကာ အိမ်ပြန်ပို့ ခဲ့သည်။

ထို့နောက် အသင်းဖော်များက မကျေနပ်သဖြင့် တနင်္ဂနွေနေ့က လေ့ကျင့်ရေး မဆင်းဘဲ ဆန္ဒပြကြရာမှ ပြဿနာမှာ ပိုမိုကြီးထွား လာခြင်းဖြစ်သည်။

အိုင်ဗရီကို့စ်အသင်း တိုက်စစ်မှူး ဒရော့ဘာကမူ အနယ်လ်ကာ ဘက်မှ ထောက်ခံခဲ့သည်။

ပြင်သစ် နိုင်ငံရေးသမားများနှင့် မီဒီယာများကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပြင်သစ်အစိုးရကို တောင်းဆိုထားကြောင်း၊ အားကစားဝန်ကြီး Roselyne Bachelotကို တောင်အာဖရိကနိုင်ငံသို့ သွားရောက်ဖြေရှင်းရန် ပြင်သစ် သမ္မတ နီကိုလပ်စ် ဆာကိုဇီ နှင့် ဘောလုံးအဖွဲ့ချုပ်က ပြောဆိုကြောင်း ပြင်သစ်သတင်းများတွင် ဖော်ပြသည်။

အလားတူ ပြင်သစ် သတင်းစာ Le Figaro ကလည်း ဆိုးရွားပြီး ကမောက်ကမနိုင်မှုတခုဖြစ်ကြောင်း ကမ္ဘာ့ဖလားသမိုင်းတွင် ပြင်သစ်အသင်း အဖတ်ဆယ်မရအောင် ဖြစ်ခဲ့ရကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပြင်သစ်အသင်းသည် ဥရုဂွေးအသင်းကို သရေကျခဲ့ပြီး မက္ကဆီကို အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ တပွဲသရေ တပွဲရှုံး ၁ မှတ် ရရှိထားကာ ယနေ့တွင် တောင်အာဖရိက အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သရေကျပါ က နှစ်သင်းစလုံး အုပ်စုအဆင့်မှ လှည့်ပြန်ရတော့မည်ဖြစ်သည်။

ထို့ကြောင့် ပြင်သစ်အသင်း ရှုံးထွက် အဆင့်တက်ရောက်ရန်မှာ တောင်အာဖရိကကို ဂိုးပြတ်နိုင်ရမည့် အပြင် တဘက်မှ မက္ကဆီကို နှင့် ဥရုဂွေးတို့လည်း သရေမကျရန် လိုအပ်ပေသည်။

ဖီဖာဥက္ကဌ မြန်မာခရီးစဉ် မသေချာသေး

မြန်မာအစိုးရ သတင်းစာတွင် ယခုနှစ် နိုဝင်ဘာလ အတွင်း ဖီဖာ ဥက္ကဌ ဆပ် ဘလတ္တာ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ရေးသား ထားသော်လည်း ထိုကိစ္စကို အတည်မပြု သေးကြောင်း ဖီဖာ ပြန်ကြားရေးအဖွဲ့က ဧရာဝတီသို့ ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စိုးမိုး (IBC) ရေးသားသော "ဖီဖာဥက္ကဌ ဘလတ္တာ ၊ ဒေးဗစ်ဘက်ဟမ်းနှင့် ဦးဇော်ဇော်" အမည်ရှိ သတင်းဆောင်းပါးတွင် ဖီဖာဥက္ကဌက မြန်မာနိုင်ငံသို့ လာရောက်ရန် ကတိစကား ပြောကြောင်း ဖော်ပြထားမှုအပေါ် ဧရာဝတီက ဖီဖာသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုခရီးစဉ်ကို အတည်မပြုသေးကြောင်း ပြန်ကြားခဲ့ခြင်းဖြစ်သည်။

