Pages

Subscribe

Wednesday 2 January 2008

Mizzima News

ထူးခြားသော လွတ်လပ်ရေး အခမ်းအနားဖြစ်အောင် အန်အယ်လ်ဒီလုပ်မည်
Wednesday, 02 January 2008 18:29 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့၌ ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မကြာမီ ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယခင်နှစ်များနှင့် ထူးထူးကဲကဲဖြစ်အောင် ကျင်းပပြုလုပ်သွားမည်ဟု ပါတီတာဝန်ရှိသူက ပြော ...

သတင်းသမား အသတ်ခံရမှုတွင် အာရှက ဒုတိယအများဆုံး
Wednesday, 02 January 2008 17:54 - မြန်မာစံတော်ချိန်

၂ဝဝ၇ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းတွင် သတင်းသမား (၈၆) ဦး အသတ်ခံခဲ့ရပြီး (၄၈) ဦးသည် အရှေ့အလယ်ပိုင်းဒေသတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြား (၁၇) ဦးမှာ အာရှနိုင်ငံများတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) က အစီရင်ခံ ...

နိုင်ငံ့ဂုဏ်ထိပါးသည့် အင်တာနက် အသုံးပြုသူများအား အရေးယူမည်
Wednesday, 02 January 2008 17:26 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွင် နိုင်ငံတော်သိက္ခာ ကျစေသည့် အင်တာနက် အသုံးပြု လုပ်ရပ်များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက သတိပေးထားကြောင်း အပတ်စဉ်ထုတ် ဂျာနယ် The Voice က ဖော်ပြထား ...

သီရိလင်္ကာရောက်မြန်မာရဟန်းတော်များ၏ ငြိမ်းချမ်းရေး လမ်းလျောက်ပွဲ

၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ဟာ မြန်မာ့မြေပေါ်မှာ ဗြိတိသျှအလံကို မြေခစေခဲ့ ပြီး မြန်မာ့အလံကို လွှင့်ထူနိုင်ခဲ့တဲ့ နှစ် (၆၀) ဆယ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များသည် မြန်မာ့လွတ်လပ်ရေးနေ့ တွင် ခရီးရှည်ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ (Long Distance Walking Campaign For Burma’s Freedom) ကို သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဂေါလ် (Galle) မြို့မှ ကိုလံဘို (Colombo) မြို့တော်အထိ (၅) ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။

အဓိကရည်ရွယ်ချက် ကတော့ ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံလွှတ် မြောက်ခဲ့တာ နှစ် (၆၀) ပြည့်ဆိုတာ မှန်ပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေ လက်အောက်ကနေ မလွတ်လပ်သေးဘူးဆိုတာ ပြသဖို့၊ မြန်မာ ပြည်သူ တွေ စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်ငြိမ်းချမ်းသာ ကြဖို့နှင့် မြန်မာ့ပြဿနာကို ကမ္ဘာက ပိုမိုအလေးထားလာဖို့ ဖြစ်ပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို ဂေါလ်မြို့ မြို့တော်ခန်းမ ရှေ့၌ ဇန်န၀ါရီလ (၄) ရက်၊ နံနက် (၇: ၃၀) ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားသို့ ဂေါလ်မြို့ မြို့တော်ဝန်နှင့် မြို့မိမြို့ဘများ တက်ရောက် ကြပါမည်။ ခရီးအရှည်က (၁၁၆) ကီလိုမိတာဖြစ်ပြီး ဇန်န၀ါရီလ (၈) ရက်တွင် ကိုလံဘိုရှိ ကုလသမဂ္ဂရုံးရှေ့တွင် အဆုံးသတ်သွားမည် ဖြစ်ပါသည်။

အီတလီနိုင်ငံ ပီဇာ မျှော်စင်မှာ ဒေါ်စုပုံ ချိတ်ဆွဲ ဂုဏ်ပြု

ဒေါ်သင်းသီရိ (MP3) - Download audio clip
Listen to ဒေါ်သင်းသီရိ (MP3) audio clip

Poster of Daw Aung San Suu Kyi in Rome, Italy.

အီတလီနိုင်ငံ၊ ရောမမြို့တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ချိတ်ဆွဲခဲ့စဉ်က

နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံလွှာကြီးကို အီတလီနိုင်ငံက ကမ္ဘာကျော် အထိမ်းအမှတ် အဆောက်အဦးကြီး ဖြစ်တဲ့ ပီဇာ (Pisa) မျှော်စင်ကြီးမှာ ချိတ်ဆွဲခဲ့ကြပါတယ်။ ဒီမျှော်စင်ဟာ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်ကြတဲ့ မျှော်စင်တခုလည်း ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးကို ပိုပြီးတော့ ဆောင်ရွက်လာကြအောင်၊ အားကြိုးမာန်တက် ဆောင်ရွက်လာကြအောင်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြင်သစ်ကနေ မသင်းသီရိသတင်းပေးပို့ထားပါတယ်။

၂၀၀၈ နှစ်သစ်ရဲ့အစ ဇန်န၀ါရီလ ၁ ရက်နေ့မှာ အီတလီနိုင်ငံရဲ့ မြို့တော်ဟောင်း ပီဇာ မြို့ကြီးက မျှော်စင်ကြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကြီးကို ပီဇာ မြို့တော်ဝန် ကိုယ်တိုင် ချိတ်ဆွဲ ဂုဏ်ပြူလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ ပီဇာမြို့ရဲ့ ဂုဏ်ထူးဆောင် မြို့တော်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့် ဂုဏ်ပြုကြောင်း မြို့တော်ဝန်က ကြေငြာခဲ့ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွက် လှုပ်ရှားမှုဟာ မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ အတွက် ပီဇာမြို့က တောင်းဆိုခြင်းဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ဒါ့အပြင် ဂုဏ်ထူးဆောင် မြို့တော်သူအဖြစ် ချီးမြှင့်တဲ့ အခမ်းအနားကိုလည်း ရှေ့လမှာ ပီဇာမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။ အခုရက်ပိုင်းနဲ့ လပိုင်းတွေမှာ အီတလီနိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားမှုတွေ များများစားစား တွေ့လာရတာမို့ အီတလီနိုင်ငံဟာ မြန်မာ့အရေး လှုပ်ရှားမှုကို ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသလဲလို့ အီတလီနိုင်ငံသူလည်းဖြစ်၊ ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ရဲ့ ဦးဆောင်ညွှန်ကြားရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဆီတာ စီဆီလီယာ ကိုမေးကြည့်ပါတယ် -

“ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာတုံးက ရဟန်း သံဃာတွေနဲ့ လူထု လှုပ်ရှားမှုတွေကို မြန်မာစစ်တပ်က တုန့်ပြန် ဖိနှိပ်မှုတွေအပြီး အီတလီနိုင်ငံမှာ မြန်မာ့အရေးကို ပိုပြီး စိတ်ဝင်စားမှုတွေ ရှိတယ်လို့ပြောနိုင်ပါတယ်။ အီတလီနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဘယ်လို တောင်းဆိုမှုမျိုးကို မဆို အစဉ်အမြဲ အားပေးတာပါ။ အခု အီတလီနိုင်ငံမှာ အစိုးရပိုင်းတွေက ဆွေးနွေးလှုပ်ရှားမှုတွေ ရှိသလို အီတလီနိုင်ငံက အထက်တန်း ကျောင်းတွေမှာလည်း မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေ၊ အလုပ်သမားတွေရဲ့ ပြဿနာတွေနဲ့ အာဏာ အလွဲသုံးစား လုပ်တဲ့ကိစ္စတွေ အပေါ်မှာ ဆွေးနွေးကြ၊ လေ့လာ သုံးသပ်ကြ၊ စာတမ်းတေ ပြုလုပ်နေကြတာ ရှိပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် အီတလီနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ အပေါ်မှာ အစဉ် ဂရုတစိုက် ရှိနေတယ်ဆိုတဲ့သဘောပါ” လို့ ဆီတာ စီဆီလီယာက ပြောပါတယ်။”

