Pages

Subscribe

Saturday 10 July 2010

ဝါဒဖြန့် ရုပ်ရှင် ဝေဖန်မှုများပြား

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသည့် စစ်အစိုးရ၏ ဝါဒဖြန့် ရုပ်ရှင် ဇာတ်ကားသည် ကြည့်ရှုသူ များ၏ ဝေဖန်မှုကို ခံနေရကြောင်း သိရှိရသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ဟု အမည်ရသည့် ထိုဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦး က ရေးသားရိုက်ကူးပြီး ကာကွယ်ရေးဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် အဓိက ပံ့ပိုး ကူညီကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ရိုက်ကူး ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေတ်(၃)ခေတ်ကို အဆင့်ဆင့် ဦးတည်ပုံဖော် ရိုက်ကူးထားပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ငွေဆောင်၊ ချောင်းသာ၊ နေပြည်တော်မြို့များတွင် ရိုက်ကူးချိန် (၁)လခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ် ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီ မောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

ယခု ဇာတ်ကားသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထား သော်လည်း အတိတ်သမိုင်းအမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှု ခံနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျနော့်အမေ ဆိုရင် လုံးဝကိုမကြည့်တာ၊ လူငယ်တွေကတော့ စာမဖတ်တဲ့သူတွေ၊ လူကြီးတွေ လက်ဆင့် ကမ်းမပြော ဘူး တဲ့ သူတွေဆိုရင် တကယ်ဝါဒမှိုင်းပဲ”ဟု ဇာတ်ကားကြည့်ရှုပြီးသူ တဦးကပြောသည်။

ယင်းဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူကြသည် ဟူ၍လည်းကောင်း၊ ပြည်ပ အခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန် ကြောင်း ပြောဆိုတင်ပြထားသည်။

ပြည်တွင်း အခြေစိုက် သတင်းထောက်တဦးက“ပြည်သူ့ဘ၀ မှန်ကိုထင်ဟပ်စေတဲ့စာအုပ်တွေ ထွက်မလာအောင် သူတို့က ကြောက်ကန်ကန်ထားတယ်လေ၊ ဒါတွေကိုလူသိမှာသိပ်ကြောက်တာ၊ တရားဝင်တယ် မဝင်ဘူးဆိုတာကိုတော့ လူထု လက်ခံမှု နှုန်းနဲ့ တွက်ကြည့်ရင် သိသာပါတယ်”ဟု ဆိုသည်။

သရုပ်ဆောင် ခိုင်သင်းကြည်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်ပါတီစနစ် ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ် သောကြောင့် အများနည်းတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးခဲ့ရကြောင်း၊ ကိုယ်ပိုင်ဆန္ဒဖြင့် မဲထည့် ခြင်းမျိုးမဟုတ်ဘဲ အများကိုမလွန်ဆန်နိုင်သဖြင့်သာ မဲပေးရသည့်ပုံစံဖြစ်စေရန် ယခုဇာတ်ကား၌ သရုပ်ဆောင်ထားသည်။

ခုံဖိနပ်စီး၍ ပင်နီအင်္ကျီဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးကြောင်း စသည်တို့လည်း ယင်းဇာတ်ကားတွင် ပါရှိသည်။

ပြည်တွင်းမှ ဒါရိုက်တာ တဦးက“နိုင်ငံရေးကားတွေ ရိုက်တယ်ဆိုတာကတော့ ဝါဒအမျိုးမျိုး ရှိနိုင်တယ်၊ တခြားနိုင်ငံတွေမှာ လည်း ရိုက်နေကြတာပဲ၊ သမိုင်း ဆိုတာကတော့ သမိုင်းအမှန်ကိုပဲ ရိုက်ပြရမယ်၊ ဝါဒကြောင့် သမိုင်းကို ပြောင်းလိုက်တာ မျိုး ဖြစ်သွားရင်တော့ မကောင်းဘူးပေါ့ဗျာ”ဟု ပြောသည်။

၎င်းဇာတ်ကားတွင် သရုပ်ဆောင်များကို အာဏာပိုင်များက ညွှန်ကြားချက်ဖြင့် သရုပ်ဆောင်ခိုင်းသော အသက်ဝင်မှု မရှိ ကြောင်း၊ မြန်မာငွေ ကျပ် သိန်း ၈၀၀၀ ခန့် အကုန်ကျခံ ရိုက်ကူးထားသော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ စွာ ရှိနေသေးသည်ဟု ထင်မြင်ကြောင်း ဇာတ်ကားကြည့်ရှုပြီးသူကလည်း ဝေဖန် သည်။

“မင်းသား၊ မင်းသမီးတွေကို ကြည့်ရတာလည်း အသက်မပါတဲ့ပုံတွေနဲ့၊ သူတို့ စကားပြောတာတွေကလည်း ဘယ်သူက ဝင်ပြောပေးနေမှန်းမသိဘူး၊ ဇာတ်လမ်းကလည်း ရှည်တာပဲရှိတယ်၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ကျောင်းသားတွေ နိုင်ငံရေး သမားတွေကို နှိပ်ကွပ်ချင်တာလောက်ပဲ သိတယ်”ဟု ၎င်းက ပြောသည်။

တခြားသောပရိသတ်တဦးကလည်း“ဒီဇာတ်လမ်းကို နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ မပြောနိုင်ဘူးဗျ၊ အခုခေတ် လူငယ် တွေအနေနဲ့လည်း ဒီလိုဇာတ်လမ်းမျိုး မကြည့်သင့်ဘူး၊ ဒါတွေက ဝါဒဖြန့်ပြီး လူငယ်တွေရဲ့အသိကို ရောထွေးသွားအောင် လုပ်တာမျိုးပဲဗျ”ဟု ဆိုသည်။

ပါဝင်သရုပ်ဆောင်ရသူ တဦးကမူ“ကျနော်တို့ တလောကလုံးက ပါဝင်ပြီးရိုက်ကြတော့ ကျနော်လဲ ရိုက်ဖြစ်သွားတာပါ၊ ကျနော် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကို ဒါရိုက်တာကျေနပ်အောင် သရုပ်ဆောင်ပေးလိုက်တယ်၊ တခြား ဝါဒဖြန့် တာတို့ ဘာတို့တော့ ကျနော်လည်း မသိပါဘူး”ဟု ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်ကြသည့် သရုပ်ဆောင်များနှင့် ဒါရိုက်တာ သည် မော်တော်ကား တင်သွင်းခွင့် ပါမစ်များ နှင့် အခြားအကျိုးခံစားခွင့်များပါ ရရှိကြသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် ၎င်းဇာတ်လမ်းကို ပရိ သတ် များက စိတ်ဝင်စားမှုနည်းပါးကာ မကြည့်ရှုကြသဖြင့် ဗီဒီယို ခွေအငှားဆိုင်များကို မတင်မနေရစနစ်ဖြင့် တင်ခိုင်းထား ကြောင်း သိရှိရသည်။