ဖီဖာပြန်ကြားစာတွင် ယင်းခရီးစဉ်ကို အတည်မပြုနိုင်သေးသဖြင့် အခြားမေးခွန်းများကိုလည်း ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

မြန်မာသတင်းစာပါ ဆောင်းပါးတွင် ဆပ် ဘလတ္တာသည် တရက်လျှင် သုံးလေးဦးသာ လက်ခံတွေ့ဆုံပြီး တဖွဲ့လျှင် ငါးမိနစ်ခန့်သာ တွေ့ဆုံလေ့ရှိသော်လည်း မြန်မာဘောလုံးဥက္ကဌ ဦးဇော်ဇော်ကိုမူ မိနစ်၂၀ ကျော်မက တွေ့ဆုံခဲ့ကြောင်း ရေးသားထားပြီး မြန်မာ ဘောလုံး ဥက္ကဌ၏ စည်းရုံးဆွဲဆောင်နိုင်မှုကို ချီးကျူးမိသည်ဟုလည်း ဆောင်းပါးရှင်က အမွှမ်းတင် ရေးသားထားသည်။

ဖီဖာဥက္ကဌ ဆပ် ဘလတ္တာသည်မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ဖီဖာမှ Goal Project အဖြစ် ဒေါ်လာ(၄)သိန်းမတည်ပြီး ဒေါ်လာ(၁)သန်းအကုန်အကျခံကာတည်ဆောက်ခဲ့သော ဘောလုံးအကယ်ဒမီကိုလည်း ကြည့်ရှုသွားမည်ဖြစ်ကြောင်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်ဟု ပြည်တွင်းအခြေစိုက် ELEVEN အင်တာနက်စာမျက်နှာတွင် ဖြော်ပထားသည်။

မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဌ ဦးဇော်ဇော်သည် ဆောက်လုပ်ရေး၊ ဟိုတယ်၊ ကျောက်မျက်တူးဖော်ရေးနှင့် သတ္တုတွင်း လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်ခွင့်ရရှိထားကာ မကြာသေးမီက ပုဂ္ဂလိက ဘဏ် ထူထောင်ခွင့် ရရှိမည့်သူများ စာရင်းတွင်လည်း ပါဝင်ခဲ့သည်။ MFF အပြင် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်ပါ ဆောင်ရွက်နေသူ ဖြစ် သည်။

၎င်းကို စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်အဖြစ် အမေရိကန်အစိုးရက သတ်မှတ်ကာ စီးပွားရေး ဒဏ်ခတ်သည့် စာရင်းတွင် ထည့်သွင်းထားသည်။

မြန်မာနိုင်ငံတွင် မြန်မာနေရှင်နယ်လိဂ်(MNL)ခေါ် အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှစတင်ကာ အသင်း ၈ သင်းဖြင့် ကျင်းပခဲ့သည်။

MNL ပြိုင်ပွဲဝင် ဘောလုံးအသင်းများကို စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပိုင်ဆိုင်ထားကြသည်။

တတိယအကြိမ် ကျင်းပသည့် ယခု MNL ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အသင်း ၁၁ သင်း ၀င်ရောက်ယှဉ်ပြိုင် ကြသည်။

ရခိုင်ပြည်နယ် လူ ၇ သောင်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ဟု ကုလ ပြော

