Pages

Subscribe

Friday 16 July 2010

ဗိုလ်ချုပ်မှူးကြီး၏ ရွေးကောက်ပွဲအလွန် အာဏာတည်ရေး အစီအစဉ် သုံးရပ်ရှိဟုဆို

နအဖ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရွေးကောက်ပွဲ အလွန် ကာလတွင်လည်း ၎င်း၏အာဏာ ဆက်လက် တည်မြဲရေး အတွက် အစီအစဉ်များကို ရေးဆွဲထားကြောင်း စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ် က ထုတ်ဖော် ပြောဆိုလိုက်သည်။

၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့၏ အလေးပြုမှု ခံယူနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုနေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Getty Images)

ယင်း အစီအစဉ် များနှင့် ပတ်သက်၍ နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းမှ ဦးအောင်လင်းထွဋ်ကို ပြောဆိုထားခြင်း ဖြစ်သည် ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ်များမှာ Plan A, Plan B, Plan C ဟုခေါ်သည့် အစီအစဉ် သုံးခုရှိကြောင်း ပထမ အစီအစဉ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ် ထောက်ခံသည့် အုပ်စုဘက်မှ ပြတ်ပြတ် သားသား အနိုင်ရခဲ့လျှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင် တိန့်ရှောင်ဖိန်၊ အီရန်မှ အရာတိုလာခိုမေနီ တို့ကဲ့သို့ ခေါင်းဆောင်ပိုင်း နေရာတွင် ဆက်လက် နေနိုင်မည် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးသိန်းစိန်ခေါင်းဆောင်ကာ အခြား စစ်ဘက်အရာရှိဟောင်း များပါဝင်နေပြီး စစ်အစိုးရကိုထောက်ခံသည့်ပါတီအနေဖြင့် ရပ်တည်လျက်ရှိသည်။

နအဖ အစိုးရကိုထောက်ခံသည့် အခြားပါတီတခုမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်ပြီး ယင်း ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လည်း အာဏာရှင်အစိုးရကို ထောက်ခံသည့်ပါတီတခုဖြစ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တစည နှင့် စစ်တပ်ကိုထောက်ခံသည့်ပါတီများ ရှုံးနိမ့် ခဲ့သည့်အဖြစ်မျိုး နောက်ထပ် မဖြစ် စေရန် ဗိုလ်ချုပ်မှူးကြီးက ယခုကဲ့သို့ အစီအစဉ်များ ရေးဆွဲထားခြင်း ဖြစ်သည် ဟုလည်း သိရသည်။

သို့သော် လက်ရှိအခြေအနေတွင် USDP ၏ နိုင်ငံတော်ပိုင်ပစ္စည်းများအား ပါတီလှုပ်ရှားမှုများအတွက် အသုံးပြုနေခြင်း အပေါ်ကို တစည ပါတီမှ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ဒုတိယအစီအစဉ် Plan B သည် လာမည့်ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသူများသည် ပြတ်ပြတ်သားသား အနိုင် မရခဲ့ လျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လက်ရှိ နအဖ ကောင်စီ (သို့) အလားတူ စစ်ကောင်စီတခုသည် အစိုးရ၏ နောက် ကွယ်တွင် ရှိနေမည်ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်၏ ဆောင်းပါးတွင်ပါရှိသည်။

စစ်အစိုးရတို့ ကိုယ်တိုင် ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်မည့် စစ်သားများနှင့် အခြားသော ထောက်ခံသူများကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အာဏာပြန်လည် ကြီးထွားလာ နိုင်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည့်အပေါ်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက နအဖ၏ ရွေးကောက်ပွဲသည် မှန်ကန်သည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ဟု ဝေဖန်နေမှုများ လည်း ဖြစ်ပေါ်နေသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က“အားလုံးသိတဲ့အတိုင်းပဲ NLD ဆိုတာက တကယ့် ဒီမိုကရေစီ လမ်းစဉ်ကို ကိုင်စွဲထားတဲ့ပါတီ၊ ဒီလိုအဖွဲ့က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ အစိုးရရဲ့ ရွေးကောက်ပွဲ ဆိုတာက ဘယ်နည်းနဲ့မှ ဒီမိုကရေစီ နည်းလမ်းကျနိုင်မှာမဟုတ်ဘူးလေ၊ အဲဒါကို နိုင်ငံတကာက ဝေဖန်တယ် ဆိုတာကတော့ နည်းလမ်းကျပါတယ်”ဟု ပြောသည်။

နောက်ဆုံးအစီအစဉ်သည် စစ်တပ်ကို ထောက်ခံသူများ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်မှ အာဏာပြန်သိမ်းမည် စသည့် အစီအစဉ်သုံးခုကို ဗိုလ်ချုပ်မှူးကြီးက ရေးဆွဲထားကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မည်သို့မျှ အာဏာကို လက်လွှတ်လိမ့်မည် မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်း အဝိုင်းကဆိုသည်ဟု ဦးအောင်လင်းထွဋ်ကပြောသည်။

လက်ရှိခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ဝသွေးစည်းညီညွတ်ရေးတပ်မတော်၊ မွန်ပြည် သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးတပ်မတော် စသည့်အဖွဲ့တို့မှ နယ်ခြားစောင့်တပ် ကူးပြောင်းရေးကို လက်မခံသေး သည့် ကိစ္စသည်လည်း ဗိုလ်ချုပ်မှူးကြီးအတွက် အခက်အခဲတရပ်ဖြစ်နေသည်။

ထိုကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံတို့၏ အုပ်ချုပ်မှု အစီရင်ခံစာများကို သက်ဆိုင်ရာ သံရုံးများမှတဆင့် တောင်းခံမှုများလည်း ရှိကြောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် အခြားသောပြင်ဆင်မှုများလည်း ရှိသေး ကြောင်းသိရသည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့သဖြင့် ထုတ်ပြန်ခြင်း မပြုခဲ့ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ ရုံးမှလာသော သတင်းများအရ ရွေးကောက်ပွဲမတိုင်မီ ၆ လ ခန့်အလိုမှသာ ရွေးကောက်ပွဲဥပဒေများထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်လိုက်ခြင်းသည် နိုင်ငံရေး ပါတီများကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်စေရန် အချိန်ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်လင်းထွဋ် ရေးသားထားသည့် “၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့” အမည်ရသည့် ဆောင်းပါးတွင် ပါရှိသည်။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၃ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီအနက် ၃၈ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။

ဦးအောင်လင်းထွဋ်၏ ဆောင်းပါး အပြည့်အစုံကိုဖတ်ရှုလိုပါက ဤနေရာတွင် ရယူပါ။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ချစ်သူရည်းစား ဟန်ဆောင် လူကုန်ကူးမှုများ ဖြစ်ပေါ်

မြန်မာနိုင်ငံ အတွင်းရှိ ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူ ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးမှုများ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (အထူးအဖွဲ့) အဖွဲ့ရုံး တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ကာရာအိုကေဆိုင် တခုတွင် အလုပ်လုပ်နေသည့် မိန်းကလေးများ (ဓာတ်ပုံ - allmyanmar.com)

“ဒီလိုပုံစံနဲ့ လူကုန်ကူး တာက အခုမှ မဟုတ်ပါဘူး၊ တကယ်တော့ အဲဒီ နေရာတွေက မိန်းကလေး တွေက ဒီလိုလုပ်ဖို့ ပိုလွယ်တယ်လေ” ဟု ၎င်းက ဆိုသည်။

အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ စသော နေရာများရှိ မိန်းကလေး များကို ချစ်သူရည်းစား အဖြစ် ဟန်ဆောင်၍ လိမ်လည် လှည့်ဖျားကာ ပြည်ပနိုင်ငံ များသို့ ရောင်းစားသော လူကုန်ကူးမှု ပုံစံသစ်သည် ဖျော်ဖြေ ရေးလုပ်ငန်း များတွင် လုပ်ကိုင် နေသော မိန်းကလေး ငယ်များကို အဓိက ပစ်မှတ်တစ်ခု အနေနှင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင် နေသော ပုဂ္ဂလိက အဖွဲ့အစည်း တခုမှ စီမံကိန်း မန်နေဂျာ တဦးကလည်း ပြောသည်။

“ဒီလိုနေရာတွေမှာ လူကုန်ကူးခံရတဲ့မိန်းကလေးတွေက သနားဖို့ပိုကောင်းတယ်၊ ကိုယ့်ကို တကယ်ချစ်တာပဲ ဆိုတဲ့အတွေးနဲ့ ငွေကြေးရောလူရော ပေးဆပ်ကြတယ်၊ ပြီးတော့အယုံသွင်းပြီး ရောင်းစားခံရတယ်လေ”ဟု ၎င်းက ပြောဆိုသည်။

ယင်းဖျော်ဖြေရေးလုပ်ငန်းများရှိ မိန်းကလေးငယ်အများအပြားသည် လိင်ဖျော်ဖြေရေး အလုပ်ဖြင့် ငွေရှာဖွေပြီး ၎င်းတို့၏ ချစ်သူ ရည်းစား အတွက် ထိုငွေကြေးများကို အကုန်အကျခံမှုများလည်းရှိကြောင်း ရန်ကုန်မြို့မင်္ဂလာဈေးရှိ JJ Clubတွင် ၃ နှစ်ကျော် လုပ် ကိုင်နေသော အမျိုးသား စားပွဲထိုးတဦးက ပြောသည်။

“Clubမှာ လာပျော်ပါးတဲ့ကောင်လေးတွေနဲ့ ဒီက ကောင်မလေးတွေက ရောင်းသူဝယ်သူ ဆက်ဆံရေးမဟုတ်ဘဲ သမီးရည်းစား ပုံစံ မျိုး ကြိုက်ကုန်တာတွေရှိတယ်”ဟုလည်း ၎င်းကဆိုသည်။

ထိုသို့ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးများကို သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးရောင်းစားမှုများ အပြင် ငွေကြေး အထောက်အပံ့ယူသော ယောက်ျားများလည်း ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ရုံး(တာချီလိတ်)မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့အနေနဲ့ မြန်မာမိန်းကလေးတွေ နည်းလမ်းပေါင်းစုံနဲ့ လူကုန်ကူးမှုမခံရအောင် ဆောင်ရွက်နေကြတာပဲ၊ တဖက် နိုင်ငံ တွေမှာရောက်နေတဲ့ လူကုန်ကူးခံရတဲ့ လူတွေအားလုံးကို ပြန်မခေါ်နိုင်သေးပေမယ့် တ၀က်ကျော်ကျော်ကိုတော့ ကိုယ့် နိုင်ငံ ပြန်ရောက်အောင် လုပ်ပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးငယ်များသည် လိင်ဖျော်ဖြေရေးအလုပ်ဖြင့် စားဝတ်နေရေးပြေလည်ရန် အဓိက ဖြေရှင်းကြသော်လည်း ရေရှည်လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိသဖြင့် ၎င်းတို့ဘ၀အတွက် အိမ်ထောင်ဖက်ဖြစ်လာနိုင်ရန် ယောက်ျား တဦးတယောက် အပေါ် သံယောဇဉ်ဖြစ်ကြကြောင်း ရန်ကုန်မြို့ရှိ နိုက်ကလပ်တခုကို အမှီပြုပြီး ၆ နှစ်ကြာ လိင်ဖျော်ဖြေရေး လုပ် ကိုင်နေသော အမျိုးသမီးတဦးက ပြောသည်။

