Pages

Subscribe

Tuesday, 1 January 2008

ပထမ နံနက်ခင်း

စာရေးသူက ဘာသာရေးသမားတစ်ဦးပါ၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ထာဝရငြိမ်းချမ်း ထာဝရအပြုံးပန်းတွေနဲ့ လျှမ်းလျှမ်းဝေနေချင်သူတစ်ဦးပါ။ ကမ္ဘာကြီးတစ်ခုလုံး စစ်ပွဲတွေ ကင်းရှင်း ယမ်းခိုးတွေလည်း အလျင်းမရှိတဲ့ စစ်မဲ့နယ်မြေချဉ်း ဖြစ်စေချင်တဲ့သူပါ။ အချင်းချင်းတွေကြား မတရားတဲ့ ယှဉ်ပြိုင်မှုတွေ၊ တရားမဲ့ အနိုင်ယူချင်မှုတွေလည်း ကင်းရှင်းစေချင်တဲ့သူပါ။ ဒုက္ခဆိုတဲ့စကားကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ နားမှာမှ သဲ့သဲ့လေးတောင် မကြားစေချင်သူတစ်ဦးပါ။ စားစရာမရှိ ၀တ်စရာမဲ့ နေစရာပျောက်ဆိုတဲ့ အဖြစ်မျိုးကို စိတ်ကူး အိပ်မက်ထဲမှာတောင် မြင်မက်လို့မရနိုင်တဲ့ လူသားကမ္ဘာကြီးတစ်ခုကိုလည်း တည်ဆောက်ပေးချင်သူတစ်ဦးပါ။ ဒါကြောင့် ငြိမ်းချမ်း တဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ဖို့ ကြိုးစားကြသူများရဲ့ ဘ၀ဖြစ်စဉ်များ၊ လုပ်ရပ်များကို အလျဉ်းသင့်တိုင်း စူးစမ်းမိတတ်ပါတယ်။ ကိုယ်လဲ ဘယ်လိုများ ကူညီပေးနိုင်မလဲရယ် လို့ ဆိုတဲ့ အတွေးနဲ့ပါ။ ဒီအထဲမှာ မဖြစ်သင့်တဲ့ ပြဿနာတစ်ခုဖြစ်ရခြင်း၊ ဖြစ်နေတဲ့ ပြဿနာတစ်ခု မပြေလည်နိုင်ခြင်းနှင့် ပတ်သတ်ပြီး ပညာရှင်များရဲ့ လေ့လာထားမှုကို ဖတ်ရတယ်။ စိတ်ဝင်စားစရာပါ။ မဖတ်ဖူးသေးမည့်သူတွေကိုလည်း ဒီအကြောင်းတစ် ဆင့်ပြောချင်မိတယ်။ ပြန်လည်ဖောက်သည်ချတဲ့ သဘောပေါ့။ ဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်စေဖို့ အထောက်အပံ့လေးတစ်ခု ဖြစ်နိုင်မယ်လို့လည်း ယူဆမှတ်ထင်မိလို့ပါ။

ရေမြေလေ သဘာဝ သယံဇာတပါမက ဘာသာသာသနာ ယဉ်ကျေးမှုအလှတွေနဲ့ပါ ထုံမွှမ်းထားခဲ့တဲ့ ကိုယ့်မြေကိုယ့်ရွာမှာ တကယ်ဆိုတော့ ကြီးမားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး ပြဿနာဆိုတာ မရှိစကောင်းတဲ့အရာပါ။ သို့ပေမယ့်လည်း တကယ့်လက်တွေ့ဘ၀မှာ မပြီးဆုံးနိုင်တဲ့ ပြဿနာပေါင်းစုံနဲ့ နေ့စဉ်တွေ့ကြုံနေရလို့ လူတွေလည်း လူစဉ်မမှီ၊ သူစဉ်မမျှ အလွန်မှပဲ အောက်ကျနောက်ကျနဲ့ နေထိုင်ကြရတာပါ။ ဆင်းရဲမွဲတေမှု၊ အသိဥာဏ်ခေါင်းပါးမှု၊ ကိုယ်ကျင့်တရားတွေ ချွတ်ခြုံကျမှုစတဲ့ ဘ၀အတွက် အနှုတ်လက္ခဏာဆောင် အမူအကျင့်များနှင့် အသားကျ ရင်ပါးစွာ နေနေရတဲ့ကိုယ့်လူမျိုးတွေကို မြင်ရ တွေ့ရတော့ စိတ်ထဲမှာ နာကျင်ခံခက်လဲ ဖြစ်မိတယ်။ ၀မ်းနည်းစိုးရိမ်စိတ်လည်း ဖြစ်မိတယ်။ တွေးမိတဲ့အခါတိုင်း ယူကျူံးမရဖြစ်တတ်မိလို့ အိပ်မပျော်တဲ့ ညတွေတောင်မှ ဖြစ်ရတက်ပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့ လူမှုဒုက္ခအ၀၀တွေကနေ ကင်းလွတ်စေဖို့ ကူညီပံ့ပိုးနိုင်လေမလဲလို့ လည်း အခါခါစဉ်းစားမိတက်ပါတယ်။ ဖြစ်ဖြစ်မြောက်မြောက် မကူညီမပံ့ပိုးနိုင်တဲ့ ကိုယ့်ရဲ့ အားနည်းမှုအတွက်လည်း အားမရနိုင်ဖြစ်မိပါတယ်။ တစ်ခါတစ်လေမှာ ကူညီ နိုင်မည့်သူ တစ်ဦးတစ်ယောက်ဆိုတာကိုပင် မိုက်မဲစွာ မျှော်ကိုးစိတ် ၀င်လာတတ်တဲ့ ကိုယ့်ရဲ့ပျော့ညံ့မှုအတွက်လည်း ကိုယ့်ကိုကိုယ် အားမရနိုင်ဖြစ်တက်ရင်းနဲ့ပေါ့။ သို့ပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်ဘူးထင်လို့ ဘာမှမလုပ်ဘဲ နေမယ်ဆိုလျင်တော့ ဘာမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ လုပ်ကြည့်နေခဲ့ပါတယ်။ ကိုယ်ယုံကြည်ရာ အပိုင်းကနေပြီးတော့ပေါ့။ ကိုယ်လုပ်သမျှ တိုင်းမှာလည်း အကျိုးမရှိရင် နေစေဦးတော့၊ အဆိပ် အတောက်တော့ ဘယ်လိုနည်းနဲ့မျှ မဖြစ်စေရဘူးဆိုတဲ့ ဆန္ဒမူကိုလည်း ရှေ့သွားပြုလို့ပေါ့။ ဒီစာလေးက တော့ အဲလိုဆန္ဒနဲ့ လုပ်ကြည့်နေတဲ့ အရာများထဲက အစိတ်အပိုင်းလေး တစ်ခုပါပဲ။ လည်ပတ်နေတဲ့ စက်ယန္တရားကြီးတစ်ခုက ခွေးသွားစိတ်ကလေးတစ်ခုမျှ ဖြစ်စေဦးတော့ ဆိုတဲ့အနေနဲ့ပါ။

ပြဿနာကို တကယ်ပြေလည်အောင် ဖြေရှင်းနိုင်တဲ့အဆင့်ရောက်ဖို့ အဆင့်ငါးဆင့်လို တယ်လို့ဆိုပါတယ်။ အဲဒါတွေကတော့
(၁) ပြဿာ၏ အခြေအနေမှန်ကို ဂရုပြုမိခြင်း
(၂) ဖြစ်နေတဲ့ ပြဿနာက တကယ့်အရေးတစ်ကြီး ဖြေရှင်းရမည့်အရာလို့ လက်ခံခြင်း
(၃) ပြဿနာကိုဖြေရှင်းဖို့ ကိုယ့်မှာ တာဝန်ရှိတယ်လို့ လက်ခံခြင်း
(၄) ဖြေရှင်းရမည့် ပြဿနာအတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနိုင်ခြင်း