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း ၄ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှု၊ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ၇၇၀၀၀ ခန့် အိုးအိမ်မဲ့ သို့မဟုတ် နေရာပြောင်းရွှေ့မှု ဖြစ်ခဲ့သည်ဟု လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်ရုံး (မြန်မာနိုင်ငံ) က ပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များတွင် ယခုလ ၁၃ ရက်နေ့မှ ၄ ရက်ကြာအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အိုးအိမ်မဲ့ အခြေအနေများကို ကုလရုံးက ၁၉ ရက်နေ့တွင် စာရင်းထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း ဘေးဒဏ်သင့် ဒေသများသို့ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ၊ နယ်စီးမခြား ဆရာဝန်များအဖွဲ့ MSF (Holland) ၊ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ACF နှင့် အခြား NGO အဖွဲ့များက ကွင်းဆင်း၍ စာရင်းပြုစုခဲ့သည်ဟု ရန်ကုန်ရှိ ကုလရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် အထက်ပါ အဖွဲ့များအနေဖြင့် ရေဘေးလေဘေးသင့်ရာ ဒေသများသို့ အရေးပေါ်အကူအညီ လိုအပ်နေသည့် ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါး ထရပ်ကား ၅ စီးစာမျှကို မိသားစု ၅ဝဝဝ ခန့်အတွက် စပိတ်ဘုတ်များဖြင့် ယခုလ ၁၉ ရက်နေ့က ပို့ဆောင်ဖြန့်ဝေခဲ့သည်ဟု ပြောသည်။ အသေးစိတ် အချက်အလက်ကိုမူ ပြောဆိုရန် သူက ငြင်းဆိုသည်။

ထိုသို့ သွားရောက်ကူညီနေသော်လည်း လမ်းတံတားများ ကျိုးပဲ့ပျက်စီးခြင်းကြောင့် ဒေသအချို့သို့ သွားရောက်ကူညီရန် ခက်ခဲနေကြောင်း ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေဘေးလွတ်ရာ ပြောင်းရွှေ့နေကြသော မိသားစုအချို့မှာ နေရပ်ရင်းကို ပြန်သွားခဲ့ကာ အချို့မှာ ယခုထိ အိုးအိမ်မဲ့ ဖြစ်နေကြသေးသည်ဟုလည်း ဖော်ပြထားသည်။

လူ ၁ သောင်းခွဲအတွက် တလစာ အစားအစာများကို ဒေသတွင်းမှပင် ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ထပ်မံ လိုအပ်ချက်များအတွက် စစ်တွေမြို့မှ ဖြန့်ဖြူးနိုင်မည်ဟု OCHA အစီရင်ခံစာက ဆိုသည်။

ထို့အပြင် ထိုဒေသများရှိ HIV ၊ AIDS ဝေဒနာသည်များမှာ ပုံမှန်ကုသမှုများ မရရှိနိုင်သေးကြောင်းနှင့် ရေနှင့် တကိုယ်ရည် သန့်ရှင်းရေးအတွက် မိသားစု ၄ဝဝဝ အတွက် လာမည့် ၁ဝ ရက်အတွက် ရေသန့်ဆေးပြားများ ဖြန့်ဝေပေးမည်ဟု ကုလ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ UNICEF နှင့် ကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့ကလည်း ဆိုထားကြသည်။

လမ်းတံတား ပျက်စီးမှုများအနေဖြင့် စစ်တွေ-မောင်တော သွားရောက်ရာလမ်းတွင် တံတား ၃ စင်း ပျက်စီးနေကာ Bridge Asia Japan (BAJ) က တံတားတစင်းကို ပြန်လည်ပြုပြင်နေပြီး၊ ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယခုချိန်ထိ ပြတ်တောက်လျက်ရှိသည်။

ဘူးသီးတောင်မြို့ခံတဦးက “မိုးစကြီးကတည်းက မောင်တောကို ရောက်နေတာ။ အခုထိ မပြန်ရသေးဘူး။ လမ်းတွေက ရွှံ့တွေထူပြီး မကောင်းသေးဘူး။ လောလောဆယ်တော့ တနေရာနဲ့ တနေရာကို လမ်းလျှောက်နေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ပယက ဥက္ကဋ္ဌ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေတို့ ယခုလ ၁၉ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်ပြီး ဘေးသင့်သူများကို ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူသေပျောက်မှုနှင့် ထိခိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ဘူးသီးတောင်တွင် ဒေသဧရိယာ၏ ၃ ပုံ ၂ ပုံ ရေလွှမ်းမိုးခံခဲ့ရသည်ဟု ရန်ကုန် UNDP ရုံး အဆိုအရ မဇ္ဈိမက သိရသည်။