“သာမန်မိန်းကလေးတွေလို ဘ၀ကြင်ဖော်လိုချင်လို့ ရည်းစားထားကြတာပေါ့၊ ယောက်ျားတွေ အများကြီးထဲမှာ ကိုယ် ယုံကြည်ပြီး ချစ်ခဲ့တဲ့လူတယောက်ကိုတော့ ဘယ်မိန်းမမဆို ယုံလွယ်ကြတာပဲလေ၊ ကျမတို့လို မိန်းကလေးတွေ အတွက် ဒီလို လိမ်ညာမှုမျိုး တွေ ပိုခံရတယ်လေ၊ လူ့အသိုင်းအ၀ိုင်းနဲ့ မအပ်ဆက်တော့ မေတ္တာငတ်လာတယ်၊ ဒီလိုမိန်းကလေးတွေကို ယုံအောင်ပြော လွယ် တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်၂၀၀၀ပြည့်နှစ်မှ ၂၀၀၄ခုနှစ်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသမီးငယ် ၈၅ ဦး သည် တရုတ် နိုင်ငံ ယူနန် ပြည်နယ်နှင့် တရုတ်ပြည်အရှေ့ပိုင်း ဒေသများတွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်၊ လိင်ဖျော်ဖြေရေး လုပ်ငန်း များတွင် ခိုင်းစေရန် ရောင်းစားခံခဲ့ရကြောင်း၊ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း လူ ၆၄ ဦးပါဝင်သော လူကုန်ကူးသည့်အဖွဲ့အားစစ်ဆေးရာ မြန်မာ အမျိုးသမီး ငယ် ၄၉ ဦးကို တရုတ်နိုင်ငံတွင် အလုပ်ရရှိမည်ဟု သွေးဆောင်ဖြားယောင်းပြီး တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် အဓမ္မရောင်းစားခံခဲ့ရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ ထုတ်ပြန်သော စာရင်းများမှ သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့သူ မြန်မာအမျိုးသမီးငယ်တဦးကို တရုတ်အမျိုးသားနင့် လက်ထပ်ရန် မြန်မာကျပ်ငွေ ၉၆၀၀၀၀ ဖြင့် သွေးဆောင်စည်းရုံးပြီး ကြိုတင်ငွေ ကျပ် နှစ်သိန်းဖြင့် နယ်စပ်သို့ ခေါ်ဆောင်လာသော လူပွဲစားနှစ်ဦး ကို မူဆယ် တရားရုံးမှ နှစ်ရှည်ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ စက်တင်ဘာလ အတွင်း တရုတ်နယ်စပ်တွင် အဖွဲ့ဝင် ၃၀ ပါဝင်သော လူကုန်ကူးသည့် အဖွဲ့တစ်ဖွဲ့ကို နှစ်နိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ရာ ယူနန်ပြည်နယ်တွင် ပြန်လည်ရောင်းစားမည့် လိမ်လည် လက်ထပ် ယူထားသော မြန်မာအမျိုးသမီးငယ် ၁၈၀ ကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က ထုတ်ပြန် ထားသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင် ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေးထိုးထားသည်။

ဧရာဝတီသတင်းထောက် မိုးယံ ရေးသားသည်။

ပြည်ပ ဆန်တင်ပို့နိုင်မှု ထက်ဝက်ကျဆင်း

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏမှာ ယခုနှစ်ဝက်တွင် ယမန်နှစ်ထက် ထက်ဝက်ကျော် ထိုးကျသွားကြောင်း အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၏ စာရင်းဇယားများအရ သိရသည်။

၂၀၀၉ ပထမနှစ်ဝက်တွင် ပြည်ပတင်ပို့သော ဆန် မက်ထရစ်တန်ချိန် ၇ သိန်း ၅ သောင်း ကျော်ရှိခဲ့သော်လည်း ယခုနှစ် ပထမ နှစ်ဝက် တင်ပို့နိုင်မှုမှာ ၂ သိန်း ၇ သောင်းကျော်သာရှိကြောင်း စစ်အစိုးရ၏ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဆွစ်ဇာလန်ပိုင် ဒေသရုံးခွဲဖြစ်သော ကုန်စည်စီးဆင်းမှု တိုင်းတာရေးအဖွဲ့ SGS တို့က ထုတ်ပြန်သော အချက်အလက်များကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

“ပြည်တွင်း ထုတ်ဆန်တွေ အရည်အသွေး တက်မလာတာရယ်၊ လွတ်လွတ်လပ်လပ် တင်ပို့ခွင့် မရတာရယ်၊ တင်ပို့တဲ့ လိုင်စင် ထုတ်ပေးတဲ့ နေရာမှာ အကန့်အသတ်များပြီး ဘက်လိုက်တာရယ်တွေကြောင့် ဆန်တင်ပို့မှု လျော့ကျတာပါ”ဟု ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ပွဲရုံတခုမှ ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

ဆန်တင်ပို့မှု ထိုးကျသွားသည့် ကိစ္စတွင် ကမ္ဘာ့ဆန်ဝယ်လိုအား ကျဆင်းနေခြင်းသည်လည်း အချက်တချက် ဖြစ်သည်ဟု အဆိုပါ ဆန်ကုန်သည်ကြီးက ပြောသည်။

စစ်အစိုးရသည် ယခုနှစ်ဦး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း ပြည်ပ ဆန်တင်ပို့မှုကို ပိတ်ထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်ဖွင့်ပေးခဲ့သည်။

UMFCCI မှ တာဝန်ရှိသူတဦးကမူ “ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ဘာမှ ချုပ်ချယ်ကန့်သတ်တာမျိုး လုပ်မထားပါဘူး။ တင်ပို့နိုင်တဲ့ ဆန်ပမာဏ ရှိတဲ့လူတိုင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်တွေကို ဥပဒေနဲ့ အညီ လုပ်ခွင့်ပေးပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

UMFCCI အနေဖြင့် ဆန်ကုန်သည်များကို အထူးပြု ကုမ္ပဏီများဖွဲ့၍ စနစ်တကျ လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ပြည်ပမှ ဆန် ဝယ်လိုအား ကျဆင်းနေမှုကို ပြန်လည် ဦးမော့လာစေရန် တာဝန်ရှိသူများအနေဖြင့် ပြည်ပဈေးကွက်များ ရှာဖွေရေး ဆောင် ရွက်နေကြောင်း၊ မကြာမီ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်ရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အာဏာပိုင်များက လစဉ် တင်ပို့ခွင့်ပြုသည့် ဆန်ပမာဏအနက် ၆၀ ရာခိုင်နှုန်းကို ဆန်ကုန်သည်များက တင်ပို့ခွင့်ရပြီး ကျန် ၄၀ ရာခိုင်နှုန်းကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းနှင့် စစ်အစိုးရ မိသားစုဝင်များ ပိုင်ဆိုင် သော ကုမ္ပဏီများက တင်ပို့ရကြောင်း သိရသည်။

ဆန်ပို့ကုန်ပမာဏ ကျဆင်းသော်လည်း တောင်သူများထံတွင် ဆန်မရှိတော့ကြောင်း၊ ယခုနှစ်တွင် မိုးနောက်ကျ၍ သက်ကြီး စပါး မစိုက်ဘဲ သက်လတ်နှင့် သက်ငယ် စပါးတို့ကိုသာ စိုက်ရ၍ စပါးအထွက် လျော့ကျနိုင်ကြောင်း ဆန်ကုန်သည် တဦးက ဆိုသည်။

မိုးလေဝသ ပညာရှင်များက ယခုနှစ် မိုးနှောင်း ကောင်းနိုင်သည်ဟု ခန့်မှန်းထားပြီး ထိုသို့ မိုးနှောင်း ကောင်းပါက ရိတ်သိမ်းချိန် မတိုင်မီ မိုးကောင်း၍ စပါးအထွက် လျော့နိုင်ကြောင်းလည်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ပညာရှင်များ အသင်းက ပြောသည်။

ကုလမသဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ ပူးပေါင်း ကောက်ယူထားသော မြေပြင် အခြေအနေ စာရင်းကောက်ယူ လေ့လာချက်များအရ ရိတ်သိမ်းချိန်တွင် ရာသီဥတုကြောင့် စပါး ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာအရ UNDP နှင့် WFP စီမံကိန်းဝင် ဒေသ ၁၁ ခုအနက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ တောင်ကြီး၊ လား ရှိုးနှင့် ချင်းပြည်နယ်တို့တွင် ဆုံးရှုံးနိုင်ခြေ ပိုများသည်ဟု ဆိုသည်။

မြန်မာနိုင်ငံကို အာရှစပါးကျီအဖြစ် ပြန်လည်ရောက်ရှိရေးဟု ဆိုကာ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ပုဂ္ဂလိက ဆန်စပါး စီးပွားရေး လုပ်ကိုင်သော ကုမ္ပဏီများ စုပေါင်းပြီး “မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းကြီး” (Myanmar Rice Industry Association) ကို ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က ထူထောင်ခဲ့ကြသေးသည်။

စိုက်ပျိုးနည်းစနစ်အထောက်အကူ၊ စိုက်ပျိုးရေးစရိတ် လိုအပ်မှုနှင့် ဓာတ်မြေသြဇာ ထောက်ပံ့မှု မပေးနိုင်ဘဲ မြန်မာကို အာရှ စပါးကျီ ဖြစ်ရေး ဆောက်ရွက်နေသည်ဟု အာဏာပိုင်များက မကြာခဏပြောနေကြောင်း စိုက်ပျိုးရေးလေ့လာသူ တဦးက ပြောသည်။

ယခုခေတ် ဆန်တင်ပို့မှုမှာ တနှစ်လျှင် တန်ချိန် သိန်းဂဏန်းသာရှိပြီး ထိုင်း၊ ဗီယက်နမ်တို့နှင့် ယှဉ်လျှင် အဆများစွာ ကွာဟ နေသည့်အပြင် အရည်အသွေးညံ့၍ လူကြိုက်နည်းပါးပြီး ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အာဖရိက နိုင်ငံအချို့ကသာ ဝယ်ယူ လေ့ရှိသည်ဟု ဆန်ကုန်သည်ကြီးတဦးက ဆိုသည်။

ယမန်နှစ်က မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် မက်ထရစ်တန်ချိန် ၁.၀၉ သန်းတင်ပို့ခဲ့ပြီး ထိုင်းက မက်ထရစ်တန် ၈.၅၇ သန်းနှင့် ဗီယက်နမ်က ၆ သန်း အသီးသီး တင်ပို့ခဲ့ကြသည်။

၁၉၃၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်ဈေးကွက်သို့ ဆန် မက်ထရစ်တန်ချိန် ၃.၄ သန်းအထိ တင်ပို့ခဲ့ဖူးသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဆန်များ အရည်အသွေး မပြည့်မီဟုဆိုကာ အာဖရိကနိုင်ငံတခုက ဆန်သင်္ဘောကို မြန်မာနိုင်ငံသို့ ပြန်ပို့ဖူးသည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာ ရေးသားသည်။

ကြံ့ဖွံ့အသင်း ဖျက်သိမ်းပြီ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယကအဖြစ် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှာပင် ပူးပေါင်းသွားမည်ဟု သိရသည်။

၁၇ နှစ်ကြာ လူမှုရေးအသင်း အမည်ဖြင့် ဖွဲ့စည်းထားသော ကြံ့ဖွံ့အသင်းကို တရားဝင် ဖျက်သိမ်းပြီး မကြာသေးခင်က စစ်တပ်မှ အရပ်ဝတ်တဖြစ်လဲ ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီသို့ ကူးပြောင်းပေါင်းစည်းမည်ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူတဦး အပြောအရ သိရခြင်း ဖြစ်သည်။