ယင်းဇာတ်ကားကို ရေးသားရိုက်ကူးသူ ဒါရိုက်တာ တင်သန်းဦးသည် လုံးချင်း ဝတ္ထု စာအုပ်များရေးသား ထုတ်ဝေပြီး စစ်ကား များကို ရိုက်ကူးခဲ့ကာ ၁၉၈၈ မတိုင်မီ နှစ်များတွင် သူ၏စာအုပ်များသည် အရောင်းရဆုံး စာရင်း ဝင်ခဲ့သည်။

သို့သော် ၁၉၈၈ အရေးခင်းတွင် စစ်တပ်မှ အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် စစ်တပ်နှင့် သက်ဆိုင်သည့် ဇာတ်လမ်းများကို ပရိသတ်များ စိတ်ဝင်စားမှုလျော့ပါးလာပြီး တင်သန်းဦး၏ စာအုပ်များ အရောင်းထိုင်းစာရင်းဝင်ခဲ့ကြောင်း စာနယ်ဇင်း အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

မလေးရှားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာ

မလေးရှား အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့အရေး ကြားနာမှု အတွေ့အကြုံ ရှင်း လင်းပွဲတရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ တရုတ်တန်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ယင်းမြန်မာ့အရေး ကြားနာမှုကို မြန်မာ့ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားများ အခွင့်အရေး လှုပ်ရှားနေသော တပ်ပေါင်းစု ၁၀ ဖွဲ့ ၏ ကိုယ်စားလှယ်များက ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်ခင်ဥမ္မာက မလေးရှားလွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားအရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စရပ်များကို ပြောဆိုခဲ့ကြောင်း ရှင်း လင်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(မလေးရှား) နိုင်ငံရေးဌာန တာဝန်ခံ ကိုမျိုးခိုင် က ဧရာဝတီသို့ ပြောပြသည်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေဆဲ ဖြစ်တယ်။ သူတို့ကို လွှတ်ပေးဖို့ နအဖဟာ အရိပ်အယောင်တောင် ပြတာကိုမတွေ့ ရသေးဘူး။ တခါ တိုင်းရင်းသားတွေကို စစ်ရေးအရ တိုက်ခိုက်နေတာကိုလည်း ရပ်တန့်ဖို့စိတ်မကူးဘူး။ ပြီးတော့ အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးပွဲ လုပ်ဖို့ကိုလည်း ငြင်းဆန်နေမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် မလေး လွှတ်တော်အမတ်များအနေနဲ့ ရှုတ်ချကြဖို့ ပြောခဲ့တယ်လို့ ဒီနေ့ရှင်းလင်းပွဲမှာ ပြောသွားတယ်”ဟု ၎င်း က ပြောသည်။

မလေးရှားနိုင်ငံ သို့ သွားရောက်ခဲ့ကြသော မြန်မာ ကိုယ်စားလှယ်များတွင် ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ NCGUB မှ ၀န်ကြီး ဦးဝင်းလှိုင်၊ NLD(LA)မှ ဦးမိုးဇော်ဦးနှင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်(NDD)မှ ဒေါ်ခင်ဥမ္မာတို့ ပါဝင်ကြသည်ဟု သိရသည်။

မြန်မာ ကိုယ်စားလှယ်များသည် မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီး Dato Seri Nazri Abdul Aziz ၊ အတိုက်အခံ ခေါင်း ဆောင် Dato Seri Anwar Ibrahim နှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (မလေးရှား) AIPMC –Malaysia ဥက္ကဌ YB lim Kit Siang တို့ နှင့်လည်း တွေ့ ဆုံခဲ့ကြသည်ဟု ဆိုသည်။

AIPMC အဖွဲ့ ဝင်များသည် NLD အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ထား သော ပါတီများ၏ ရပ်တည်ချက်ကိုလည်းကောင်း၊ အားလုံးပါဝင်သော တွေ့ ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုလည်းကောင်း ထောက်ခံသည်ဟု သိရသည်။

ထို့အပြင် နအဖ အနေဖြင့် ဒီမိုကရေစီ စည်းမျဉ်း စည်းကမ်းများနှင့် အာဆီယံ ပဋိညဉ်စာတမ်းအတိုင်း လုပ်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း တို့ကို မပြုလုပ် ပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ ဝင် အဖြစ်မှ ရပ်ဆိုင်းထားရန်လည်း AIPMC က တောင်းဆိုထားသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ ဝင်တဦးဖြစ်သော ဗိုလ်မှူးကြီး ခွန်ဥက္ကာက“စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ နဲ့ အာဆီယံဒေသမှာ တိုးတက်တဲ့ ခြေလှမ်းတခု ဖြစ်လာမှာမဟုတ်ဘူး။ တက်လာမယ့် အစိုးရသစ် ဟာလည်း စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲထားတဲ့ မှားယွင်းနေတဲ့ အခြေခံ ဥပဒေရဲ့ ပျက်စီးနေတဲ့ အခြေခံ အုတ်မြစ်ကို အခြေခံပြီး ဖွဲ့ စည်းမှာဖြစ်ပါတယ်။ ဒီလို မှန်မှန်ကန်ကန် ဖွဲ့ စည်းထားတာမဟုတ်တဲ့အတွက် တိုင်းပြည်ကို ပိုပြီး ပြိုပျက် သွားစေဖို့က သိပ်ကြာမှာမဟုတ်သလို အဲဒီ နောက်တက်လာမယ့် အာဏာရှင် အစိုးရရဲ့ဆိုးကျိုးတွေကိုလည်း ဒေသ တွင်း မှာ ထပ်ပြီး ခံစားလာကြရမှာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ရှင်းလင်းပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) (မလေးရှား)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(မလေးရှားဌာနခွဲ)၊ ဇိုမီး အမျိုးသား ကွန်ဂရက်နှင့် မလေးရှားရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့ အစည်းများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