၎ ရက်ကြာ မိုးကြီးလေကြီးဖြစ်ကာ မြေပြိုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အမျိုးသား ၃၅ ဦး အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။

မြန်မာ့လူပုကလေး ဂင်းနစ်မှတ်တမ်းဝင်အောင် ကြိုးစားနေ

ရန်ကုန် (မဇ္ဈိမ)။ ။ မှတ်တမ်းတင်နိုင်ခဲ့သမျှ အပုဆုံးဖြစ်နိုင်သော မြန်မာနိုင်ငံသား ကလေးငယ် အရပ် ၂၅ လက်မရှိ အသက် ၁၁ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီးကို ကမ္ဘာ့ထူးခြားဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင် ပါရှိအောင် မိဘများက ကြိုးပမ်းနေကြသည်။

မောင်ဇော်ဗလအောင်ကို ကျောက်ပန်းတောင်းမြို့နယ် ထန်းပေါက်ကုန်းကျေးရွာနေ အဘဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ မတ်လ ၁၀ ရက်၊ ၂၀၀၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၄ ဦးအနက် ဒုတိယမြောက်ဖြစ်ကာ တဦးတည်းသောသား ဖြစ်သည်။
smallheights
လက်ရှိတွင် မောင်ဇော်ဗလအောင်၏ အရပ်မှာ ၂၅ လက်မ၊ ဦးခေါင်းပတ်လည် ၁၃ လက်မ၊ ကိုယ်အလေးချိန် ၁၀ ပေါင် ရှိသည်ဟု ရန်ကုန်မြို့ ကရဝိတ်ခန်းမတွင် ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခွင့်ရှိသူ သတင်းထောက်ခင်က ပြောကြားသွားသည်။

မှုခင်းသတင်းထောက်တဦးဖြစ်သူ သတင်းထောက်ခင်က မိဘများကိုယ်စား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခြင်း ဖြစ်သည်။

ဂင်းနစ်မှတ်တမ်း တင်နိုင်ရေးအတွက် မောင်ဇော်ဗလအောင်၏ ခန္ဓာကိုယ် အတိုင်းအထွာများနှင့် ဆေးမှတ်တမ်းများကို မေလနောက်ဆုံးပတ်က ပို့ထားပြီး ဖြစ်သည်ဟု သတင်းထောက်ခင်က ပြောသည်။

”ကျန်းမာရေး ဆေးစစ်ချက်တွေကတော့ ရှိတယ်။ အားလုံးကောင်းတယ်။ သူ့အရိုးကတော့ ကြီးထွားမှုနှုန်း မရှိတော့ဘူး ဆိုတာပဲသိတယ်” ဟု သူက ပြောသည်။

ရွှေရင်အေး မုန့်လက်ဆောင်းရောင်းချသူ ဖခင်က မိသားစု ၆ ဦးအတွက် လုပ်ကိုင်ကျွေးမွေးနေခြင်းဖြစ်ရာ ကရဝိတ်ခန်းမတွင် ယခုလို သတင်းစာ ရှင်းလင်းပွဲလုပ်ပေးရခြင်းအပေါ် ဝမ်းသာကြောင်း ပြောသည်။

ဂင်းနစ်မှတ်တမ်းက တရားဝင် အသိအမှတ်ပြုခဲ့သော ကမ္ဘာ့အပုဆုံးလူသား ဖြစ်ခဲ့သူမှာ တရုတ်နိုင်ငံသား He Pingping ဖြစ်ပြီး အရပ် ၂ ပေ၊ ၅.၃၇ လက်မဖြင့် အသက် ၂၁ နှစ်အရွယ် ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ သူ၏ နေရာကို ဆက်ခံသူနှင့်ပတ်သက်၍ ဂရင်းနစ်က ကြေညာခြင်း မပြုသေးသော်လည်း အသက် ၁၈ နှစ်အရွယ်၊ အရပ် ၂ဝ လက်မရှိ နီပေါနိုင်ငံသား Khagendra Thapa (Mangar) က သူသည် အပုဆုံးဖြစ်ကြောင်း ပြောထားသည်။

