Pages

Subscribe

Saturday 10 July 2010

ရုပ်ရှင်ပိုစတာ ပန်းချီဆရာများ ပန်းချီ ပြပွဲ ကျင်းပ

ရုပ်ရှင်ပိုစတာများ ရေးဆွဲခဲ့သည့် ပန်းချီဆရာကြီး ၁၃ ဦးပါဝင်သော PHOENIX အမည်ရှိ ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေး ပန်း ပညာရှင်များ အစည်းအရုံး ခန်းမတွင် ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပြပွဲတွင် ပန်းချီကား ၃၁ ကားပြသခဲ့သည်ဟု ရန်ကုန် ပန်းချီ အသိုင်းအ၀ိုင်းက ပြောသည်။

“အဲဒီ ပန်းချီဆရာကြီးတွေရဲ့ စုတ်ချက် ကြမ်းကြမ်း ရေးထားတဲ့ ပန်းချီကားတွေကို ဒီဘက်ခေတ်လူတွေ ပြန် ခံစားနိုင်အောင်လို့ ဒီ လက်ရာတွေကို ပြန်စုစည်းပြီး ပြပွဲစီစဉ်ဖြစ်တာပါ၊ ဒီထဲက တချို့ဆို မရှိကြတော့ပါဘူး”ဟု PHOENIX ပန်းချီပြပွဲကို တာဝန်ခံစီစဉ် သူ တဦးဖြစ်သည့် ပန်းချီ သက်ဦးက ပြောသည်။

ရုပ်ရှင်ပိုစတာ ရေးဆွဲခဲ့သူများ၏ ပြပွဲကို လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်က ယုဒသန် ခန်းမတွင် တကြိမ်ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှ စတင် ၍ နှစ်စဉ်ပြုလုပ်သွားမည် ဟုလည်း ပန်းချီသက်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် နှစ် ၅၀ ခန့်ကတည်းက ရုပ်ရှင်ပိုစတာများကို အဖွဲ့လိုက် အပြိုင်အဆိုင် ရေးဆွဲခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ကွန်ပျူတာ၏ အခန်းကဏ္ဍ လွှမ်းမိုးလာသောကြောင့် ရုပ်ရှင်ပိုစတာ ပန်းချီပညာမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရကြောင်း သူက ဆိုသည်။

ယခင်က နာမည်ကြီး ရုပ်ရှင်ရုံတရုံအတွက် ပန်းချီအဖွဲ့တဖွဲ့စီ ရှိပြီး တဖွဲ့လျင် အနည်းဆုံး ၁၀ ဦးခန့် ပါဝင်ကြောင်း၊ အလျား ပေ ၁၀၀၊ အနံ ပေ ၇၀ ကျော် ရှိသည့် ရုပ်ရှင်ပိုစတာများကို ရေးဆွဲခဲ့သည့် ပန်းချီဆရာကြီးများ ယခုအခါ အနည်းငယ်သာ ရှိတော့ ကြောင်း၊ ထို ဆရာကြီးများ၏ လက်ရာများကို အများပြည်သူ ပြန်လည် ခံစားနိုင်စေရေးအတွက် ဤပြပွဲကို ကျင်းပခြင်း ဖြစ် ကြောင်း၊ ပိုစတာ တချပ်ရေးလျင် ၁၉၇၀ ကျော် ကာလက ကျပ် ၆၀၀၀ ခန့် ရလေ့ရှိကြောင်း၊ ယခုခေတ် ရုံပြည့် ပိုစတာများ ရေးလျင် အနည်းဆုံး ကျပ်သိန်း ၂၀၊ ၂၅ သိန်း ဝန်းကျင် ကုန်ကျလိမ့်မည်ဖြစ်ကြောင်း ပန်းချီသက်ဦးက ဆက်ပြောသည်။

“ရုပ်ရှင်ပိုစတာရေးတဲ့ လုပ်ငန်းပျောက်သွားတာ ၀မ်းနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုစတာလုပ်ငန်း ဆိုတာကလည်း လေ့ကျင့် တဲ့ ကွင်းကြီးတကွင်းလိုပဲ။ အပတ်စဉ် ရေးနေရတော့ လက်တွေက အမြဲတမ်း ထိတွေ့နေရတယ်။ ဒါပေမယ့် ဒီဘက်ပိုင်းမှာ ရုပ်ရှင် ကားကြီးတွေကလည်း နည်းလာတယ်။ ပိုစတာလုပ်ငန်းလည်း ပျောက်ကွယ်သွားပါပြီ”ဟု ပန်းချီသက်ဦးက ဆိုသည်။

ရုပ်ရှင်ပိုစတာ ပန်းချီ လုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ ခန့် က ပန်းချီ ဆရာကြီး ဦးငွေကိုင်၊ ဦးဘဉာဏ် စသူတို့ လက်ထက် က စတင်ခဲ့ပြီး လွန်ခဲ့သည့် နှစ် ၅၀ ဝန်းကျင်ခန့်က အဖွဲ့လိုက် အင်နှင့် အားနှင့်ရေးဆွဲခြင်းများ ခေတ်စားခဲ့ကြောင်း သိရသည်။

“မောင်ကျော်ညွန့်နဲ့အဖွဲ့၊ မောင်မောင်လှမြင့်အဖွဲ့ ဆိုပြီး အဖွဲ့တွေရှိကြတယ်။ ရုပ်ရှင်ကလည်း ကန်ထရိုက် စနစ်နဲ့ပေးတယ်၊ ကိုယ့် လက်ရာကို ကြိုက်တဲ့ သူတွေကလည်း လာအပ်ကြတာပေါ့။ အဲဒီမှာ အပြိုင်အဆိုင်ရေးကြရတယ်၊ ကျနော် နောက်ဆုံး ရေးခဲ့တဲ့ ပိုစတာကတော့ ကျော်ဟိန်းရဲ့ စိန်ခေါ်ရင်တိမ်ပေါ်အထိလိုက်မယ် ကားပါ။ ခုနှစ်တော့ မမှတ်မိတော့ဘူး”ဟု ပန်းချီသက်ဦးက ဆိုသည်။

ပန်းချီသက်ဦးသည် ရုပ်ရှင် ပိုစတာ ရေးဆွဲသည့် လုပ်ငန်းကို ၁၉၇၅ ခုနှစ်က စတင်၍ လုပ်ကိုင်ခဲ့သူ တဦး ဖြစ်သည်။

PHOENIX ပန်းချီပြပွဲတွင် ပန်းချီသက်ဦးနှင့်အတူ ရုပ်ရှင်ပိုစတာ ပန်းချီဆရာများ ဖြစ်ကြသော ဇော်ဝင်း (ငှက်ပျောသီး)၊ မြဟန်၊ သားမြသန်း၊ စိုးညွန့်လေး၊ မောင်ကျော်ညွန့်၊ သန်းဋ္ဌေး၊ မောင်မောင်၊ ကောင်းစံ၊ မောင်မောင်လှမြင့်၊ ပြည်ကျော်ဟန်၊ ဋ္ဌေးမောင်နှင့် နိုင်လေးတို့၏ ပန်းချီကားများ ပြသထားကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။

No comments:

Post a Comment