မြန်မာ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေးလှုပ်ရှားမှု တပ်ပေါင်းစု ၁၀ ဖွဲ့ တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ(NCUB)၊ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(FDB)၊ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက်(SYCB)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD - LA) အစရှိသော အဖွဲ့ အစည်းများ ပါဝင်ကြကြောင်း သိရသည်

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

ရုပ်ရှင်ပိုစတာ ပန်းချီဆရာများ ပန်းချီ ပြပွဲ ကျင်းပ

ရုပ်ရှင်ပိုစတာများ ရေးဆွဲခဲ့သည့် ပန်းချီဆရာကြီး ၁၃ ဦးပါဝင်သော PHOENIX အမည်ရှိ ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေး ပန်း ပညာရှင်များ အစည်းအရုံး ခန်းမတွင် ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပြပွဲတွင် ပန်းချီကား ၃၁ ကားပြသခဲ့သည်ဟု ရန်ကုန် ပန်းချီ အသိုင်းအ၀ိုင်းက ပြောသည်။

“အဲဒီ ပန်းချီဆရာကြီးတွေရဲ့ စုတ်ချက် ကြမ်းကြမ်း ရေးထားတဲ့ ပန်းချီကားတွေကို ဒီဘက်ခေတ်လူတွေ ပြန် ခံစားနိုင်အောင်လို့ ဒီ လက်ရာတွေကို ပြန်စုစည်းပြီး ပြပွဲစီစဉ်ဖြစ်တာပါ၊ ဒီထဲက တချို့ဆို မရှိကြတော့ပါဘူး”ဟု PHOENIX ပန်းချီပြပွဲကို တာဝန်ခံစီစဉ် သူ တဦးဖြစ်သည့် ပန်းချီ သက်ဦးက ပြောသည်။

ရုပ်ရှင်ပိုစတာ ရေးဆွဲခဲ့သူများ၏ ပြပွဲကို လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်က ယုဒသန် ခန်းမတွင် တကြိမ်ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှ စတင် ၍ နှစ်စဉ်ပြုလုပ်သွားမည် ဟုလည်း ပန်းချီသက်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် နှစ် ၅၀ ခန့်ကတည်းက ရုပ်ရှင်ပိုစတာများကို အဖွဲ့လိုက် အပြိုင်အဆိုင် ရေးဆွဲခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ကွန်ပျူတာ၏ အခန်းကဏ္ဍ လွှမ်းမိုးလာသောကြောင့် ရုပ်ရှင်ပိုစတာ ပန်းချီပညာမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရကြောင်း သူက ဆိုသည်။

ယခင်က နာမည်ကြီး ရုပ်ရှင်ရုံတရုံအတွက် ပန်းချီအဖွဲ့တဖွဲ့စီ ရှိပြီး တဖွဲ့လျင် အနည်းဆုံး ၁၀ ဦးခန့် ပါဝင်ကြောင်း၊ အလျား ပေ ၁၀၀၊ အနံ ပေ ၇၀ ကျော် ရှိသည့် ရုပ်ရှင်ပိုစတာများကို ရေးဆွဲခဲ့သည့် ပန်းချီဆရာကြီးများ ယခုအခါ အနည်းငယ်သာ ရှိတော့ ကြောင်း၊ ထို ဆရာကြီးများ၏ လက်ရာများကို အများပြည်သူ ပြန်လည် ခံစားနိုင်စေရေးအတွက် ဤပြပွဲကို ကျင်းပခြင်း ဖြစ် ကြောင်း၊ ပိုစတာ တချပ်ရေးလျင် ၁၉၇၀ ကျော် ကာလက ကျပ် ၆၀၀၀ ခန့် ရလေ့ရှိကြောင်း၊ ယခုခေတ် ရုံပြည့် ပိုစတာများ ရေးလျင် အနည်းဆုံး ကျပ်သိန်း ၂၀၊ ၂၅ သိန်း ဝန်းကျင် ကုန်ကျလိမ့်မည်ဖြစ်ကြောင်း ပန်းချီသက်ဦးက ဆက်ပြောသည်။

“ရုပ်ရှင်ပိုစတာရေးတဲ့ လုပ်ငန်းပျောက်သွားတာ ၀မ်းနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုစတာလုပ်ငန်း ဆိုတာကလည်း လေ့ကျင့် တဲ့ ကွင်းကြီးတကွင်းလိုပဲ။ အပတ်စဉ် ရေးနေရတော့ လက်တွေက အမြဲတမ်း ထိတွေ့နေရတယ်။ ဒါပေမယ့် ဒီဘက်ပိုင်းမှာ ရုပ်ရှင် ကားကြီးတွေကလည်း နည်းလာတယ်။ ပိုစတာလုပ်ငန်းလည်း ပျောက်ကွယ်သွားပါပြီ”ဟု ပန်းချီသက်ဦးက ဆိုသည်။

ရုပ်ရှင်ပိုစတာ ပန်းချီ လုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ ခန့် က ပန်းချီ ဆရာကြီး ဦးငွေကိုင်၊ ဦးဘဉာဏ် စသူတို့ လက်ထက် က စတင်ခဲ့ပြီး လွန်ခဲ့သည့် နှစ် ၅၀ ဝန်းကျင်ခန့်က အဖွဲ့လိုက် အင်နှင့် အားနှင့်ရေးဆွဲခြင်းများ ခေတ်စားခဲ့ကြောင်း သိရသည်။

“မောင်ကျော်ညွန့်နဲ့အဖွဲ့၊ မောင်မောင်လှမြင့်အဖွဲ့ ဆိုပြီး အဖွဲ့တွေရှိကြတယ်။ ရုပ်ရှင်ကလည်း ကန်ထရိုက် စနစ်နဲ့ပေးတယ်၊ ကိုယ့် လက်ရာကို ကြိုက်တဲ့ သူတွေကလည်း လာအပ်ကြတာပေါ့။ အဲဒီမှာ အပြိုင်အဆိုင်ရေးကြရတယ်၊ ကျနော် နောက်ဆုံး ရေးခဲ့တဲ့ ပိုစတာကတော့ ကျော်ဟိန်းရဲ့ စိန်ခေါ်ရင်တိမ်ပေါ်အထိလိုက်မယ် ကားပါ။ ခုနှစ်တော့ မမှတ်မိတော့ဘူး”ဟု ပန်းချီသက်ဦးက ဆိုသည်။

