Pages

Subscribe

Tuesday 15 June 2010

INGO မှ စိုက်ပျိုးဆည်ရေတံတာမံ တိုးချဲ့တည်ဆောက်

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာအုပ်စုရှိ ထီးစဲအော်ဆည် ရေတံတာမံကို တိုးချဲ့တည်ဆောက်ရန် INGO အဖွဲ့အစည်းတခု ဖြစ်သော Care ပံ့ပို့ကူညီမှုဖြင့် လယ်ယာဆည်မြောင်းဌာနနှင့် ကျေးရွာလူထုများက ပူးပေါင်းဆောင်ရွက်နေသည်။

၎င်းဆည်အား တို့ချဲ့တည်ဆောက်ရခြင်းမှာ လာမည့် နှစ်တွင် မိုးရေကို စနစ်တကျ စုဆောင်းသိုလှောင်ထားနိုင်ရန်နှင့် ဆည်ရေသည်လည်း တောင်သူလယ်သမားများအတွက် အကျိုးရှိစေမည် ဖြစ်ပြီး ယခုနှစ်အတွင်းတွင် စီမံကိန်းအပြီး ဆောင်ရွက်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ၀န်ထမ်းများနှင့် နီးစပ်သူ ဒေသခံရွာသားတဦးက ပြောသည်။

၎င်းက “ဆည်ရေရဲ့ အကျိုးသက်ရောက်မှုက ရွာခုနှစ်ရွာအပေါ် အကျိုးခံစားခွင့် ရှိပြီး လယ်ဧကပေါင်း နှစ်ထောင်ကျော်ကိုလည်း အကျိုးခံစားခွင့် ရနိုင်ပါတယ်” ဟု ပြောသည်။

ထီးစဲအော်ဆည်သည် ယခင်က လူအင်အားဖြင့်သာ တူးဖော်ခဲ့သည့်အတွက် ဆည်ဘောင်တွင် ကျဉ်း၍ နိမ့်သဖြင့် မိုးရေများ စနစ်တကျ စုဆောင်းထားမှုက အားနည်းခြင်းကြောင့် လယ်ယာမြေကို စိုက်ပျိုးရာမှာ ရေလုံလောက်စွာ မရရှိနိုင်ကြောင်း ဒေသခံတောင်သူလယ်သမားတဦးက ပြောသည်။

“ဆည်ကန်မှာ နကိုယ်ကတည်းက ဘောင်ကလည်း ကျဉ်းတယ်။ မြင့်ဖို့ လိုတယ်။ ကျယ်ဖိုလည်း လိုတယ်။ နွားလှည်းနှစ်စီး ဆုံရင်တောင် သွားလို့ မရဘူး။ ရေလည်း မလုံလောက်ဘူး” ဟု သူက ပြောသည်။

ထို့ကြောင့် ၄င်းထီးစဲအော်ဆည်သည် တောင်သူလယ်သမားများအတွက် အဆင်ပြေစေရန်နှင့် မိုးရေများကို အချိန်မှီ စုဆောင်းထားနိုင်ရန် INGO အဖွဲ့အစည်း Care မှ မြေကော်စက်ဖြင့် ဆည်ကို မြင့်တင်ရာတွင် စက်ယန္တရားကို အသုံးပြုလျက်ရှိကြောင်း၊ ဤနည်းလမ်းဖြင့် ရေကို လုံလောက်စွာ စုဆောင်းနိုင်မည် ဆိုပါက လာမည့် နှစ်များတွင် ဆည်ရေသုံး လယ်မြေများအတွက် ရေအလုံအလောက် ရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။

လျပ်စစ်မီး မကြာခဏ ပျက်ခြင်းကြောင့် စီးပွားရေး ကုန်သည်များ အခက်တွေ့

ကရင်နီပြည် ဘောလခဲမြို့တွင် အချိန်ပြည့် လျပ်စစ်မီး ရရှိမည်ဟု ဆိုသော်လည်း မကြာခဏ မီးပျက်ခြင်းကြောင့် စီးပွားရေးကုန်သည်များ ယခုအချိန်တွင် မီးအခက်တွေ့နေကြပါသည်။

“၂၄ နာရီ မီးရပြီဆိုတော့ အရင်ကသုံးတဲ့ မီးစက်တွေကို တခြားမြို့ကို ဈေးပေါပေါနဲ့ ရောင်းလိုက်တယ်၊ ခုတော့ မီးကပုံမှန် မလာဖြစ်တော့ ဈေးရောင်းဖို့က မီးကလိုတယ်လေး” ဟု ဘောလခဲမြို့နေ ဒေသခံ စီးပွားရေးသမား တဦးကပြောသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်၍ ဘောလခဲမြို့သည် လျပ်စစ်မီး ရရှိပြီး မီးမရခင်တွင် မီးစက်ကြီးဖြင့် တစ်မြို့လုံး အချိန်ပိုင်း သုံးစွဲခဲ့ကြ၍ စီးပွားရေးသမားများမှာ ကိုယ်ပိုင် မီးစက်ငယ်များဖြင့် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

ကယားပြည်နယ်၏ ဒုတိယခရိုင် ဘောလခဲမြို့သည် လောပီတ ရေအားလျှပ်စစ်မှ ထုတ်လုပ်သော လျှပ်စစ်မီးကို စတင်ရရှိခဲ့ကြသော်လည်း ပုံမှန်လျပ်စစ်မီး မသုံးစွဲနိုင်သေးကြောင်း ဒေသခံတဦးက ပြောသည်။

ဒေသခံပြည်သူများသည် မြို့နှင့်အညီ ခေတ်မီလျှပ်စစ် အသုံးအဆောင်ပစ္စည်များ ၀ယ်ယူသုံးစွဲမှုများ တိုးတက်လာသည်ဟုလည်း သိရသည်။

နျူကလီးယားကိစ္စပတ်သက်ပြီး နအဖ စွပ်စွဲချက်အပေါ် ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် ဗိုလ်မှူး အောင်လင်းထွဋ်တို့က ပြန်လည်ငြင်းဆို

စစ်အစိုးရ (MRTV)မှ ဗိုလ်မှုးမဟုတ်ပါဘူး ဗိုလ်ကြီး စိုင်းသိန်းဝင်းပါဟု ဗြောင်လိမ်လည် ငြင်းဆိုထားပါတယ်။ ဓာတ်ပုံကို ကြည့်လျှင် သိနိုင်ပါတယ်။ (ပုံ DVB)
နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရသတင်း ထုတ်ပြန်ချက်ပါ အချက်တချို့ မှားယွင်းနေတယ်လို့ ဗိုလ်မှူး စိုင်း သိန်းဝင်းနဲ့ ဗိုလ်မှူးအောင်လင်းထွဋ်တို့က ဒီဗွီဘီ ဆီစာနဲ့အထောက်အထားဓာတ်ပုံတွေ ပေးပို့ပြီး ငြင်း ဆိုလိုက်ပါတယ်။


အဲဒီစာတွေအတွင်း အထောက်အထားက ထောက်ပြထားတဲ့အချက် ၂ ခုကတော့ ဗိုလ် မှူး စိုင်းသိန်းဝင်းဟာ ‘နအဖ’ ကပြောနေသလို ဗိုလ်ကြီးအဆင့်မဟုတ်ဘဲ ဗိုလ်မှူး ဖြစ်တယ် ဆိုတဲ့ အထောက်အထား ရုံးစာနဲ့အထောက်အထားဓာတ်ပုံ၊ နောက်တခါ ဗိုလ်မှူးအောင် လင်းထွဋ်ရဲ့ စာထဲမှာတော့ ‘နအဖ’ က စွပ်စွဲထားတဲ့ အမေရိကန်ဒေါ်လာ ၄၅ဝဝ ကျော်အလွဲ သုံးစားလုပ်တယ်ဆိုတာ မဟုတ်ကြောင်း၊ ဒေါ်လာ ၈ဝဝဝ ကျော်ကို သံ မှူးကြီး ဦးမင်းလွင်ဆီ လွဲပြီးဖြစ်တဲ့အကြောင်း သံရုံးရဲ့ တရားဝင်စာကို ပူးတွဲဖော်ပြ ထားတာ တွေ့ရပါတယ်။ ဒါဟာမြိုင်မြို့မှာ အခြေစိုက်ဖွင့်ထားတဲ့ နျူကလီးယားတပ်ရင်းမှ ဗိုလ်မှူး စိုင်းသိန်းဝင်း ပြည်ပကိုထွက်လာပြီး ‘နအဖ’ နဲ့ မြောက်ကိုးရီးယားတို့ရဲ့ နျူကလီး ယား ဆက်ဆံရေးအကြောင်း ဒီဗွီဘီကို ပြောပြပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မှာ စစ်အစိုးရက သတင်းထုတ် ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ သတင်းထုတ်ပြန်ချက်ဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမှအပ နျူကလီးယားနဲ့ ပတ်သက် ပြီး အရေးကြီးတဲ့အချက်တွေကို ငြင်းဆိုနိုင်တာမျိုး မတွေ့ရသေးပါဘူး။

သတင်းရင်မြစ်..http://burmese.dvb.no/news.php?id=11197

မြစ်ဆုံလုပ်ကွက်အနီးရှိ အိမ်များပြောင်းရွှေ့ပြီးနောက် ရွှေတူးဖော်ရေးလုပ်ငန်းစတင်

ကချင်ပြည်နယ် ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့လိုက်ရသည့် ကျေးရွာများတွင် ဇွန် လဆန်းပိုင်းမှစ၍ ရွှေတူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်နေပြီဖြစ်သည်။