“ကျနော်တို့က ပြည်ခိုင်ဖြိုးပါတီ တခုတည်းအနေနဲ့ပဲ သွားမှာပါ။ အသင်းအနေနဲ့တော့ ရှိတော့မှာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ အသင်းဆိုင်းဘုတ်တွေလည်း ဖြုတ်နေပြီလေ။ ပါတီမှာ လိုက်ချင်တဲ့ လူတွေလည်း ပါတီထဲ ဝင်ကြပေါ့။ မဝင်ချင်တဲ့ လူတွေလည်း မဝင်ကြဘူးပေါ့ဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များကို ယခုလ အစောပိုင်းကျမှ ဖြုတ်ချခွင့် ပြုခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းကတည်းကပင် ရန်ကုန်တိုင်း အပါအဝင် အခြား မြို့နယ်အချို့တွင် ဖြုတ်ချခဲ့ပြီးဖြစ်ကာ ပါတီဆိုင်းဘုတ်များပင် တင်ခဲ့ကြသည်။

ကြံ့ဖွံ့အသင်းပိုင် ပစ္စည်းများကိုလည်း ယခုလ အစောပိုင်းကပင် ကြံ့ဖွံ့ပါတီသို့ လွှဲပြောင်းမှုများ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု ကြံ့ဖွံ့အသင်း၏ ပြောခွင့်ရပုဂ္ဂိုလ် သူရဦးမြင့်ဦးက “ ဒီလ ၆ ရက်နေ့က ကျနော်တို့ ဖျက်သိမ်းခွင့် ကျပြီဖြစ်ပါတယ်။ အသင်းဆိုတာ မရှိတော့ပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ ဆက်လက်ရပ်တည်မှာ ဖြစ်ပါတယ်။ ဖျက်သိမ်းမှု ပြင်ဆင်နေဆဲကာလ ဖြစ်ပါတယ်။ အားလုံးလည်း ကျနော်တို့ သူ့အပိုင်းနဲ့သူ ဖျက်သိမ်းနေပြီ ဖြစ်ပါတယ်။ အသင်းပိုင်ပစ္စည်း အားလုံးကို ကျနော်တို့ ပါတီကို လွှဲပြောင်းပေးဖို့ အသင်းအဆင့်ဆင့်က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း ယနေ့နံနက် ဘီဘီစီ (မြန်မာပိုင်းဌာန) က ထုတ်လွှင့်ခဲ့သည်။

ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် လူမှုရေးအသင်း အမည်ခံကာ စတင်ထူထောင်ခဲ့ပြီး အစိုးရဝန်ထမ်းနှင့် ကျောင်းသားများကို အသင်းဝင်အဖြစ် ပစ်မှတ်ထားစည်းရုံးခဲ့ကာ စုစုပေါင်း အသင်းဝင် ၂၄ သန်းကျော်ရှိပြီဟု စစ်အစိုးရက ထုတ်ဖော်ကြေညာခဲ့သည်။

ကြံ့ဖွံ့အသင်းကို ရုတ်တရက် ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက “အရင်တုန်းက အစိုးရကိုယ်တိုင်ကပဲ အမျိုးသားရေး ရည်မှန်းချက်အတွက် နိုင်ငံတခုလုံးမှာ လိုအပ်တယ်ဆိုပြီးတော့ ဖွဲ့ထားခဲ့တာ။ ဖွဲ့တုန်းက အစိုးရကိုယ်တိုင်က ကျပ်သန်းပေါင်း ၂ဝဝဝ ကျော်နဲ့ မတည်ထားသလို ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေရဲ့ လုပ်အားတွေ၊ သူတို့ထည့်ဝင်တဲ့ ကိစ္စတွေ ပေါင်းစုံ အများကြီး လုပ်ထားတယ်။ ညီလာခံတွေလည်း အကြိမ်ကြိမ် လုပ်ထားတယ်ဗျာ။ အဲဒီအနေအထားမှာ အခုလို ဗြုန်းဒိုင်းဆိုသလို ဖျက်လိုက်တဲ့အခါ ဒါလူတဦးတယောက်ရဲ့ဆန္ဒနဲ့ ဖျက်လိုက်တာဆိုတာ ရှင်းနေတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ ကြံ့ဖွံ့ပါတီဝင် အင်အားကိုမူ စည်းရုံးဆဲကာလနှင့် အသက်မပြည့်သည့် အဖွဲ့ဝင်များကို စိစစ်သည့် ကာလဖြစ်သဖြင့် ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးကြောင်းနှင့် မြို့နယ်တိုင်းရှိ အသင်းဝင်များထံသို့လည်း ပါတီဝင်ကဒ်ပြားများ ပို့ဆောင်ထားကြောင်း သိရသည်။

“ပါတီထဲကို ဝင်ချင်တဲ့လူတွေ အားလုံး ဝင်ခွင့်ပေးထားပြီးသားပဲ။ သူတို့ဘာသာသူတို့ ပါတီကို ကန့်လန့်လုပ်နေပြီး ကိုယ့်သမိုင်း ကိုယ်ရေးချင်တဲ့လူတွေ ရေးပေါ့။ မဝင်မနေရလို့ ပြဋ္ဌာန်းထားတာမှ မဟုတ်တာ။ သူတို့သဘောပဲ။ သူတို့ ဒီလို လုပ်လို့လည်း ရွေးကောက်ပွဲအတွက် ဘယ်လိုသက်ရောက်မှုမျိုးမှ ရှိမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကြံ့ဖွံ့အသင်းဝင်တဦးကမူ ’’ကျနော်တို့ကတော့ ပါတီထဲ မဝင်ရသေးဘူး။ ကျနော်တို့မှာလည်း အထက်လူကြီးတွေ ရှိသေးတယ်။ သူတို့ ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုလာမလဲဆိုတာ မသိသေးဘူး။ အသင်းမှာတုန်းက လုပ်ပိုင်ခွင့် အနေအထားတွေကလည်း ပါတီမှာ ဘယ်လိုရှိမယ်ဆိုတာ မသိရသေးဘူး။ ညှိနေတုန်းပဲ” ဟု မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့အသင်းတွင် ဝန်ထမ်းနှင့် ကျောင်းသား အများဆုံး ပါဝင်နေသဖြင့် ဖျက်သိမ်းခြင်းဖြင့် ၎င်းတို့ကို ထုတ်ပယ်လိုက်သည့် အနေအထားမျိုး ဖြစ်သောကြောင့် ရွေးကောက်ပွဲကာလတွင် ယခင်က ကြံ့ဖွံ့ပါတီကို လိုလားသည့် မဲများသည် ဆန့်ကျင်ဘက်သို့ ရောက်သွားနိုင်ကြောင်း ဦးအောင်သူငြိမ်းက ပြောသည်။

“အခုအချိန်ထိ USDP ကို ပြန်ကြည့်မယ်ဆိုရင် ဘယ်သူတွေ ဦးဆောင်မယ်ဆိုတာ ဖွဲ့စည်းပုံလည်း တိတိကျကျ ထွက်တာလည်း မဟုတ်သေးဘူးလေ။ USDP မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံတွေက ခေါင်းဆောင်တွေ ပါခွင့်ရှိမှာလား။ အမျိုးသမီးတွေကရော ခေါင်းဆောင်ပိုင်းတွေမှာ ပါမလားပေါ့။ အခု ကျနော်တို့ ရတဲ့ သတင်းတွေအရတော့ စစ်တပ်က ဗိုလ်ချုပ်ဟောင်းတွေပဲ USDP မှာ ဦးဆောင်မယ့် အနေအထားတွေ ဖြစ်နေတယ်” သူက ပြောသည်။

စစ်ဗိုလ်ချုပ်များ၏ ကွပ်ကဲမှုအောက်တွင် လှုပ်ရှားနေသည့် လူမှုရေးအသင်းအမည်ခံ ကြံ့ဖွံ့အသင်းသည် ၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှုကြီးတွင် အဓိက ပါဝင်ခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

မြန်မာငါးဖမ်းလုပ်သား ၇ ဦးကို အိန္ဒိယ တရားရုံးက တရားစွဲ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ Orrisa ပြည်နယ် Kujang မြို့ရှိ ပထမတန်း ရာဇဝတ် တရားသူကြီးရုံးက မြန်မာငါးဖမ်းလုပ်သား ၇ ဦးကို နိုင်ငံခြားသားမှုဖြင့် ယခုလ ၁၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။

Orrisa ပြည်နယ် Paradip ဆိပ်ကမ်းမှ ၅ မိုင်ခန့်အကွာရှိ အိန္ဒိယပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် မြန်မာ ၇ ဦးသည် ယခုလ ၃ ရက်နေ့တွင် ယင်းပြည်နယ် Sandhakuda ဒေသ Paradip ဆိပ်ကမ်းပေါ်တွင် သွားလာနေစဉ် ကမ်းခြေစောင့်ရဲက ဖမ်းဆီးကာ တရားစွဲဆိုခြင်း ဖြစ်သည်။ Orrisa သည် အိန္ဒိယမြို့တော် ဒေလီ၏ အရှေ့တောင်ဘက် ၁၆၁၃ ကီလိုမီတာခန့်တွင် တည်ရှိသည်။

’’တရားဝင် စာရွက်စာတမ်းမပါဘဲ ရောက်လာလို့ ဖမ်းတာပါ။ နိုင်ငံခြားသားမှုနဲ့ တရားစွဲလိုက်တယ်’’ ဟု ရေကြောင်းဆိုင်ရာ Paradip ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ မစ္စတာ Tezraj Patel က မဇ္ဈိမကို ပြောသည်။

မြန်မာငါးဖမ်းလုပ်သား ၇ ဦးသည် အခြားသော မြန်မာနိုင်ငံသား ၈ ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၉ ဦးနှင့်အတူ အိန္ဒိယပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် Madala – IV အမည်ရ စက်လှေ၌ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခဲ့သူများ ဖြစ်သည်။

စက်လှေ ကပ္ပတိန်က စားနပ်ရိက္ခာ ပုံမှန်မပေးဘဲ နှိပ်စက်သဖြင့် စကားများပြီးနောက် အိန္ဒိယငါးဖမ်းလုပ်သား ၉ ဦးနှင့်အတူ ဆိပ်ကမ်းပေါ်သို့ အခြားစက်လှေ အကူအညီဖြင့် လာရောက်ခဲ့ရာ ယခုလ ၃ ရက်နေ့တွင် ကမ်းခြေစောင့်ရဲက ဖမ်းဆီး၍ ရေကြောင်းဆိုင်ရာ ရဲလက်သို့ လွှဲပြောင်းခံရသည်။ အိန္ဒိယနိုင်ငံသားများမှာ သက်သေအထောက်အထား စာရွက်စာတမ်း ပါရှိလာသဖြင့် ရဲက ပြန်လွှတ်ပေးခဲ့သည်။

ငါးဖမ်းစက်လှေကို Orrisa ပြည်နယ် Visakhapatnam မြို့ရှိ မစ္စတာ Sunil Kumar ဆိုသူက ပိုင်ဆိုင်သဖြင့် ၎င်းနှင့် စက်လှေကပ္ပတိန်ဖြစ်သူကို ရဲက အမှုအခင်းနှင့်ပတ်သက်၍ စစ်ဆေးရန် ခေါ်ယူသည့်အခါ လာရောက်ခြင်း မရှိသဖြင့် မြန်မာများအတွက် တာဝန်ဖြေရှင်းပေးမည့်သူ မရှိကြောင်း သိရသည်။

မြန်မာများကို ရေကြောင်းဆိုင်ရာ Patadip ရဲစခန်းတွင် ၈ ရက်ကြာ ထိန်းသိမ်းပြီးနောက် တရားစွဲမှု စတင်လိုက်ကာ၊ ၎င်းတို့ကို Kujang အကျဉ်းထောင်တွင် လက်ရှိ ထိန်းသိမ်းထားကြောင်း မစ္စတာ Tezraj Patel က ရှင်းပြသည်။

နိုင်ငံခြားသားမှုဖြင့် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ လနှင့် ၁၅ ရက်မှ အများဆုံး ၅ နှစ်အထိ ကျခံရနိုင်သည်။