ပန်းချီသက်ဦးသည် ရုပ်ရှင် ပိုစတာ ရေးဆွဲသည့် လုပ်ငန်းကို ၁၉၇၅ ခုနှစ်က စတင်၍ လုပ်ကိုင်ခဲ့သူ တဦး ဖြစ်သည်။

PHOENIX ပန်းချီပြပွဲတွင် ပန်းချီသက်ဦးနှင့်အတူ ရုပ်ရှင်ပိုစတာ ပန်းချီဆရာများ ဖြစ်ကြသော ဇော်ဝင်း (ငှက်ပျောသီး)၊ မြဟန်၊ သားမြသန်း၊ စိုးညွန့်လေး၊ မောင်ကျော်ညွန့်၊ သန်းဋ္ဌေး၊ မောင်မောင်၊ ကောင်းစံ၊ မောင်မောင်လှမြင့်၊ ပြည်ကျော်ဟန်၊ ဋ္ဌေးမောင်နှင့် နိုင်လေးတို့၏ ပန်းချီကားများ ပြသထားကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။

ရာသီဥတုကြောင့် မိုးစပါး အထွက်လျော့နိုင်

စပါးစိုက်ပျိုးချိန်တွင် မိုးအဝင် နောက်ကျခြင်း၊ ဆည်များခမ်းခြောက်ကုန်သဖြင့် ရေမရခြင်း တို့ကြောင့် ယခုနှစ် မိုးစပါး စိုက်ဧကများ လျော့နည်းကာ အထွက်နှုန်း လျော့နိုင်သည်ဟု လယ်သမားများနှင့် စိုက်ပျိုးရေးပညာရှင်များက ခန့်မှန်း ကြသည်။

ယခုနှစ် ဇွန်လကုန်အထိ စိုက်ပျိုးထားသော စပါးစိုက်ဧကမှာ ယခင်နှစ်ကထက် ဧက တသန်းခွဲနီးပါး လျော့နည်း နေကြောင်း သိရသည်။

မိုးစပါးကို နှစ်စဉ် မေလတွင် ပုံမှန် စိုက်ပျိုးလေ့ရှိသော်လည်း ယခုနှစ်တွင် မိုးခေါင်ပြီး မုတ်သုံအ၀င် နောက်ကျခြင်း ကြောင့် သတ်မှတ်စိုက်ဧက ပြည့်မီရန် စိုက်ပျိုးနိုင်ခြင်းမရှိဟု မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်းမှ အကြီးတန်း အရာရှိကြီး တဦးက ပြောသည်။

“မိုးနောက်ကျတော့ မစိုက်နိုင်ဘူး။ ဒီအချိန်မှာ စိုက်မထားရင် စိုက်ဧကလျော့ပြီး အထွက်လျော့မှာ။ ယာသီးနှံကတော့ ရေများများ မလိုတဲ့အတွက်ကြောင့် ပဲ၊ နှမ်း၊ ပြောင်း၊ ဝါတွေကတော့ ရာနှုန်းပြည့် စိုက်ပြီးပြီ” ဟု အဆိုပါ အရာရှိကြီးက ပြောသည်။

လယ်သမားများ၏ ငွေကြေးအခြေအနေကြောင့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိမည့် မျိုးစပါးကို ပြောင်းလဲ ၀ယ်ယူ နိုင်စွမ်း မရှိခြင်းသည်လည်း စပါးအထွက်နှုန်း လျော့စေသည့် အဓိက အချက်တချက်ဖြစ်သည်ဟု မြန်မာနိုင်ငံ စိုက်ပျိုး ရေး ပညာရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောသည်။

“အရင်းအနှီးကျတော့ လိုနေသေးတယ်။ ခုလို အခြေအနေမျိုးဆို သက်ငယ်စပါးမျိုးကို ပြောင်းစိုက်ရင် အထွက် မလျော့ နိုင်ဘူး။ ဒါပေမယ့် မျိုး အလွယ်တကူ ရှာမရတာရယ်၊ အရင်မျိုးတွေ ၀ယ်ထားပြီးသားဆိုတော့ ထပ်ဝယ်ဖို့ မတတ်နိုင်တာတွေရယ် ကြုံနေရတာ တွေ့ရတယ်” ဟု ဒေါက်တာမြင့်သိန်းက ရှင်းပြသည်။

ပဲခူးမြို့မှ လယ်သမားတဦးက မိုးနောက်ကျသဖြင့် သက်ငယ်စပါး (သက်တမ်းတိုစပါး) စိုက်လျှင်ရကြောင်း၊ သို့သော် ပုံမှန်စပါးကိုသာ မျိုးဝယ်၍ ပျိုးထောင်ထားသောကြောင့် ယခုအချိန်ကျမှ မပြောင်းနိုင်တော့ကြောင်း ပြောသည်။

ယခုနှစ်တွင် စိုက်ဧက လျာထားချက်ထက် လျော့နည်းသည့်အပြင် ရောဂါပိုးမွှားကျရောက်ခြင်း၊ လယ်သမား အများစု မှာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည်တို့ ဖြည့်ဆည်းနိုင်မှု နည်းခြင်းတို့ကြောင့် တဧက အထွက်နှုန်းလည်း လျော့ ကျ နိုင်သေးသည်ဟု စိုက်ပျိုးရေး ပညာရှင်များက ခန့်မှန်းသည်။

မိုးလေဝသ ပညာရှင်များက မိုးနှောင်း ကောင်းနိုင်သည်ဟု ခန့်မှန်းထားပြီး ထိုသို့ မိုးနှောင်း ကောင်းပါက ရိတ်သိမ်းချိန် မတိုင်မီ မိုးကောင်း၍ စပါးအထွက် လျော့နိုင်ကြောင်းလည်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ပညာရှင်များ အသင်းက ပြော သည်။

ကုလမသဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ ပူးပေါင်း ကောက်ယူထား သော မြေပြင်အခြေအနေ စာရင်းကောက်ယူ လေ့လာချက်များအရ ရိတ်သိမ်းချိန်တွင် ရာသီဥတုကြောင့် စပါး ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာအရ UNDP နှင့် WFP စီမံကိန်းဝင် ဒေသ ၁၁ ခုအနက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ တောင်ကြီး၊ လားရှိုးနှင့် ချင်းပြည်နယ်တို့တွင် ဆုံးရှုံးနိုင်ခြေ ပိုများသည်ဟု သိရသည်။