1-gold-mining-myisone

ဧရာဝတီ မြစ်ဆုံအနီးတွင် အခုလို သံဖေါင်များဖြင့် ရွှေတူးဖော်နေပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

မြစ်ဆုံအနီးတွင်အခြေစိုက်သည့် လဝါယန်ဌာနေပြည်သူ့စစ်အဖွဲ့ ဦးလဆန်အောင်ဝါမှ မေ ၂၈ရက်နေ့က ပြောင်းရွှေ့လိုက်ရသည့် မဇွပ်ရွာ နှင့် တန်ဖရဲ မြစ်ဆုံအပန်းဖြေစခန်း ပတ်ဝန်းကျင်တွင် ရွှေစတင်တူးဖော် နေသည်။

“ရွာသားတွေတောင်မှ သူတို့ အိမ်ပြောင်းရွှေ့လို့မပြီးသေးဘူး ရွှေတူးနေကြတယ်” ဟု ဒေသခံမှ ဆရာတစ်ဦးပြောသည်။

ဦးဇခုန်တိန့်ယိန်း (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် - NDA-K အဖွဲ့ ဥက္ကဌ) နှင့် ဦးလဆန်အောင်ဝါ (ယခင် လဆန်အောင်ဝါငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်) တို့သည် မိခင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ခဲ့ပြီး ၂၀၀၉ နှစ်ကုန်ပိုင်းတွင် မြန်မာတပ်မတော် လက်အောက်ခံတပ်များအဖြင့် အသွင်ပြောင်းဖွဲ့စည်းခဲ့ သည်။

ရေကာတာစီမံကိန်းကြောင့် ရေလွမ်းမိုးနိုင်သည့် ရပ်ရွာများတွင် “လဆန်အောင်ဝါက လုပ်ကွက်ဆွဲပြီး ရွှေတူးဖို့ နေရာအားလုံးချလိုက်ပြီ” ဟု အထက်က ဆရာမှ ဆက်ပြောသည်။

ဦးလဆန်အောင်ဝါမှ ဆက်လက်ပြီး တန်ဖရဲကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းဝင်း တွေမှာလည်း လုပ်ကွက်လျှောက်ထားကြောင်း ဒေသခံတွေမှသိရသည်။

မြစ်ဆုံရေကာတာဆောက်လုပ်ခြင်းမပြုမီ ၎င်းနေရာတွင် ရွှေတူးဖော်ရန် ဦးဇခုံတိန့်ယိန်း၊ ဦးလဆန်အောင်ဝါ တို့ နှစ်ဦးကို မြန်မာစစ်အစိုးရမှ အထူးအခွင့်ရေးပေးထားပါသည်။

ကချင်လူထုကတော့ ၎င်းတို့ခေါင်းဆောင်နှစ်ဦးအား “ကိုယ့်လူမျိုးများ၏အခက်ခဲ ဒုက္ခကိုမကြည့်ပဲ မိမိကိုယ်ကျိုးစီးပွါးရှာသူများအဖြစ်” ဝေဖန်သတ်မှတ်ထားပါသည်။

ဝိုင်းမော်မြို့နယ်ဘက် မေခမြစ်ကမ်းနား ဗန်ဗိန်ကျေးရွာတွင်လည်း ဦးဇခုန်တိန့်ယိန်း မိသားစုပိုင် ကုမ္ပဏီမှ ရွှေတူးဖော်နေကြောင်း သိရသည်။

ကချင်ပါတီ ရွေးကောက်ပွဲဝင်နိုင်ရေး နေပြည်တော်သို့ ဒုတိယအကြိမ် သွားရောက်မည်

ပါတီမှတ်ပုံတင်ခွင့်ရရှိရေး အတွက် ကချင်ပါတီသည် ဒုတိယအကြိမ် နေပြည်တော်သို့ ထပ်မံသွားရောက်ကြိုးပမ်းမည်ဟု ကချင်ပါတီအရာရှိတစ်ဦးပြောသည်။

dr.tu-ja-in-office

ပါတီမှတ်ပုံခြင်းမတိုင်မီကတည်းက ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ မှ အခုလို မြစ်ကြီးနား ပါတီဗဟိုရုံးတွင် ကချင်လူငယ်နှင့် အမျိုးသမီးများကို ရွေးကောက်ပွဲအတွက် စည်းရုံးခဲ့သည်။ ဓါတ်ပုံ - ကချင်သတင်းဌာန

ယခုနှစ် မကုန်မီတွင်ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)သည် ပါတီတည်ထောင်ခွင့် မချပေးသေးသည့်ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်အခြေစိုက် ရွေးကောက်ပွဲကော်မရှင်သို့ မေ ၁၅ ရက်နေ့ မနက်ဖန် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

KSPP ပါတီအတွင်းရေးမှုး နှင့် အရာရှိတစ်ဦးသွားရောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ပါတီဗဟိုရုံးမှ အရာရှိများ ပြောပါသည်။

ယင်းကိစ္စဖြင့်ပတ်သက်၍ “ကျွန်တော်တို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ပတ်သက်မှု မရှိပါဘူး” လို့ ရွေးကောက်ပွဲ ကော်မရှင်ကို ထပ်မံ စာတင်မည်ဖြစ်ကြောင်း ကချင်ပါတီအရာရှိတစ်ဦးထပ်မံပြောသည်။

စစ်အစိုးရမှ KSPP အား အခုချိန်ထိ တရားဝင်လက်ခံခြင်း မရှိသည့်အဓိကအကြောင်းရင်းကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရလိုလားသည့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) ကို လက်မခံသည့်အတွက်ဖြစ်သည်။

ယခင်က ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု-ဥက္ကဌ အဆင့် ၂ ဟောင်း ဒေါက်တာတူးဂျာ သည် ယခု KSPP ပါတီခေါင်းဆောင် လည်း ဖြစ်သည်။

ဒေါက်တာတူးဂျာသညှ် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂ ရက်နေ့တွင် KIO မှ နုတ်ထွက်ခဲ့ပြီးဖြစ်သည်။

ယခုချိန် ကချင်ပြည်နယ်တွင် KSPP ပါတီ၏ ရွေးကောက်ပွဲ လူထုစည်းရုံးရေးများ လုံးဝရပ်ဆိုင်းသွားသည်မှာ တစ်လကျော် ရှိသွားပြီဖြစ်သည်။

“သူများပါတီတွေအလုပ်လုပ်နေကြပြီ ကျွန်တော်တို့ပါတီက ဘာအလုပ်မှ မလုပ်ရဘူး။ ဒါကြောင့်မြန်မြန် ချပေးပါဆိုပြီး” စာပြန်သွားတင်မယ်လို့ နေပြည်တော်သို့ထွက်ခွာမည့် ပါတီအရာရှိတစ်ဦးပြောသည်။

ဧပြီလ ၅ ရက်နေ့ က ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ ကိုယ်တိုင် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ တရားဝင်ဖြစ်လာပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရရှိရေးအတွက် ပါတီမှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။

ယနေ့အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့် နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ပါတီရှိပြီး နိုင်ငံ ရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၃၃) ပါတီအနက် ပါတီ (၃၂) ပါတီ ကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့်ပါတီများကိုလည်း စိစစ်နေကြောင်းကို ဇွန်လ ၉ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။

ဗန်းမော်မြို့မှာ ကမ္ဘာ့ဖလားဘော့လုံးလောင်းကစားပွဲ သောင်းကျန်း

ယခုလ(၁၁)ရက်နေ့က တောင်အာဖရိကနိုင်ငံတွင် စတင်ကျင်းပနေသည့် ကမ္ဘာ့ဖလား ဘော့လုံးပွဲများအပေါ် ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အလောင်းအစားလုပ်သည့် ဒိုင်များ၊ လောင်းကစားသူများ ပေါများလာနေသည်။

ယခင် ဥရောပကလပ်အသင်းများ၏ ဘော့လုံးပွဲများကို ပြသပြီးလောင်းကစားဒိုင်ဖွင့်ထားသည့် ဘော့လုံးပွဲရုံ များက အဓိက ပြုလုပ်နေပြီး အချင်းချင်းကြား လောင်းကြေးထပ် အလောင်းအစား ပြုလုပ်နေသည်ကို တွေ့ရ ကြောင်း ဗန်းမော်ဒေသခံတဦးက ပြောသည်။
“မြန်မာ့အသံကလည်း ပြတယ်ဆိုတော့ အရင် ဥရောပကလပ်ပွဲတွေလို ရုံသွားပြီး ကြည့်စရာ မလို တော့တာလည်းပါတယ်။ အိမ်မှာကြည့်ရင်းနဲ့လည်း ဖုန်းဆက်ပြီးလောင်းလို့ ရတာလည်း ပါတယ်။ ဒါ ကြောင့် အရင်ကထက် ပိုပြီးလောင်းကြတယ်။ ဒိုင်ဆီမှာ သွားလောင်းမှ မဟုတ်ဘူး၊ ကိုယ့်အချင်းချင်း ကြားလည်း လောင်းနေတာဘဲ၊ ဒိုင်တွေကတော့ လောင်းကြေးသိန်းရာချီ ကိုင်တယ်၊ မနိုင်ရင် ရန်ကုန်၊ မန္တလေးအထိ တင်တယ်။”