(၅) ဖြေရှင်းဖို့ ဆုံးဖြတ်ခြင်း။ ဖြေရှင်းရာမှာ ကိုယ်တိုင်ပါဝင်ခြင်းတို့ လို့ဆိုပါတယ်။
ပြဿနာတစ်ခု ဖြစ်နေပြီဆိုပါတော့ အမြန်ပြေလည်သွားစေဖို့ဆိုလျင် ဒီပြဿနာကို ပြဿနာရယ်လို့ အမှန်အတိုင်း လက်ခံဖို့လိုပါတယ်တဲ့။ ဟုတ်တာပေါ့။ ပြဿနာကို ပြဿနာရယ်လို့ လက်ခံမှသာ ဖြေရှင်းလိုစိတ်ရှိမှာပေါ့။ အမှတ်တမဲ့ နေတက်လို့ပဲ ဖြစ်ဖြစ်၊ ပြဿနာနဲ့ နေထိုင်နေရတာ အသားကျနေလို့ပဲဖြစ်ဖြစ်၊ ပြဿနာကို ပြဿနာလို့ လက်မခံချင်ဘူးဆိုရင်၊ သို့မဟုတ် ဖြစ်နေတဲ့ ပြဿနာကနေ ကိုယ့်အတွက် အကျိုးအမြတ် တစ်ခုခုရနေလို့ ပြဿနာကို ပြဿနာလို့ မမြင်ဘူးဆိုလျင် ဘယ်နည်းနဲ့မှ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားအားထုပ်မှာ မဟုတ်ပါဘူး။ ကြာလာတော့ ပြဿနာအတွင်းမှာ နေရတဲ့ ဘ၀ကိုတောင် ဒါဟာ လူသားတစ်ဦးအဖို့ မလွဲမသွေ လက်သင့်ခံရမည့်၊ လိုက်နာရမည့် ဘ၀အစိတ်အပိုင်း တစ်ခုလို့ပင် ထင်မြင်လာတက်ပါ တယ်။ လူတွေဖန်တီးမှုကြောင့် ဖြစ်လာရတဲ့ ပြဿနာကိုပင် လူဖန်တီးမှုကြောင့်လို့ မမြင်နိုင်တော့ဘဲ နိယာမတစ်ခုအသွင်၊ သဘာဝ ဖြစ်စဉ်တစ်ခုပမာ ထင်မြင်လာတတ်ပါ တယ်။ တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်မှု၊ ယုံကြည်လက်ခံမှုမှသည် တစ်သင်းတစ်ဖွဲ့၊ လူမျိုးတစ်မျိုးရဲ့ ထုံးတမ်းစဉ်လာ တစ်ခုအထိပါ ထင်မြင်လာတက်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမျိုးမှာ တွေ့ကြုံရတဲ့ အခက်အခဲမျိုးဟာ သာမန်လူသားတွေဖြေရှင်း လို့ ရနိုင်တဲ့အရာမျိုးမဟုတ်ဘူးလို့လည်း ထင်လာတတ်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲ ကနေ ရုန်းထွက်နိုင်စေဖို့ သာမန်သူတွေထက် စွမ်းလောက်မည်ထင်တဲ့ စွမ်းအားရှင် တစ်ဦးဦးရဲ့ ကူညီမှုမျိုးကို မျှော်ကိုးတက်ပါတယ်။ ကိုယ်လုပ်ရမည့် ကိုယ့်တာဝန်ကို တန်းခိုးရှင်တစ်ဦးဦး၊ စွမ်းအားရှင်တစ်ဦးဦးဆီကို လွဲပြောင်းပေးချင်လာတက်ကြပါတယ်။ ကိုယ့်ရဲ့ပြဿနာကို ကိုယ်တကယ်ဖြေရှင်းမှ ပြေငြိမ်းမည့် အရေးမှာ မဆိုင်သူတွေကို မှီခို အားကိုးလွန်းအားကြီးတော့ တကယ့်ပြဿနာက ဘယ်မှာလာလို့ ပြေလည်နိုင်ပါ့မလဲ။ နောက်ပြီး စွမ်းအားရှင် တကယ်ရှိ မရှိဆိုတာလည်း အတိအကျသိနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ။ ဒါကြောင့် ပြဿနာကို ပြဿနာရယ်လို့ အမှန်အတိုင်းမြင်တတ်မှုဟာ ပြဿနာဖြေရှင်းဖို့အတွက် ပထမအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပြဿနာကို ပြဿနာလို့ အမှန်အတိုင်းအမြင်နိုင်၊ ဂရုမပြုနိုင်မိဘူးဆိုရင် နံပါတ်တစ် အချက်ကို ဖောက်ဖျက်တာဖြစ်လို့ တကယ့်ပြဿနာဟာ ဘယ်တော့မှ ပြေလည်နိုင်မှာ မဟုတ်ပါဘူးတဲ့။

ပြဿနာကို ပြဿနာရယ်လို့ မြင်တာတောင်မှ ဖြစ်နေတဲ့ပြဿနာဟာ အရေးတစ်ကြီး ဖြေရှင်းရမည့်အရာလို့ မမြင်နိုင်ဘူးဆိုလျင်ရင်လည်း ဖြေရှင်းဖို့ နှောင့်နှေးနေတတ် ပါတယ်တဲ့။ ဒါကြောင့် ဖြစ်နေတဲ့ ပြဿနာက တကယ့်အရေးတစ်ကြီး ဖြေရှင်းရမည့် အရာလို့ လက်ခံခြင်းဆိုတဲ့ နံပါတ်နှစ် အချက်ကလည်း တကယ်အရေးကြီးတာပဲ။ သူသူ ကိုယ်ကိုယ်ပါပဲ။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာကိုပဲ ဖြစ်ဖြစ်၊ ပြုလုပ်ရဖို့ ကြုံရတဲ့အခါမျိုးမှာ ကိုယ်တွေ့ကြုံရတဲ့အရာဟာ တကယ့်ကိုယ်မှ အရေးတစ်ကြီး လုပ်ရမည့်အရာလို့ ထင်မြင်မိဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ပဲ ဒီအရာဟာ သိပ်ပြီး အရေးမကြီးလှဘူးလို့ ထင်လျင် ချက်ချင်းလက်ငင်း မလုပ်ပဲ နေ့ရွှေ့ ညဆိုင်း လုပ်တတ်ပါတယ်။ ချက်ချင်းလက်ငင်း လုပ်ဖြစ်သည်ထားဦး ကိုယ့်မှာရှိတဲ့ ခွန်အားကို အပြည့်အ၀မထည့်ပဲ ပေါ့ပေါ့လျော့လျော့လည်း လုပ်တက်ပါတယ်။ တစ်ဦးဆောင်သော် မရ၊ တစ်သောင်းဆောင်သော်ရ၏ လို့ဆိုပေမယ့် အဲဒီတစ်သောင်းလုံးက အမှန်တကယ် ဆောင်ပါမှ ကိုယ်လိုတဲ့အရာက တကယ်ရနိုင်မှာပါ။ သို့မဟုတ်လို့ အရေအတွက်မျှသာ တစ်သောင်းထဲ ပါဝင်နေမယ်ဆိုလျင်တော့လည်း တစ်သောင်းဆောင်လည်း ရနိုင်မှာ မဟုတ်သလို တစ်သန်းဆောင်လည်း ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းလူတိုင်း က ကိုယ့်မှာရှိတဲ့ ကိုယ်အားဥာဏ်အားတွေကို အစွမ်းကုန်ထုပ်ကြမှ လိုချင်တဲ့အရာက ရနိုင်မှာပါ။ မထိတထိလုပ်နေခြင်းဟာ ပြဿနာကိုပိုပြီး ရှည်ကြာစေတတ်တယ်ဆိုတာ ကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် ဖြစ်နေတဲ့ ပြဿနာဟာ အရေးတစ်ကြီး ဖြေရှင်းရမည့်အရာဟာ ခွန်အားအပြည့်နဲ့ ဖြေရှင်းရမည့်အရာလို့ လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။

