Pages

Subscribe

Tuesday 22 June 2010

ကွယ်လွန်သူ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှအရိုးပြာကို ဇာတိမြေ၌မြုပ်နှံသွားမည်

ကွယ်လွန်သူ မွန်အမျိုးသားသုတေသနစာပေပညာရှင်တစ်ဦးဖြစ်သော အသက်(၈၈)နှစ်အရွယ်ရှိပါမောက္ခ ဒေါက်တာနိုင်ပန်းလှ၏အရိုးပြာကို ချက်မြုပ်ဇာတိဖြစ်သည့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ဂူသွင်းမြုပ်နှံသွားမည်ဟု မိသားစုများကပြောပါသည်။

ကွယ်လွန်သူ မွန်အမျိုးသားသုတေသနစာပေပညာရှင် ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ
ပါမောက္ခဒေါက်တာနိုင်ပန်းလှသည် ဇွန်လ(၁၈)ရက်နေ့ နံက်(၅)နာရီအချိန်တွင် ရန်ကုန်မြို့နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီး ဇွန်လ(၂ဝ)ရက်နေ့တွင် ရေဝေးသုသာန်၌ ကြွင်းကျန်သောရုပ်ကလာပ်ကို သဂြိင်္ုလ်ခဲ့ပါသည်။ ပါမောက္ခဒေါက်တာနိုင်ပန်းလှ၏ သက်တမ်းတလျှောက်တွင် သုတေသနလုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူဖြစ်သကဲ့သို့ သူရေးသားခဲ့သောစာပေများဖြစ်သည့် ရာဇဓိရာဇ်အရေးတော်ပုံကျမ်း၊ ဝါရီရူဖြတ်ထုံး၊ မွန်ဓမ္မသတ်ကျမ်း(၁၁)စောင်တွဲ၊ ဒေါက်တာနိုင်ပန်းလှ၏သုတေသနစာတမ်းများ၊ ရွှေစည်းခုံ ကျောက်စာ၊ မြစေတီကျောက်စာ အစရှိသည့်စာပေများသည် သမိုင်းမှတ်တိုင်အဖြစ် စာပေ၊ယဉ်ကျေးမှုသုတေသနသမားများ အတွက် အဖိုးမဖြတ်နိုင်သောစာပေများဖြစ်သည်ဟု စာပေလေ့လာသူများကဆိုပါသည်။ ထို့အပြင် ပါမောက္ခ ဒေါက်တာနိုင်ပန်းလှသည် မွန်ဘာသာနှင့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း၊ ဇာတ်ကြီးဆယ်ဘွဲ့တို့ကို တည်းဖြတ်ထုတ်ဝေခဲ့သည့်အတွက် မွန်ပညာရှင်စာပေသမားများအတွက် အဖိုးမဖြတ်နိုင်သော စာပေများဖြစ် ခဲ့သည်။ ပါမောက္ခဒေါက်တာနိုင်ပန်းလှ ကွယ်လွန်သွားသည့်အတွက် မွန်လူမျိုးများအတွက်သာမက မြန်မာနိုင်ငံ သုတေသနလုပ်ငန်းများအတွက်လည်း ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု သမိုင်းသုတေသီများ ကဆိုပါသည်။

ပါမောက္ခဒေါက်တာနိုင်ပန်းလှသည် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကော့ဗိန်းရွာ၌ သက္ကရာဇ် (၁၉၂၃) ခုနှစ်တွင်မွေးဖွါးခဲ့ပါသည်။ အခြေခံပညာအထက်တန်းအထိပညာသင်ကြားခဲ့ပြီး ဓါတုဗေဒမင်းကြီးဦးချစ်သောင်း ဦးစီးသော ဓါတုဗေဒဌာနတွင် စာရေးအဖြစ်စတင်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ပါမောက္ခဒေါက်တာလုစ်နှင့် တွဲဖက်ပြီး ရှေးဟောင်းသုတေသနလုပ်ငန်းတွင်တာဝန်ယူခဲ့ပါသည်။ ပါမောက္ခဒေါက်တာနိုင်ပန်းလှသည် နှစ်(၄ဝ) ကျော် ရှေးဟောင်းယဉ်ကျေးမှုသုတေသနဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အသက်(၇ဝ)ဝန်းကျင်ခန့်၌် (၁၉၉၁)ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်ရှိ Pacific Western တက္ကသိုလ်မှ ယဉ်ကျေးမှု မနုဿဗေဒ အထူးပြုနှင့် B.sc နှင့် Ph.d ဘွဲ့များကို ဂုဏ်ထူးနှင့်ရရှိခဲ့ပါသည်။ (၁၉၉၂) ခုနှစ်တွင် ဝါရီရူ မွန်ဓမ္မသတ်( ၁၁) စောင်တွဲကျမ်းပြုစုခဲ့သည့်အတွက် ဥပဒေပါရဂူဘွဲ့ကိုထပ်မံရရှိခဲ့ပါသည်။ ဂျပန်နိုင်ငံ၊ အိုကီနာဝါ ကျွန်း မေယိုတက္ကသိုလ်တွင် အမြဲတမ်းပါမောက္ခအဖြစ် အရှေ့တောင်အာရှယဉ်ကျေးမှုနှင့်သမိုင်းဘာသာရပ် များကိုပို့ချပေးခဲ့ပါသည်။ မွန်စာပေတတ်မြောက်ရေးအတွက် နိုင်ပန်းလှထာဝရရန်ပုံငွေတစ်ခု တည်ထောင်ထားခဲ့ပြီး မွန်စာပေဘာသာပြန်ပြိုင်ပွဲများ၊ပညာရေးထူးချွန်သောမွန်ကျောင်းသားများကို ထောက်ပံ့ခဲ့ပါသည်။ ကွယ်လွန်သည့် အချိန်အထိ သုတေသနစာပေများကို ရေးသားနေသည်ဟု ဆွေမျိုးသားချင်းတစ်ဦးကပြောပါသည်။

No comments:

Post a Comment