ဗန်းမော်မြို့နယ်ရှိ အာဏာပိုင်များထံ လာဘ်ငွေထိုးပြီးဖွင့်ထားသည့်ဘော့လုံးဒိုင်များတွင် လောင်းကစားလုပ်ငန်း မှာ ပေါ်ပေါ်ထင်ထင် ဖြစ်နေကြောင်း အဆိုပါ ဗန်းမော် ဒေသခံက ပြောသည်။

အခြားဗန်းမော် ဒေသခံတဦးက “အခုက ချဲလို၊ နှစ်လုံးထီလို မဟုတ်ဘူးလေ။ အဲဒါကို လောင်းလိုက်ရတာ ကိုဘဲ ဥပဒေနဲ့လွတ်ကင်းသလို စိတ်ကခံစားနေကြတာ။ ကမ္ဘာ့ဖလား ဘော့လုံးပွဲကြည့်ရင်းလောင်း တယ်ဆိုတော့ လောင်းကစားနဲ့မပတ်သက်တဲ့သူတွေပါ ပါလာတယ်။ အပျော်သဘော ဝင်လောင်းတာ ပေါ့။ ညနေ (၅)နာရီကျော်ကစပြီး ဘောလုံးပွဲ ကြည့်လို့ ရမယ့်အိမ်တွေကို ထွက်ကြတယ်။ အချို့ လည်း ကိုယ့်အိမ်မှာတိဗွီရှိရင် ပြန်လာကြည့်တယ်။ လူတွေအတော်များများက ဘောလုံးမှ ဘောလုံး ဖြစ်နေကြတာ။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ချဲ၊ နှစ်လုံးထီနှင့်ဘော့လုံးလောင်းကစားမှုများကို အာဏာပိုင်များက လာဘ်ငွေယူ၍ ခွင့်ပြုချက် ဖြင့် နေရာအနှံ့အပြားတွင်ပြုလုပ်နေကြပြီး တခါတရံမှသာ အဖမ်းအဆီးလုပ်လေ့ရှိသည်။

ကြံ့ဖွံ့ကို မထောက်ခံလျှင် ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များပြော

စစ်အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံွှ့ပါတီကို မထောက်ခံပါက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျေးရွာအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုနေလျှက်ရှိကြောင်း ရွာသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျီကြီးအုပ်စု ဥက္ကဌ ဦးအောင်သန်းဌေးနှင့် ရယက စာရေး ဦးကျော်မြင့်တို့က ပြောဆိုခြင်းဖြစ်ကြောင်း စုမှတ်တိုင်ကျေးရွာ ဆယ်အိမ်မှူး ကိုမင်းထိုက်က အစည်းဝေးတွင် ပြောသည်။

“ (၇) ရက်နေ့က ကျီကြီးအုပ်စု သုံးကွင်းဆိုင်ကျေးရွာက ရယက စာရေးအိပ်မှာ ဆယ်အိမ်မှူးတွေကို အစည်းဝေးဖိတ်ပြီး ရွေးကောက်ပွဲကို ၈ လပိုင်းလောက် ကျင်းပမယ်၊ ဧည့်စာရင်း လူဝင်လူထွက်တွေကို မှတ်တမ်းတင်ရမယ်၊ နောက် ည ၈ နာရီကျော်ရင် အပြင်မထွက်ရ အမိန့်ထုတ်မယ်တို့ ပြောတယ်၊ အဲဒါကို ဆယ်အိမ်မှူးက ပြန်ပြောတာ” ဟု ရွာသားတဦးက ပြောသည်။

ဒေသတွင်း နိုင်ငံရေးလှုပ်ရှားသူများကို စောင့်ကြည့်မှုများ ပြုလုပ်သွားပြီး ကြိုတင်မဲများကောက်ခံမည့်အပြင် ကြံ့ဖွံ့ပါတီကို မထောက်ခံသူအား ဘာကြောင့် မထောက်ခံရခြင်းဖြစ်ကြောင်းကို အစီရင်ခံစာရေးပို့ရန် အမိန့်ထုတ်ထားကြောင်း ဆယ်အိမ်မှူးက ပြောခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။

“ကြံ့ဖွံ့ပါတီကို မထောက်ခံသူကို နောက်ပိုင်းမှာ စစ်ဆေးမယ်၊ဖမ်းမယ်လို့ ဥက္ကဌနှင့် စာရေးက ပြောထားတယ်ဆိုပြီး မှတ်တိုင်ရွာနေ ဆယ်အိမ်မှူး ကိုမင်းထိုက်က ပြောတယ်” ဟု ဒေသခံရွာသားက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် သစ်တောဝန်ကြီး ဦးသိန်းအောင်က အင်္ဂပူမြို့နယ်မှ ဝင်ရောက်အရွေးခံရန် စီစဉ်ထား၍ ၎င်း၏ ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိပြီး အနည်းဆုံး ကျပ်ငွေသိန်းပေါင်း သောင်းနှင့်ချီ၍ အကုန်ကျခံလုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်လပိုင်းများတွင်လည်း စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းက ကျောက်ပန်းတောင်းမြို့တွင် ပြုလုပ်သည့် အစည်းဝေးတွင် ၎င်းဦးဆောင်သည့် ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် ပြောဆိုစည်းရုံးမှုများလည်း ရှိခဲ့သည်။

မိုးကြီးပြီး မြေပြိုမူကြောင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လူဒါဇင်နှင့် ချီပြီး သေဆုံး

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျှောက်တွင် မိုးအဆက် မပြတ်ရွာသွန်းပြီး မြေပြိုမူကြောင့် လူပေါင်း ဒါဇင်နှင့် ချီပြီး သေဆုံးသွားခဲ့ပြီး မောင်တောမြို့မှ မိသားစု အတော်များများကိုလည်း ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရသည်။

မောင်တောမြို့ခံ တဦးက “ မောင်တောက ဗိုလ်မှူးရွာနဲ့ ရွာသစ်ရွာက မိသားစုဝင် ၂၅၀ခန့်ကို ရေတွေ တက်လာတဲ့ အတွက် မောင်တော အထက ၁ နဲ့ အလက ၂ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ရေက ၄ပေထိ မြှင့်တက်ခဲ့ပါတယ်။ ခုထိတော့ ရေတွေ ရှိနေတုန်းပါဘဲ။”

အလားတူ ရေကြီပြီး မြေပြိုကျမူကြောင့် အောက်ပြူးမနှင့် ရေမျှက် ကျေးရွာတွင်လည်း လူများ သေဆုံးသွားကြောင်း သူက ပြောသည်။

“အောက်ပြူးမက မူဆလင် မိသားစု တစုက ကလေးတွေ အပါအ၀င် လူ ၇ ဦး မြေပြိုတဲ့ အထဲမှာ သေဆုံးသွားပြီး ရေမျှက်တွင်းကျေးရွာက အသက် ၃ နှစ် အရွယ် ကလေး တဦးနှင့် ၂ နှစ်အရွယ် ကလေး တဦးလည်း ရေထဲပါပီး သေဆုံးသွားခဲ့ပါတယ်။ ဦးရွှေကျ ကျေးရွာတွင်လည်း အိမ် ၁၁ ဆောင် မြေပြိုရာတွင် ပါဝင်သွားခဲ့ပါတယ်။”

ဘူးသီးတောင်တွင်လည်း မြေပြိုမူကြောင့် အစ္စလာမ်ဘာသာဝင် ၁၇ ဦးသေဆုံးသွားခဲပြီး နေရာ အများအပြားကို ရေလွှမ်းမိုးနေသည်ဟု သိရသည်။

ဘူးသီးတောင်နှင့် မောင်တောကားလမ်းလည်း မြေပြိုမူကြောင့် ပိတ်ဆို့နေပြီး မောင်တော- ကြိမ်ချောင်းလမ်းမှာလည်း ပြိုပျက်သွားပြီး တံတားအများ အပြား ရေထဲ ပါသွားကြောင်း သိရသည်။

တောင်ကျချောင်းရေများ အဆက်မပြတ် စီးဆင်းနေပြီး နတ်မြစ် ရေတိုးနေသဖြင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား အသွားအလာများ လုံးဝ ရပ်တန့်နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဘက်ခြမ်းတွင် မြေပြိုမူကြောင့် လူပေါင်း ၅၀ သေဆုံးသွားခဲ့ပြီး ကော့ဘဇားရိုင် ဟိမ်းဆော်ရီ စစ်စခန်းမှ စစ်သား ၆ ဦးလည်း မြေပြိုရာတွင် ပါဝင်ပြီး သေဆုံးသွားခဲ့သည်။

မြန်မာ မူဆလင် ဒုက္ခသည် လာဒါ စခန်းတွင်လည်း ရာနှင့် ချီသော အဆောင်များ ပျက်စီးသွားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီး မြေအောက် ရောက်နေသော သူများကို ကယ်ထုတ်နေကြောင်း သိရသည်။

ယခု အကြိမ် မိုးရွာမူမှာ နှစ်ပေါင်း ၁၀ နှစ် အတွင်း အပြင်းအထန်ဆုံး မိုးရွာမူ ဖြစ်ကြောင်း သိရသည်။