သူကပဲ အီတလီနိုင်ငံဟာ တနိုင်ငံတည်းအနေနဲ့ရော၊ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အနေနဲ့ရော မြန်မာနိုင်ငံ အပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုကို အစဉ် လိုက်နာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ကပဲ ဒုတိယအကြိမ် မြန်မာနိုင်ငံနဲ့ ကုန်သွယ် လုပ်ကိုင်မှုရှိတဲ့ ကုမ္ပဏီတွေကို စာရင်း ထုတ်ပြန်ပြီးတော့ ဒီလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ခရီးသွား ဧည့်သည်စာရင်း နှစ်စဉ် တစ်သောင်းကျော် ရှိပေမယ့် ဒီနှစ်တော့ နိုင်ငံရေး အခြေအနေကြောင့်ရော၊ အီတလီနိုင်ငံအတွင်း ခရီးသွား ဖိအားမှုတွေကြောင့်ရော မဆိုစလောက် အရေအတွက်သာ မြန်မာနိုင်ငံကို သွားလည်တာ တွေ့ရပါတယ်၊ အီတလီ နိုင်ငံအတွင်းမှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်မှု ကုမ္ပဏီတွေကလည်း ဒီနှစ်အတွင်းမှာ ရပ်ဆိုင်းတာကို တွေ့ရပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပီဇာမြို့က ဓါတ်ပုံနဲ့ ဂုဏ်ပြုမှုတွေသာ မကဘဲနဲ့ အခြား မြို့တွေမှာလည်း အခုလို ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုမှုတွေ၊ မြန်မာ့အရေး ဆွေးနွေးမှုတွေ၊ မြန်မာပြည်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အီတလီနိုင်ငံသူ ဆီတာ စီဆီလီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ ဒီဇင်ဘာလကပဲ အီးတလီနိုင်ငံက ရောမမြို့တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သလို၊ ရောမမြို့တော်ရဲ့ မြို့တော် ရင်ပြင်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ပုံကို ချိတ်ဆွဲပြီး ဂုဏ်ပြုထားတာ ရှိပါတယ်။

ဂြိုဟ်တုစလောင်းခွန် ကျပ်ငွေ ၁၀ သိန်း

ဒေါ်အေးအေးမာ (MP3) - Download audio clip
Listen to ဒေါ်အေးအေးမာ (MP3) audio clip

Roof Satellite dishes

ဆက်သွယ်ရေး ဂြိုလ်တု စလောင်းများ

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဂြိုဟ်တု စလောင်းအတွက် အခွန်ငွေကို ကျပ် ၆၀၀၀ ကနေ ကျပ်ငွေ ၁၀ သိန်းအထိ တိုးမြှင့် ကောက်ခံနေပါတယ်။ မကြားစဖူး အဆ ၂၀၀ နီးပါးလောက် အခွန် တိုးမြှင့်ကောက်ခံတာနဲ့ ပတ်သက်လို့ ပြည်သူတွေအကြားမှာ အတော်ပဲ ဂယက် ရိုက်ခတ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာ က တင်ပြပေးထားပါတယ်။

ဆက်သွယ်ရေးဌါနကနေ ဂြိုဟ်တုစလောင်းတွေကို အခွန်ဆောင်ပေးဖို့ဈေးနှုန်းဟာ ၂၀၀၈ ခုနှစ် အတွင်း ကျပ် ၁၀ သိန်းထိ တိုးမြှင့်သွားတာကြောင့် နိုင်ငံတကာသတင်းတွေနဲ့ ရုပ်ရှင်၊ ဗဟုသုတတွေ ကြည့်ရှု့နေသူတွေ အဖို့ အခက်အခဲတွေ တွေ့သွားရပါတယ်။ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းကတော့ လိုင်စင်သွားဆောင်တဲ့အခါမှာ တွေ့ကြုံခဲ့ပုံကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ ၁ ရက်နေ့ ရောက်တော့ ဇန်န၀ါရီ ၁ ရက်နေ့ ကနေ ၃၁ ရက်နေ့အထိဟာ ဂြိုဟ်တု ရုပ်မြင်သံကြား ဟိုဟာမှာ အခွန် ဆောင်ရတာကို၊ နှစ်စဉ်က နှစ်ဦးတဲ့ရက်တွေက အဲဒီလို အခွန်ဆောင်ရတဲ့ ရက်တွေ၊ အဲဒီကမဆောင်တော့ သူက ဒဏ်ကြေးပါတာပေါဗျာ။ အဲဒီက မကျော်အောင် ကျနော်တို့က ၁ ရက်နေ့မှာ အခွန်ဆောင်ဖို့သွားတယ်။ သွားတော့ ဆက်သွယ်ရေးစခန်း ကနေ ဘာပြောလိုက်လည်း ဆိုတော့ အခု ၁၀ သိန်းဖြစ်သွားပြီတဲ့။ ၁၀ သိန်း ဖြစ်သွားပြီဆိုတာ ခင်ဗျားတို့ဆီကို ညွှန်ကြားချက်တွေ ဘာတွေလာပြီးပြီလား ဆိုတော့၊ မလာဘူးတဲ့၊ ဒါနှုတ်မိန့်တဲ့၊ နှုတ်မိန့်နဲ့ဆိုတော့ ယခင် ၆၀၀၀ က အခု ၁၀ သိန်းဆိုတော့ နှုတ်မိန့်နဲ့ ဘယ်လိုလုပ် ဖြစ်မလဲလို့၊ သတင်းစားထဲမှာလည်း မပါဘူး၊ ရုပ်မြင်သံကြား ထဲမှာလည်း မကြေငြာဘူးခင်ဗျ။ ကျနော်တို့ ဘယ်လိုလုပ် ဆောင်နိုင်တော့မလဲလို့၊ ကျနော်တို့က ရှေ့နေခင်ဗျ၊ တလ ရှစ်သောင်းလောက်ကို ဆောင်ရမယ်ဆိုတော့ အရာရှိတယောက်တောင် မဆောင်နိုင်ဘူး၊ အဲဒါတော့ ခင်ဗျား စဉ်စားကြည့်ဗျာ၊ ကျနော်တို့က ခင်ဗျားအဲဒီက ဘယ်ရက်ထိ အတည်ဖြစ်မလဲ၊ ကျနော်တို့က ဇန်န၀ါရီ ၃၁ ရက်နေအထိ စောင့်ကြည့်မယ်ဗျာလို့။”

ဒါဆိုရင် ဂြိုဟ်တုစလောင်း ၀ယ်ယူထားသူတွေ အနေနဲ့ အခွန်ဆောင်မှုတွေ မလုပ်နိုင်တဲ့အခါ ဘာတွေများ ဆက်လုပ်မှာလည်းလို့ မေးတဲ့အခါမှာတော့ -

“ဘယ့်နယ်ဗျာ၊ လူတွေ ဗဟုသုတရအောင်၊ နိုင်ငံတကာတကာနဲ့ ချိတ်ဆက်မိအောင်၊ ဟုတ်လား၊ Globalization တွေ ဘာတွေ ပြောနေပြီးတော့ အဲလောက်ကြီးကို အခွန်တွေ ၆၀၀၀ က ၁၀ သိန်း ပေးရမယ်လို့၊ ဘယ်လိုလုပ် ကျနော်တို့ ပြည်သူလူထု ကြည့်နိုင်မှာလည်းဗျ၊ မတတ်နိုင်ဘူး။ အဲဒီ၃၁ ရက်နေ့ ၁၀ သိန်းဆိုတဲ့ဟာကြီး မပြင်ဘူးဆိုရင်တော့ ကျနော့် အဲဒီစလောင်းကြီး ဖြုတ်ပြီးတော့ မြေကြီးပေါ် ပုံဖွထားလိုက်ရုံပဲ ရှိတော့တယ်။ ဘာဖြစ်လို့ဆိုတော့ ကျနော်က နဂိုကတည်းက လိုင်စင်ခံပြီး ကြည့်တဲ့သူမို့လို့ ကြည့်တာ၊ လိုင်စင်နဲ့မဟုတ်ရင် ကျနော်က ကြည့်တဲ့သူ မဟုတ်ဘူး၊ မကြည့်စေချင်လို့ ဆိုရင်လည်း ဂြိုဟ်တုက လှမ်းပိတ်လိုက်ပေါ့ဗျာ၊ မပိတ်နိုင်ဘူး ဆိုရင်လည်း အခွန်ပဲတက် ပြောနေတော့ ကျနော်တို့ ဘယ်လိုလုပ်မှာလဲ။”

