Pages

Subscribe

Tuesday 22 June 2010

ဖီဖာဥက္ကဌ မြန်မာခရီးစဉ် မသေချာသေး

မြန်မာအစိုးရ သတင်းစာတွင် ယခုနှစ် နိုဝင်ဘာလ အတွင်း ဖီဖာ ဥက္ကဌ ဆပ် ဘလတ္တာ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ရေးသား ထားသော်လည်း ထိုကိစ္စကို အတည်မပြု သေးကြောင်း ဖီဖာ ပြန်ကြားရေးအဖွဲ့က ဧရာဝတီသို့ ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စိုးမိုး (IBC) ရေးသားသော "ဖီဖာဥက္ကဌ ဘလတ္တာ ၊ ဒေးဗစ်ဘက်ဟမ်းနှင့် ဦးဇော်ဇော်" အမည်ရှိ သတင်းဆောင်းပါးတွင် ဖီဖာဥက္ကဌက မြန်မာနိုင်ငံသို့ လာရောက်ရန် ကတိစကား ပြောကြောင်း ဖော်ပြထားမှုအပေါ် ဧရာဝတီက ဖီဖာသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုခရီးစဉ်ကို အတည်မပြုသေးကြောင်း ပြန်ကြားခဲ့ခြင်းဖြစ်သည်။

ဖီဖာပြန်ကြားစာတွင် ယင်းခရီးစဉ်ကို အတည်မပြုနိုင်သေးသဖြင့် အခြားမေးခွန်းများကိုလည်း ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

မြန်မာသတင်းစာပါ ဆောင်းပါးတွင် ဆပ် ဘလတ္တာသည် တရက်လျှင် သုံးလေးဦးသာ လက်ခံတွေ့ဆုံပြီး တဖွဲ့လျှင် ငါးမိနစ်ခန့်သာ တွေ့ဆုံလေ့ရှိသော်လည်း မြန်မာဘောလုံးဥက္ကဌ ဦးဇော်ဇော်ကိုမူ မိနစ်၂၀ ကျော်မက တွေ့ဆုံခဲ့ကြောင်း ရေးသားထားပြီး မြန်မာ ဘောလုံး ဥက္ကဌ၏ စည်းရုံးဆွဲဆောင်နိုင်မှုကို ချီးကျူးမိသည်ဟုလည်း ဆောင်းပါးရှင်က အမွှမ်းတင် ရေးသားထားသည်။

ဖီဖာဥက္ကဌ ဆပ် ဘလတ္တာသည်မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ဖီဖာမှ Goal Project အဖြစ် ဒေါ်လာ(၄)သိန်းမတည်ပြီး ဒေါ်လာ(၁)သန်းအကုန်အကျခံကာတည်ဆောက်ခဲ့သော ဘောလုံးအကယ်ဒမီကိုလည်း ကြည့်ရှုသွားမည်ဖြစ်ကြောင်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်ဟု ပြည်တွင်းအခြေစိုက် ELEVEN အင်တာနက်စာမျက်နှာတွင် ဖြော်ပထားသည်။

မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဌ ဦးဇော်ဇော်သည် ဆောက်လုပ်ရေး၊ ဟိုတယ်၊ ကျောက်မျက်တူးဖော်ရေးနှင့် သတ္တုတွင်း လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်ခွင့်ရရှိထားကာ မကြာသေးမီက ပုဂ္ဂလိက ဘဏ် ထူထောင်ခွင့် ရရှိမည့်သူများ စာရင်းတွင်လည်း ပါဝင်ခဲ့သည်။ MFF အပြင် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်ပါ ဆောင်ရွက်နေသူ ဖြစ် သည်။

၎င်းကို စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်အဖြစ် အမေရိကန်အစိုးရက သတ်မှတ်ကာ စီးပွားရေး ဒဏ်ခတ်သည့် စာရင်းတွင် ထည့်သွင်းထားသည်။

မြန်မာနိုင်ငံတွင် မြန်မာနေရှင်နယ်လိဂ်(MNL)ခေါ် အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှစတင်ကာ အသင်း ၈ သင်းဖြင့် ကျင်းပခဲ့သည်။

MNL ပြိုင်ပွဲဝင် ဘောလုံးအသင်းများကို စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပိုင်ဆိုင်ထားကြသည်။

တတိယအကြိမ် ကျင်းပသည့် ယခု MNL ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အသင်း ၁၁ သင်း ၀င်ရောက်ယှဉ်ပြိုင် ကြသည်။

No comments:

Post a Comment