ယင်းကဲ့သို့ အထွက်နှုန်း လျော့ကျပါက ငတ်မွတ်ခေါင်းပါးမှု ပြဿနာများနှင့်လည်း ရင်ဆိုင်ရနိုင်သည်ဟု မြန်မာနိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရုံးမှ ခန့်မှန်းထားသည်။

စစ်အစိုးရက လယ်သမားများ ဆည်ရေရှိရေးအတွက်ဟုဆိုကာ ဆည်ပေါင်း မြောက်မြားစွာ တည်ဆောက်ထားပြီး ဖြစ်သော်လည်း လယ်သမားများမှာ မိုးရေ၊ ဆည်ရေ၊ ရေထိန်းတံခါးများမှ ရေကို အကျိုးရှိရှိ အသုံးချနိုင်မှု မရှိသေး ကြောင်း၊ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်၏ ၁၀ ရာခိုင်နှုန်းကိုသာ ထိရောက်စွာ အသုံးချနိုင်သေးကြောင်း မြန်မာ နိုင်ငံဆိုင်ရာ FAO ဌာနေ ကိုယ်စားလှယ် မစ္စတာ ရှင်းအိမ က သုံးသပ်သည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် မိုးစပါး ဧက ၁၆ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး တဧက အထွက်နှုန်း ၇၆ တင်းကျော် ရရှိ ခဲ့သဖြင့် တင်း သန်းပေါင်း ၁၃၀၀ ကျော်ရရှိခဲ့သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းဇယား များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စပါးမျိုးပေါင်း ၆၀ ကျော်စိုက်ပျိုးပြီး အများဆုံးစိုက်ပျိုးသော စပါးမျိုးများမှာ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်း ယဉ်၊ နှံကား၊ မြီးကောက်၊ မနောသုခ၊ ဆင်းသွယ်လတ်နှင့် ဆင်းသွယ်ယဉ်တို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးစပါးကို နှစ်စဉ် မေလတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းလေ့ရှိသည်။

ဧရာဝတီသတင်းထောက် ဆက်လင်း ရေးသားသည်။

တက္ကသိုလ် ကောလိပ်များတွင် အဆောင်များ မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြမူ ပေါ်ပေါက်ရခြင်းဖြစ်

ရခိုင်ပြည်နယ် စစ်တွေ နည်းပညာ ကောလိပ် အပါအ၀င် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အတွက် အဆောင်များကို အစိုးရမှ စနစ်တကျ စီစဉ်ပေးမူ မရှိသဖြင့် ယခုကဲ့သို့ ဆူပူ ဆန္ဒပြမူများ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း အမည်မဖေါ်လိုသူ စစ်တွေ ကောလိပ်ကျောင်းသား ဟောင်း တဦးက ပြောသည်။

“ကျွန်တော်တို့ စစ်တွေ ကောလိပ် ကျောင်းသား ဘ၀တုန်းက နယ်က ကျောင်သားတွေ အတွက် ဝေသာလီ ဆောင်၊ ကျောင်းသူတွေ အတွက် ပိုးဝါဆောင်၊ စောပြည့်ညိုဆောင်ဆိုပြီး အဆောင်တွေ ရှိတယ်။ ခုတော့ အစိုးရက တက္ကသိုလ် ကောလိပ်တွေကို မြို့ပြင်ကို ရွှေ့လိုက်တယ်။ ဒါ့အပြင် နယ်ကကျောင်းသားတွေ အတွက် အဆောင်တွေထားတဲ့ စနစ်ကို ဖျက်သိမ်းလိုက်တော့ ကျောင်းသားတွေက မြို့ထဲက အိမ်တွေမှာ ဌားရမ်းနေရတယ်။ တချို့ကလည်း နီးစပ်ရာမှာ နေရတယ်။ အိမ်လခ၊ ထမင်းလခ အပြင် ကျောင်းကား စရိတ်ပါ အဆမတန် ပေးလာရတော့ မတတ်နိုင်တော့ဘူး။ နောက်ဆုံးတော့ ပေါက်ကွဲပြီး ခုလို ဆန္ဒပြ တောင်းဆိုရတဲ့ အထိကို ရောက်လာရတာ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စ တခု ဖြစ်ပါတယ်။”

စစ်တွေ တက္ကသိုလ်မှာ ယခင်က မြို့ထဲတွင် တည်ရှိပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြို့ပြင်ရှိ ဘုမေရွာ အနီးသို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ အလားတူ အသစ် တည်ဆောက်ပေးသော နည်းပညာ ကောလိပ်ကိုလည်း မြို့မှ ၁၄ မိုင်ခန့်ဝေးသော ရေချမ်းပြင် အရပ်တွင် တည်ဆောက်ခဲ့သည်။

“အစိုးရက ခုလို ကျောင်းတွေကို မြို့ပြင်ကို ရွှေ့ပြောင်းပစ်ပေမယ့် ကျောင်းသားတွေ အတွက် ကျောင်းကားတွေကို စနစ် တကျ စီစဉ်ပေးတာ မရှိဘူး။ ပုဂ္ဂလိက ကားတွေကိုဘဲ ကျောင်းကား အဖြစ် အတင်း ကြိုပို့ လုပ်ခိုင်းတယ်။ ကား အရေ အတွက်ကလည်း အရမ်းနည်းတယ်။ ဆီဈေးတက်ရင် ပုဂ္ဂလိက ကားတွေက ကားခတွေ ပိုတောင်းတယ်။ ပီးတော့ အချိန်မှန် အရေအတွက်မှန် ပြေးဆွဲတာ မရှိဘူး။ ဒါကြောင့် ခုလို ပြဿနာမျိုး ခဏခဏ တက်နေရတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင် နယ်က ကျောင်းသားတွေအတွက် တက္ကသိုလ် ကောလိပ် ကျောင်းဝင်း အတွင်းမှာ ဖြစ်ဖြစ် အနီးအနားမှာဘဲ ဖြစ်ဖြစ် ကျောင်းသား အဆောင်တွေကို အယင်ကလို ထည်ဆောက် ပေးဖို့လိုတယ်။ နို့မဟုတ်ရင် ဒီပြဿနာက ဘယ်သူဘဲ လာဖြေရှင်း ဖြေရှင်း ဆက်တက်မှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