ရန်ကုန်၊ ပန်းဆိုးတန်းလမ်းက Electronic ဆိုင်က ၀န်ထမ်းတဦးကတော့ အခုလိုပြောသွားပါတယ် -

“အခုလို ဂြိုဟ်တုစလောင်းတွေ နဲ့ပတ်သက်ပြီးတော့ ကျမတို့ မရောင်းနိုင်တော့ဘူး ပေါ့နော်၊ အခွန်အခတွေလည်း တောင်းတဲ့အတွက် ကျမတို့ ဘယ်လိုမှ မရောင်းနိုင်ဘူး။ သူတို့တောင်းတဲ့ အခွန်အခတွေကိုလည်း ကျမတို့မပေးနိုင်ဘူး၊ အရင်တုံးကလိုလည်း ရောင်းအား မကောင်းတော့ပါဘူး။”

မြန်မာ့ဆက်သွယ်ရေးဌါနကနေ တရားဝင် စာနဲ့ ထွက်လာခြင်း မရှိတာကြောင့် ဒီသတင်း မှန်ပါသလားဆိုပြီး ဆက်သွယ်ရေး ၀န်ထမ်းတဦးကို မေးမြန်းကြည့်တဲ့အခါမှာတော့ -

“ဟုတ်ကဲ့၊ အဲလိုပဲပြောနေကြတယ်။”

အဲဒါ မြန်မာ့ဆက်သွယ်ရေးဌါနက ချမှတ်လိုက်တဲ့ဟာ မဟုတ်ဘူးလား -

“ဟုတ်ပါတယ်။”

ဒါဆို တရားဝင် စာမထွက်သေးဘူးလား -

“အဲလိုတော့ မထွက်သေးဘူး အစ်မ၊ တရားဝင်စာ နောက်မှ သူ့ဟာသူ လာမှာပေါ့၊ အစ်မတို့လည်း စုံစမ်းလို့ ရပါလိမ့်မယ်၊ တရားဝင်တော့မထွက်သေးဘူး။”

ဒီလို ဂြိုလ်တုစလောင်း အခွန် တိုးမြှင့်လိုက်တာကြောင့် နိုင်ငံအနှံ့ ဂြိုဟ်တု စလောင်းကနေ ဘော်လုံးပွဲ၊ ရုပ်ရှင်၊ နိုင်ငံတကာ ဗဟုသုတနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ၊ ရုပ်ရှင်တွေကို ကြည့်ရှု နေသူတွေကို ထိမ်းချုပ်လိုက်သလို ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ ဂြိုဟ်တုစလောင်း ရောင်းချတဲ့ ဈေးဆိုင်တွေကို ဥပဒေနဲ့ မလွတ်ကင်းတာတွေ ပြသမယ်ဆိုရင် အရေးယူမယ်၊ ဆိုင်ပိတ်ပစ်မယ် ဆိုပြီး သတိပေးမှုတွေလည်း လုပ်ခဲ့ပါတယ်။ အခုထိတော့ မြန်မာ့ ဆက်သွယ်ရေးဌါနမှာ ဂြိုဟ်တုစလောင်း ရှိတဲ့သူတွေက အခွန် ဆောင်မှုတွေ လည်း မလုပ်သေးဘူးလို့ သိရပါတယ်။

Tuesday 1 January 2008

ပထမ နံနက်ခင်း

စာရေးသူက ဘာသာရေးသမားတစ်ဦးပါ၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ထာဝရငြိမ်းချမ်း ထာဝရအပြုံးပန်းတွေနဲ့ လျှမ်းလျှမ်းဝေနေချင်သူတစ်ဦးပါ။ ကမ္ဘာကြီးတစ်ခုလုံး စစ်ပွဲတွေ ကင်းရှင်း ယမ်းခိုးတွေလည်း အလျင်းမရှိတဲ့ စစ်မဲ့နယ်မြေချဉ်း ဖြစ်စေချင်တဲ့သူပါ။ အချင်းချင်းတွေကြား မတရားတဲ့ ယှဉ်ပြိုင်မှုတွေ၊ တရားမဲ့ အနိုင်ယူချင်မှုတွေလည်း ကင်းရှင်းစေချင်တဲ့သူပါ။ ဒုက္ခဆိုတဲ့စကားကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ နားမှာမှ သဲ့သဲ့လေးတောင် မကြားစေချင်သူတစ်ဦးပါ။ စားစရာမရှိ ၀တ်စရာမဲ့ နေစရာပျောက်ဆိုတဲ့ အဖြစ်မျိုးကို စိတ်ကူး အိပ်မက်ထဲမှာတောင် မြင်မက်လို့မရနိုင်တဲ့ လူသားကမ္ဘာကြီးတစ်ခုကိုလည်း တည်ဆောက်ပေးချင်သူတစ်ဦးပါ။ ဒါကြောင့် ငြိမ်းချမ်း တဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ဖို့ ကြိုးစားကြသူများရဲ့ ဘ၀ဖြစ်စဉ်များ၊ လုပ်ရပ်များကို အလျဉ်းသင့်တိုင်း စူးစမ်းမိတတ်ပါတယ်။ ကိုယ်လဲ ဘယ်လိုများ ကူညီပေးနိုင်မလဲရယ် လို့ ဆိုတဲ့ အတွေးနဲ့ပါ။ ဒီအထဲမှာ မဖြစ်သင့်တဲ့ ပြဿနာတစ်ခုဖြစ်ရခြင်း၊ ဖြစ်နေတဲ့ ပြဿနာတစ်ခု မပြေလည်နိုင်ခြင်းနှင့် ပတ်သတ်ပြီး ပညာရှင်များရဲ့ လေ့လာထားမှုကို ဖတ်ရတယ်။ စိတ်ဝင်စားစရာပါ။ မဖတ်ဖူးသေးမည့်သူတွေကိုလည်း ဒီအကြောင်းတစ် ဆင့်ပြောချင်မိတယ်။ ပြန်လည်ဖောက်သည်ချတဲ့ သဘောပေါ့။ ဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်စေဖို့ အထောက်အပံ့လေးတစ်ခု ဖြစ်နိုင်မယ်လို့လည်း ယူဆမှတ်ထင်မိလို့ပါ။

