Pages

Subscribe

Sunday 2 May 2010

တောင်ကုတ်မြို့က NLD အဖွဲ့ဝင် ဦးသန်းမောင် ဖမ်းဆီးခံရ

တောင်ကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးဖြစ်သူ ဦးသန်းမောင်ကို အာဏာပိုင်များက ဧပြီလ ၂၈ ရက်နေ့ ညဥ့်အချိန်တွင် သူ့နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု သတင်းရရှိသည်။

ဦးသန်းမောင်မှာ မြို့နယ်စီး အဖွဲ့ဝင်တဦး ဖြစ်ပြီး အန်အယ်ဒီ အဖွဲ့ချုပ်၏ အထောက်အကူပြု လုပ်ငန်းများနှင့် ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် အိုင်အယ်လ်အို၏ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေသူ တဦးဖြစ်ကြောင်း သိရှိရသည်။

အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ် တဦးက “ သူကို မေဒေးနေ့မှာ တခုခု တောင်ကုတ်မှာ လူပ်ရှားမူ လုပ်မယ်ထင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အချိန်မှာ သူ့ကို အပြင်းအထန် ရိုက်ပုတ်ပြီး ကြိုးတုတ်ခေါ်ယူသွားတာ ဖြစ်ပါတယ်။ ရဲတွေသာမက စစ်သား တွေလည်း သူ့ကိုဖမ်းတဲ့ အထဲမှာ ပါဝင်ပါတယ်” ဟု ပြောသည်။

ဦးသန်းမောင်၏ နေအိမ်သို့ စစ်သားများနှင့် ရဲသားများသည် ဧည့်စာရင်း စစ်မည်ဟု ဆိုကာ ညဥ့်အချိန်မတော် ၀င်ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း အဆိုပါ လူငယ်က ပြောသည်။

“ညဥ့်အချိန်မတော် သန်ခေါင်ယံမှာ ဧည့်စာရင်း စစ်စရာ ရှိတယ်ဆိုပြီး ဦးသန်းမောင်ရဲ့ အိမ်ကို သူတို့ဝင်လာတယ်။ ဦးသန်းမောင်က ညဥ့်အချိန်မတော် ပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ ၀င်လာတဲ့အတွက် ပိုင်နက် ကျူးကျော်မူနဲ့ တရားစွဲမယ်ဆိုတော့ သူတို့က ဦးသန်းမောင်ကို ရိုက်နက်တယ်။ ကြိုးတုတ်တယ်။ ပီးရင် နေရာတခုကို ဆွဲခေါ်သွားပါတယ်။ သူတို့မှာ ဦးသန်းမောင်ကို ဖမ်းဖို့ နောက်ခံ အကြောင်း တခုခု ရှိတဲ့အတွက် ခုလို ဖမ်းတာလို့ ကျွန်တော်တို့က ယူဆပါတယ်။”

ဦးသန်းမောင်မှာ ဖမ်းဆီးခံရသည့် အချိန်မှ စပြီး ယခုအချိန်ထိ မိသားစုနှင့် မတွေ့ရသေးသဖြင့် မိသားစုများ အနေဖြင့် အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

နိရဉ္စရာမှ တောင်ကုတ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ရဲသားတဦးက ဦးသန်းမောင်အား ဖမ်းဆီးထားခြင်းကို အတည်ပြုပြောကြားပြီး ဧည့်စာရင်း စစ်သူများကို မချေမငံ ပြော၍ ၀တ္တရား နှောင့်ယှက်မူဖြင့် ဖမ်းဆီး တရား စွဲဆိုထားကြောင်း ပြောကြားသည်။

ယခင်က တောင်ကုတ်မြို့မှ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖမ်းဆီးရာတွင် စစ်သားများ ပါဝင်ခြင်း မရှိခဲ့ဘဲ ယခုတွင်မှ ဖမ်းဆီးရာတွင် စစ်သားများ ပါဝင်လာခြင်းမှာ တောင်ကုတ်မြို့အပါအ၀င် တချို့မြို့ကြီးများတွင် ဗုံးခွဲမည်ဆိုသော သတင်းများ ပျံ့နှံ့နေ၍ ရဲသားနှင့် စစ်သားများ ပူးတွဲ လုံခြုံရေး ယူထားသဖြင့် ယခုကဲ့သို့ အရပ်သားများကို ဖမ်းဆီးရာတွင် စစ်သားများ ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။