နအဖစစ်တပ်က ဒီကေဘီအေ တပ်ဖွဲ့ဝင်များအား အပျော့ဆွဲ စည်းရုံးနေ

နအဖစစ်တပ်က ဒီကေဘီအေ တပ်ဖွဲ့ဝင်များအား အပျော့ဆွဲ စည်းရုံးနေ
ဇွန်လ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ် ဂယက်ကြောင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ယခုရက်ပိုင်းအ တွင်း နအဖ စစ်တပ်က ဒီကေဘီအေတပ်ဖွဲ့ကို မူလအတိုင်း ပြန်ထားမည်ဟု စည်းရုံးပြောဆိုနေကြောင်း ဒီကေဘီအေ အသိုင်းအ၀ိုင်း က ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “နအဖက နယ်ခြားစောင့်တပ်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့က ကေအဲန်ယူနဲ့ သေချာပေါက်ပြန်ပေါင်းမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ ဒါကြောင့် အခု နအဖက ကျနော် တို့တပ်ဖွဲ့တွေကို အမျိုးမျိုး ပြန်စည်းရုံးနေတယ်။ နောက်ပြီးတော့ ဒီကေဘီအေတပ်ဖွဲ့တွေကို အရင်အတိုင်းပဲ ပြန်ထားမယ်လို့ ပြော တယ်။ ဒါတွေဟာ နိုင်ငံရေး လှည့်ကွက်တခုပဲဆိုတာ ကျနော်တို့လည်း သဘောပေါက်ပါတယ်”ဟု ပြောသည်။

စစ်အစိုးရက ဒီကေဘီအေနှင့် အခြားအပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များကို ပြီးခဲ့သည့် ဧပြီလ ၂၈ရက်နေ့က နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့အချိန်တွင် ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅)က လက်မခံသည့်အပြင် ၎င်း၏ တပ်အင်အားများကို ပြန်လည်စုစည်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောလားပွယ်ကို တွေ့ဆုံဆွေးနွေးရန် နအဖဘက်က အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း မရ ခဲ့သည့်အပေါ် နအဖက ယခုလို ပြုလုပ်ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ၎င်းဒီကေဘီအေတပ်မှူးက ပြောသည်။

“နအဖက အစည်းအဝေးပြုလုပ်ဖို့ ဆင့်ခေါ်တိုင်း နှုတ်ခမ်းမွှေးက မသွားဘူး။ သူ့အောက်က လူတွေကိုပဲ လွှတ်ခဲ့တယ်။ ဒီလိုနည်းနဲ့ဆို ရေရှည်ဆက်ဆံရေးမှာ တဖြည်းဖြည်းနဲ့ အလှမ်းဝေးသွားနိုင်တယ်ဆိုတာကို နအဖက သိတော့ အခု ပြန်လည်စည်းရုံးတဲ့ နည်းပရိ ယာယ်တွေ သုံးလာတာဖြစ်တယ်။ ဗိုလ်နှုတ်ခမ်းမွှေးကလည်း သူတင်းရင် ကိုယ်တင်းတယ်။ သူပျော့ရင် ကိုယ်ပျော့တယ်ဆိုတဲ့ လူစား မျိုး ဖြစ်တယ်”ဟု သူက ထပ်လောင်းပြောဆိုသည်။

အလားတူ ဘုရားသုံးဆူ အခြေစိုက်သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) လက်အောက်ခံ ခလရ(၃၂) တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီးအောင်ဝင်းလှိုင်ကလည်း ဘုရားသုံးဆူမြို့ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စည်းရုံးမှုများ လုပ်ဆောင်နေသည် ဟု သိရသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “တပ်ရင်းမှူးက ဒီမှာရှိတဲ့ ငြိမ်းအဖွဲ့ခေါင်းဆောင်တွေကို တပတ်တခါ၊ နှစ်ပတ်တခါ ခေါ်တွေ့တယ်။ တို့တ တွေဟာ အတူတူပဲဆိုတော့ ဂေါ့ဖ်အတူသွားကစားမယ် စသဖြင့် စည်းရုံးတာပေါ့။ နယ်ခြားစောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုံးဝ မပြောတော့ဘူး”ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီကေဘီ အေ တပ်မဟာ(၅)တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်ကို လာမည့် သြဂုတ်လ ၁၀ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ဖွဲ့ ရန် ပြီးခဲ့သည့်အပတ် စနေနေ့က သတိပေးလိုက်သည်ဟု နယ်စပ်သတင်းရပ်ကွက်များက ပြောသည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်လာသည့် တချိန်တည်းမှာပင် နအဖက ကေအဲန်ယူတပ်မဟာ (၆)နယ်မြေအတွင်း၌ ၎င်းတို့တပ်ရင်းနှင့် ကေအဲန်ယူတို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ နအဖဘက်က ထိခိုက်ကျဆုံးမှု အများအပြားနှင့် ရင်ဆိုင်နေ ရသည်။

ထို့ကြောင့် စကခ(၈)မှူး ဗိုလ်မှူးချုပ်သန်းစိုးက ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအား စစ်ဆင်ရေးဆောင်ရွက်ရာတွင် ပေါ့ဆမှုမရှိစေ ရန် လိုအပ်သည့် စစ်ကူအတွက် နောက်ထပ် တပ်ရင်း(၂)ရင်းဖြင့် ကူညီသွားရန် ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရ သိရ သည်။

ဒီကေဘီအေ တပ်မဟာ (၅)အသိုင်းအ၀ိုင်း၏အဆိုအရ နအဖစစ်အစိုးရက ကေအဲန်ယူ တပ်မဟာ(၆)ကို ဦးစွာရှင်းလင်းပြီး ၎င်းတို့တပ် အင်အား လျော့နည်းလာသည့်အချိန်ကျမှ ဒီကေဘီအေကို နယ်ခြားစောင့်ဖွဲ့ရေး တဖန်ပြန်လည် ဖိအားပေးလာနိုင်သည်ဟု သုံးသပ် ပြောဆိုနေကြသည်။

သို့သော် ကေအဲန်ယူ တပ်မဟာ(၆)မှ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးစောထဲနေက “နအဖ ထိုးစစ်ဆင်မယ့် အစီအစဉ်ကို ကျနော်တို့ သတင်းရရှိပါတယ်။ ဒီကေဘီအေ ထိန်းချုပ်ရာ နယ်မြေအနီးအနားတ၀ိုက်မှာပဲ ရှင်းလို့ရမယ်။ တကယ့် ကေအဲန်ယူ ထိန်းချုပ်ထားတဲ့ အချက်အချာကျတဲ့ နေရာတွေကိုတော့ လုံးဝရှင်းလို့ရမှာ မဟုတ်ဘူး”ဟု ပြောသည်။

ဒီကေဘီအေတပ်ဖွဲ့၌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောကျော်သန်း အပါအ၀င် တပ်မဟာ(၉၉၉)မှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် အ ပေါင်းပါအချို့သာ နယ်ခြားစောင့်တပ်ကို လက်ခံကြပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန အပါအ၀င် ဗိုလ်မှူးချုပ်စောလားပွယ်၊ ဗိုလ်မှူး ကြီးစောမုတ်သုန်အဖွဲ့နှင့် ဒီကေဘီအေ အရာရှိအချို့က လက်မခံကြကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

နအဖ ဗိုလ်ချုပ်ရဲမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်နိုင်ဝင်း၊ ဒုတိုင်းမှူး ဒုဗိုလ်မှူးကြီးဇော်မင်းတို့က ဒီကေ ဘီအေအဖွဲ့ကို ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ၂၀၀၉ခုနှစ်ဆန်းပိုင်းမှစ၍ ကမ်းလှမ်းမှု၊ ဆွေးနွေးမှု၊ ဖိအားပေးမှုများ အလှည့်ကျ လုပ်ဆောင်လာခဲ့သည်မှာ အကြိမ် ၂၀နီးပါးရှိခဲ့ပြီဟု ဒီကေဘီအေ အသိုင်းအ၀ိုင်းက ပြောသည်။

ယင်းသို့ ဖိအားပေးသည့် အချိန်အတောအတွင်း အချို့ဒီကေဘီအေတပ်များသည် ၎င်းတို့နှင့် နီးစပ်သည့် ကျေးလက်တောရွာများမှ အ ရွယ်မရောက်သေးသည့် ယောက်ျားလေးများနှင့် အိမ်ထောင်သည်ရွာသားအချို့ကို စစ်သားအဖြစ် စုဆောင်း၍လည်းကောင်း၊ ပေါ်တာ အဖြစ် ခေါ်ယူ၍လည်းကောင်း လုပ်ဆောင်ခဲ့သည်။

ဒီကေဘီအေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖနှင့် အပစ်ရပ်ခဲ့သည့် အင် အားအတောင့်တင်းဆုံး ကရင်လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး နာယကဆရာတော် ဦးသုဇန ဦးစီး၍ လက်ရှိအချိန်တွင် ခန့်မှန်းခြေ အင် အား ၅,၀၀၀ခန့် ရှိသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်း စောစီးစွာ ထုတ်ပြန်ကြေညာ

နော်ဖြူဖြူသင်း (ကေအိုင်စီ)

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ယခင်နှစ်များက ဇူလိုင်လတွင် ထုတ်ပြန်ကြေညာလေ့ရှိသော်လည်း ယခု နှစ်၌မူ ဇွန်လ ၁၃ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက စောစီးစွာ ထုတ်ပြန်လိုက်သည်။

ယင်းသို့ ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းအရ မြို့နယ်ဒေသ အတော်များများမှာ ယမန်နှစ်ထက် အောင် ချက်ရာခိုင်နှုန်း ပိုမိုကောင်းမွန်သည်ဟု သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ရန်ကုန်မှ ကျောင်းသားဖခင်တစ်ဦးက ဇွန်လ ၁၄ရက်နေ့တွင် ယခုလို ပြောသည်။