ရေမြေလေ သဘာဝ သယံဇာတပါမက ဘာသာသာသနာ ယဉ်ကျေးမှုအလှတွေနဲ့ပါ ထုံမွှမ်းထားခဲ့တဲ့ ကိုယ့်မြေကိုယ့်ရွာမှာ တကယ်ဆိုတော့ ကြီးမားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး ပြဿနာဆိုတာ မရှိစကောင်းတဲ့အရာပါ။ သို့ပေမယ့်လည်း တကယ့်လက်တွေ့ဘ၀မှာ မပြီးဆုံးနိုင်တဲ့ ပြဿနာပေါင်းစုံနဲ့ နေ့စဉ်တွေ့ကြုံနေရလို့ လူတွေလည်း လူစဉ်မမှီ၊ သူစဉ်မမျှ အလွန်မှပဲ အောက်ကျနောက်ကျနဲ့ နေထိုင်ကြရတာပါ။ ဆင်းရဲမွဲတေမှု၊ အသိဥာဏ်ခေါင်းပါးမှု၊ ကိုယ်ကျင့်တရားတွေ ချွတ်ခြုံကျမှုစတဲ့ ဘ၀အတွက် အနှုတ်လက္ခဏာဆောင် အမူအကျင့်များနှင့် အသားကျ ရင်ပါးစွာ နေနေရတဲ့ကိုယ့်လူမျိုးတွေကို မြင်ရ တွေ့ရတော့ စိတ်ထဲမှာ နာကျင်ခံခက်လဲ ဖြစ်မိတယ်။ ၀မ်းနည်းစိုးရိမ်စိတ်လည်း ဖြစ်မိတယ်။ တွေးမိတဲ့အခါတိုင်း ယူကျူံးမရဖြစ်တတ်မိလို့ အိပ်မပျော်တဲ့ ညတွေတောင်မှ ဖြစ်ရတက်ပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့ လူမှုဒုက္ခအ၀၀တွေကနေ ကင်းလွတ်စေဖို့ ကူညီပံ့ပိုးနိုင်လေမလဲလို့ လည်း အခါခါစဉ်းစားမိတက်ပါတယ်။ ဖြစ်ဖြစ်မြောက်မြောက် မကူညီမပံ့ပိုးနိုင်တဲ့ ကိုယ့်ရဲ့ အားနည်းမှုအတွက်လည်း အားမရနိုင်ဖြစ်မိပါတယ်။ တစ်ခါတစ်လေမှာ ကူညီ နိုင်မည့်သူ တစ်ဦးတစ်ယောက်ဆိုတာကိုပင် မိုက်မဲစွာ မျှော်ကိုးစိတ် ၀င်လာတတ်တဲ့ ကိုယ့်ရဲ့ပျော့ညံ့မှုအတွက်လည်း ကိုယ့်ကိုကိုယ် အားမရနိုင်ဖြစ်တက်ရင်းနဲ့ပေါ့။ သို့ပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်ဘူးထင်လို့ ဘာမှမလုပ်ဘဲ နေမယ်ဆိုလျင်တော့ ဘာမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ လုပ်ကြည့်နေခဲ့ပါတယ်။ ကိုယ်ယုံကြည်ရာ အပိုင်းကနေပြီးတော့ပေါ့။ ကိုယ်လုပ်သမျှ တိုင်းမှာလည်း အကျိုးမရှိရင် နေစေဦးတော့၊ အဆိပ် အတောက်တော့ ဘယ်လိုနည်းနဲ့မျှ မဖြစ်စေရဘူးဆိုတဲ့ ဆန္ဒမူကိုလည်း ရှေ့သွားပြုလို့ပေါ့။ ဒီစာလေးက တော့ အဲလိုဆန္ဒနဲ့ လုပ်ကြည့်နေတဲ့ အရာများထဲက အစိတ်အပိုင်းလေး တစ်ခုပါပဲ။ လည်ပတ်နေတဲ့ စက်ယန္တရားကြီးတစ်ခုက ခွေးသွားစိတ်ကလေးတစ်ခုမျှ ဖြစ်စေဦးတော့ ဆိုတဲ့အနေနဲ့ပါ။

ပြဿနာကို တကယ်ပြေလည်အောင် ဖြေရှင်းနိုင်တဲ့အဆင့်ရောက်ဖို့ အဆင့်ငါးဆင့်လို တယ်လို့ဆိုပါတယ်။ အဲဒါတွေကတော့
(၁) ပြဿာ၏ အခြေအနေမှန်ကို ဂရုပြုမိခြင်း
(၂) ဖြစ်နေတဲ့ ပြဿနာက တကယ့်အရေးတစ်ကြီး ဖြေရှင်းရမည့်အရာလို့ လက်ခံခြင်း
(၃) ပြဿနာကိုဖြေရှင်းဖို့ ကိုယ့်မှာ တာဝန်ရှိတယ်လို့ လက်ခံခြင်း
(၄) ဖြေရှင်းရမည့် ပြဿနာအတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနိုင်ခြင်း
(၅) ဖြေရှင်းဖို့ ဆုံးဖြတ်ခြင်း။ ဖြေရှင်းရာမှာ ကိုယ်တိုင်ပါဝင်ခြင်းတို့ လို့ဆိုပါတယ်။
ပြဿနာတစ်ခု ဖြစ်နေပြီဆိုပါတော့ အမြန်ပြေလည်သွားစေဖို့ဆိုလျင် ဒီပြဿနာကို ပြဿနာရယ်လို့ အမှန်အတိုင်း လက်ခံဖို့လိုပါတယ်တဲ့။ ဟုတ်တာပေါ့။ ပြဿနာကို ပြဿနာရယ်လို့ လက်ခံမှသာ ဖြေရှင်းလိုစိတ်ရှိမှာပေါ့။ အမှတ်တမဲ့ နေတက်လို့ပဲ ဖြစ်ဖြစ်၊ ပြဿနာနဲ့ နေထိုင်နေရတာ အသားကျနေလို့ပဲဖြစ်ဖြစ်၊ ပြဿနာကို ပြဿနာလို့ လက်မခံချင်ဘူးဆိုရင်၊ သို့မဟုတ် ဖြစ်နေတဲ့ ပြဿနာကနေ ကိုယ့်အတွက် အကျိုးအမြတ် တစ်ခုခုရနေလို့ ပြဿနာကို ပြဿနာလို့ မမြင်ဘူးဆိုလျင် ဘယ်နည်းနဲ့မှ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားအားထုပ်မှာ မဟုတ်ပါဘူး။ ကြာလာတော့ ပြဿနာအတွင်းမှာ နေရတဲ့ ဘ၀ကိုတောင် ဒါဟာ လူသားတစ်ဦးအဖို့ မလွဲမသွေ လက်သင့်ခံရမည့်၊ လိုက်နာရမည့် ဘ၀အစိတ်အပိုင်း တစ်ခုလို့ပင် ထင်မြင်လာတက်ပါ တယ်။ လူတွေဖန်တီးမှုကြောင့် ဖြစ်လာရတဲ့ ပြဿနာကိုပင် လူဖန်တီးမှုကြောင့်လို့ မမြင်နိုင်တော့ဘဲ နိယာမတစ်ခုအသွင်၊ သဘာဝ ဖြစ်စဉ်တစ်ခုပမာ ထင်မြင်လာတတ်ပါ တယ်။ တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်မှု၊ ယုံကြည်လက်ခံမှုမှသည် တစ်သင်းတစ်ဖွဲ့၊ လူမျိုးတစ်မျိုးရဲ့ ထုံးတမ်းစဉ်လာ တစ်ခုအထိပါ ထင်မြင်လာတက်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမျိုးမှာ တွေ့ကြုံရတဲ့ အခက်အခဲမျိုးဟာ သာမန်လူသားတွေဖြေရှင်း လို့ ရနိုင်တဲ့အရာမျိုးမဟုတ်ဘူးလို့လည်း ထင်လာတတ်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲ ကနေ ရုန်းထွက်နိုင်စေဖို့ သာမန်သူတွေထက် စွမ်းလောက်မည်ထင်တဲ့ စွမ်းအားရှင် တစ်ဦးဦးရဲ့ ကူညီမှုမျိုးကို မျှော်ကိုးတက်ပါတယ်။ ကိုယ်လုပ်ရမည့် ကိုယ့်တာဝန်ကို တန်းခိုးရှင်တစ်ဦးဦး၊ စွမ်းအားရှင်တစ်ဦးဦးဆီကို လွဲပြောင်းပေးချင်လာတက်ကြပါတယ်။ ကိုယ့်ရဲ့ပြဿနာကို ကိုယ်တကယ်ဖြေရှင်းမှ ပြေငြိမ်းမည့် အရေးမှာ မဆိုင်သူတွေကို မှီခို အားကိုးလွန်းအားကြီးတော့ တကယ့်ပြဿနာက ဘယ်မှာလာလို့ ပြေလည်နိုင်ပါ့မလဲ။ နောက်ပြီး စွမ်းအားရှင် တကယ်ရှိ မရှိဆိုတာလည်း အတိအကျသိနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ။ ဒါကြောင့် ပြဿနာကို ပြဿနာရယ်လို့ အမှန်အတိုင်းမြင်တတ်မှုဟာ ပြဿနာဖြေရှင်းဖို့အတွက် ပထမအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပြဿနာကို ပြဿနာလို့ အမှန်အတိုင်းအမြင်နိုင်၊ ဂရုမပြုနိုင်မိဘူးဆိုရင် နံပါတ်တစ် အချက်ကို ဖောက်ဖျက်တာဖြစ်လို့ တကယ့်ပြဿနာဟာ ဘယ်တော့မှ ပြေလည်နိုင်မှာ မဟုတ်ပါဘူးတဲ့။