ယခုအမှုအခင်းနှင့်ပတ်သက်၍ ဒေလီရှိ မြန်မာသံရုံးသို့ အကြောင်းကြားပေးရန် တရားရုံးနှင့် ရဲက အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ယခုလ ၁၂ ရက်နေ့တွင် စာပို့ခဲ့သည်။ သို့သော် ဝန်ကြီးဌာနကမူ ထိုအကြောင်းကြားစာ ရောက်ရှိလာခြင်း မရှိသေးကြောင်း မဇ္ဈိမကို ပြောဆိုသည်။

နယူးဒေလီရှိ မြန်မာသံရုံးသို့ မေးမြန်းကြည့်ရန်အတွက် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

(ခိုင်ကျော်မြ သတင်းအချက်အလက် ပေးပို့သည်။)

အန်အယ်ဒီအဖွဲ့ဝင် သန်းမြင့်အောင်ကို ထောင်ဒဏ် ၁ဝ နှစ် ထပ်တိုး

နယူးဒေလီ(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ပြစ်ဒဏ် ၅ နှစ် ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) အဖွဲ့ဝင် ကိုသန်းမြင့်အောင်ကို အီလက်ထရောနစ် ပုဒ်မဖြင့် ယမန်နေ့က ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်လိုက်သည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီးနောက် ယမန်နေ့တွင် ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဒေါ်နုနုခင်က ထပ်တိုးအမှု ပုဒ်မ ၃၃ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံ၍ ချမှတ်ခြင်း ဖြစ်သည်။

“ထောင်ဒဏ်ချအပြီး အင်းစိန်ထောင်ကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးကောင်းတော့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့၊ ရွှင်ရွှင်လန်းလန်းနဲ့၊ တက်တက်ကြွကြွပဲ။ သူများတွေ ၆၅ နှစ်နဲ့စာရင် သူ အများကြီးတော်သေးတယ်၊ ဘာမှ ဝမ်းနည်းစရာ အကြောင်းမရှိဘူးလို့ပဲ ပြောတယ်” ဟု တရားရုံး တက်ရောက်ခဲ့သည့် မိသားစုဝင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သူသည် မလေးရှားတွင် ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် နှောင်းပိုင်းအထိ အလုပ်လုပ်ကိုင်ခဲ့ပြီး နာဂစ်မုန်တိုင်းသင့် ပြည်သူများကို ကူညီရန်အတွက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာကာ ပြီးခဲ့သည့်နှစ် မတ်လ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ် တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခု၌ ရဲက ဖမ်းဆီးခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အလုပ်လုပ်ပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာသူအဖြစ် ရဲက တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ၂ နှစ်၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်အဖြစ် တပေါင်းတည်းကျခံရန် သင်္ကန်းကျွန်းမြို့နယ် တရားရုံး တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်းက ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထပ်မံအမှုတင်ခဲ့ပြီး ယမန်နေ့တွင် နောက်ထပ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် စီရင်လိုက်ကာ ယခင် ပြစ်ဒဏ် ၅ နှစ်နှင့် တပေါင်းတည်း ကျခံရမည် ဖြစ်သည်။

ထိုဥပေဒသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှ ပေးပို့ဖြန့်ချိမှုဖြစ်ကာ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်ကျယ်စွာ အသုံးပြုသော ဥပဒေ ဖြစ်သည်။

ကိုသန်းမြင့်အောင် အမှုအတွက် လိုက်ပါဆောင်ပေးသည့် ရှေ့နေ ဒေါ်စိုးစိုးမာက ယခင် ၂ မှုအတွက် အယူခံဝင်ထားသလို၊ ယခုအမှုအတွက်ပါ အယူခံဝင်သွားမည်ဟု သိရသည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ထောင်ကျနေသည့် ဖခင်အတွက် သမီးဖြစ်သူ စိုးရိမ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ နှလုံးရောဂါ အခြေအနေ ဆိုးရွားနေသဖြင့် ဗြိတိန်တွင် ပညာသင်နေသည့် သမီးဖြစ်သူက စိုးရိမ်ကြောင်း ပြောသည်။

“ကျန်းမာရေး မကောင်းသေးဘူး။ ဆေးကုသမှုနဲ့ ဆေးရုံကို ခေါ်သွားတာမျိုး မရှိဘူး။ တလတခါတော့ ရိုးရိုးဆရာဝန်ကို ခေါ်ပြီး သွေးပေါင်ချိန် တိုင်းတာတို့ လုပ်တယ်။ စိတ်ကူးပေါက်တဲ့ အချိန်မှာ လုပ်ပေးတယ်။ မြို့နဲ့ ထောင်နဲ့ မိုင် ၂ဝ လောက် ဝေးတော့ ကားခတွေဘာတွေ၊ ကုန်မှာစိုးလို့လား မသိဘူး။ လုပ်မပေးဘူး။ အဲဒီအတွက် အဖေ့ရဲ့ ကျန်းမာရေး အခြေအနေအရ အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်” ဟု ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန်က ပြောသည်။

မဝေနှင်းပွင့်သုန်သည် ဗြိတိန်နိုင်ငံ၌ လူမှုသိပ္ပံဘာသာရပ်ကို ပထမနှစ်တွင် သင်ကြားနေပြီး ဘားမားကင်ပိန်း (ဗြိတိန်) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့တို့နှင့်အတူ မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လုပ်ကိုင်နေသူ ဖြစ်သည်။

ကိုမြအေးအပြင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၇ ဦးသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသဖြင့် ဖမ်းဆီးခံရကာ၊ ထိုနှစ် သြဂုတ်လထဲတွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။

မြန်မာပြည် အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၁၈၄ ဦး ရှိကြောင်းနှင့် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၁၄၃ ဦးရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) ပြောဆိုထားသည်။

နိုင်ငံတဝှမ်း အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်းဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ပဲဈေးကွက် အရောင်းအဝယ်ရပ်

ရန်ကုန် (မဇ္ဈိမ)။ ။ အထူး စုံစမ်းစစ်ဆေးရေးမှ ပဲကုန်သည်ကြီး ငါးဦးကို စစ်ကြောမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်မှာ သီတင်းပတ် သုံးပတ်ခန့် ကြာမြင့်သွားပြီ ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ စုံစမ်း သိရှိရသည်။

မေလဒုတိယပတ်မှ ဇွန်လ တတိယပတ်အကုန်အထိ တစ်လခွဲတာ ကာလအတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မတ်ပဲ ကွန်တိန်နာလုံးရေ ၁၆ဝဝ ကျော် (တန်ချိန် ၃ သောင်း ၂ ထောင်ကျော်) ပျှမ်းမျှအားဖြင့် ဒိုင်ဖွင့်ရက်တစ်ရက် ကွန်တိန်နာလုံးရေ ၄ဝ ခန့် ပျှမ်းမျှ အရောင်းအဝယ်ဖြစ်နေခဲ့ရာ ပဲကုန်သည်များကို စစ်ကြောမှု မပြုလုပ်မီ တစ်ရက်အလို ဇွန်လ (၂ဝ)ရက်နေ့ အထိဖြစ်သည်။

"ဇွန်လ (၂၁)ရက်နေ့မှာ ပဲကုန်သည် ငါးယောက်ကို စသုံးလုံးက ခေါ်စစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က လေရောင်းလေဝယ် လုပ်တယ်ဆိုပြီး ပြဿနာဖြစ်တဲ့ လက်ကြီး ငါးယောက်၊ လက်သေး ၃ ယောက်မှာ အသေးထဲက တစ်ယောက် အခုပြန်ပါတယ်။ ပွဲရုံ ပိုင်ရှင်တွေလည်းပါတယ်။ အဲ့ဒီလူတွေကို အခုထက်ထိ မတွေ့ရသေးဘူး။"ဟု ပဲကုန်သည် တစ်ဦးက ဆိုသည်။

စစ်ကြောမှုပြုလုပ်ပြီး နောက်ရက် ဇွန်လ (၂၂) ရက်နေ့မှ စ၍ ကုန်စည်ဒိုင်ဖွင့်ရက် ၈ ရက်တိတိ ပဲအရောင်းအဝယ် ရပ်ဆိုင်းခဲ့ပြီး ဇူလိုင်လ (၁) ရက်နေ့တွင်မှ ကွန်တိန်နာ (၁ဝ) လုံး ပြန်လည် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ဇူလိုင် (၁) ရက်မှ (၈) ရက် အထိ ဒိုင်ဖွင့်ရက် ၅ ရက်တွင် ပဲကွန်တိန်နာလုံးရေ (၈၈) လုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ် ပြန်လည် ရပ်ဆိုင်းသွားသည်မှာ ဇူလိုင်လ (၁၅) ရက်နေ့အထိ ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ နေ့စဉ် တရားဝင် ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ပဲအရောင်းအဝယ် မဖြစ်သည်မှာ ရက်သတ္တပတ် သုံးပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပဲဈေးနှုန်းများမှာမူ ကျဆင်းခြင်း မရှိကြောင်း ကုန်သည်များက ဆိုသည်။

"အားလုံးက ကြောက်ပြီး မရောင်းရဲ မဝယ်ရဲကြတာပဲ ရှိတယ်။ ပဲဈေးက မကျဘူး။ မွန်ဘိုင်း ပဲဈေးလည်း ကောင်းနေတုန်းပဲ။ အခု ဒီအို (DO-Delivery Order) တွေကို လက်လွှဲရောင်းတာကိုလည်း ပိတ်လိုက်ပြီ။ အခြေအနေကို အားလုံး စောင့်ကြည့်နေကြတယ်။" ဟု ဘုရင့်နောင် ပဲပွဲရုံတစ်ခုက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ပဲတင်ပို့မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံထွက် ပဲများကို အဓိက ဝယ်ယူသော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ နှစ်စဉ်တင်ပို့မှု၏ (၈ဝ) ရာခိုင်နှုန်း ဝန်းကျင်မှာ အိန္ဒိယသို့ တင်ပို့ခြင်း ဖြစ်သည်။ အများဆုံး တင်ပို့သည်မှာ မတ်ပဲဖြစ်ပြီး၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့မှာလည်း ဈေးကွက်ဝင် ပဲများ ဖြစ်သည်။

၂ဝ၁ဝ ခုနှစ်သည် မြန်မာ့ပဲဈေး မကြုံစဖူး စံချိန်တင်မြင့်မားသည့်နှစ် တစ်နှစ်ဖြစ်သည်။ ဧပြီလဆန်းမှစ၍ တရိပ်ရိပ် တက်လာသော ပဲဈေးနှုန်းများသည် မေလတတိယပတ်အကုန်တွင် အမြင့်ဆုံးဈေးများသို့ အသီးသီး ရောက်ရှိခဲ့သည်။ ၂ဝ၁ဝ မေလ ပဲဈေးနှုန်းများကို ၂ဝဝ၉ မေလ ပဲဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက မတ်ပဲ (၉ဝ) ရာခိုင်နှုန်းဝန်းကျင်၊ ပဲတီစိမ်း (၁၅ဝ)ရာခိုင်နှုန်းကျော်၊ ပဲစဉ်းငုံ (၄ဝ) ရာခိုင်နှုန်းနီးပါး စသဖြင့် အသီးသီးမြင့်မားလာခဲ့ခြင်းဖြစ်သည်။

"မေလကုန်ပိုင်းမှာ နည်းနည်းပြန်ကျပေမယ့် အဝယ်တောက်လျှောက်ကောင်းနေတော့ ဈေးကမကျဘူး။ အခုလည်း အရောင်းအဝယ် ရပ်နေတာတောင် ဈေးကမကျပဲ တင်းခံနေတယ်။"ဟု ဘုရင့်နောင် ရေတမာလမ်းရှိ ပဲပွဲရုံတစ်ခုက ဆိုသည်။