နယ်ကလာသော ကျောင်းသား တဦးအနေဖြင့် စစ်တွေ တက္ကသိုလ် ကောလိပ်များတွင် ပညာ သင်ကြားရန်အတွက် တလကို အနည်းဆုံး ကျပ် တသိန်းနီးပါး ကုန်ကျသည်ဟု ကျောင်းသား တဦး ပြောသည်။

“ထမင်းလခက တလကို ကျပ် ၄၀၀၀၀ ပေးရပါတယ်။ ကားခက အနည်းဆုံး တလကို တစ်သောင်းနီးပါး သုံးရပါတယ်။ အိမ်အဆောင်ခ၊ ကျူရှင်ခ၊ ကျောင်းစရိတ်နဲ့ပါဆိုရင် တသိန်းနီးပါး ကုန်ကျပါတယ်။ အများစု နယ်က ကျောင်းသားတွေက သိပ်ပိုက်ဆံ ချမ်းသားလို့ ကျောင်းလာ တက်ကြတာ မဟုတ်ပါဘူး။ ပညာလိုချင်လို့ လာကြတာပါ။ အစိုးရက ခုလို ကိစ္စမျိုးတွေကို သူတို့က ထည့်တွက်တာ မဟုတ်ပါဘူး။ ခုလို ဆန္ဒပြရတာကလည်း မတတ်နိုင်တဲ့ အတွက် နောက်ဆုံး အရဲစွန့်ပီး ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရ အနေဖြင့် တက္ကသိုလ် ကောလိပ်များတွင် ကျောင်းသား အဆောင်များ တည်ဆောက်ပေးလျှင် ကျောင်းသားများ စုဝေးခွင့် ရရှိပြီး ဆူပူမူများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ် ကောလိပ်များတွင် နယ်မှ ကျောင်းသားများ အတွက် အဆောင် စနစ်ကို ဖျက်သိမ်းထားကြောင်း သိရသည်။

နယ်မှ ကျောင်းသားများမှ မြို့ထဲတွင် လပေး စနစ်ဖြင့် ထမင်းစားသောက်ကာ အိမ်ဌားရမ်း နေထိုင်ရသဖြင့် လစဉ် လတိုင်း ငွေကြေး မလုံလောက်မူနှင့် ရင်ဆိုင်ကြရပြီး ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရချိန်တွင် ကျောင်းကားများက ကျောင်းကားခကို တလမ်းကြောင်းအတွက် ကျပ်ငွေ ၁၅၀ မှ ၂၅၀ ထိ တိုးတောင်းရာမှ မကျေနပ်သဖြင့် ဇူလိုင်လ ၅ ရက်နေ့က ချီတက် ဆန္ဒပြမူ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ရေဘေးအတွက် မူဆလင် စီးပွားရေး သမားများ သိန်းရာချီ၍ အကူအညီပေး

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော ရေဘေး အတွက် ရန်ကုန်နေ ရခိုင်ပြည်ပေါက် မူဆလင် စီးပွားရေး သမားများက သိန်းရာချီပြီး အကူအညီ ပေးခဲ့သည်ဟု ရခိုင်စီးပွားရေး သမား တဦးက ပြောသည်။

“ရန်ကုန်က ဦးအောင်ဇော်ဝင်းတို့ အဖွဲ့က မောင်တောမြို့ နယ် ရေဘေးအတွက် သိန်း ၃၀၀ နဲ့ ဦးဌေးဝင်းတို့ အဖွဲ့က ဘူးသီးတောင်မြို့နယ်အတွက် ကျပ် သိန်း ၂၅၀ အကူအညီပေးပါတယ်။ သူတို့က ရန်ကုန်မှာ ထိပ်ထိပ်ကြဲ အောင်မြင် နေတဲ့ မူဆလင် စီးပွားရေး သမားတွေ ဖြစ်ကြပါတယ်” ဟု သူက ပြောသည်။

သူတို့ အနေဖြင့် အဆိုပါ ရေဘေးအကူအညီများကို ဆန် အပါအ၀င် စားနပ်ရိက္ခာများ၊ အ၀တ်အထည်များနှင့် အိမ်သုံးပစ္စည်းများ ၀ယ်ယူပြီး ကူညီလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့မှ အစိုးရ ၀န်ထမ်း တဦးက “ အလယ်သံကျော်ကျေးရွာအတွက် မနေ့က ဆန်အိတ် ၂၀၀၀ စစ်တွေကနေ မောင်တောကို သင်္ဘောနဲ့ ရောက်လာပါတယ်။ အခု သူတို့ အဲဒီ ဆန်အိတ် တွေကို မောင်တောကနေ အလယ်သံကျော် ကျေးရွာကို ကားတွေနဲ့ ရွှေ့နေကြပါတယ်။ ရန်ကုန်က မူဆလင် သူဌေး ဦးအောင်နိုင် လှူတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယခု ဘူးသီးတောင်နှင့် မောင်တောတွင် ဖြစ်ပေါ်ခဲ့သော ရေဘေးတွင် အများစု ထိခိုက်ခံခဲ့ရသူများမှာ မူဆလင်များ ဖြစ်သဖြင့် စစ်အစိုးရ၏ ဖိအားပေးချက်အရ ယခုကဲ့သို့ မူဆလင် စီးပွားရေး သမားများက လှူဒါန်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“အစိုးရက ပြောသာ ပြောနေတာပါ။ သူတို့က ဘာမှ ထိထိရောက်ရောက် အကူညီ ပေးနိုင်တာ မရှိပါဘူး။ သူတို့ ကူညီပေးတာက မိသားစု တစုကို ဆန်တပြည်၊ အမျိုးသမီးဝတ် ပိတ်သား ထဘီ တထည်၊ ခလေးစီး ဘိနပ် တရံ၊ မာမီ ခေါက်ဆွဲ သုံးထုပ်။ ဒါတွေဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မူဆလင် စီးပွားရေး သမားတွေကို ဖိအားပေးပြီး လှူခိုင်းတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအကူအညီများကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှတဆင့် ကူညီ လှူဒါန်းပေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ သိန်းရာချီပြီး အကူအညီပေးသူ မူဆလင် စီးပွားရေးသမားများမှာ စစ်အာဏာပိုင်များ၏ ချီးမြှင့် မြောက်စားခြင်းကို ခံနေရပြီး သူတို့ မောင်တောနှင့် ဘူးသီးတောင်သို့ လာလျှင် အစောင့် အရှောက်များ ခြံရံပြီး ရောက်လာလေ့ရှိကာ သူတို့ ခရီးစဉ်တိုင်းတွင် ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ပေးကြောင်း သိရသည်။