ပြဿနာကို ပြဿနာရယ်လို့ မြင်တာတောင်မှ ဖြစ်နေတဲ့ပြဿနာဟာ အရေးတစ်ကြီး ဖြေရှင်းရမည့်အရာလို့ မမြင်နိုင်ဘူးဆိုလျင်ရင်လည်း ဖြေရှင်းဖို့ နှောင့်နှေးနေတတ် ပါတယ်တဲ့။ ဒါကြောင့် ဖြစ်နေတဲ့ ပြဿနာက တကယ့်အရေးတစ်ကြီး ဖြေရှင်းရမည့် အရာလို့ လက်ခံခြင်းဆိုတဲ့ နံပါတ်နှစ် အချက်ကလည်း တကယ်အရေးကြီးတာပဲ။ သူသူ ကိုယ်ကိုယ်ပါပဲ။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာကိုပဲ ဖြစ်ဖြစ်၊ ပြုလုပ်ရဖို့ ကြုံရတဲ့အခါမျိုးမှာ ကိုယ်တွေ့ကြုံရတဲ့အရာဟာ တကယ့်ကိုယ်မှ အရေးတစ်ကြီး လုပ်ရမည့်အရာလို့ ထင်မြင်မိဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ပဲ ဒီအရာဟာ သိပ်ပြီး အရေးမကြီးလှဘူးလို့ ထင်လျင် ချက်ချင်းလက်ငင်း မလုပ်ပဲ နေ့ရွှေ့ ညဆိုင်း လုပ်တတ်ပါတယ်။ ချက်ချင်းလက်ငင်း လုပ်ဖြစ်သည်ထားဦး ကိုယ့်မှာရှိတဲ့ ခွန်အားကို အပြည့်အ၀မထည့်ပဲ ပေါ့ပေါ့လျော့လျော့လည်း လုပ်တက်ပါတယ်။ တစ်ဦးဆောင်သော် မရ၊ တစ်သောင်းဆောင်သော်ရ၏ လို့ဆိုပေမယ့် အဲဒီတစ်သောင်းလုံးက အမှန်တကယ် ဆောင်ပါမှ ကိုယ်လိုတဲ့အရာက တကယ်ရနိုင်မှာပါ။ သို့မဟုတ်လို့ အရေအတွက်မျှသာ တစ်သောင်းထဲ ပါဝင်နေမယ်ဆိုလျင်တော့လည်း တစ်သောင်းဆောင်လည်း ရနိုင်မှာ မဟုတ်သလို တစ်သန်းဆောင်လည်း ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းလူတိုင်း က ကိုယ့်မှာရှိတဲ့ ကိုယ်အားဥာဏ်အားတွေကို အစွမ်းကုန်ထုပ်ကြမှ လိုချင်တဲ့အရာက ရနိုင်မှာပါ။ မထိတထိလုပ်နေခြင်းဟာ ပြဿနာကိုပိုပြီး ရှည်ကြာစေတတ်တယ်ဆိုတာ ကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် ဖြစ်နေတဲ့ ပြဿနာဟာ အရေးတစ်ကြီး ဖြေရှင်းရမည့်အရာဟာ ခွန်အားအပြည့်နဲ့ ဖြေရှင်းရမည့်အရာလို့ လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။

နံပါတ်သုံးဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ လက်ခံခြင်းဆိုတဲ့ အချက်ကတော့ အရေးအကြီးဆုံးဖြစ်မယ်ထင်ပါတယ်။ လောကထဲမှာ ကောင်းကျိုး ရလာဒ်ကို မျှဝေသုံးစွဲလိုသူတွေ၊ သုံးစွဲနေသူတွေ များပေမယ့် ကောင်းကိုးရလာဒ် အားထုပ်လိုသူကတော့ မများလှပါဘူး။ ရှားတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ နိုင်ငံရေးဝေါဟာရနဲ့ ပြောရရင် free riders အချောင်စီးသူတွေများတယ်လို့ ထင်ရမှာပါ။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးမှာ အဲဒီလို အချောင်စီးလိုသူတွေ များနေရင် အဲဒီနိုင်ငံနဲ့ လူမျိုးမှာ ကြီးပွားတိုးတက်ဖို့ လမ်းစမမြင်ဘူးလို့ ဆိုပါတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်လုပ်ယူမှ ရမယ်ဆိုတဲ့သဘောတရားကို နားလည်ပေမယ့် တကယ် ကိုယ်တိုင် လုပ်သူကတော့ အတော်ကိုရှားပါတယ်။ တစ်ခါတစ်လေမှာဆိုရင် တကယ်လုပ်နေသူကို ပင်လျင် မိုက်မဲလို့လုပ်နေတာ၊ ကိုယ့်ကိုယ်ကို ဒုက္ခရှာနေတာလို့ပင် ထင်နေတတ်ကြ ပါတယ်။ နောက်ပြီး လုပ်နေသူတွေကိုပဲ အခွင့်အရေးတစ်ခုခုကို မျှော်ကိုးပြီး လုပ်နေသယောင်ယောင် မြင်တတ်ကြပါတယ်။ တကယ်တော့ ဆင်းရဲဒုက္ခခံကာ လုပ်ကိုင် ဆောင်ရွက်နေသူတွေကြောင့် ကောင်းကျိုးရလာဒ် ထွက်လာမည်ဆိုလျင် အဲဒီရလာဒ်ကို အားလုံးမျှဝေ ခံစားခွင့်ရကြမှာပါ။ လုပ်နေသူတွေက ဘာမှပိုပြီး ခံစားကြရမှာ မဟုတ်ပါဘူး။ တကယ်လုပ်နေသူတွေက အနည်းအကျဉ်း ပိုမိုခံစားကြရ သည်ထားဦး တကယ်လုပ်နေစဉ်မှာ သူတို့တွေ့ကြုံ ရင်ဆိုင် ခံစားနေရတဲ့ ဆင်းရဲဒုက္ခက အကျိုးရလာဒ်နှင့် မတန်လောက်အောင်ပင် အလွန်ကြီးမားကြောင်းကို စာနာနားလည် တက်ဖို့ လိုပါတယ်။ တကယ်ဆို အကျိုးရလာဒ်ဟာ လုပ်နေသူတွေအတွက် သက်သက် သာ ဖြစ်မယ်ဆိုလျင် အရင်းနဲ့အကျိုး တန်တယ်လို့တောင် မဆိုးနိုင်ပါဘူး။ သို့ပေမယ့် လုပ်ဆောင်နေကြသူတွေက ကိုယ်ကျိုးသက်သက်အတွက် လုပ်နေကြတာ မဟုတ်ပါ ဘူး။ လူတိုင်းလူတိုင်း အမေရိကန် သမ္မတ ဂျွန်အပ်ဖ် ကနေဒီပြောခဲ့ဖူးသလို တိုင်းပြည် က ကိုယ့်အတွက် ဘာလုပ်ပေးခဲ့သလို့ မမေးပါနဲ့၊ ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးခဲ့ပြီလဲလို့ မေးကြည့်ပါ - ဆိုသလို ကိုယ်က တိုင်းပြည်အတွက် ဘာများ လုပ်ပေးခဲ့ပြီလည်းလို့ မေးကြည့်သင့်ကြပါတယ်။ အခုကာလလို ကစဥ့်ကလျားနိုင်လွန်း လှတဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေဆိုးကနေ အကောင်းဘက်ကို ပြောင်းလဲ လာနိုင်စေဖို့ အထူးလိုအပ်နေချိန်မျိုးမှာ နိုင်ငံသားတိုင်း တစ်ခုခုတော့ လုပ်ကိုလုပ်ဖို့လိုတယ်။ ဘေးထိုင်၊ ဘုပြော၊ အတင်းထု၊ အတို့အထောင်လုပ်နေတဲ့ ဥာဉ်းဆိုးတွေကို စွန့်လွှတ်သင့်တယ်။ ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေက ခေါင်းဆောင်နေရာကိုယူပြီး ခေါင်းမဆောင်နိုင်သူတွေက နောက်လိုက်ကောင်းတစ်ယောက်အဖြစ် လိုက်ပါလုပ် ဆောင်ဖို့ လိုပါတယ်။ အချောင်စီး၊ အကွတ်ချောင်း၊ ယောင်တောင်တောင် ရှောင်တောင် တောင် မနေသင့်ပါဘူး။ ဒီလိုနေလျင် နံပါတ်သုံးအချက်ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ တတိယအချက်ကို ချိုးဖောက်သလိုဖြစ်လို့ ပြဿနာဟာ ဘယ်တော့မှ ပြေလည်နိုင်မှာ မဟုတ်ပါဘူး။