နံပါတ်သုံးဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ လက်ခံခြင်းဆိုတဲ့ အချက်ကတော့ အရေးအကြီးဆုံးဖြစ်မယ်ထင်ပါတယ်။ လောကထဲမှာ ကောင်းကျိုး ရလာဒ်ကို မျှဝေသုံးစွဲလိုသူတွေ၊ သုံးစွဲနေသူတွေ များပေမယ့် ကောင်းကိုးရလာဒ် အားထုပ်လိုသူကတော့ မများလှပါဘူး။ ရှားတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ နိုင်ငံရေးဝေါဟာရနဲ့ ပြောရရင် free riders အချောင်စီးသူတွေများတယ်လို့ ထင်ရမှာပါ။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးမှာ အဲဒီလို အချောင်စီးလိုသူတွေ များနေရင် အဲဒီနိုင်ငံနဲ့ လူမျိုးမှာ ကြီးပွားတိုးတက်ဖို့ လမ်းစမမြင်ဘူးလို့ ဆိုပါတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်လုပ်ယူမှ ရမယ်ဆိုတဲ့သဘောတရားကို နားလည်ပေမယ့် တကယ် ကိုယ်တိုင် လုပ်သူကတော့ အတော်ကိုရှားပါတယ်။ တစ်ခါတစ်လေမှာဆိုရင် တကယ်လုပ်နေသူကို ပင်လျင် မိုက်မဲလို့လုပ်နေတာ၊ ကိုယ့်ကိုယ်ကို ဒုက္ခရှာနေတာလို့ပင် ထင်နေတတ်ကြ ပါတယ်။ နောက်ပြီး လုပ်နေသူတွေကိုပဲ အခွင့်အရေးတစ်ခုခုကို မျှော်ကိုးပြီး လုပ်နေသယောင်ယောင် မြင်တတ်ကြပါတယ်။ တကယ်တော့ ဆင်းရဲဒုက္ခခံကာ လုပ်ကိုင် ဆောင်ရွက်နေသူတွေကြောင့် ကောင်းကျိုးရလာဒ် ထွက်လာမည်ဆိုလျင် အဲဒီရလာဒ်ကို အားလုံးမျှဝေ ခံစားခွင့်ရကြမှာပါ။ လုပ်နေသူတွေက ဘာမှပိုပြီး ခံစားကြရမှာ မဟုတ်ပါဘူး။ တကယ်လုပ်နေသူတွေက အနည်းအကျဉ်း ပိုမိုခံစားကြရ သည်ထားဦး တကယ်လုပ်နေစဉ်မှာ သူတို့တွေ့ကြုံ ရင်ဆိုင် ခံစားနေရတဲ့ ဆင်းရဲဒုက္ခက အကျိုးရလာဒ်နှင့် မတန်လောက်အောင်ပင် အလွန်ကြီးမားကြောင်းကို စာနာနားလည် တက်ဖို့ လိုပါတယ်။ တကယ်ဆို အကျိုးရလာဒ်ဟာ လုပ်နေသူတွေအတွက် သက်သက် သာ ဖြစ်မယ်ဆိုလျင် အရင်းနဲ့အကျိုး တန်တယ်လို့တောင် မဆိုးနိုင်ပါဘူး။ သို့ပေမယ့် လုပ်ဆောင်နေကြသူတွေက ကိုယ်ကျိုးသက်သက်အတွက် လုပ်နေကြတာ မဟုတ်ပါ ဘူး။ လူတိုင်းလူတိုင်း အမေရိကန် သမ္မတ ဂျွန်အပ်ဖ် ကနေဒီပြောခဲ့ဖူးသလို