Pages

Subscribe

Saturday 10 July 2010

မလေးရှားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာ

မလေးရှား အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့အရေး ကြားနာမှု အတွေ့အကြုံ ရှင်း လင်းပွဲတရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ တရုတ်တန်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ယင်းမြန်မာ့အရေး ကြားနာမှုကို မြန်မာ့ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားများ အခွင့်အရေး လှုပ်ရှားနေသော တပ်ပေါင်းစု ၁၀ ဖွဲ့ ၏ ကိုယ်စားလှယ်များက ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်ခင်ဥမ္မာက မလေးရှားလွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားအရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စရပ်များကို ပြောဆိုခဲ့ကြောင်း ရှင်း လင်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(မလေးရှား) နိုင်ငံရေးဌာန တာဝန်ခံ ကိုမျိုးခိုင် က ဧရာဝတီသို့ ပြောပြသည်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေဆဲ ဖြစ်တယ်။ သူတို့ကို လွှတ်ပေးဖို့ နအဖဟာ အရိပ်အယောင်တောင် ပြတာကိုမတွေ့ ရသေးဘူး။ တခါ တိုင်းရင်းသားတွေကို စစ်ရေးအရ တိုက်ခိုက်နေတာကိုလည်း ရပ်တန့်ဖို့စိတ်မကူးဘူး။ ပြီးတော့ အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးပွဲ လုပ်ဖို့ကိုလည်း ငြင်းဆန်နေမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် မလေး လွှတ်တော်အမတ်များအနေနဲ့ ရှုတ်ချကြဖို့ ပြောခဲ့တယ်လို့ ဒီနေ့ရှင်းလင်းပွဲမှာ ပြောသွားတယ်”ဟု ၎င်း က ပြောသည်။

မလေးရှားနိုင်ငံ သို့ သွားရောက်ခဲ့ကြသော မြန်မာ ကိုယ်စားလှယ်များတွင် ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ NCGUB မှ ၀န်ကြီး ဦးဝင်းလှိုင်၊ NLD(LA)မှ ဦးမိုးဇော်ဦးနှင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်(NDD)မှ ဒေါ်ခင်ဥမ္မာတို့ ပါဝင်ကြသည်ဟု သိရသည်။

မြန်မာ ကိုယ်စားလှယ်များသည် မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီး Dato Seri Nazri Abdul Aziz ၊ အတိုက်အခံ ခေါင်း ဆောင် Dato Seri Anwar Ibrahim နှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (မလေးရှား) AIPMC –Malaysia ဥက္ကဌ YB lim Kit Siang တို့ နှင့်လည်း တွေ့ ဆုံခဲ့ကြသည်ဟု ဆိုသည်။

AIPMC အဖွဲ့ ဝင်များသည် NLD အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ထား သော ပါတီများ၏ ရပ်တည်ချက်ကိုလည်းကောင်း၊ အားလုံးပါဝင်သော တွေ့ ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုလည်းကောင်း ထောက်ခံသည်ဟု သိရသည်။

ထို့အပြင် နအဖ အနေဖြင့် ဒီမိုကရေစီ စည်းမျဉ်း စည်းကမ်းများနှင့် အာဆီယံ ပဋိညဉ်စာတမ်းအတိုင်း လုပ်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း တို့ကို မပြုလုပ် ပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ ဝင် အဖြစ်မှ ရပ်ဆိုင်းထားရန်လည်း AIPMC က တောင်းဆိုထားသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ ဝင်တဦးဖြစ်သော ဗိုလ်မှူးကြီး ခွန်ဥက္ကာက“စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ နဲ့ အာဆီယံဒေသမှာ တိုးတက်တဲ့ ခြေလှမ်းတခု ဖြစ်လာမှာမဟုတ်ဘူး။ တက်လာမယ့် အစိုးရသစ် ဟာလည်း စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲထားတဲ့ မှားယွင်းနေတဲ့ အခြေခံ ဥပဒေရဲ့ ပျက်စီးနေတဲ့ အခြေခံ အုတ်မြစ်ကို အခြေခံပြီး ဖွဲ့ စည်းမှာဖြစ်ပါတယ်။ ဒီလို မှန်မှန်ကန်ကန် ဖွဲ့ စည်းထားတာမဟုတ်တဲ့အတွက် တိုင်းပြည်ကို ပိုပြီး ပြိုပျက် သွားစေဖို့က သိပ်ကြာမှာမဟုတ်သလို အဲဒီ နောက်တက်လာမယ့် အာဏာရှင် အစိုးရရဲ့ဆိုးကျိုးတွေကိုလည်း ဒေသ တွင်း မှာ ထပ်ပြီး ခံစားလာကြရမှာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ရှင်းလင်းပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) (မလေးရှား)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(မလေးရှားဌာနခွဲ)၊ ဇိုမီး အမျိုးသား ကွန်ဂရက်နှင့် မလေးရှားရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့ အစည်းများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

မြန်မာ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေးလှုပ်ရှားမှု တပ်ပေါင်းစု ၁၀ ဖွဲ့ တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ(NCUB)၊ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(FDB)၊ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက်(SYCB)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD - LA) အစရှိသော အဖွဲ့ အစည်းများ ပါဝင်ကြကြောင်း သိရသည်

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

No comments:

Post a Comment