သူက “မနေ့က အောင်စာရင်းထွက်သွားတာ ကျနော့်သားက ဂုဏ်ထူး သုံးဘာသာပါတယ်။ ရန်ကုန်မှာတော့ အောင်ချက်ကောင်း တယ်။ ဂုဏ်ထူးတွေလည်း တော်တော်များများ ပါကြတယ်”ဟု ဆိုသည်။

အလားတူ ကရင်ပြည်နယ် မြ၀တီမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုသော ကျောင်းသူကျောင်းသားများ၏ အောင်ချက်သည် ယခင်နှစ်ထက် အနည်းငယ် ကောင်းလာကြောင်း မြို့ခံတစ်ဦးက ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

သူက “မနေ့က ထွက်လာတဲ့ အောင်စာရင်းအရဆိုရင် ကျောင်းသူကျောင်းသားတွေ ပြောနေကြတာတော့ ဒီနှစ်ဟာ အရင်နှစ် ထက် အောင်ချက် နည်းနည်း ပိုကောင်းလာတယ်။ ရာခိုင်နှုန်းအားဖြင့် ၃၁% လောက်ရှိမယ် အောင်ချက်က”ဟု ပြောသည်။

သို့သော် ကရင်ပြည်နယ်၊ ဖားအံမြို့၌မူ ထိုနေ့မနက် ၆နာရီကတည်းက သက်ဆိုင်ရာ ကျောင်းများတွင် အောင်စာရင်းကို ကြေညာ ကပ်ထားရာ ကျောင်းသူကျောင်းသားများ၏ အောင်ချက်ရာခိုင်နှုန်းမှာ အခြားမြို့များနှင့်မတူဘဲ ယမန်နှစ်ထက် လျော့နည်းသွား ကြောင်းကို ကိုယ်တိုင် စာမေးပွဲကျရှုံးခဲ့သူ ကျောင်းသူလေးတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသွားသော ကျောင်းသူ/သားများအနေဖြင့် လာမည့်နှစ် ထပ်မံ ဖြေဆိုနိုင်ရန် ဇွန်လ ၁၄ရက်နေ့မှစ၍ စတင် ကျောင်းအပ်နိုင်ပြီဟု သိရှိရသော်လည်း အဆိုပါအောင်စာရင်းသတင်းကို စစ်အစိုးရထုတ် သတင်းစာများတွင် အထူးတ လည် ဖော်ပြထားခြင်း မရှိပေ။

ယခု တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးခဲ့သည့် အခြေခံပညာ အထက်တန်းတွင် ဝိဇ္ဇာနှင့် သိပ္ပံတွဲ ဟူ၍ နှစ်မျိုးခွဲထားရာ ဝိဇ္ဇာတွဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်နှင့် ဘောဂဗေဒ ဘာသာရပ် ၆မျိုးသင်ယူရပြီး သိပ္ပံတွဲတွင်မူ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များဟူ၍ ပြဌာန်းထားရှိသည်။

မြန်မာနိုင်ငံတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသားဦးရေ ၇သန်းကျော်ရှိပြီး အထက်တန်း ကျောင်းသူကျောင်း သားဦးရေမှာ ၅သိန်းခွဲရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။

နအဖ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာ ပြင်းထန်စွာရရှိ

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ တောင်ငူခရိုင်ရှိ သံတောင်ကြီး (ဘုရင့်နောင်တပ်မြို့)တွင် လုံခြုံရေးယူနေသော နအဖ တပ်မှ ဒေသခံအမျိုးသမီးတဦးကို ပစ်ခတ်ခဲ့မှုကြောင့် အဆိုပါအမျိုးသမီးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

သံတောင်ကြီး ကျေးရွာတွင် နေထိုင်သူ နော်စီခဲ (၅၃)နှစ်သည် ယခုလ ၉ရက်နေ့က ရွာအပြင်ဘက်ရှိ သူမ၏ ဖာလာခြံသို့ အလုပ်လုပ်ရန် သွားစဉ် နအဖ တပ်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ယခု ချိန်တွင် သံတောင်မြို့ ဆေးရုံသို့ ဆေးကုသမှု ခံယူနေရသည်ဟု တောင်ငူ ဒေသခံ စောအယ်ဝါးက ပြောသည်။

“ခြံက ရွာအပြင်ဘက် သူ့အိမ်နဲ့ မနီးမဝေးမှာပေါ့။ အရင်ကလည်း အလုပ် သွားလုပ်နေကျပဲလေ။ အဲဒီနေ့မှာ သူ တယောက်တည်းသွားတာ။ ခြံရောက်ခါနီးမှာ လှည့်လည်လှုပ်ရှားနေတဲ့ နအဖတပ်က ပစ်တာ။ ညာဘက် ခြေသလုံးနဲ့ ခြေဖ၀ါးမှာ ထိသွားတာ။ ဒဏ်ရာက ပြင်းထန်တယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ ရွာသူအမျိုးသမီးကို နအဖတပ်မှ မှားယွင်း၍ ပစ်ခတ်တာလား သို့မဟုတ် တမင်ရည်ရွယ်၍ ပစ်ခတ်တာ လား မဆိုနိုင်သော်လည်း ရွာအပြင်ဘက်သို့ သေနတ် သံကြားပြီးနောက် ရွာသားများ သွားရောက်ကြည့်ရှုချိန် တွင် ဒဏ်ရာပြင်းထန်နေသည့် သူမကို တွေ့ရှိရသဖြင့် သံတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု စောအယ်ဝါးက ပြော သည်။

လက်ရှိအချိန်၌ သံတောင်ကြီးတွင် နအဖ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်း ရှိသဖြင့် အဆိုပါ သင်တန်းကျောင်းကို လုံခြုံရေး ယူပေးနေသော လုံခြုံရေးတပ်ဖွဲ့များနှင့် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ ခလရ (၁၂၄)တို့က လှုပ်ရှားလျှက်ရှိသည်။

ထိုသံတောင်မြို့နယ်တွင် ပြီးခဲ့သော ၂၀၀၉ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဖာလာခြံ၊ ကွမ်းခြံအတွင်းသို့ သွား ရောက် လုပ်လုပ်နေသော ရွာသူရွာသားများကို နအဖတပ်မှ အလားတူ ပစ်ခတ်မှုများ ရှိခဲ့ပြီး ယင်းပစ်ခတ်ခဲ့ခြင်း ကြောင့် ရွာသား ၃ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အသွင်ကူးပြောင်းရေးကြောင့် အပစ်ရပ် SSA နှစ်ခြမ်းကွဲခြင်းမရှိ

ဧပြီလနှောင်းပိုင်းက အပစ်ရပ်သျှမ်းပြည်တပ်မတော်ဥက္ကဋ္ဌဗိုလ်ချုပ်လွယ်မောဝ်ဦးဆောင်သည့် တပ်မဟာအချို့ အသွင် ကူးပြောင်းရေးမူ လက်ခံထားသော်လည်း ယနေ့တိုင်တစုံတရာပြောင်းလဲမှုမရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။

တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှ

ပြည်သူ့စစ်အသွင်ပြောင်းရေးအစီအစဉ်ကို နှစ်လနီးပါးလက်ခံထားသောအပစ်ရပ် SSA တပ်မဟာများနှင့်အသွင်ပြောင်း ရေးလက်မခံသေးသည့်အပစ်ရပ် SSA တပ်မဟာ ၁ တို့ကြား နားလည်မှု ပွင့်လင်းမှုရယူနိုင်ကြသဖြင့် လူထုတို့စိတ်ပူ နေသည့်အတိုင်း အပစ်ရပ် SSA နှစ်ခြမ်းကွဲဖွယ်မရှိနိုင်ကြောင်း အမည်မဖော်လိုသည့် တပ်မဟာ ၁ တပ်မှူးတစ်ဦးက ပြောပါသည်။ “ပြည်သူ့စစ်အသွင်ကူးပြောင်းဖို့တပ်မဟာ ၃, ၇ နဲ့ ဌါနချုပ်တပ်ဖွဲ့တို့ သဘောတူလက်ခံခဲ့ပြီဆိုပေမဲ့ အခုထက်ထိနအဖ တိုက်ရိုက်ထိန်းချုပ်တာမရှိသေးဘူး။ တပ်မဟာအားလုံး မိခင်တပ်မတော်တခုတည်းဖြစ်နေဆဲ။ ပြည်သူလူထုတို့ စိတ်မပူပါနဲ့” ဟု ပြောကြားကြောင်း အမည်မဖော်လိုသည့် ဌာနချုပ် တပ်မှူးတစ်ဦးက ပြောပါသည်။
အပစ်ရပ် SSA တပ်မဟာ ၃ နှင့် တပ်မဟာ ၇ တို့သည် နအဖ ညွှန်ကြားချက်အတိုင်း ယနေ့တိုင် လက်နက်အပ်နှံခြင်း မရှိသေးကြောင်း၊ ဗမာ့တပ်မတော်အရာရှိအယောက် ၃၀ လည်း ၎င်းတို့နှင့်လာရောက်ပူးပေါင်းခြင်းမရှိသေးသကဲ့သို့ လုပ်ငန်းအကောင်အထည် ဖော်ခြင်းလည်းမရှိသေးကြောင်း ဆက်ပြောပြပါသည်။