လောကမှာ ဆူဆူပူပူ ရှုတ်ရှုတ်ယှက်ယှက်ကိုမှ ကြိုက်တတ်သူလည်း အနည်းအကျဉ်း တော့ရှိမှာပါ။ သို့ပေမယ့် လူအများစုကတော့ အေးအေးချမ်း ပျော်ပျော်ရွှင်ရွှင် နေရမှုကို ပဲ သဘောကျတတ်ပါတယ်။ လူ့သဘာဝကိုက စိုးရိမ်ကြောင့်ကြ နေရမှုမျိုးကို အလိုမကျ တတ်ပါဘူး။ လူ့အသိုင်းအ၀န်းက ဖယ်ကျင်ခံရမှာမျိုး၊ ကိုယ့်စွမ်းရည်ကို အပိတ်အပင် အတားအဆီး ခံရမှာမျိုးကို မလိုလားတက်ပါဘူး။ ဒါကြောင့် စိုးရိမ်ကြောင့်ကြ ကင်းရလေအောင် အစွမ်းအစ ပြခွင့်သာအောင် နည်းအမျိုးအမျိုးနဲ့ ကြိုးစားတက်ကြပါ တယ်။ ကံဆိုးလှစွာ ဒီလိုအခွင့်အလမ်းမျိုးကို လူတိုင်းမရနိုင်ကြပါဘူး။ အထူးသဖြင့် လုံခြုံမှုကင့်မဲ့တဲ့ နေရာမျိုး၊ ကန့်သတ်မှု များစွာကြောင့် ကျဉ်းမြောင်း ကျပ်တည်းတဲ့ အခြေအနေကြားမှာ နေထိုင်ရသူတွေအဖို့ ဒီလိုအခွင့်အရေးမျိုးကို လုံးဝမရသလောက် နီးပါး ဖြစ်တတ်ပါတယ်။ ပြဿနာထဲကို ရောက်နေသူကိုယ်တိုင်က ကိုယ့်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အခါလည်း ရှိနိုင်ပါတယ်။ တစ်ခါခါမှာတော့လည်း ပြဿနာတွင်း က သူတွေအနေနဲ့ ကိုယ်တိုင်ဖြေရှင်းဖို့ ခက်ခဲတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ပြင်ပြရဲ့ အားပေးကူညီမှု အထူးလိုအပ်ပါတယ်။ ဒီနေရာမှာ နံပါတ်လေး အချက်ဖြစ်တဲ့ ဖြေရှင်းရမည့် ပြဿနာအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေနိုင်ခြင်းဆိုတာ အရေးကြီးကြောင်း တွေ့ရမှာပါ။ ကမ္ဘာကြီးမှာဖြစ်တဲ့ အခြေအနေ တွေက တစ်နေ့နှင့်တစ်နေ့ မတူပါဘူး။ နေ့စဉ်ပြောင်းလဲနေတာကို ကြားရမြင်ရမှာပါ။ ဒီနေ့ မိတ်ဆွေက နောက်နေ့မှာ ရန်သူ၊ ဒီနေ့ ရန်သူက နောက်နေ့မှာ မိတ်ဆွ ဖြစ်နိုင်တာကိုလည်း တွေ့ရမှာပါ။ မနေ့က တံခါးကို စေ့စေ့ပိတ်ထားရာကနေ ဒီနေ့တံခါးကို ပွင့်ပွင့်ဖွင့်လာကြတဲ့ နိုင်ငံများကိုလည်း တွေ့ရမှာပါ။ သေချာမှုတစ်ခုကတော့ ခုခေတ်ခုခါဟာ ကိုယ့်အိမ် ကိုယ့်ယာလေးကို အသေတံခါး ပိတ်ပြီး ဆိတ်ဆိတ်တိတ်တိတ်လေး ဘယ်လိုမှနေလို့မရနိုင်တော့ဘူး ဆိုတာကိုပါ၊ ဒါကို မျက်ကွယ်ပြုပြီး တံခါးကို စေ့စေ့ပိတ်ထားမယ်ဆိုလျင်တော့ အမှောင်ကမ္ဘာထဲမှာ အောက်ကျနောက်ကျပြီး အထီးကျန်နေရစ်မှာ မလွဲပါဘူး။

အလုပ်မဖြစ်တဲ့ နည်းလမ်းတွေကို မိုက်မဲစွာ အသေဆုပ်ကိုယ်မထားင့်ပါဘူး။ အခြေအနေအချိန်ခါနဲ့ သင့်လျော်မည့်နည်းလမ်းပေါင်းစုံကို စဉ်းစားပြီး အသင့်တော် လျော်ဆုံးဖြစ်မည့်နည်းကို သုံးဖို့လိုပါတယ်။ ပန်းမွေ့ရာကို လျှောက်လှမ်းဖို့ ယမ်းငွေ့တွေနဲ့ ရံရတတ်တာမျိုး ကမ္ဘာ့သမိုင်းမှတ်တမ်းများမှာ အထင်အရှားရှိခဲ့တာ မဟုတ်လား။ စကားနှီးနှောခြင်းဟာ အကောင်းဆုံးဖြေရှင်းနည်းဆိုပေမယ့် ဒီစေ့စပ် ဖြေရှင်းတဲ့အဆင့်ရောက်စေဖို့ ကိုယ့်မှာ အားတစ်ခုခုတော့ ရှိအောင်လုပ်ဖို့ လိုပါလိမ့်မယ်။ မသူတော်တွေက အချင်းချင်းဖေးမ အားကူးဖြည့်နေချိန်မှာ သူတော်တွေ ကလည်း ကိုယ့်အားကိုယ် ပြည့်ဝသထက် ပြည့်ဝလာအောင် အစွမ်းကုန် ဖြည့်တင်းကြဖို့ လိုပါတယ်။ ဓါးအားကိုးတဲ့ ဓါးပြဟာ သူကိုယ်တိုင်လည်း စကားထက် ဓါးကိုပဲ ပိုကြောက်တက်တဲ့ ဓလေ့ကိုလည်း မေ့မထားသင့်ပါဘူး။ အဆုံးစွန် အနေနဲ့တော့ စေ့စပ်ဆွေးနွေးခြင်းနဲ့ အလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းကို ရှာဖွေဖို့ အမှန်လိုပေလိမ့် မယ်။ အကောင်းဆုံးဖြစ်မည့်နည်းကို ရွေးချယ်ဖို့ လုံးဝ တွေဝေမနေသင့်၊ နောက်တွန့် မနေသင့်ပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ နံပါတ်လေးအချက်ကို ချိုးဖောက်သလိုဖြစ်လို့ ပြဿနာက ပိုမိုပြီးသာ ရှည်ကြာသွားပါလိမ့်မည်။

ယုံကြည့်မှုအရ တနည်းနည်းကိုသုံးဖို့ ဆုံးဖြတ်ပြီးဆိုလျင်တော့ ဒီနည်းလမ်းကို အကောင်အထည်ဖော်ဖို့ရန်အတွက် ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်ချတာ လက်တွေ့လုပ်ကိုင်ဖို့ ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်ခြင်း၊ ဖြေရှင်းရာမှာ ကိုယ်တိုင်ပါဝင်ခြင်းဆိုတဲ့ နံပါတ်ငါး နောက်ဆုံးအချက်ပါပဲ။ ပြဿနာကို ဖြေရှင်းရာမှာ ကိုယ်တတ်နုင်တဲ့ဘက်ကနေပြီး ကိုယ်တိုင်ပါဝင်ဖို့ အလွန်အရေးကြီးပါတယ်။ ဘယ်အရာကိုပဲ ဖြစ်ဖြစ် လိုချင်တဲ့အရာကိုရဖို့ ကိုယ့်ရဲ့အားကို အသုံးပြုဖို့ လိုပါတယ်။ ဘယ်အရာမှာမှ အလကားရတဲ့အရာရယ်လို့ မရှိနိုင်ပါဘူး။ က့ကြမ္မာရဲ့ မျက်နှာသာပေးမှု ကြောင့် အချို့အရာများကို တစ်ခါတစ်ခါ အလကား ရကောင်းရနိုင်ပါတယ်။ ဒီလို အချောင်ရတဲ့အရာကို မှီတည်ပြီး ရလာတဲ့ အရာများပေါ်မှာ တန်ဖိုးထားမှဟာ ကိုယ်တိုင်ပါဝင် အားထုပ်မှုကြောင့် ရရှိလာတဲ့အရာကို မှီတည်ပြီဖြစ်လာတဲ့ တန်ဖိုးကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ပါဝင်ကြိုးစားမှုကြောင့် ရရှိလာနိုင်မည့် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကို ကိုယ်ကိုယ်တိုင်လည်း ခံစားရင်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ရဲ့ ဘ၀ကိုလည်း မြှင့်တင်ပေးရင်းဖြင့် တာဝန်ကျေတဲ့ လူသားတစ်ဦးအဖြစ် ကိုယ့်ဘ၀ကို ပြည့်ပြည့်၀၀ ကျေနပ် ဂုဏ်ယူနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းသွားကြဖို့ နှစ်သစ်အခါ သမယမှာ မင်္ဂလာရှိစွာ တိုက်တွန်းစကားဆိုချင်ပါတယ်။