ဖမ်းဆီးမှုများကြောင့် ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ စိုးရိမ်နေ

စမတ်ဆခွန်၊ ထိုင်းနိုင်ငံ (မဇ္ဈိမ) ။ ။ ထိုင်းရဲများက နိုင်ငံတဝှမ်းရှိ ထောင်နှင့်ချီသော ရွှေ့ပြောင်း အလုပ်သမားများကို ပြီးခဲ့သည့်အပတ်အတွင်း ဖမ်းဆီးနေသဖြင့် ရွှေ့ပြောင်းလုပ်သားများအကြား စိုးရိမ်ပူပန်နေကြောင်း ၎င်းတို့နှင့် နီးစပ်သော သတင်းရပ်ကွက်အချို့က တနင်္ဂနွေနေ့တွင် ထုတ်ဖော် ပြောဆိုကြသည်။

မြို့တော်ဘန်ကောက် တောင်ဘက်ရှိ ပင်လယ်ကမ်းခြေပိုင်း စမတ်ဆခွန်ခရိုင် မဟာချိုင်ဒေသမှ မွန်အမျိုးသမီး အလုပ်သမ နိဒါက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် သူမ၏ မိသားစုဝင်များနှင့် သူငယ်ချင်းများသည် နေအိမ်မှ အပြင်မထွက်ရဲကြောင်း ယမန်နေ့ ပြောဆိုသည်။

“ကျမမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့အကြောင်း အထောက်အထားလက်မှတ် ရှိပါတယ်။ ဒါပေမဲ့ အပြင်မထွက်ရဲဘူး။ ဘာလို့လဲဆိုတော့ ကျမရဲ့ သူငယ်ချင်းတချို့ အဲလို အထောက်အထားလက်မှတ် ရှိပေမယ့် အဖမ်းခံရတယ်လေ။ ရဲတွေက အဲဒီအထောက်အထား လက်မှတ်တွေကို သေချာစစ်ဆေးရဦးမယ်လို့ သူတို့ဖမ်းရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်” ဟု သူက ပြောသည်။

ရဲအရာရှိများသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ အီရန်၊ အိန္ဒိယမှ အလုပ်သမား ၁၂၄၁ ဦးသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ကြောင်းနှင့် ၎င်းတို့ထဲမှ အများစုသည် စားသောက်ဆိုင်များနှင့် စက်ရုံများတွင် လုပ်ကိုင်ကြကြောင်း မြို့တော်ရဲတပ်ဖွဲ့မှ ရဲမင်းကြီး ဒုဗိုလ်ချုပ်ကြီး Santan Chayanont က တနင်္ဂနွေနေ့တွင် ပြောဆိုသည်။

ဘဏ်တခုရှေ့တွင် ရပ်ထားသည့် ပစ်ကပ်(ပ်) ကားပေါ်မှ ထိုင်းဘတ်ငွေ ၁၂ သန်းအား နိုင်ငံခြားသားများမှ ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် ရာဇဝတ်မှုများနှင့် ပတ်သက်သူများကို ဖော်ထုတ်နိုင်ရေးအတွက် ရွှေ့ပြောင်းအလုပ်သမားများ၏ ကိုယ်ရေးရာဇဝင်ကို အရှိန်အဟုန် တိုးမြှင့်ကာ စစ်ဆေးနေကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကြိုးကိုင်ချယ်လှယ်သူတွေ၊ ဒီအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်လာအောင် ခေါ်ဆောင်လာခဲ့တဲ့ သူတွေကို ဖော်ထုတ်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ အဲဒီ ကိုယ်ရေးရာဇဝင်တွေ၊ တရားမဝင် အလုပ်သမားတွေ ထိုင်းနိုင်ငံထဲ ခိုးပြီး ဝင်ရောက်ဖို့ သုံးတဲ့ နည်းလမ်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ရဲတပ်ဖွဲ့ဌာနချုပ်ကို ပေးပို့သွားမှာပါ” ဟု Santan က ပြောဆိုခဲ့ကြောင်း ထိုင်းအစိုးရပိုင် ထိုင်းသတင်း အေဂျင်စီဌာန၏ ဝဘ်ဆိုဒ်အရ သိရသည်။