ပြည်ပသို့အများဆုံးတင်ပို့သည့် မတ်ပဲဈေးနှုန်းများမှာ ဇူလိုင်လ (၁၄)ရက်နေ့တွင် မတ်ပဲရိုးရိုး RAW တစ်တန် ကျပ် ၉ သိန်းခွဲ၊ မတ်ပဲသန့်စင်ပြီး RC တစ်တန် ကျပ် ၉ သိန်း ၉ သောင်း၊ အရည်အသွေးကောင်းသန့်စင်ပြီးမတ်ပဲ SQRC တစ်တန် ကျပ် ၁ဝ သိန်း ၈ သောင်း စသဖြင့် ဈေးနှုန်းရှိနေပြီး၊ ပြီးခဲ့သည့် ဇွန်လဈေးနှုန်းများနှင့် ကွာခြားခြင်းမရှိကြောင်း သိရသည်။

ပို့ကုန်ရငွေပမာဏ မြင့်မားလာသော ပဲဈေးကွက်မှာ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်များအတွက်သာမက ပြည်တွင်း စီးပွားရေးသမားများ၏ စွန့်စားဈေးကစားရောင်းဝယ်ရာ ဈေးကွက်ကြီး တစ်ခုဖြစ်နေသည်မှာ ဆယ်စုနှစ် တစ်စုနီးပါး ကြာမြင့်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် နှစ်ဆန်းပိုင်းက ပဲဈေးကျချိန်တွင် ကြိုပွိုင့်စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရာမှ စာချုပ်ဖျက်ခေါင်းရှောင်ခြင်းကြောင့် ပဲဈေးအလွန်အမင်း ထိုးကျခဲ့ပြီး ဈေးကစားသူ ကုန်သည်အချို့ကို အစိုးရက ဖမ်းဆီးကာ ဒီအို (DO-Delivery Order) ဖြင့်သာ ပဲအရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြားထားခဲ့သည်။

"ဒီအို ဆိုတာ ကုန်ရှိတယ်လို့ အစစ်ဆေးခံပြီးသား လက်မှတ်သဘောပဲ။ လေရောင်းလေဝယ် ကြိုပွိုင့်တွေ ပျောက်အောင် ပြီးခဲ့တဲ့နှစ်က ဒီအို မရှိပဲ အရောင်းအဝယ်မလုပ်ရဘူးလို့ အမိန့်ထုတ်တယ်။ အခု အဲ့ဒီ ဒီအိုကို တဆင့်ပြန်ရောင်းတာရယ်။ ခွဲပြီး ပြန်ရောင်းတာမျိုးတွေ ရှိတယ်။ အခု ဒါတွေကိုပါ လိုက်ပိတ်လိုက်တဲ့သဘောပါ။" ဟု ဝါရင့် ပဲကုန်သည်တစ်ဦးက ရှင်းပြသည်။

ဇူလိုင်လ (၁၂)ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်၌ ဒီအို (DO-Delivery Order) ကိုင်ဆောင်သူမှ အခြားသူတစ်ဦးထံသို့သာ ရောင်းချခွင့်ပြုကြောင်း၊ ထပ်ဆင့်လွှဲပြောင်းရောင်းဝယ်ခြင်း ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

"ဒီအမိန့်မထုတ်ခင်ကတည်းက အရောင်းအဝယ်ရပ်သလောက် ဖြစ်သွားပါပြီ။ လဆန်းပိုင်း နည်းနည်း အရောင်းအဝယ်ပြန်ဖြစ်ပြီး ပြန်ရပ်နေတာ အမိန့်ထုတ်လိုက်တော့ အရောင်းအဝယ်ကို မရှိတော့တာ။ ဒီနှစ် ပဲအိတ်စပို့ဈေးကွက် ဘာဆက်ဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်သေးဘူး။ အားလုံးထိုင်ကြည့်နေကြရတာပဲ။"ဟု အဆိုပါ ပဲကုန်သည်က သုံးသပ်သည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်နိုင်ငံခြားငွေရှာဖွေပေးနိုင်မှုကဏ္ဍတွင် ပဲအမျိုးမျိုးတင်ပို့မှုမှရသော ငွေသည် သဘာဝဓာတ်ငွေ့၏နောက် ဒုတိယနေရာတွင် ရှိနေပြီး ပြီးခဲ့သည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ် တွင် ပဲအမျိုးမျိုးတင်ပို့မှုမှ ဒေါ်လာ သန်း (၉၈ဝ) ရရှိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။

မဇ္ဈိမသတင်းထောက် မျိုးသိဏ်း ရေးသားသည်။

အာဇာနည်နေ့မတိုင်မီ လုံခြုံရေးများ စတင်ချထား

ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၃) နှစ်မြောက် အာဇာနည်နေ့အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ ယနေ့မှစတင် ချထားပြီးဖြစ်သည်။

ရွှေတိဂုံဘုရားဝန်းကျင်နှင့် ရွှေတိဂုံဘုရားလမ်းတလျှောက်တွင် ရဲအယောက် (၅၀) ကျော်ခန့်ကို နေရာဖြန့်ကာ လုံခြုံရေး ချထားခြင်းဖြစ်သည်။

“အရင်နှစ်ကတော့ အာဇာနည်နေ့မှာမှ လုံခြုံရေးချတာလေ။ အခုကတော့ ကြိုပြီးတော့ လုံခြုံရေးချတာဖြစ်တယ်” ဟု တယကမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုအခါ ရွှေတိဂုံစေတီတော် အရှေ့မုခ်အနီးရှိ အာဇာနည်ကုန်းကို ပေါင်းရှင်းလင်းခြင်း၊ မြက်များခုတ်ထွင်ခြင်းကို ရန်ကုန်စည်ပင်က တာဝန်ယူပြုလုပ်နေပြီး ယခုနှစ် အာဇာနည်နေ့တွင် ရန်ကုန်မြို့တော်ဝန်က အရပ်ဝတ်ဖြင့် တက်ရောက်မည်ဖြစ်ကြောင်း စည်ပင်သာယာသတင်းရပ်ကွက်မှ သိရသည်။

“သူက ဗိုလ်မှူးချုပ်အောင်သိန်းလင်း မဟုတ်တော့တဲ့အတွက် ဦးအောင်သိန်းလင်းအနေနဲ့ အာဇာနည်နေ့ကို တက်မှာလေ” ဟု စည်ပင်မှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုနှစ်အာဇာနည်နေ့တွင် နိုင်ငံရေးပါတီများကိုလည်း တက်ရောက်ဂါရ၀ပြုခွင့် ပေးထားသည့်အတွက် လုံခြုံရေးကို ယခင်နှစ်များထက် တင်းကျပ်မည်ဖြစ်ကြောင်း တယကမှ တာဝန်ရှိသူက ဆိုသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ စသည့်ပါတီပေါင်း (၂၀) ခန့်သည် ယခုနှစ် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခွင့်ရမည်ဟု ရန်ကုန်စည်ပင်သာယာမှ ပြုလုပ်ခဲ့သော အာဇာနည်နေ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူ စည်ပင်မှ အဆိုပါတာဝန်ရှိသူက ပြောသည်။

၎င်းက “ပါတီတခုကို (၇) ဦးတက်ရောက်ရမယ်လို့ ဆုံးဖြတ်ထားပြီး လွမ်းသူ့ပန်းခြင်းနဲ့ ပန်းခွေများကိုလည်း ချခွင့်ပြုထားပါတယ်” ဟု ပြောသည်။

ယခင်နှစ်များ၌ အာဇာနည်နေ့ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ စ၍ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း( ယခု ဦးအောင်သိန်းလင်း) သာ တက်ရောက်ပြီး အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဝင်တဦးက “ကျနော်တို့ပါတီအနေနဲ့ အခုလို အာဇာနည်နေ့ကို တက်ခွင့်ရမှာဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျနော်တို့လိုပဲ အားလုံးကလည်း ဒီအခမ်းအနားကို တက်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် နေ့ နံနက် (၁၀) နာရီခွဲခန့်အချိန်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံးတွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့အား ဂဠုန်ဦးစော၏ နောက်လိုက်များက ၀င်ရောက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်မှာ ယခုနှစ် ဇူလိုင် (၁၉) ရက်တွင် (၆၃) နှစ်တိုင်ပြီဖြစ်သည်။

ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း အာဇာနည်ကြီးများအား အမှတ်တရ ဂါရ၀ပြုသည့်အခမ်းအနားကို ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားခြင်းခံနေရပြီး အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်နိုင်ခွင့် ရှိမရှိ မသိရှိရပေ။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

ကျောက်စိမ်းတွင်းဒေသ ရေကြီး

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း ဒေသတွင် ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ မိုးများ အဆက်မပြတ်ရွာသွန်းကာ ချောင်းရေလျှံတက်ခြင်းကြောင့် နေအိမ်အချို့နစ်မြုပ်သကဲ့သို့ လမ်းများလည်း ပျက်စီးနေသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ယူမာ၊ ဆိုင်းတောင် (ဆိပ်မူ)၊ ဖားပြင်ကျေးရွာများမှ နေအိမ်အချို့ ရေနစ်မြုပ်နေပြီး ဆိုင်းတောင်-ဖားကန့် ကားလမ်း ရေဖုံးလွှမ်းနေသဖြင့် ကားသွားလာမှု ရပ်ဆိုင်းနေကြောင်း ဖားကန့်ဒေသခံတဦးက ပြောသည်။

၎င်းက “ဥရုချောင်းရဲ့ လက်တက် ဝေခါချောင်းရေကြီးနေတာ။ ဥရုချောင်းထဲကို ဆိုင်းတောင်ကျေးရွာနားမှာ စီးဝင်တယ်။ အဲဒီအဝင်မှာ ရွှံ့နွံတွေ ပိတ်ဆို့နေတော့ ရေ ထွက်စရာမရှိဘဲ ဆိုင်းတောင်ရွာထဲ ရောက်လာလို့ နေအိမ်တွေ မြုပ်နေတာ (၁ဝ) ရက်ကျော်လောက်ရှိပြီ။ ဖားပြင်၊ မံမုန်ကျေးရွာက မြေနိမ့်ပိုင်းက အိမ်တွေ ရေမြုပ်နေတယ်။ ဖားကန့်ကြိုးတံတားနားက ယူမာနဲ့ ဆိုင်းတောင်ရွာအကြား ကားလမ်းပေါ် ရေတွေ ဖုံးနေတယ်။ ရွှံ့ရည်တွေဖြစ်နေလို့ ကားသွားလို့ မရဘူး။ တောင်ပေါ်လမ်းကပဲ ကားအငယ်လေးတွေ သွားနိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မိုးရာသီ၌ ကျောက်စိမ်းတွင်းလုပ်ငန်းများ ရပ်နားထားချိန်ဖြစ်ပြီး သာမန်လက်လုပ်လက်စား၊ ရေမဆေးသမားများ (စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာဖွှေနေကြသူများ) ဝင်ငွေမရှိဖြစ်နေချိန်တွင် ရေကြီးနေသည့်အတွက် ကုန်ဈေးနှုန်းတက်မှုနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါ ဖားကန့်ဒေသခံက ပြောသည်။

၎င်းက “လုပ်ငန်းတွေ သိမ်းထားတော့ အလုပ်အကိုင်ရှားတယ်။ အခုက နမ္မတီး၊ မိုးကောင်းဘက်ကနေ ဖားကန့်လာတဲ့လမ်း၊ ဟိုပင်ဘက်ကနေတက်တဲ့ လမ်းတွေက ပျက်နေတယ်၊ သယ်ယူစရိတ်တွေက တက်ဆိုတော့ အစစအရာရာ ဈေးတက်နေတယ်။ ရေတွေကြီးနေတော့ သွားရေး၊ လာရေးခက်။ အခုက တနေရာနဲ့တနေရာသွားရင် စက်လှေနဲ့ သွားနေရတာ၊ ဆိုင်ကယ်နဲ့ သွားလို့ မကောင်းတော့ဘူး။ ဒီတော့ လုပ်စား ကိုင်စားဖို့ ခက်၊ ကုန်ဈေးနှုန်းတွေကတက် ဖြစ်နေကြတယ်” ဟု ပြောသည်။