“တပ်မဟာ ၃ နဲ့ ၇ တို့ကလဲ ပြည်သူ့စစ်တပ်ရင်းဖွဲ့ဖို့တကယ်တမ်း နအဖအရာရှိတွေရောက်လာရင် လက်ခံမဲ့ပုံမပေါ် ပါဘူး”
ဟု တပ်မဟာ ၁ အသိုင်းအ၀ိုင်းက ပြောပါသည်။

အပစ်ရပ် SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောဝ်း

ဧပြီလနှောင်းပိုင်းက ဗိုလ်ချုပ်လွယ်မောဝ်းနှင့်ဗိုလ်ချုပ်ကိုင်ဖှ ဦးဆောင်၍လားရှိုးတိုင်းမှူးထံ အသွင်ပြောင်းဖို့လူသူ လက်နက် အင်အားစာရင်း တစ်ထောင်ကျော်ပေးအပ်ထားပြီဖြစ်သည်။

သို့သော် လူသူ/လက်နက်/ငွေအား အတောင့်တင်းဆုံးဖြစ်သည့် ဗိုလ်ချုပ်ပန်ဖှ၏ တပ်မဟာ ၁ မှာမူ ယနေ့တိုင် အသွင် ပြောင်းရေးကိစ္စ လက်ခံခြင်းမရှိဘဲ ဆက်လက်တင်းခံနေဆဲဖြစ်သည်။

သျှမ်းပါတီ မြို့နယ်ရုံးများ ဆက်တိုက်ဖွင့်လှစ်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ပါတီရုံးခန်း ဖွင့်လှစ် ပြီး နောက်တစ်ရက်၌ မူစယ်မြို့တွင် ပါတီရုံးခန်းတစ်ခု ထပ်မံဖွင့်လှစ်လိုက်သည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မူစယ်မြို့နယ် ကောင်းမှုလုံရပ်ကွက်၌ ၄င်းပါတီ၏ ရုံးခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ် ၂၀၀ ကျော်ခန့်တက်ရောက်ကြောင်း ၎င်းပါတီ၏ မူ ဆယ်မြို့နယ်ရုံးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၁၀ ရက်နေ့ မနက် ၇ နာရီခွဲမှာ ရုံးခန်းဖွင့်ပါတယ် တခြားတိုင်းရင်းသားတွေကိုလည်း ဖိတ်ကြားပါတယ်ပါတီလုပ်ငန်း တွေ တော့ စနေပြီလို့တော့ ပြောလို့ရမှာပေါ့ ရုံးတော့ဖွင့်ထားပြီပေါ့ဗျာ တခြားအလုပ်တွေတော့ ဘာမှမလုပ်ရသေးပါဘူး စည်းရုံး ရေးလုပ်ငန်းလည်း မစသေးဘူး ” ဟု သူက ပြောသည်။

နအဖကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ကယားပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်း ရန်ကုန်တိုင်း များရှိ မြို့နယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် အဆိုပါ သျှမ်းပါတီသည် တစ်နိုင်ငံလုံးတွင် ပါတီဝင်အင်အား ၁၀၀၀ ကျော် ခန့် ရှိပြီး မူစယ်မြို့နယ်တွင် အင်အား ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

“မူစယ်မြို့နယ် ပါတီဥက္ကဋ္ဌအနေနဲ့ စိုင်းဖိုးအောင် (စိုင်းမောက်ခမ်းဆွယ့်)၊ ဒုဥက္ကဌက စိုင်းဖိုးမြတ် (စိုင်းယီဆိုင်)၊ အတွင်းရေးမှူးက စိုင်းဟိန်းပန် (စိုင်းထွန်းပန်)၊ အတွင်းရေးမှူးနောက်တယောက်က စိုင်းအောင်မြင့်(စိုင်းဆမ်မိဏ်းထီး)၊ စည်းရုံးရေးလုပ်ငန်းတွေလဲစတင်နေပြီ၊ အကြီးအကျယ်တော့မဟုတ်သေးဘူး၊ တရားဝင်စည်းရုံးခွင့်မပြုသေးဘူးလေ” - ဟု အဆိုပါအသိုင်းအ၀ိုင်းကပြောပါသည်။

SNDP ပါတီ (အဖွဲ့ချုပ်) အား ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ဒုဥက္ကဋ္ဌ စိုင်းဆောင်ဆီနှင့် အလုပ်အမှုဆောင် ၁၅ ဦးတို့ဖြင့် ဦးဆောင် ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် ပါတီရုံးချုပ်ဖွင့်ထားကြောင်း သိရသည်။

နအဖအာဏာပိုင်များက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု ကြေငြာထားသော်လည်း ပါတီစည်းရုံးရေးလုပ်ငန်း များအား လုပ်ခွင့်မပြုသေးကြောင်း နောက်ထပ်ဒေသခံ သျှမ်းအမျိုးသားတစ်ဦးက ထောက်ပြသည်။

“သျှမ်းပါတီအနေနဲ့တော့ လောလောဆယ် ပါတီအဖွဲ့ဝင်တွေပဲ တိုးတုန်းရှိသေးတယ် ပါတီပဲထပ်ချဲ့တုန်းဆိုတော့ စည်းရုံး ရေး လုပ်တာတော့ မတွေ့သေးဘူး စည်းရုံးရေးလုပ်ဖို့ တရားဝင်ခွင့်ပြုမိန့်လည်း မကျသေးဘူးပြောတာပဲပါတီအဖွဲ့ဝင် တွေပဲ ဖွဲ့ စည်းခွင့်ရှိသေးတာ ” ဟု သူကဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီများအား နအဖက ယခုအချိန်အထိ စည်းရုံးရေးဆင်းခွင့် မပြုသေးသော်လည်း ၀န်ကြီးချုပ် သိန်းစိန်ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းမျိုးစုံဖြင့် လူထုကြားစည်းရုံးရေးဆင်း နေကြောင်း သိရသည်။

နိုင်ငံရေးထက် ကမ္ဘာ့ဖလားဘောလုံးပွဲကို ရန်ကုန်လူထု စိတ်ဝင်စား

ရန်ကုန်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးနေမှုကို ကမ္ဘာ့ဖလား ဘောလုံးပွဲလောက် အများပြည်သူက စိတ်မ၀င်စားကြကြောင်း မြို့ခံများက ပြောသည်။

ဇွန်လ (၁၁) ရက်မှ စတင်ကာ တောင်အာဖရိကနိုင်ငံတွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများ ကျင်းပနေပြီး ဘောလုံးပွဲစဉ်များအား ကြည့်ရှုသူ ရန်ကုန်မြို့လူဦးရေများအနက် အသက် (၁၀) နှစ်ကျော်မှ အသက် (၇၀) ကျော်အရွယ်များအထိ အားပေးကြည့်ရှုနေကြသည်။

“အမှန်ကိုပြောရရင် ဘယ်သူမှ မဲဆွယ်စည်းရုံးတာကို စိတ်မ၀င်စားဘူးဖြစ်နေတယ်။ ဟောပြောစည်းရုံးရတာကလည်း ပြည်သူတွေကိုပဲ အခြေခံတာလေ။ ပြည်သူက ရှင်းရှင်းပြောရရင် စားဝတ်နေရေးကြောင့် အခု ကမ္ဘာ့ဖလားကို လောင်းပြီးတော့ စီးပွားရှာသူရှာ၊ ရှုံးသူတွေကလည်း ရှုံးနေတော့ ပါတီတွေ စည်းရုံးဟောပြောတာကို စိတ်ဝင်စားတဲ့သူမရှိဘူး” ဟု ၀ါရင့် နိုင်ငံရေးသမားဟောင်းတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် (၁၂) တွင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ရန်ကုန်မြို့ အင်းစိန်လမ်းမကြီး ဆင်ရေတွင်းမှတ်တိုင်းအနီး ကမာရွတ်မြို့နယ်တွင် ပါတီရုံးခန်းဖွင့်လှစ်ခဲ့ပြီး ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးအေးလွင်က ပြည်သူတို့အား ဟောပြောမှု ပြုလုပ်ခဲ့သည်။

၎င်းတို့က ရန်ကုန်မြို့တွင်း ပါတီအလံများကို ကားပေါ်တွင် စိုက်ထူကာ လှည့်လည်ခဲ့သည့်အတွက် အများပြည်သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒပြနေသည်ဟူသော သတင်းများ ရန်ကုန်မြို့တွင် ထွက်ပေါ်ခဲ့သေးသည်။

“ဒီကောင်တွေက ပုံမှားရိုက်နေတာလေ။ ဒီလိုပဲ သူတို့က ၈၈ မျိုးဆက်ကျောင်းသားတွေပုံမျိုးနှင့် ပြည်သူတွေကို မဲဆွယ်ကြတာ။ လူတွေကတော့ ပါတီတွေကို စိတ်မ၀င်စားပေမယ့် ဘယ်ပါတီက ဘယ်လို လူတွေပဲဆိုတာ သိကြတယ်” ဟု ၀ါရင့် သတင်းစာဆရာတဦးက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီအလံကို အောက်ခံအနီရောင်နှင့် ခွပ်ဒေါင်းပုံကို အသုံးပြုထားသည့်အတွက် ကျောင်းသားသမဂ္ဂအလံကို အတုခိုးသည်ဟု စာပေနယ်မှ ပုဂ္ဂိုလ်များအပါအ၀င် (၇၂) ဦးက ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်ကြသဖြင့် ပြန်လည်ပြင်ဆင်ရန် ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားရာ အရွယ်တူ ကြယ်ဖြူ (၁၄) လုံးကို အပေါ် (၇) လုံး အောက် (၇) လုံးတန်းကာ အလယ်တွင် ခွပ်ဒေါင်းကို ထားရှိပြီး အလံကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲကြောင့် လူငယ်များလည်း ပါတီကိစ္စထက် ဘောလုံးပွဲလောင်းရေးကို ဦးတည်နေကြကြောင်း အသက် (၂၃) နှစ်အရွယ်ရှိ နည်းပညာတက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။