ရဲအရာရှိများသည် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ ဒေသတွင် စစ်ဆေးမှုများကို ယခင်ကထက် ပိုမိုပြုလုပ်နေပြီး ဒေသတွင်း မာဖီးယားဂိုဏ်းများကလည်း အလုပ်သမားများထံမှ ငွေညှစ်မှုများ ရှိနေကြောင်း ပင်လယ်အစားအစာ လုပ်ငန်းများဖြင့် လူသိများသည့် မဟာချိုင်ဒေသမှ ဆိုင်ရှင်တဦးက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများနှင့် နီးကပ်စွာ အလုပ်လုပ်ကိုင်နေသည့် လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) ၏ အဆိုအရ ပြီးခဲ့သည့် ကြာသပတေးနေ့မှ စနေနေ့အတွင်း ဘန်ကောက် နယ်ပယ် ၉ ခုတွင် စုစုပေါင်း အလုပ်သမား ၈၃ဝ ခန့် ဖမ်းဆီးခံခဲ့ရပြီး မဟာချိုင်တွင် စုစုပေါင်း ၁၅ဝ ခန့် အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။ ကမ္ဘောဒီးယား နယ်စပ်ရှိ Sa Kaew ပြည်နယ်တွင်မူ အလုပ်သမား ၁၅ဝ ခန့် အဖမ်းခံခဲ့ရသည်ဟု သိရသည်။

“တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးအရေးယူနှိမ်နင်းရေးဌာန” ကို ဖွဲ့စည်း၍ အရေးယူဆောင်ရွက်ရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ် ဝေ့ချာချီဝက ယခုလ ၂ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် ထိုကဲ့သို့ ဖမ်းဆီးအရေးယူမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုစီမံကိန်း၏ ရည်ရွယ်ချက်မှာ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်သော “အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်ရေး” လုပ်ငန်းစဉ် ထိရောက်မှု ရှိရေးအတွက်ဟု အဘီဆစ်က ဆိုသည်။

ထိုင်းအစိုးရသည် ထို “နိုင်ငံသားစိစစ်ရေး” လုပ်ငန်းစဉ်အား ၂ဝ၁၂ ခုနှစ်တွင် ပြီးမြောက်ရန် ရည်ရွယ်ထားပြီး ထိုနောက်ပိုင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်သမားပတ်စ်ပို့နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရရှိထားရမည်ဖြစ်သည်။

မဟာချိုင်မှ အရာရှိများက ပြောရာတွင် ထိုအစီအစဉ်အား ဆက်လက်အကောင်အထည်ဖော်နေစဉ် အလုပ်သမားများ “နိုင်ငံသားစိစစ်ရေး” အတွက် ပိုမိုလျှောက်ထားလာကြသော်လည်း မြန်မာစစ်အစိုးရ၏ အလုပ်သမားများ၏ သတင်းအချက်အလက်များအား ပြန်လည်စိစစ်ရေး အစီအစဉ်ကြောင့် နှောင့်နှေးနေရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၏ ဆပ်ကော်မတီဖြစ်သော နိုင်ငံမဲ့သူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ Surapong Kongchantuek က လူကုန်ကူးသူ လူပွဲစားများ ထုနှင့်ထည်နှင့် ရှိနေသေးသဖြင့် ရဲအဖွဲ့၏ လုပ်ဆောင်ချက်သည် ပြဿနာဖြေရှင်းရေးအတွက် အရာမထင် ဖြစ်လိမ့်မည်ဟု ဆိုသည်။