ယမန်နှစ် ဇူလိုင်လ ပထမပတ်အတွင်းကလည်း ဖားကန့်ဒေသအတွင်း ရေကြီးရေလျှံမှုများဖြစ်ကာ လူအများအပြား သေကျေပျောက်ဆုံးမှုရှိခဲ့သည်။

ယခုကဲ့သို့ ဖားကန့်ဒေသအတွင်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ရခြင်းသည် ကျောက်စိမ်းများ အဆမတန် ရှာဖွှေထုတ်လုပ်ခြင်းကြောင့်ဖြစ်သည်ဟု ကချင်အန်ဂျီအိုအဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ရေကြီးတာ၊ မြေပြိုတာတွေက ဒီဘက် နအဖခေတ်ကျမှဖြစ်လာတာ။ ကျောက်တွေကို စက်ယန္တရားကြီးတွေနဲ့ အပြိုင်အဆိုင်ထုတ်တယ်၊ အဲဒီအတွက် သစ်ပင်တွေ ခုတ်ရတယ်။ ကျောက်ကျင်းက ထွက်တဲ့ မြေစာတွေကို ဖြစ်သလို စုပုံထားတယ်။ မိုးရွာတဲ့ခါကျတော့ အဲဒီမြေစာတွေက အရည်ပျော်ပြီး ချောင်းတွေကို ပိတ်ဆို့တယ်။ နောက်ပြီး ကျောက်ကျင်းဟောင်းတွေထဲမှာ ရေတွေက လှောင်ထားသလိုဖြစ်နေတယ်။ အဲဒီကနေ မြေသားမမှန်တော့ ပြိုကျပြီး ဒလဟော စီးကျကုန်တာ။ မနှစ်ကဖြစ်ခဲ့တာ အဲလိုကြောင့်ဖြစ်တာ” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

တရားမ၀င်ဆိုင်ကယ်များကို နိုင်ငံပိုင်သိမ်းမည်

မြန်မာနိုင်ငံတွင် တရားမ၀င် ဆိုင်ကယ်များကို တရားဝင် လိုင်စင်ပြုလုပ်ပေးသည့် သက်တမ်း ကုန်ဆုံးပြီဖြစ်၍ လိုင်စင်မ၀င်သည့် ဆိုင်ကယ်များကို ယခုလမှစတင်ကာ လိုက်လံဖမ်းဆီးပြီး နိုင်ငံပိုင်သိမ်းမည်ဟု သိရသည်။

ကရင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) မှ ၀န်ထမ်းတဦးက “ဒီလထဲမှာ လိုင်စင်မ၀င်တဲ့ ဆိုင်ကယ်တွေကို နိုင်ငံပိုင်သိမ်းမယ်ဆိုတဲ့ စီမံချက်ရှိတယ်။ ကျနော်တို့ ဘားအံမှာဆိုရင် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ငြိမ်းချမ်းရေးအဖွဲ့ကလူတွေ စီးတဲ့ ဆိုင်ကယ်တွေ ထောင်ဂဏန်းအထက်မှာရှိတယ်။ အားလုံးဝစ်သောက်ကြီးပဲ” ဟု ပြောသည်။

ယင်းသို့ တရားမ၀င် ဆိုင်ကယ်များကို နိုင်ငံပိုင်သိမ်းမည့် သတင်းများ ထွက်ပေါ်နေသော်လည်း ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ် အများအပြားကို ပုံမှန် အသုံးပြုလျက်ရှိသည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

၎င်းက “မနှစ် ဒီဇင်ဘာကစပြီး ပြီးခဲ့တဲ့လကုန်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို မှတ်ပုံတင်ပေးတာ ပြီးသွားပြီ။ ဒီလကစပြီး လိုင်စင်မ၀င်တဲ့ဆိုင်ကယ်တွေကို နိုင်ငံပိုင်သိမ်းမယ်လို့ ကညန ကနေတဆင့် သိရတယ်။ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်နဲ့ မြ၀တီမြို့တွေမှာတော့ ထိုင်းဘက်က တင်သွင်းတဲ့ ဆိုင်ကယ်တွေကို ပုံမှန်အသုံးပြုပြီး ရောင်းဝယ်နေကြတာပဲ၊ ဘာပြဿနာမှ မရှိသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း၌ လိုင်စင် မ၀င်ရသေးသော ထိုင်းဘက်မှတင်သွင်းသည့် ဆိုင်ကယ် အစီးရေ (၁) သောင်းခန့်ရှိပြီး နယ်စပ် မြ၀တီမြို့အပါအ၀င် ကရင်ပြည်နယ်အတွင်း ပုံမှန်ရောင်းဝယ် အသုံးပြုနိုင်ခြင်းမှာ ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူ၍ ညှိနှိုင်းလုပ်ဆောင်မှုများကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ စစ်ဆေးရေး ဂိတ်များနှင့်ပတ်သက်၍လည်း ၎င်းက “အဓိက လိုင်းကြေးပဲ။ လမ်းမှာရှိတဲ့ဂိတ်တွေကို ညှိပြီး မြ၀တီကနေ ညဘက်ဆို ဆိုင်ကယ်တွေ ဆင်းတယ်။ အခုလို စီမံချက်ရှိတဲ့အချိန်တောင် ဆိုင်ကယ်တွေ တညကို အစီး (၃၀) လောက် ပုံမှန်ဆင်းတယ်။ အရင်ကဆိုရင် တညကို အစီးရေ ရာနဲ့ချီ ဆင်းတယ်” ဟု ပြောသည်။

“တချို့ကုန်သည်ကြီးတွေကျတော့ နောက်ဆုံးပေါ် မော်ဒယ် ဟွန်ဒါဆိုင်ကယ် ဒွင်းနဲ့ဝေ့ အမျိုးအစားတွေကို ဆယ်ဘီး ကားကြီးတွေနဲ့တင်ပြီး မြ၀တီကနေ ရန်ကုန်ကို တိုက်ရိုက်သယ်ကြတယ်။ ဒီလမ်းကြောမှာ အဓိကဂိတ်ကြီးတခုဖြစ်တဲ့ ဘားအံ-သံလွင် တံတားဂိတ်မှာ တရားမ၀င် ထိုင်းကုန်တွေကို ဖမ်းတယ်ဆိုပေမယ့် ဆယ်ဘီးကားတွေထဲမှာ တရားမ၀င် ဆိုင်ကယ်တွေ အပြည့်တင်ပြီး သွားတဲ့ကားတွေကျတော့ အကုန်ဖြတ်လို့ရတယ်” ဟု အဆိုပါ မြန်မာကုန်သည်က ပြောသည်။

မြ၀တီမြို့တွင် ထိုင်းဘက်မှ တရားမ၀င် တင်သွင်းသည့် မော်တော်ဆိုင်ကယ်များကို တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း နှစ်ဖက်အာဏာပိုင်များနှင့် နားလည်မှုယူကာ ညဘက်အချိန်တွင် မြ၀တီဘက် တင်သွင်းကြရသည်ဟု နှစ်ဖက်ကုန်သည်များက ပြောသည်။

မြ၀တီရှိ ဒီကေဘီအေ ပစ္စည်းဂိုဒေါင်မှ အလုပ်သမားတဦးက “ထိုင်းဘက်က ဆိုင်ကယ်တွေ ညဘက်ပဲ ကူးတော့တယ်။ အရင်လို နေ့ဘက်မကူးတော့ဘူး။ ကျနော်တို့ဂိုဒေါင်ဆိုရင် ကုန်သည်တွေ လာအပ်ထားတဲ့ ဆိုင်ကယ်တွေ အစီး (၁၀၀) ကျော် ရှိတယ်။ မြ၀တီမှာ ဒီကေဘီအေဂိုဒေါင်တွေ အများကြီးရှိတယ်။ ကုန်သည်အများစုကတော့ ဒီရက်တွေမှာ ဆိုင်ကယ်တွေကို ကားကြီးတွေနဲ့ထည့်ပြီး အောက်ကို သယ်ကြတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များမှာ တောရွာများအထိပျံ့နှံ့နေပြီး ဒီကေဘီအေ နယ်မြေထဲတွင်လည်း အမြောက်အမြားရှိသည့်အတွက် အလွယ်တကူ သွားရောက်သိမ်းယူရန် ပြဿနာရှိနိုင်ကြောင်း၊ ထို့ကြောင့် ယခုလ၀က်ကျိုးနေကာ စီမံချက် မစတင်နိုင်သေးကြောင်း ကရင်ပြည်နယ် ကညနမှ ၀န်ထမ်းဖြစ်သူက ပြောသည်။

ပြီးခဲ့သည့် (၇) လတာအတွင်း တနိုင်ငံလုံး၌ တရားမ၀င် ဆိုင်ကယ်များအား လိုင်စင်ချပေးရာတွင် ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်မှုမှာ ကညနမှ ခန့်မှန်းထားသည့် အရေအတွက်ထက် ခေါက်ချိုးနီးပါး လျှော့နည်းနေသည်ဟု ၎င်းက ပြောသည်။

ယမန်နှစ် ဒီဇင်ဘာလ (၁) ရက်မှစ၍ ယခုနှစ် ဇွန်လကုန်အထိ ကညနထံ လာရောက်မှတ်ပုံတင်သည့် ဆိုင်ကယ်အစီးရေမှာ (၂) သိန်းခွဲခန့်ရှိကြောင်း၊ ယင်းအရေအတွက်မှာ တနိုင်ငံလုံးရှိ တရားမ၀င်ဆိုင်ကယ်များ၏ ထက်ဝက်ခန့်သာရှိကြောင်း အဆိုပါ ကညနမှ ၀န်ထမ်းဖြစ်သူက ပြောသည်။

နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခံရသည့် ဆိုင်ကယ်များကို ပိုင်ရှင်ဖြစ်သူက ပြန်လည်ရယူလိုပါက သက်ဆိုင်ရာသို့ လျှောက်ထားရမည်ဖြစ်ပြီး ဆိုင်ကယ်တန်ဖိုးနှင့် ကျသင့်သည့်လိုင်စင်ကြေး ပေးဆောင်ကာ ရယူနိုင်သည်ဟု ကညနမှ ကြေညာချက်ထုတ်ပြန်ထားသည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

ကော့သောင်းရှိ ဈေးဆိုင်များကို ရှောင်တခင် ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ရှိ ဈေးဆိုင်တို့တွင် အကောက်ခွန်မဲ့ပစ္စည်းများ ရောင်းချမှု ရှိမရှိ စစ်အစိုးရ အာဏာပိုင်များက ယနေ့နံနက်တွင် ရှောင်တခင် ၀င်ရောက် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမြို့တွင် အထင်ကရ ဈေးဆိုင်ကြီး (၂) ဆိုင်ဖြစ်သော ကံ့ကော်နှင့် ဆမ်းမ်လိုက် ကုန်စုံဆိုင်တို့အပါအ၀င် အခြားကုန်စုံဆိုင်အချို့ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး ထိုင်းနိုင်ငံဘက်မှ တရားမ၀င် အခွန်မဆောင်ဘဲ တင်သွင်းရောင်းချနေသည့် လူသုံးကုန်ပစ္စည်းများကို မြန်မာစစ်အစိုးရ ရဲတပ်ဖွဲ့၊ အကောက်ခွန် စသည့် စုပေါင်းအဖွဲ့မှ သိမ်းဆည်းခဲ့သည်။