ဝန်ကြီး ဦးသောင်း သတ်မှတ်ပေးသည့် ကားခ ကျောင်းသားများ တတ်နိုင်မည် မဟုတ်

သိပံ္ပနှင့် နည်းပညာ ၀န်ကြီး ဦးသောင်း ဇူလိုင်လ ၇ ရက်နေ့က စစ်တွေ နည်းပညာ ကောလိပ်သို့ ရောက်ရှိလာပြီး ကျောင်းကားခကို တကြောင်းကို ကျပ် ၂၀၀ စီဖြင့် ကျောင်းသားများမှ ပေးဆောင်ရန် သတ်မှတ်ပေးခဲ့သည်ဟု သိရသည်။

ဝန်ကြီး ဦးသောင်းသည် ကားခ တိုးမြှင့်မူကြောင့် စစ်တွေ နည်းပညာကျောင်းသားများ ဆန္ဒပြပြီး နောက်နှစ်ရက် အကြာ ဇူလိုင်လ ၇ ရက်နေ့က စစ်တွေ နည်းပညာ ကောလိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော်လည်း ၀န်ကြီး သတ်မှတ်ပေးသော ကားခမှာလည်း ဈေးကြီးနေသဖြင့် ကျောင်းသားများ အတွက် အခက်အခဲ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများက ပြောသည်။

ကျောင်းသား တဦးက "အရင်က ကားခ တကြောင်းတည်းကို ၁၅၀ကျပ်ဆိုတာလည်း ကျောင်းသားတွေ အတွက် နည်းတာ မဟုတ်ပါဘူး။ အခု ဝန်ကြီးက ကားခကို ၂၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပြဿနာကတော့ ပြေလည်သွားတယ်။ ဒါပေမယ့် ကျောင်းသား အများအပြား အတွက်တော့ ဒီကားခကြောင့် အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။"

ယခင်က နည်းပညာကောလိပ်နှင့် စစ်တွေမြို့ အကြား ပြေးဆွဲနေသော ကားခမှာ ၁၅၀ကျပ် ရှိနေရာမှ ၃၀၀ကျပ် အထိ တိုးမြှင့် ကောက်ခံ သဖြင့် ကျောင်းသားများက မကျေနပ်သဖြင့် ဆန္ဒပြခဲ့သည်။

" ၀န်ကြီး အနေနဲ့ ကျောင်းသားတွေ အဆင်ပြေအောင် မထသက တာဝန်ယူ ပြေးဆွဲနေတဲ့ အစိုးရကားတွေကို ကျောင်းသားတွေ အဆင်ပြေအောင် စီစဉ် ပေးရင် ရနိုင်ရဲ့သားနဲ့ စီစဉ် ပေးတာ မရှိပါဘူး။ ရထား စီးဖို့ ၀န်ကြီးက ပြောပါတယ်။ ရထားကလည်း အချိန်မမှန် နောက်ကျတယ်။ လမ်းလည်း မကောင်းတော့ အန္တရာယ်များတယ်။ ဒါကြောင့် မဖြစ်နိုင်မှန်း သိတော့ ကားခကို ၂၀၀ ကျပ် သတ်မှတ်ပေးခဲ့ပါတယ်။" ဟု သူက ဆက်ပြောသည်။

ဝန်ကြီးဦးသောင်းသည် ကျောင်းဆရာ ဆရာမများ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ မထသ ဥက္ကဌတို့နှင့် ကျောင်းကား ကိစ္စပြဿနာကို ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ အဖြေ ထွက်လာခြင်း ဖြစ်သည်။

သို့သော်လည်း ဝန်ကြီး သတ်မှတ်ပေးခဲ့သည် ကျောင်းကားခ ဈေးနှုန်းမှာ ကျောင်းသားအများအပြား အတွက် အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း နယ်မှ ကျောင်းလာတက်နေသူ GTC ကျောင်းသားတဦးက ပြောသည်။

"အဓိကကတော့ ကျနော်တို့လို နယ်ကကျောင်းသားတွေ အခက်အခဲ ပိုရှိနေပါသေးတယ်။ ကားခ ၂၀၀ဆိုတော့ တနေ့ကို ၄၀၀ကျပ် ဖြစ်သွားပါပြီ။ တလမှာ ကျောင်းကားခ သပ်သပ် ၁၂၀၀၀ ကျပ်ဖြစ်သွားပါပြီ။ နောက် အဆောင်စရိတ်တို့ ဘာတို့ အများကြီးရှိပါသေးတယ်။ ထမင်းဆိုလည်း လပေး စားနေရတာဆိုတော့ သိပ်မလွယ်ပါဘူး။ အခုစစ်တွေမှာ လပေးဆိုင်တွေမှာဆို တလကို တယောက်စာဆိုရင် အနည်းဆုံး ၄၀၀၀၀ ကျပ်ရှိပါတယ်။ အခုလိုမျိုးဆိုရင် နောက်လည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက် လာနိုင်ပါတယ်။" ဟု သူက ဆက်ပြောသည်။

စစ်တွေ အစိုးရနည်းပညာကောလိပ်မှာ စစ်တွေမြို့နှင့် ၁၂မိုင်ခရီး ကွာဝေးသော ရေချမ်းပြင် ကျေးရွာ အနီးတွင် ရှိသည်။

စစ်တွေမှ ကားပိုင်ရှင်တဦးက" ကျနော်တို့ ကားသမားတွေဘက်ကလည်း နည်းနည်း စဉ်းစားကြည့်ပါအုံးဗျ။ မနက်စောစော ကျောင်းကို အသွားမှာတော့ ကျောင်းသားတွေအပြည့်ပါတယ်။ နောက်တခေါက်ဆွဲဖို့အတွက် ကျောင်းက အပြန်မှာတော့ တယောက်မှ မပါတော့ဘူး။ အဲဒီအပြန်အတွက် ဆီခကို အိတ်စိုက်ရတာပေါ့။ ကျောင်းကလည်း ၁၂မိုင် ခရီးဆိုတော့ ဆီဖိုး မလွယ်ဘူးလေ။" ဟု ပြောသည်။