၎င်းက “ဒီအချိန်မှာ ကျနော်တို့လို လူငယ်တွေအတွက် စိတ်ကို ဘောလုံးပွဲမှာပဲ အချိန်ပေးထားတယ်။ ၀ါသနာလည်းပါတယ်လေ။ ဘယ်ပါတီတွေ ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း အရင်တခါလည်း အစိုးရက အိမ်တွေမှာ လာပြီးတော့ မဲပေးဖို့ ဆိုပြီးတော့ လူစာရင်းကောက်သွားတာပဲ။ အခုလည်း ဒီလိုနေမှာပေါ့။ ကျနော်တို့က ဘယ်သူနိုင်နိုင် ဘာမှမထူးဘူး” ဟု ပြောသည်။

ဘောလုံးပွဲကို လူငယ်များသာမက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေနှင့် စာနယ်ဇင်းသမားများ၊ သတင်းထောက်များ၊ ကျောင်းသားများအပါအ၀င် အရွယ်ပေါင်းစုံ အလွှာပေါင်းစုံက ကြည့်ရှုနေကြပြီး လောင်းကစားမှုများကိုပါ ပြုလုပ်နေကြကြောင်း ရန်ကုန် ပုဇွန်တောင်မြို့နယ်မှ လောင်းကစား ဒိုင်ကြီးတဒိုင်က ပြောသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲသည် ဇွန်လ (၁၁) ရက်မှ ဇူလိုင်လ (၁၁) ရက်နေ့ထိဖြစ်သည်။

ယခုအခါ ပါတီတည်ထောင်ခွင့်များ လျှောက်ထားသော ပါတီ (၄၂) ပါတီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသောပါတီ (၃၃) ပါတီတွင် (၃၂) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် စာရင်းများအရ သိရသည်။

ရန်ကုန်တွင် ပါတီရုံးခန်းများဖွင့်ကာ မဲဆွယ်စည်းရုံးနေကြသော ပါတီများမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ ဖြစ်ကြသည်။

ရှေ့လဆန်းတွင် တရားမဝင်ဆိုင်ကယ်များကို သိမ်းတော့မည်

လိုင်စင်မဲ့ ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ပေးနေခြင်းကို လာမည့် ဇွန် (၃ဝ) ရက်နေ့အထိ ခွင့်ပြုသွားမည်ဖြစ်ပြီး ဇူလိုင် (၁) ရက်တွင် စတင်ဖမ်းဆီး အရေးယူတော့မည်ဖြစ်ကြောင်း မော်လမြိုင်မြို့ ကညနရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အခု လပိုင်း ဆိုင်ကယ်မူလ တန်ဖိုးရဲ့ (၂ဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ကောက်ပြီး လိုင်စင်လုပ်ပေးနေတယ်။ ဆိုတော့ (၁၂၅) စီစီ ထိုင်းနိုင်ငံလုပ် ၂ဝ၁ဝ မော်ဒယ် (၁) စီး လိုင်စင်လုပ်ရင် ကျပ် (၇) သိန်းကျော် ကုန်မယ်။ အဲဒါ ဒီလ ကုန်အထိပဲ၊ လကုန်တာနဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို တပြည်လုံးမှာ ဖမ်းမယ်၊ ဖမ်းပြီးရင် ဆိုင်ကယ်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူမယ်” ဟု ပြောသည်။

ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းယူမည်ဆိုသော်လည်း ပိုင်ရှင်က ပြန်လည်ရယူလိုပါက လျှောက်ထားနိုင်ပြီး ဆိုင်ကယ်မူလတန်ဖိုး (၁ဝဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကာ ကျန် အခွန်အခ၊ လိုင်စင်ကြေးများကိုလည်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ဖမ်းဆီးခံ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်တစီးကို ပြန်ရွေးပါက ကျပ်သိန်း (၂ဝ) နီးပါး ကုန်ကျနိုင်သည့်အတွက် အပြီးအပိုင် သိမ်းသည့်သဘောဖြစ်ကြောင်း အဆိုပါ ကညနရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၉ ဒီဇင်ဘာ (၁) ရက်မှစ၍ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်မှလွဲပြီး တနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို တရားဝင် လိုင်စင် ပြုလုပ်ပေးခဲ့သည်။ စတင် ပြုလုပ်ပေးပေးချင်း ဆိုင်ကယ်တန်ဖိုး၏ (၁ဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သတ်မှတ်ကာ ကျန် အခွန်အခများကိုလည်း ပေါင်းစပ်ကောက်ခံခဲ့သည်။

ယခုကဲ့သို့ သတ်မှတ်လိုက်သည့်အတွက် ယင်းအချိန်က လိုင်စင်ပြုလုပ်ခ (၁၂၅) စီစီ နောက်ဆုံးပေါ် တရုတ်ပြည်လုပ် ဆိုင်ကယ် (၁) စီး (၁၉၃,၁ဝဝ) ကျပ်၊ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ် (၁) စီး ကျပ် (၆၄၆,၈၅ဝ) ကုန်ကျကြောင်း၊ နောက်ပိုင်း ဒဏ်ကြေးကို (၂ဝ) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည့်အတွက် တရုတ်ဆိုင်ကယ် (၁) စီး လိုင်စင်ဝင်ခ ကျပ် (၂) သိန်းကျော်နှင့် ထိုင်းဆိုင်ကယ် (၁) စီး ကျပ် (၈) သိန်းနီးပါးအထိ ကုန်ကျကြောင်း သိရသည်။

ထို့ကြောင့် တရုတ်ဆိုင်ကယ် အဝင်များသည့် မန္တလေးတိုင်းဘက်တွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ အထိုက်အလျောက် ရှိသော်လည်း ထိုင်းဆိုင်ကယ် အသုံးများသည့် မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့တွင် လိုင်စင်ပြုလုပ်သူ အလွန်နည်းသွားကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ခံတဦးက ဆိုင်ကယ်လိုင်စင်ခများ ဈေးကြီးခြင်းကြောင့် ပြီးခဲ့သည့် တလ၌ လိုင်စင်လုပ်သူ (၁) ဦးသာရှိကြောင်း၊ အားလုံး လိုင်စင်မဲ့ ဆိုင်ကယ်များကိုသာ စီးနေကြောင်း ရှင်းပြသည်။

အလားတူ မော်လမြိုင်မြို့တွင်လည်း လိုင်စင်မဲ့ဆိုင်ကယ် အလွန်များနေကာ လကုန်ပြီးနောက် ဖမ်းဆီးမှု ပြုလုပ်ပါက ယာဉ်တိုက်မှုနှင့် လာဘ်စားမှုတို့ ပိုမိုများပြား ကျယ်ပြန့်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

ရန်ကုန်မြို့မှ စီးပွားရေး ပညာရှင်တဦးက “ဒီဆိုင်ကယ်တွေ၊ ကားတွေဆိုတာ လိုင်စင်လုပ်ဖို့ ဖွင့်ပေးလိုက်၊ ပြန်ပိတ်ထားပြီး ဖမ်းလိုက် လုပ်ရမယ့် ကိစ္စမျိုးတွေ မဟုတ်ဘူး။ ဥပဒေအရ တရားဝင် နိုင်ငံခြားဝင်ငွေ ရှိရင် သင့်တော်တဲ့ သတ်မှတ် အခွန်နှုန်းထားတခုနဲ့ အမြဲတမ်း ပြည်တွင်းကို တင်သွင်းခွင့် ပေးထားရမယ့် ကုန်ပစ္စည်းတမျိုးပဲ ဖြစ်တယ်။ ခုလို လိုင်စင် လုပ်ပေးလိုက်၊ ပိတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေတာတွေဟာ ဈေးကွက်စီးပွားရေးနဲ့ လျော်ညီမှု မရှိဘူး” ဟု ဝေဖန်ထောက်ပြသည်။

ဆိုင်ကယ်လိုင်စင် အဝင်များသည့် မန္တလေးတိုင်းအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ (၁) ရက်မှ ၂ဝ၁ဝ ဇွန်လ ပထမပတ်အထိ ၁၇ ယ နံပါတ် အစီး (၉၆,ဝဝဝ)၊ ၁၈ ယ နံပါတ် (၇၇,၅ဝဝ) စုစုပေါင်း (၁၇၃,၅ဝဝ) စီး လိုင်စင်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝဝ၉ ဇူလိုင်လအထိ မှတ်ပုံတင်ထားသည့် ယာဉ်အရေအတွက် (၂) သန်းကျော်ရှိသည့်အနက် ဆိုင်ကယ် (၁) သန်း (၆) သိန်းကျော် ပါဝင်ကြောင်း အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