“ဖမ်းတဲ့လူကတော့ အဖွဲ့စုံပဲ။ ကာစတန်တွေရော၊ ရဲတွေရော၊ အဲ့ဒါနဲ့ လူတွေက တမြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ပြီး ရှိသမျှဆိုင်တွေ အားလုံးနီးနီး ပိတ်သွားပြီးတော့ ဈေးထဲမှာတော့ ဆိုင်တော်တော်များများ ပိတ်သွားကြတယ်” ဟု ကော့သောင်းမြို့ခံ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

ယင်းသို့ ရှောင်တခင် ၀င်ရောက်ဖမ်းဆီမှုကြောင့် အခြားဈေးဆိုင်များလည်း ပိတ်လိုက်ကြပြီး ကော့သောင်းမြို့တွင် အရောင်းအ၀ယ် ရပ်တန့်သွားကြောင်း သိရသည်။

မြန်မာစစ်အစိုးရက ယခုလ ဒုတိယပတ်အတွင်း ထိုင်း-မြန်မာနယ်စပ် စံခလဘူရီ-ဘုရားသုံးဆူဂိတ်နှင့် မြ၀တီမြို့တွင်လည်း ထိုင်းဘက်ခြမ်းမှ အကောက်ခွန်မဲ့ ပစ္စည်းတင်သွင်းသည့် နယ်စပ်ဂိတ်များကို ပိတ်ပစ်ခဲ့သည်။ ထို့နောက် မြန်မာဘက်ခြမ်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်းမြို့တွင် ယခုကဲ့သို့ အကောက်ခွန်မဲ့ ထိုင်းကုန်စည်များအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့က အခွန်ဆောင်ရမယ်ဆိုလည်း ဆောင်မယ်။ ဒါပေမယ့်လို့ အခွန်ဆောင်ရမယ်ဆို လုံးဝ တိတိကျကျ အားလုံးကုန်သည်တွေ အခွန်ဆောင်မှ ဖြစ်လိမ့်မယ်လို့ အထက်လူကြီးတွေကို ပြောနေတာ ကြာလှပါပြီဗျာ။ လွန်ခဲ့တဲ့ နှစ်တွေ မနည်းတော့ပါဘူး။ အခုကျတော့ ကျနော်တို့က တရားဝင်ကုန်ပစ္စည်းအဖြစ် အခွန်ဆောင်ပြီး သွင်းတော့ ပြန်ရောင်းရင် ဈေးကြီး၊ မှောင်ခိုက ကျနော်တို့ရောင်းတဲ့ ဈေးထက် တ၀က်လောက် လျှော့ရောင်း” ဟု ရန်ကုန်အခြေစိုက် ကုန်သည် စက်မှုအသင်းဝင် အမှုဆောင်တဦးက ပြောသည်။

ယခုကဲ့သို့ တရားမ၀င်ပစ္စည်းများ လိုက်လံသိမ်းဆည်းခြင်း၊ နယ်စပ်ဂိတ်များ ရုတ်တရက် ပိတ်လိုက်ခြင်း စသည့် စစ်အစိုးရ လုပ်ရပ်များက လုပ်ငန်းရှင်များကို စိတ်ပျက်စေပြီး ပြည်တွင်း ကုန်စည်စီးဆင်းမှုတွင် ကုန်ဈေးနှုန်း မတည်ငြိမ်မှု ဖြစ်စေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ယခုကဲ့သို့ နယ်စပ်ဂိတ်များကို ပိတ်ပင်ခြင်း၊ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်နှင့် တပြိုင်တည်းတွင် မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကိုလည်း (၂) နှစ်စာ အမြတ်ခွန် စည်းကျပ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိက လူသုံးကုန်ပစ္စည်းဖြန့်ဖြူးသည့် မင်္ဂလာဈေးကြီး မီးလောင်ပြီးနောက် ထိုင်းဘက်မှ ကုန်ပစ္စည်းများ ပိုမိုတင်သွင်းနေရသည့် ယခုအချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးပိတ်ပင်ခြင်းကြောင့် ဈေးကွက်အတွင်း ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း မြ၀တီမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ခေတ်ပြိုင်သတင်းထောက် စိုးမိုး ရေးသားသည်။

စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းကား ၁၅ စီးထိ တိုးချဲ့ပြေးဆွဲ

ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီး နောက်ပိုင်း စစ်တွေမြို့ နည်းပညာ ကောလိပ်တွင် ယခုအခါ ကျောင်းကား ၁၅ စီးထိ တိုးချဲ့ ပြေးဆွဲနေပြီ ဖြစ်ကြောင်း ကျောင်းသူ တဦးက ပြောသည်။

သူမက “အရင်က ကျောင်းကား အရေအတွက် ၅ စီး၊ ၆စီး အဲသလောက်ဘဲ ရှိတယ်။ အခုတော့ ၁၅ စီးထိ တိုးချဲ့ ပြေးဆွဲပေးနေပါတယ်။ နည်းပညာ ၀န်ကြီး ဦးသောင်းက ကားပိုင်ရှင်တွေကို ကျောင်းသားတွေ အတွက် ပြေးဆွဲပေးမယ်ဆိုရင် လိုအပ်တဲ့ ဆီကို အလုံအလောက် ထောက်ပံ့ပေးမယ်ဆိုတဲ့ နောက်ပိုင်းမှာ ခုလို ကျောင်းအကြို အပို့ လုပ်တဲ့ ကားတွေ များပြားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့က စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် နည်းပညာ ၀န်ကြီးဦးသောင်းသည် စစ်တွေမြို့သို့ ချက်ချင်းရောက်ရှိလာပြီး အဆိုပါ ကျောင်းကား ပြဿနာကို ဖြေရှင်းပေးခဲ့သည်။

“၀န်ကြီး ဦးသောင်းက ဇူလိုင် ၇ ရက်နေ့မှာ ကျွန်မတို့ ကျောင်းကို ရောက်လာပါတယ်။ ၀န်ကြီးက ကားခဈေးနုန်းကို သတ်မှတ်ပေး သလို ကားတွေကိုလည်း ဆီထုတ်ပေးမယ် ဆိုပီး ပြောပါတယ်။ နောက်ပိုင်းမှာ ကားခ ကျပ် ၅၀ မြှင့်တက်တာကလွဲပြီး ကျန်တဲ့ အပိုင်းတွေမှာတော့ အဆင်ပြေ သွားခဲ့ပါတယ်” ဟု သူမက ဆက်ပြောသည်။

ယခုအခါ ထူးကုမ္ပဏီမှ ကျောင်းကားများ အတွက် လိုအပ်သော ဓါတ်ဆီနှင့် ဒီဇယ်ဆီများကို တဂါလံ ၂၃၀၀ ကျပ်ဖြင့် လိုလေသေး မရှိ ထုတ်ပေးနေကြောင်း ကားသမား တဦးက ပြောသည်။

“ကျောင်းကားတွေ အတွက် ဆီကိုကြိုက်သလောက် ထုတ်လို့ရတယ်။ ဆိုင်ကယ်နဲ့သွားထုတ် ရင်လည်းရတယ်။ ဒါကြောင့် လောလောဆယ်တော့ ကျောင်းကားဆွဲရတာ အဆင်ပြေနေပါတယ်။ ဒါပေမယ့် အခုပေးနေတဲ့ ဆီကို ၂ လဘဲပေးမယ်။ နောက်လတွေမှာ မပေးတော့ဘူး ဆိုတဲ့ သတင်းတွေလည်း ထွက်နေတဲ့ အတွက် နောက်ပိုင်း ပြဿနာ ဆက်တက်မှာကိုတော့ ကားသမား တွေက စိုးရိမ် နေကြပါတယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ ကျောင်းကားများကို ဆီ ၂ လသာထုတ်ပေးမည်မှာ ဖြစ်နိုင်ခြေရှိကြောင်း အဘယ်ကြောင့် ဆိုသော် သြဂတ်စ်လနှင့် စက်တင်္ဘာလတွင် ကျောင်းသားများ လူပ်ရှားမူများ ပေါ်ပေါက်မည်ကို စိုးရိမ်ပြီး ယာယီ ပြေငြိမ်းလိုသည့် သဘောဖြင့် လောလောဆယ်တွင် ဆီကို အကန့်အသတ် မရှိ ထုတ်ပေးခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့မှ နိုင်ငံရေးသမားတဦးက ယခုကဲ့သို့ သုံးသပ် ပြောဆို သည်။

“သြတ်စ်လ ၈ ရက်နေ့က ရှစ်လေးလုံး အရေးတော်ပုံနေ့ ဖြစ်တယ်။ သြဂတ်စ် ၁၃ ရက်နေ့က စစ်တွေ ဆန်ပြဿနာနေ့ ဖြစ်တယ်။ စက်တင်္ဘာ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမနေ့ ဖြစ်တယ်။ ဒီလတွေမှာ နှစ်စဉ်လိုလို ကျောင်းသား လူပ်ရှားမူတွေ စစ်တွေမှာ ပေါ်ပေါက် တတ်ပါတယ်။ တကယ်လို့ ကျောင်းကား ပြဿနာကို မဖြေရှင်းဘဲ ထားရင် အဲဒီလတွေမှာ စစ်တွေမှာ ကျောင်းသား ပြဿနာတွေ ပေါ်ပေါက် နိုင်တယ်ဆိုတာကို အစိုးရ အာဏာပိုင်တွေက သိပါတယ်။ ဒါကြောင့် ယာယီ ပြေလည်ရာ ပြေလည်ကြောင်း ၀န်ကြီး ဦးသောင်းက လာရောက် ဖြေရှင်းပေးတဲ့ သဘောမျိုး တွေ့ရတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်တွေ တက္ကသိုလ်၊ နည်းပညာကောလိပ်နှင့် ကွန်ပျူတာ ကောလိပ်တို့ တည်ရှိပြီး အရေးကြီးသော သမိုင်းဝင် နေ့ထူး နေ့မြတ်များတွင် မကြာခဏ အစိုးရ ဆန့်ကျင်ရေး လူပ်ရှားမူများ ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် မောင်အေး ရေးသားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ်ခွဲရုံး စစ်တွေတွင် ထပ်မံဖွင့်လှစ်

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေး ပါတီ အဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိ ထားသည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ်ခွဲရုံးကို စစ်တွေတွင် လွန်ခဲ့သည့် စနေနေ့ က ထပ်မံ ဖွင့်လှစ်ခဲ့သည်။

ပါတီ ခေါင်းဆောင် တဦးက ရုံးဖွင့်လှစ်ခဲ့ခြင်းကို ယခုကဲ့သို့ပြောသည်။

“ပါတီ ဗဟိုရုံးကို စစ်တွေမှာ ဖွင့်လှစ်ပီးတဲ့နောက် အခုတခါ စစ်တွေမြို့နယ်ခွဲရုံးကို ဘောက်သီးစု ရပ်ကွက်မှာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အားလုံး အဆင်ပြေပြီး စည်းရုံးရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။”

အဆို ပါတီ၏ စစ်တွေမြို့နယ် ဥက္ကဌမှာ ဘူးသီးတောင်မြို့နယ် အငြိမ်းစား ပညာရေးမှူး ဦးသာလူချေ ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုအောင်မြကျော်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲနေ့က ပါတီ ခေါင်းဆောင်များသာမက မြို့နေလူထု အတော်များများလည်း တက်ရောက် ခဲ့သည်ဟု သူက ဆက်ပြောသည်။

“နိုင်ငံရေး သမားတွေ၊ စီးပွားရေး သမားတွေနဲ့ အစိုးရ အငြိမ်းစား ၀န်ထမ်းတွေနဲ့ မြိုခံ လူထု လူတော်တော်များများ တက်ရောက် ကြတယ်။ အခုပုံတိုင်း ဆိုရင်တော့ အခြေနေကတော့ ကောင်းတဲ့ သဘောမျိုးရှိပါတယ်။ ပါတီအပေါ် ရခိုင်လူထု စိတ်ဝင်စားကြတာကို တွေ့ရတဲ့ အတွက် ကျေနပ် စရာပါဘဲ။”