ယခုကဲ့သို့ ပြဿနာဖြစ်နေရခြင်းမှာ ကျောင်းကို မြို့နှင့် အလွန်ဝေးရာတွင် ထားရှိပြီး ကျောင်းသားများ အတွက် အဆောင်များ ထားရှိခြင်း မရှိသလို ကျောင်းကားများကိုလည်း အစိုးရမှ စနစ်တကျ စီစဉ်ပေးထားခြင်းမရှိသည့် အတွက်ဖြစ်ကြောင်း စစ်တွေဒေသခံတဦးက သုံးသပ်သည်။

ကျောင်းကားခ မြင့်တက်မှုနှင့် ကျောင်းကားမလုံလောက်မှုတို့ကြောင့် ကျောင်းသား ကျောင်းသူ ၃၀၀ ကျော် စစ်တွေ အစိုးရနည်းပညာကောလိပ်မှ ပယကရုံးရှေ့သို့ ချီတက် ဆန္ဒပြခဲ့ကြသည်။ စစ်တွေတွင် စစ်တွေ တက္ကသိုလ်ကို စစ်တွေမြို့နှင့် အနောက်ဘက် ၄မိုင်အကွာတွင် ထားရှိပြီး ကွန်ပျူတာ တက္ကသိုလ်ကို စစ်တွေ အကျဉ်းထောင်အနီးတွင် ထားရှိသည်။

နိရဉ္စရာသတင်းထောက် မင်းဆက်ခိုင် ရေးသားသည်။

၂၀၁၀ ရွေးကောက်ပွဲ မပါဝင်ကြရန် ရွှေလီမြစ်ဝှမ်းဒေသ၌ လျှို့ဝှက်စာဖြန့်ဝေ

နအဖ စစ်အုပ်စု ဦးစီးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ကြရန် မူစယ် နမ့်ခမ်းမြို့နယ်အတွင်းစာများလျှို့ဝှက်ဖြန့် ဝေလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“ထုန့်မောဝ်း အခြေစိုက် SSA - S အမှတ် ၇၀၁ တပ်ရင်း သျှမ်းမျိုးချစ်ဆိုပြီးတော့ ဒီလဆန်းပိုင်းမှာ စဖြန့်တယ်။ အဲဒီစာထဲ မှာ ပြည်သူအနေအနဲ့ နအဖ ရွေးကောက်ပွဲမှာမပါဝင်ဖို့အဓိကတိုက်တွန်းထားတယ်၊ ပါဝင်ရင် ဘာလုပ်မယ်ညာလုပ်မယ် ဆိုတာတော့ပြောမထားဘူး”- ဟု မူစယ်မြောက်ရပ်ကွက်နေ စိုင်းနွံမောဝ်းက ပြောပါသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီအပါအ၀င် မေလနှောင်းပိုင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့် ရသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ဆက်တိုက်လှုပ်ရှားမှုြုပလာနေချိန် ဤကဲ့သို့ စာဖြန့်ဝေမှု ဖြစ်ပေါ်လာ ခြင်းသည်။

၎င်းနှင့်ပါတ်သက်၍ သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်က - “ ကျနော်တို့ သျှမ်းပြည်တပ်မတော် ပေါ်လစီအရ ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူအတွက်ဘာမှ အကျိုးမရှိဘူး။ သန်းရွှေ စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေ အသက်သွင်းဖို့ဘဲဖြစ်တယ်၊ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ဘဲဖြစ် တဲ့အတွက် ပြည်သူအနေနဲ့ မပါဝင်/မဲမထည့်ကြဖို့အတိအလင်း သတိပေးလိုက်ပါတယ်၊ မလွဲသာလို့ ဖိအား နဲ့ မဲပေးခိုင်းရင်လဲ ဗလာမဲပေးတဲ့နည်း ဘဲအသင့်လျှော်ဆုံး - ဆိုတဲ့ အချက်ပေါ်လုပ်ဆောင်သွားခြင်းသာဖြစ် တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ပြော၏။

တဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်က နမ့်ခမ်း မြို့နယ် နောင်ခန် ကျေးရွာအုပ်စုဘက် စည်းရုံးရေးမဆင်း ရန် ၎င်းတို့ပါတီအား တားမြစ်ထားကြောင်း နမ့်ခမ်းမြို့နယ်ကော်မတီ ကျားဖြူပါတီဝင်တဦးက ဤကဲ့သို့ ရှင်းပြ၏။

“နမ့်ခမ်းမြို့ နောင်ခန်ဘက်မှာဆို အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ဖို့ ကွင်းဆင်းဟောပြောတဲ့ နမ့်ခမ်း ကြံ့ဖွတ် ဥက္ကဌ စိုင်းကျော်မြင့် အသတ်ခံရတယ်။ နောက်ပိုင်းမှာလဲ အဲဒီနေရာဘဲ အောက်တိုဘာ ၁၇ ရက်နေ့ ည နောင်ခန် အုပ်စု အတွင်းရေးမှူး စိုင်းကျော်ညွှန့်ဘုံကထိန်အတွက် အစည်းအဝေးလုပ်နေတုန်း ပစ်သတ်ခံလိုက်ရပြန်တယ်- စသဖြင်ပေါ့။ ဘာဘဲ ဖြစ်ဖြစ်ကျနော်တို့ အနေနဲ့တော့ တတိယလက်သည်/အုပ်စုရှိလာမှာကိုဘဲစိုးရိမ်တယ်”

နမ့်ခမ်းမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား ပေါက်လုံရပ်ကွက်နေ စိုင်းခမ်းအောင် ၅၃ နှစ်က ဦးဆောင် ပြီး၊ (သျှမ်း)ကျားဖြူပါတီ မြို့နယ်ကော်မတီ ဥက္ကဌမှာ ဒါက်တာစိုင်းကျော်အုန်း၊ ပလောင်အမျိုးသားပါတီ DPNP မြို့နယ် ကော်မတီဥက္ကဌမှာ စိုင်းအေးမောင် ဖြစ်၏။ တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီကိုမူ ပေါက်တိုက်ရပ် ကွက်နေ အသက် ၅၃ နှစ်ရှိ စိုင်းလှအောင် က ဦးဆောင်ကြောင်း သိရပါသည်။