အရှင် ဥာဏိက (USA)
ဇန္န၀ါရီလ (၁) ရက်၊ နံနက်၊ ၂၀၀၈

လောင်စာဆီဈေး ကောလာဟလ ပြည်သူတွေအကြား ဂယက်ရိုက်

01 January 2008

ဒေါ်အေးအေးမာ audio clip
Listen to ဒေါ်အေးအေးမာ audio clip

ရန်ကုန်မြို့ ဓာတ်ဆီဆိုင်တခုတွင် ဆီထည့်ရန် တန်းစီနေသော ကားများ
ရန်ကုန်မြို့ ဓာတ်ဆီဆိုင်တခုတွင် ဆီထည့်ရန် တန်းစီနေသော ကားများ
မြန်မာနိုင်ငံမှာ အတိမ်းအစောင်းမခံဖြစ်နေ
တဲ့ လောင်စာဆီဈေးနှုန်းနဲ့ပတ်သက်တဲ့ ကောလာဟလကြောင့် ဈေးနှုန်းတက်မယ့်
အခြေအနေကို စစ်အစိုးရက ကြေညာချက်
ထုတ်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီကနေ့ သတင်းစာထဲမှာ CNG သဘာဝ
ဓာတ်ငွေ့တွေကို အလုံအလောက် ဖြန့်ဖြူး
ပေးမယ်လို့ ကြေညာထားပါတယ်။ အသေး
စိတ်ကို ထိုင်း-မြန်မာနယ်စပ် ဗွီအိုအေမြန်မာ
ပိုင်းသတင်းထောက် ဒေါ်အေးအေးမာ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ CNG သဘာဝဓာတ်ငွေ့တွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီက
စပြီး အကန့်အသတ်နဲ့ရောင်းချမယ်လို့ CNG ဆိုင်တွေမှာ ကြေညာခဲ့ပြီးတဲ့နောက် စစ်
အစိုးရက ဇန်န၀ါရီလ ၁ ရက်နေ့မှာတော့ CNG သဘာဝဓာတ်ငွေ့တွေကို လိုသ
လောက် ၀ယ်ယူခွင့်ပြုသွားမယ်ဆိုတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်
လိုက်ပါတယ်။ CNG ကားမောင်းသမားတဦး ပြောပြတာကတော့ …
“အစကတော့ တက်စီတွေမှာ နေ့မောင်းညမောင်းဆိုရင် ၂ အိုးသုံးရတာပေါ့။ အနိမ့်ဆုံး
ပေါ့။ ၂ အိုးသုံးတဲ့အချိန်မှာ အခု ၁ အိုးပဲပေးမယ်လို့ ပြောလိုက်ပါတယ်။ တနေ့ ၁ အိုးပဲ ပေးမယ်ဆိုတော့ အထူးသဖြင့် ညမောင်းသမားတွေ ဒုက္ခရောက်သွားတာပေါ့။ ညမောင်းသမားတွေဆိုရင် လုံးဝမောင်းလို့မရတော့ဘူး။ မလောက်တော့ဘူး။ ဘာဖြစ်
လို့လဲဆိုတော့ CNG ဆိုတာလည်း အပြင်မှာဝယ်လို့မရဘူးလေ။ ဓာတ်ဆီ၊ ဒီဇယ်ကမှ
အပြင်မှာဝယ်ထည့်လို့ ရသေးတယ်။ ဒီ CNG ကျတော့ သတ်မှတ်တဲ့ဆိုင်ကလွဲပြီး အပြင်
မှာရောင်းလို့မှမရတာ။ ရောင်းမှမရောင်းတာကိုး။ အဲတော့ စားဝတ်နေရေး အခက်အခဲ
ရှိတာပေါ့”

အခုလို CNG ဆိုင်တွေမှာ စာကပ်ပြီးချိန်ကတည်းကစပြီး ဓာတ်ဆီဈေးတွေလည်း တက်
သွားကြောင်း၊ ကားခတွေလည်း တက်ခဲ့တဲ့အကြောင်း ရန်ကုန်မြို့က ပြည်သူတဦးက အခုလိုဆက်ပြောပြပါတယ်။
“အရင်တုန်းက ဘယ်နှစ်ကြိမ်ထည့်ထည့် ထည့်လို့ရတယ်။ အခုက တကြိမ်ပဲ ထည့်ခွင့်
ပေးတယ်။ တကြိမ်ပဲထည့်ခွင့်ပေးရာကနေ အခု ကားခတွေက ဈေးတက်သွားတယ်။
၁၂၀၀ လမ်းက ၁၅၀၀ ဖြစ်သွားတယ်၊ ၁၅၀၀ လမ်းက ၂၀၀၀ ဖြစ်သွားတယ်။ သဘာဝဓာတ်ငွေ့နဲ့သွားတဲ့ကားတွေ အဲလိုတွေ ဖြစ်သွားတာပေါ့။ အဲတော့ ပူညံပူညံဖြစ်တော့
အခုတော့ လိုအပ်သလောက်ပေးမယ်၊ စစ်ဆေးပြီးမှပေးတော့မှာပေါ့။ အရင်တုန်းကလို ကြိုက်သလောက်ထည့်တာမျိုးတော့ မရဘူး။ ဒီသဘာဝဓာတ်ငွေ့ဆိုတာကလည်း
ထည့်တဲ့အချိန်လေး၊ အဆင်ပြေတဲ့အချိန်လေး ထည့်ရတာကိုး။ ကားမောင်းသူတွေက
အဲဒီဆိုင်မှာ နှစ်နာရီလောက် သွားတန်းစီစောင့်ရတာ ရှိတယ်လေ။ တချို့ ညထဲက ညအိပ်စောင့်ရတာမျိုးတွေရှိတယ်။ အရင်တုန်းကလို လိုသလောက်မပေးဘူး။ ထိန်းချုပ်
မှုရှိတာပေါ့။ ထိန်းချုပ်တယ်ဆိုတာ ထုတ်ချင်တိုင်း ထုတ်ခွင့်မရတော့ဘူးပေါ့။
အကြောင်းပြချက်မှန်ရင် ရမှာပေါ့၊ အကြောင်းပြချက်မမှန်ရင် မရဘူး”

အာဏာပိုင်တွေအနေနဲ့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကစပြီး လောင်စာဆီဈေး တက်ခဲ့
တာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာရေး အခက်အခဲတွေ ဖြစ်ခဲ့ရပြီး နိုင်ငံ
တွင်းမှာ မငြိမ်မသက်မှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ အခုလည်း CNG သဘာဝဓာတ်ငွေ့
တွေကို လျှော့ပေးမယ်လို့ သတင်းတွေထွက်ပေါ် လာအပြီးမှာတော့ ကားခတွေ ဈေးတက်သွားခဲ့ပါတယ်။

မြန်မာစစ်အစိုးရကတော့ ခရီးစဉ်သုံးစွဲမှုအပေါ်မူတည်ပြီး လိုသလောက်ပေးမယ်၊
ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကိုလည်း အရင်အတိုင်း အပြောင်းအလဲမရှိ ဆက်လက် ထုတ်ပေးသွားမယ်ဆိုတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီး၏ထုတ်ပြန်ကြေညာချက်