တိုင်းပြည် က ကိုယ့်အတွက် ဘာလုပ်ပေးခဲ့သလို့ မမေးပါနဲ့၊ ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးခဲ့ပြီလဲလို့ မေးကြည့်ပါ - ဆိုသလို ကိုယ်က တိုင်းပြည်အတွက် ဘာများ လုပ်ပေးခဲ့ပြီလည်းလို့ မေးကြည့်သင့်ကြပါတယ်။ အခုကာလလို ကစဥ့်ကလျားနိုင်လွန်း လှတဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေဆိုးကနေ အကောင်းဘက်ကို ပြောင်းလဲ လာနိုင်စေဖို့ အထူးလိုအပ်နေချိန်မျိုးမှာ နိုင်ငံသားတိုင်း တစ်ခုခုတော့ လုပ်ကိုလုပ်ဖို့လိုတယ်။ ဘေးထိုင်၊ ဘုပြော၊ အတင်းထု၊ အတို့အထောင်လုပ်နေတဲ့ ဥာဉ်းဆိုးတွေကို စွန့်လွှတ်သင့်တယ်။ ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေက ခေါင်းဆောင်နေရာကိုယူပြီး ခေါင်းမဆောင်နိုင်သူတွေက နောက်လိုက်ကောင်းတစ်ယောက်အဖြစ် လိုက်ပါလုပ် ဆောင်ဖို့ လိုပါတယ်။ အချောင်စီး၊ အကွတ်ချောင်း၊ ယောင်တောင်တောင် ရှောင်တောင် တောင် မနေသင့်ပါဘူး။ ဒီလိုနေလျင် နံပါတ်သုံးအချက်ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ တတိယအချက်ကို ချိုးဖောက်သလိုဖြစ်လို့ ပြဿနာဟာ ဘယ်တော့မှ ပြေလည်နိုင်မှာ မဟုတ်ပါဘူး။

လောကမှာ ဆူဆူပူပူ ရှုတ်ရှုတ်ယှက်ယှက်ကိုမှ ကြိုက်တတ်သူလည်း အနည်းအကျဉ်း တော့ရှိမှာပါ။ သို့ပေမယ့် လူအများစုကတော့ အေးအေးချမ်း ပျော်ပျော်ရွှင်ရွှင် နေရမှုကို ပဲ သဘောကျတတ်ပါတယ်။ လူ့သဘာဝကိုက စိုးရိမ်ကြောင့်ကြ နေရမှုမျိုးကို အလိုမကျ တတ်ပါဘူး။ လူ့အသိုင်းအ၀န်းက ဖယ်ကျင်ခံရမှာမျိုး၊ ကိုယ့်စွမ်းရည်ကို အပိတ်အပင် အတားအဆီး ခံရမှာမျိုးကို မလိုလားတက်ပါဘူး။ ဒါကြောင့် စိုးရိမ်ကြောင့်ကြ ကင်းရလေအောင် အစွမ်းအစ ပြခွင့်သာအောင် နည်းအမျိုးအမျိုးနဲ့ ကြိုးစားတက်ကြပါ တယ်။ ကံဆိုးလှစွာ ဒီလိုအခွင့်အလမ်းမျိုးကို လူတိုင်းမရနိုင်ကြပါဘူး။ အထူးသဖြင့် လုံခြုံမှုကင့်မဲ့တဲ့ နေရာမျိုး၊ ကန့်သတ်မှု များစွာကြောင့် ကျဉ်းမြောင်း ကျပ်တည်းတဲ့ အခြေအနေကြားမှာ နေထိုင်ရသူတွေအဖို့ ဒီလိုအခွင့်အရေးမျိုးကို လုံးဝမရသလောက် နီးပါး ဖြစ်တတ်ပါတယ်။ ပြဿနာထဲကို ရောက်နေသူကိုယ်တိုင်က