ရခိုင်တိုင်းရင်းများ တိုးတက်ရေး ပါတီ၏ ပြည်နယ် ဗဟိုရုံးကို စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက်တွင် ဇွန်လ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်ပွဲနေ့တွင်လည်း စစ်တွေမြို့ခံ လူထု အများအပြား တက်ရောက်ခဲ့သည်။

၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြို့နယ် အနှံ့အပြားတွင် မြို့နယ်ခွဲရုံးများကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၉ ရက်နေ့ မြောက်ဦးမြို့ နယ် ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့ကလည်း အလားတူ ရုံးများကို ပုဏ္ဍားကျွန်းနှင့် ကျောက်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းပြင် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရသေ့တောင်နှင့် မြေပုံတွင် ရုံးများ ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆက်လက်၍ တောင်ကုတ်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးက ပြောသည်။

အလားတူ ပါတီ၏ (ရန်ကုန်တိုင်း) စည်းရုံးရေးကော်မီတီကိုလည်း အဖွဲ့ဝင် ၂၀ ဦးဖြင့် ဇွန်လ ၁၉ ရက်နေ့ က ဖွဲစည်းခဲ့ပြီး ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်တွင် ရုံးဖွင့်ထားပြီး စည်းရုံးရေးလုပ် ငန်း များလုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီသည် ယခုအခါ စည်းရုံးရေး လုပ်ငန်းများကို ကြံ့ဖွတ် ပါတီကဲ့သို့ ရခိုင်ပြည်နယ်တွင် လုပ်ကိုင်ခွင့် ရနေပြီ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် မောင်အေး ရေးသားသည်။

ကြံ့ဖွံ့ပါတီအတွက်ကြံ့ဖွံ့အသင်းစည်းရုံးရေးဆင်းပေး

သျှမ်းပြည်(မြောက်ပိုင်း)နမ့်ခမ်းမြို့နယ်တွင် ၀န်ကြီးချုပ်ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွတ်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး)ပါတီအတွက် လူထုစည်းရုံးရေးလုပ်ငန်းများကို ကြံ့ဖွတ်အသင်းက အဓိကလုပ်ဆောင်ပေးနေရကြောင်း နမ့်ခမ်း မြို့နယ် ကြံ့ဖွတ်အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
နအဖအာဏာပိုင်များ တည်ထောင်ထားသော ကြံ့ဖွတ်အသင်းမှနိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့သော အဆိုပါကြံ့ဖွတ် ပါတီအနေဖြင့်ပါတီလုပ်ငန်း များအဆင်သင့်မဖြစ်သေးမီ အသင်းကကြိုတင်ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု သူကဆို သည်။

“လက်ရှိမှာ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ရုံးခန်းတွေမရှိသေးခင်မှာတော့ အသင်းကပဲ လူထုစည်းရုံးရေးလုပ်ပေးနေ တာပေါ့။ပါတီအနေနဲ့စည်းရုံး ရေးလုပ်မယ်ဆိုရင် အသင်းကလုပ်သလို အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အကူအညီယူဖို့ အ ခက်အခဲရှိမယ်” ဟု သူကဆိုသည်။

လွန်ခဲ့သည့် မေ ၁၉ ရက်မှစ၍ ကြံ့ဖွတ်အသင်းအနေဖြင့် နမ့်ခမ်းမြို့ပေါ်နှင့် ဒေသတွင်းရှိကျေးရွာများတွင်ကြံ့ဖွတ်ပါတီဝင်စုဆောင်းရေး လုပ်ဆောင်ခဲ့ ရာ ပါတီဝင်အင်အား အနည်းဆုံး ၅၀၀၀ ရရန် အာမခံထားရကြောင်းသိရသည်။

ကြံ့ဖွတ်အသင်းအား ယခုလ ၆ ရက်နေ့က စတင်ဖျက်သိမ်းလိုက်ပြီး ရန်ကုန်တိုင်းအတွင်း၌ ဆိုင်းဘုတ်များဖြုတ်ချနေသည် ဆိုသည့်တိုင်အောင် နမ့်ခမ်းမြို့နယ် တွင် ကြံ့ဖွတ်အသင်းဆိုင်းဘုတ်များ ဖြုတ်ချခြင်းမရှိသေးကြောင်း သူကဆက်ပြော သည်။

“ကြံ့ဖွတ်ပါတီရုံး ခန်းဖွင့်ဖို့ ဆိုင်းဘုတ်တွေတင်ဖို့ ညွန်ကြားချက်တော့ ရောက်ထားပြီ။ ဒါပေမဲ့ဒီမှာတော့ ဘာမှမလုပ် သေးဘူး။အသင်းဆိုင်းဘုတ် လည်း မဖြုတ်သေးဘူး။ ဒီကြားထဲမှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ခဲ့တာပေါ့ ” ဟု သူက ပြောသည်။

ပါတီဝင်စည်းရုံးရေးလုပ်ငန်းဟုဆိုသော်လည်း အမှန်တကယ်မှာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၏ အကူအညီဖြင့် သတ်မှတ်ချက်အလိုက် မ၀င်မနေရ လူသစ်စုဆောင်းခြင်းသာဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ နိုင်ငံရေးပါတီများသည် နိုင်ငံတော်ပိုင်ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာငွေကြေးများ သုံးစွဲခွင့်မရှိကြောင်း ထုတ်ပြန်ထားသည့်တိုင်အောင် နအဖအာဏာပိုင်များ တည်ထောင်ထား သော ကြံ့ဖွံ့အသင်းနှင့် လက်ရှိ ၀န်ကြီးချုပ်ဦးသိန်းစိန်တို့၏ ကြံ့ဖွတ်ပါတီမှာ ရှင်းရှင်းလင်းလင်းမရှိကြောင်း လေ့လာသူများက ထောက်ပြသည်။

သျှမ်းပြည်မှ နိုင်ငံရေးပါတီ ၁၅ ခု ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

နအဖစစ်အုပ်စုဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ သျှမ်းပြည်တ၀ှမ်းလုံးမှ နိုင်ငံရေးပါတီ ၁၅ ပါတီထက် မနည်းဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း လက်ရှိနောက်ဆုံးသတင်းများအရ စုံစမ်းသိရှိရပါသည်။
“အခုကျနော်တို့ သိရသလောက်ဆို ရှမ်းပြည်ဒေသခံတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပါတီက ၁၀ ခု ရှိတယ်၊ အဲထဲက ကချင်ပါတီက မှတ်ပုံတင် မကျသေးဘူး။ နောက်ကျန်တဲ့ပါတီတွေကတော့ သျှမ်းပြည်ထဲက မဟုတ်တဲ့/ တခြားကလာတဲ့ ပါတီတွေဖြစ်တယ်”- ဟုအမည်မဖေါ်လိုသည့် လားရှိုးဒေသခံတဦးကပြောပါသည်။

သျှမ်းပြည်တွင်းမှမဟုတ်သော တခြားမှလာသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ် ရေးပါတီ၊ အမျိုးသားဒီမိုကရက်တစ်အင်အားစု၊ ပြည်ထောင်စုဒီမိုကရေစီပါတီ နှင့် ပြည်ထောင်စုအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ဖြစ်သည်ဟု ဆို၏။

“ကြံ့ဖွတ်ပါတီက သန်းရွှေစစ်အုပ်စု ကျောထောက်နောက်ခံပြုတဲ့ပါတီဖြစ်တယ်၊ လူအား ငွေအားနဲ့ အာဏာ အရှိဆုံးပါတီ -လုပ်ချင်တာလုပ်နေ တယ်၊ ပါတီဝင်တွေကို အဓမ္မခေါ်ယူတယ်၊ ရံပုံငွေဆိုလဲ တိုင်းပြည်ပိုက်ဆံကို တိုက်ရိုက်ယူသုံးတယ်လို့ကြားတယ်။ တစညပါတီကလဲအဲဒီအတိုင်းဘဲ ကြံ့ဖွတ်လောက်တော့ ပေါ်ပေါ်ထင်ထင် မလုပ်ဘူး၊ သူ့ခေတ်က မဆလ ခေတ်ဆိုတော့ ခေတ်လွန်သွားပြီပေါ့နော်” - ဟု သျှမ်းပြည်တောင်ပိုင်းမှ အမျိုးသားရေးလှုပ်ရှားနေသူတဦးကပြောပါသည်။

ထို့ပြင်NLD ခွဲထွက် ဒေါက်တာသန်းငြိမ်း ဦးဆောင် အမျိုးသားဒီမိုကရေစီအင်အားစု၊ ပင်လုံညီလာခံ တက်ရောက်ခဲ့သူ ရပလ အဖွဲ့အ၀င် ၀ါရင့်သျှမ်းနိုင်ငံရေးသမားကြီး (အသက် ၈၀ ကျော်) ဦးရွှေအုန်း (ကင်ဆာရောဂါခံစားနေရသူ၊ ကျန်းမာရေး အခြေအနေအရ နယ်လှည့် ခရီးထွက် ခြင်းရပ်နားထားရ) ဦးဆောင်သည့် ပြည်ထောင်စုဒီမိုကရေစီပါတီဖြစ်ပြီး ပြည်ထောင်စုအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်မှာမူနအဖစစ်အုပ်စု နှင့်နီးစပ်သူဟု နာမည်ကျော်သည့် (၈၈ ကျောင်းသားနာမည်ခံ) အေးလွင် က ဦးဆောင်ကြောင်းကြားသိရပါသည်။

“အဲဒီ အေးလွင်ဆိုတဲ့ ပုဂ္ဂိုလ်က ဦးခွန်ထွန်းဦး နဲ့ သျှမ်းခေါင်းဆောင်အဖမ်းမခံရခင် ၂၀၀၅ နှစ်ဆန်းပိုင်း သျှမ်း ပြည်အတိုင်အပင်ခံကောင်စီဖွဲ့ဖို့ အစည်းအဝေးမှာ သူက ဗွီဒီယိုနဲ့ ဓါတ်ပုံကင်မရာမင်း၊ နအဖကို အစီရင်ခံ သတင်းပို့တာသူပဲလို့ အများကယူဆထားတယ်၊ အခု သျှမ်းပြည်မှာ လာရောက်ယှဉ်ပြိုင်မှာကလဲ သူကိုယ်တိုင် ဦးဆောင်မယ်လို့သတင်းကြားထားတယ်” - ဟု တောင်ကြီးသားတဦးက ပြောပါသည်။

သျှမ်းပြည်တိုင်းရင်းသားများအား ကိုယ်စားပြုသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ -- Inn National Development Party (INDP) အင်း အမျိုးသားတိုးတက်ရေးပါတီ၊/ Kayan National Party (KDP)ကယန်း အမျိုးသားပါတီ၊ Ko Kang Democracy and Unity Party (KDUP) ကိုးကန့်ဒီမိုကရေစီနှင့်ညီညွှတ်ရေးပါတီ၊Pa-O National Party (PNO) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ Taaung (Palaung) National Party (PNP)တအောင်း(ပလောင်)အမျိုးသားပါတီ၊Shan National Democratic Party (SNDP) သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊Wa Democratic Party (WDP) ၀ ဒီမိုကရက်တစ်ပါတီ၊ Wa National Union Party (WNUP)၀ အမျိုးသားညီညွတ်ရေးပါတီနှင့်ခွင့်ပြုမိန့်မကျသေး သည့် Northern Shan State Development Party (NSSPP) သျှမ်းပြည်မြောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးပါတီ (သျှမ်းပြည်မြောက်ပိုင်းကချင်ပါတီ) တို့ဖြစ်သည်။