မူမပြောင်းလို့ လူကောင်းမဖြစ်တာပါ

နအဖ(နွားအဖွဲ့)တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကတည်း တိုင်ပြည်းဟာ နေ့စဉ်အမျှ ဆင်းရဲမွဲတေမှုနှုံး တိုးတက်လာခဲ့ပါတယ်။ အခုတော့ တိုင်းပြည်ဟာဖွတ်တက်ခံရသလို တက်တက်ပြောင်နေပါပြီ။ ပြည်သူတွေဆင်းတာဟာ ကံကံ၏အကျိုးကြောင့်မဟုတ်ပါဘူး။ နအဖကြောင့်ပါ။ ကံကိုယုံလွန်းအားကြီးလို့ မွဲနေကြတာပါ။ မေတ္တာတရားတွေအားကြီးလွန်းလို့၊ ကရုဏာတရားတွေအားကြီးလွန်းလို့ အစော်ကားခံနေကြရတာ၊ အနိုင်ကျင့်ခံနေကြရတာပါ။
မြန်မာပြည်မှာ မူမပြောင်းသ၍ကာလပတ်လုံး ဘယ်အစိုးရပဲအုပ်ချုပ်ချုပ် ဖာနိုင်ငံဖြစ်နေရုံကလွဲပြီး ဘာမှတိုးတက်တဲ့ နိုင်ငံဆိုတာ ဖြစ်မလာနိုင်ဘူး။ ဘာမူတွေကို ကျင့်သုံးနေကြပါသလဲ။ အတ္တဟိတ “ငါကောင်းစားရေး”မူကိုကျင့်သုံးနေကြလို့ပါပဲ။ ငါကောင်းစားရေးဆိုတာ ငါ့အမျိုး၊ ငါ့မိတ်ဆွေကောင်းစားရေးအတွက် လုပ်တဲ့မူကိုပြောတာပါ။ အဲ့ဒီလိုလူတွေ အုပ်ချုပ်နေသမျှ တိုင်းပြည်မှာ မကောင်းတဲ့အကျင့်ဖြစ်တဲ့ အဂတိတရားလေးပါးကို ဆက်လက်ကျူးလွန်နေကြအုံးမှာပါ။ ဘယ်သူမှ မလွတ်ကင်းနိုင်ကြပါဘူး။
အဂတိ၎ပါးဆိုတာ ဆန္ဓာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိတို့ဖြစ်ပါတယ်။
၁။ဆန္ဓာဂတိဆိုတာဘာလဲ၊ ကိုယ့်ဟာကိုချစ်လို့၊ ကိုယ့်မိသားစုကိုချစ်လို့၊ ကိုယ့်အမျိုးကိုချစ်လို့၊ ကိုမိတ်ဆွေကိုချစ်လို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
၂။ဒေါသဂတိဆိုတာဘာလဲ၊ ကိုယ့်ဘက်ကမဟုတ်တဲ့သူတွေ၊ ကိုယ့်နောက်မလိုက်တဲ့သူတွေကို ရန်ငြိုးဖွဲ့ပြီး မကောင်းကြံတာပါ၊ အမှားတွေကို ကျူးလွန်နေကြတာပါ။
၃။မောဟဂတိ၊ ဥာဏ်ပညာနည်းပါးလို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
၎။ဘယာဂတိ၊ အစိုးရဖြစ်နေလို့၊ အစိုးရနဲ့နီးစပ်နေလို့၊ အစိုးရကိုကြောက်လို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
ဒီလေးပါးမှာ ဆန္ဓာဂတိနဲ့ဒေါသဂတိတို့ဟာ ဆက်စပ်မှုသဘောကိုဆောင်နေပါတယ်။ ကိုယ့်မိသားစု၊ကိုယ့်အမျိုး၊ ကိုယ့်မိတ်ဆွေတို့ကို ချစ်လို့ လာဘ်စားမှု့တို့၊ လူသတ်မှုတို့ ကျူးလွန်ကြတာပါ၊ အဲ့ဒါကို ဆန္ဓာဂတိလို့ခေါ်ပါတယ်။ လာဘ်စားမှုတွေ၊ လူသတ်မှုတွေရှိလာရင် မနာလိုသူတွေပေါလာမယ်၊ ကိုယ့်ကိုဆန့်ကျင်မယ့်သူတွေ၊ ကိုယ့်ကိုလုပ်ကြံမယ့်သူတွေ များလာပါပြီ။ အဲ့ဒီတော့ကိုယ့်ကိုဆန့်ကျင်တဲ့သူတွေ၊ ကိုယ့်ကိုလုပ်ကြံမယ့်သူတွေကို ရန်ငြိုးဖွဲ့တတ်တာဟာ ဒေါသဂတိဖြစ်ပါတယ်။
ဥာဏ်ပညာနည်းတဲ့အတွက်၊ အသိပညာနည်းတဲ့အတွက်ကြောင့်လည်း မောဟဂတိကို ကျူးလွန်နေကြတာပါ။ ဥပမာအနေနဲ့ပြောရရင် နအဖလက်ကိုတုတ်တွေဖြစ်ကြတဲ့ ကြံ့ဖွတ်နဲ့စွမ်အားရှင်၊စစ်တပ်နဲ့လုံထိန်းတို့ဖြစ်ကြပါတယ်။ အသိပညာနည်းပါးတဲ့အတွက် သံဃာကို သံဃာမှန်းမသိ၊ ကိုယ့်ကိုကြွေးတဲ့ထမင်းရှင်ပြည်သူတွေကို ကျေးဇူးရှင်မှန်းမသိလို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
အစိုးရမင်းများကိုလည်းကြောက်ရ၊ အစိုးရနဲ့နီးစပ်တဲ့သူတွေကိုလည်းကြောက်ရ၊ အစိုးရအောက်က အစိုးရပေါက်စ အစုတ်ပလုပ်တုတ်တွေကိုလည်းကြောက်ရ စတဲ့အကြောက်တရားများကြောင့် ဘယာဂတိကို ပြည်သူတွေကျူးလွန်နေကြပါတာပါ။
အဂတိလေးပါးဆိုတာ အကုသိုလ်အလုပ်ဖြစ်ပါတယ်။ ဒီအကုသိုလ်ဖြစ်တဲ့ အဂတိလေးပါးရောဂါဟာ ပြည်တွင်းမှာနေထိုင်ကြတဲ့ ရဟန်း၊ရှင်လူအကုန်လုံးကို ကူးစက်နေပါပြီ။ ဒီရောဂါဆိုးကြီးက ပျောက်ကင်းဖို့ဆေးကတော့ အုပ်ချုပ်နေတဲ့မူကိုပြောင်းခြင်းဖြစ်ပါတယ်။
မူပြောင်းကြပါ။ မူပြောင်းမှ ခင်ဗျားတို့ လူကောင်းပြန်ဖြစ်မယ်။ မူမပြောင်းသ၍ ခင်ဗျားတို့ လူကောင်းမဖြစ်နိုင်ဘူး။

လွတ်လပ်ရေးနေ့ အထူးအစီအစဉ် - ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲနှင့် ဆုတောင်းပွဲ (၀၅/၀၁/၂၀၀၈)

မြန်မာ့လွတ်လပ်ရေး အနှစ်-၆၀ ပြည့် အမှတ်တရ အဖြစ် Saffron Revolution (Facebook Group) နှင့် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (UK) မှ ကြီးမှူးပြီး၊ အဖွဲ့ပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ (အသံတိတ်) နှင့် ဆုတောင်းပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

နေ့ရက်။ ။ဇန်န၀ါရီ ၅-ရက် (စနေနေ့)

အချိန်။ ၁၁း၃၀ မှ ၁၅း၃၀ အထိ

ဆုံရပ်ဌာနေ။ ။ Speakers’ Corner (အနီးဆုံး Tube Station: Marble Arch)

အစီအစဉ်။ ၁၂း၃၀ မှစတင်၍ Marble Arch မှ Trafalgar Square အထိ ငြိမ်းချမ်းစွာ (အသံတိတ်) လမ်းလျှောက် ကြပါမည်။ ၁၅း၀၀ တွင် အပြည်ပြည်ဆိုင်ရာ သံဃာတော်များက မြန်မာပြည် ငြိမ်းချမ်းရေး အတွက် မီးထွန်းဆုတောင်းကြမည်။

See detail (in English)