“ဒီလို တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးတဲ့ အစီအစဉ်ဟာ နှစ်ပေါင်း ၂ဝ ရှိလာခဲ့ပေမယ့် တရားမဝင် လုပ်ကိုင်မှုတွေဟာ ဆက်လက်တည်ရှိနေဆဲပါ” ဟု သူက ပြောသည်။

ဒုက္ခသည်အကူအညီပေးရေး အုပ်စုတစုဖြစ်သော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီမှ ဥပဒေရေးရာနှင့် သုတေသနရေးရာ အရာရှိ Adisorn Kerdmongkol က ပြောကြားရာတွင် မြန်မာစစ်အစိုးရနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် တိုင်းရင်းသား အင်အားစုများ၏ ပဋိပက္ခကြောင့် လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲသည်လည်း ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမား ပြဿနာများ ဖြစ်ပေါ်စေကာ ထိုင်းနိုင်ငံအပေါ် ဝန်ပိစေဦးမည်ဟု ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများက ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သန်းမှ ၃ သန်းအတွင်း ရှိနေသည်ဟု ဆိုကြသည်။ ၎င်းတို့အထဲမှ ၉ သောင်းခန့်သည် နိုင်ငံသားစိစစ်ရေးအတွက် အစစ်ဆေးခံကာ အလုပ်သမား ပတ်စ်ပို့များ ပိုင်ဆိုင်ပြီး ၈ သိန်းခန့်သည် အလုပ်သမားပတ်စ်ပို့ လျှောက်ထားကြဆဲ ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဖမ်းဆီးနှိမ်နင်းနေမှုများ ရပ်တန့်ပေးရန် လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) က ထိုင်းအစိုးရအား တနင်္လာနေ့က ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်ပြီး ထိုကဲ့သို့ ဖမ်းဆီးမှုများသည် လူ့အခွင့်အရေးကို ပြင်းထန်စွာ ခြိမ်းခြောက်မှုပင် ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုအဖွဲ့က တိုက်တွန်းရာတွင် ဘန်ကောက်တွင်လည်း စိစစ်ရေးဌာနများ ဖွင့်လှစ်ကာ ခန့်မှန်းခြေ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁ သန်းမှ ၁.၄ သန်း တရားဝင် မှတ်ပုံတင်နိုင်ရေးအတွက် အခွင့်အလမ်းများ စီစဉ်ပေးသင့်သည်ဟု တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအား သတိပေးရာတွင် ယခုကဲ့သို့ ဖမ်းဆီးမှုများသည် ထိုင်းနိုင်ငံတွင် အလုပ်သမား ပြတ်လပ်သည့် ပြဿနာများ ပေါ်ပေါက်လာစေနိုင်ပြီး အလုပ်သမားများသည် အလုပ်သစ် ရှာဖွေရသောကြောင့် လူပွဲစားများ၏ အနိုင်ကျင့် လှည့်ဖျားမှုများကို ခံရဖွယ် ရှိလာစေနိုင်ကာ အရာရှိများအတွက်လည်း အကာအကွယ်မဲ့သူများထံမှ လာဘ်လာဘ ရရှိစရာ ပြတင်းတံခါးတချပ် ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်သည်ဟု HRDF က သတိပေးထားသည်။

Death Or Democracy - Burma

ကရင် နဲ့နအဖတိုက်ပွဲ မှတ်တမ်းMyanmar8888( KNLA & SPDC )



ကရင်တိုက်ပွဲ ရှာရှာရောက်ရှိလာတာများတဲ့အတွက် ကိုဒီမိုဝေယံဆီကရှာပြီး တင်ပြလိုက်ပါသည်။