ကိုယ့်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အခါလည်း ရှိနိုင်ပါတယ်။ တစ်ခါခါမှာတော့လည်း ပြဿနာတွင်း က သူတွေအနေနဲ့ ကိုယ်တိုင်ဖြေရှင်းဖို့ ခက်ခဲတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ပြင်ပြရဲ့ အားပေးကူညီမှု အထူးလိုအပ်ပါတယ်။ ဒီနေရာမှာ နံပါတ်လေး အချက်ဖြစ်တဲ့ ဖြေရှင်းရမည့် ပြဿနာအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေနိုင်ခြင်းဆိုတာ အရေးကြီးကြောင်း တွေ့ရမှာပါ။ ကမ္ဘာကြီးမှာဖြစ်တဲ့ အခြေအနေ တွေက တစ်နေ့နှင့်တစ်နေ့ မတူပါဘူး။ နေ့စဉ်ပြောင်းလဲနေတာကို ကြားရမြင်ရမှာပါ။ ဒီနေ့ မိတ်ဆွေက နောက်နေ့မှာ ရန်သူ၊ ဒီနေ့ ရန်သူက နောက်နေ့မှာ မိတ်ဆွ ဖြစ်နိုင်တာကိုလည်း တွေ့ရမှာပါ။ မနေ့က တံခါးကို စေ့စေ့ပိတ်ထားရာကနေ ဒီနေ့တံခါးကို ပွင့်ပွင့်ဖွင့်လာကြတဲ့ နိုင်ငံများကိုလည်း တွေ့ရမှာပါ။ သေချာမှုတစ်ခုကတော့ ခုခေတ်ခုခါဟာ ကိုယ့်အိမ် ကိုယ့်ယာလေးကို အသေတံခါး ပိတ်ပြီး ဆိတ်ဆိတ်တိတ်တိတ်လေး ဘယ်လိုမှနေလို့မရနိုင်တော့ဘူး ဆိုတာကိုပါ၊ ဒါကို မျက်ကွယ်ပြုပြီး တံခါးကို စေ့စေ့ပိတ်ထားမယ်ဆိုလျင်တော့ အမှောင်ကမ္ဘာထဲမှာ အောက်ကျနောက်ကျပြီး အထီးကျန်နေရစ်မှာ မလွဲပါဘူး။

အလုပ်မဖြစ်တဲ့ နည်းလမ်းတွေကို မိုက်မဲစွာ အသေဆုပ်ကိုယ်မထားင့်ပါဘူး။ အခြေအနေအချိန်ခါနဲ့ သင့်လျော်မည့်နည်းလမ်းပေါင်းစုံကို စဉ်းစားပြီး အသင့်တော် လျော်ဆုံးဖြစ်မည့်နည်းကို သုံးဖို့လိုပါတယ်။ ပန်းမွေ့ရာကို လျှောက်လှမ်းဖို့ ယမ်းငွေ့တွေနဲ့ ရံရတတ်တာမျိုး ကမ္ဘာ့သမိုင်းမှတ်တမ်းများမှာ အထင်အရှားရှိခဲ့တာ မဟုတ်လား။ စကားနှီးနှောခြင်းဟာ အကောင်းဆုံးဖြေရှင်းနည်းဆိုပေမယ့် ဒီစေ့စပ် ဖြေရှင်းတဲ့အဆင့်ရောက်စေဖို့ ကိုယ့်မှာ အားတစ်ခုခုတော့ ရှိအောင်လုပ်ဖို့ လိုပါလိမ့်မယ်။ မသူတော်တွေက အချင်းချင်းဖေးမ အားကူးဖြည့်နေချိန်မှာ သူတော်တွေ ကလည်း ကိုယ့်အားကိုယ် ပြည့်ဝသထက် ပြည့်ဝလာအောင် အစွမ်းကုန် ဖြည့်တင်းကြဖို့ လိုပါတယ်။ ဓါးအားကိုးတဲ့ ဓါးပြဟာ သူကိုယ်တိုင်လည်း စကားထက် ဓါးကိုပဲ ပိုကြောက်တက်တဲ့ ဓလေ့ကိုလည်း မေ့မထားသင့်ပါဘူး။ အဆုံးစွန် အနေနဲ့တော့ စေ့စပ်ဆွေးနွေးခြင်းနဲ့ အလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းကို ရှာဖွေဖို့ အမှန်လိုပေလိမ့် မယ်။ အကောင်းဆုံးဖြစ်မည့်နည်းကို ရွေးချယ်ဖို့ လုံးဝ တွေဝေမနေသင့်၊ နောက်တွန့် မနေသင့်ပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ နံပါတ်လေးအချက်ကို ချိုးဖောက်သလိုဖြစ်လို့ ပြဿနာက ပိုမိုပြီးသာ ရှည်ကြာသွားပါလိမ့်မည်။

ယုံကြည့်မှုအရ တနည်းနည်းကိုသုံးဖို့ ဆုံးဖြတ်ပြီးဆိုလျင်တော့ ဒီနည်းလမ်းကို အကောင်အထည်ဖော်ဖို့ရန်အတွက် ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်ချတာ လက်တွေ့လုပ်ကိုင်ဖို့ ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်ခြင်း၊ ဖြေရှင်းရာမှာ ကိုယ်တိုင်ပါဝင်ခြင်းဆိုတဲ့ နံပါတ်ငါး နောက်ဆုံးအချက်ပါပဲ။ ပြဿနာကို ဖြေရှင်းရာမှာ ကိုယ်တတ်နုင်တဲ့ဘက်ကနေပြီး ကိုယ်တိုင်ပါဝင်ဖို့ အလွန်အရေးကြီးပါတယ်။ ဘယ်အရာကိုပဲ ဖြစ်ဖြစ် လိုချင်တဲ့အရာကိုရဖို့ ကိုယ့်ရဲ့အားကို အသုံးပြုဖို့ လိုပါတယ်။ ဘယ်အရာမှာမှ အလကားရတဲ့အရာရယ်လို့ မရှိနိုင်ပါဘူး။ က့ကြမ္မာရဲ့ မျက်နှာသာပေးမှု ကြောင့် အချို့အရာများကို တစ်ခါတစ်ခါ အလကား ရကောင်းရနိုင်ပါတယ်။ ဒီလို အချောင်ရတဲ့အရာကို မှီတည်ပြီး ရလာတဲ့ အရာများပေါ်မှာ တန်ဖိုးထားမှဟာ ကိုယ်တိုင်ပါဝင် အားထုပ်မှုကြောင့် ရရှိလာတဲ့အရာကို မှီတည်ပြီဖြစ်လာတဲ့ တန်ဖိုးကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ပါဝင်ကြိုးစားမှုကြောင့် ရရှိလာနိုင်မည့် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကို ကိုယ်ကိုယ်တိုင်လည်း ခံစားရင်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ရဲ့ ဘ၀ကိုလည်း မြှင့်တင်ပေးရင်းဖြင့် တာဝန်ကျေတဲ့ လူသားတစ်ဦးအဖြစ် ကိုယ့်ဘ၀ကို ပြည့်ပြည့်၀၀ ကျေနပ် ဂုဏ်ယူနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းသွားကြဖို့ နှစ်သစ်အခါ သမယမှာ မင်္ဂလာရှိစွာ တိုက်တွန်းစကားဆိုချင်ပါတယ်။

အရှင် ဥာဏိက (USA)
ဇန္န၀ါရီလ (၁) ရက်၊ နံနက်၊ ၂၀၀၈

No comments:

Post a Comment