အန်ဒီအက်ဖ်ပါတီ မှတ်ပုံတင်ကျပြီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ကို ယမန်နေ့ညက မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းများ ခေါင်းဆောင်ဖွဲ့စည်းလိုက်သည့် အန်ဒီအက်ဖ်ပါတီက တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ပါတီလိုင်းနဲ့ နိုင်ငံရေးလိုင်းလို့ ခွဲထားပါတယ်။ နိုင်ငံရေး ဦးဆောင်ကော်မတီမှာ အန်ကယ်က ခေါင်းဆောင် ယူထားပါတယ်။ ပါတီလိုင်းမှာ ဒေါက်တာသန်းငြိမ်းက ဥက္ကဋ္ဌ တာဝန်ယူသွားမှာ ဖြစ်ပါတယ်” ဟု ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒကို ပါတီ၏ နိုင်ငံရေးမူဝါဒအဖြစ် ထားရှိပြီး စီးပွားရေးမူဝါဒအဖြစ် အစိုးရပါဝင်သည့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ပြည်သူတွေဟာ နာကျင်မှုတွေ၊ လူမှုရေး နာကျင်မှုတွေ အများကြီးရှိပါတယ်။ လယ်ယာကဏ္ဍကနေ စပြီးတော့ စက်ရုံကဏ္ဍအထိ ကျနော်တို့ လူမှုရေး နာကျင်မှုတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ လက်ငုတ်လက်ရင်း ပျောက်သွားတဲ့ ပုဂ္ဂိုလ်တွေ နောက်ပြီးမှ အန္တရာယ်အလွန်များမယ့် သင်ထားတဲ့ တတ်ထားတဲ့ပညာနဲ့ မကိုက်ညီဘဲ လုပ်နေရတဲ့ အလုပ်ခွင်ပျောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒီလို မားကက် အီကိုနော်မီကသာလျှင် ထိန်းသိမ်းဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ဒီလမ်းစဉ်ကို ကျနော်တို့ ချမှတ်ထားပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ပါတီရန်ပုံငွေအဖြစ် ထူထောင်သူ (၂၀) ဦးထံမှ ကျပ်သိန်း (၂၀) ဖြင့် စတင်ထူထောင်ထားပြီး ယခု ပါတီမှတ်ပုံတင် ကျလာပြီးနောက် အလှူငွေများ ပိုမိုရရှိလာမည်ဟု မျှော်လင့်ထားကြသည်။

တနိုင်ငံလုံး မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော်လည်း တိုင်းဒေသများကို ဦးစားပေး ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ပါတီမှတ်ပုံတင် ကျလာသော်လည်း စည်းရုံးရေးကာလအဖြစ် ရွေးကောက်ပွဲကော်မရှင်က တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးသည့်အပြင် နိုင်ငံရေးပါတီများ သဘောထားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပါ မရှိသေးသည့်အတွက် စည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

“ပြည်နယ်တွေမှာတော့ ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားတွေက ကျနော်တို့ အန်ဒီအက်ဖ်ကို ပူပေါင်းပြီး ပါဝင်လာမယ့် ပုဂ္ဂိုလ်တွေ ရှိနေပါတယ်။ ရှိနေတဲ့လူတွေကိုတော့ အန်ဒီအက်ဖ်အနေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ပြည်နယ်တွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ယှဉ်ပြိုင်ဖို့ အခြေအနေ မပေးသေးပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။

အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသန်းငြိမ်းက ပါတီရေးရာကိစ္စများဖြစ်သော စည်းရုံးရေး၊ ဖော်ဆောင်ရေး၊ ရွေးကောက်ပွဲကိစ္စ စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေး ဦးဆောင်ကော်မတီမှ ဦးခင်မောင်ဆွေက နိုင်ငံရေး မူဝါဒများ ချမှတ်ခြင်းကို ဦးဆောင်ဦးရွက်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အရေးယူပေးရန် (၆၅) ဖွဲ့က တောင်းဆို

မလေးရှားနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေး၊ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်း (၆၅) ဖွဲ့တို့က ပူးပေါင်း၍ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် တောင်းဆိုလိုက်သည်။

အဆိုပါ အဖွဲ့အစည်းများ ပူးပေါင်း၍ Klang, Selangor တွင်ရှိသော Maxter Glove Manufacturing Co.Ltd က အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို အရေးယူပေးရန် မလေးရှားအစိုးရအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားရှိ Supermax Corporation ကုမ္ပဏီကြီး၏ လက်အောက်ခံတခုဖြစ်သည့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ်များ ထုတ်လုပ်သည့် Maxter Glove Manufacturing ကုမ္ပဏီက ၎င်းတို့စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ငွေကြေးအရ ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အတွက် ယင်းသို့ တောင်းဆိုရခြင်းဖြစ်သည်။

အဆိုပါ Maxter Glove ကုမ္ပဏီက အလုပ်ရှင်ပေးသွင်းရမည့် လုပ်သားငှားရမ်းခ အခွန်အား အလုပ်သမားလစာမှ ဖြတ်ယူခြင်း၊ ရင်းဂစ် (၁၈၀) သာကုန်ကျသော ကျန်းမာရေးဆေးစစ်ခကို အလုပ်သမားထံမှ ရင်းဂစ် (၁,၀၀၀) နုတ်ယူခြင်း၊ အလုပ်သမားများအား (၂) လစာ လခမပေးဘဲ နေရာထိုင်ခင်းမပေးခြင်း၊ နားရက်မရှိ တနေ့ အလုပ်ချိန် (၁၃) နာရီအထိ ခိုင်းစေခြင်း၊ မလေးရှားဥပဒေအရ ပြဋ္ဌာန်းထားသည့် အိုဗာတိုင်ကြေး မပေးခြင်း စသည်တို့အပြင် အလုပ်သမားအခွင့်အရေး တင်ပြတောင်းဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခေါင်းပုံဖြတ် မတရားမှုများအား အလုပ်မှ အထုတ်ခံရသူ ကိုသုမောင်က Subang Jaya အလုပ်သမားဌာနသို့ တရားဝင်တိုင်တန်းခဲ့ပြီးသည့်နောက် Port Kalang မြို့ရှိ အလုပ်သမားဌာနသို့ ထပ်မံတိုင်တန်းခဲ့ရာမှ ဌာနက အရေးယူ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စအား ကူညီဆောင်ရွက်ပေးနေသည့် Burma Campaign Malaysia မှ ကိုထွန်းထွန်းက “စက်ရုံရဲ့ ၀ယ်လက်အားလုံးဟာ အမေရိကနဲ့ ဥရောပကဖြစ်တယ်။ ဒါကြောင့် အဲဒီဘက်အဖွဲ့တွေ ပူးပေါင်းလာကာ စားသုံးသူအခွင့်အရေး လှုပ်ရှားသူတွေပါ ပါဝင်လာပြီး စက်ရုံကို ဖိအားပေးနိုင်ဖို့ အခုလို (၆၅) ဖွဲ့ ပူးပေါင်းပြီးထုတ်လိုက်ရတာ။ နောင်မှာ မလေးရှားက စက်ရုံတွေအနေနဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာလာလိမ့်မယ်၊ အထူးသဖြင့် ဒီကိစ္စ အောင်မြင်သွားရင်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် အလုပ်သမားအခွင့်အရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော်လည်း အချို့သော အလုပ်ရှင်ဆိုးများက မတရားမှုများအား ဆက်လက် ကျူးလွန်နေဆဲဖြစ်ပြီး ယခုကဲ့သို့ အင်အားစု (၆၅) ဖွဲ့မှ ပူးပေါင်းအရေးဆို တောင်းဆိုမှုမျိုးသည် မလေးရှားနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရ တာဝန်ရှိသူများက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာပြည်သား အများဆုံးပါဝင်ပြီး (၆၀) ရာခိုင်နှုန်းသည် တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသည်။ မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်နှင့် ဒုက္ခသည် (၂) သိန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယမန်နေ့ထုတ် မလေးရှား မာဒေးကားရီဗျူး သတင်းစာကြီးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို မေးမြန်းသော်လည်း မည်သို့မှ ပြန်လည်ဖြေကြားခြင်းမပြုဟု သိရသည်။

ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရတပ်များက ထိုးစစ်ဆင်မည်ဟူသော သတင်းကြောင့် လက်ဦးမှုအရယူကာ စစ်ဦးကျိုးစေရန်အတွက် တိုက်ခိုက်မှု လုပ်ခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အစည်းအရုံး KNLA က ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ် ဒေသတွင်း၌ လှုပ်ရှားနေသည့် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် - စကခ ၈ လက်အောက်ခံတပ်များက ကရင်အဖွဲ့အပေါ် တိုက်ခိုက်ရန် စီစဉ်နေခြင်းကြောင့် ရက်သတ္တပတ်တပတ်အတွင်း ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကရင်တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်ရန် နေပြည်တော်က ညွှန်ကြားမှုများရှိခဲ့သည်ဟု ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ KNLA တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးထဲနေက ပြောသည်။

ယမန်နေ့က မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် ခြေမြန်တပ်ရင်း ၂၈၄ ၏ အင်အား ၆ဝ ခန့်နှင့် ကရင်ပြောက်ကျားတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဘက်မှ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း KNLA ကပြောသည်။ သီးခြားအတည်ပြုချက်မရနိုင်ပါ။

ထို့အပြင် ယခုလ ၁ဝ ရက်နေ့က စကခ ၈ လက်အောက်ခံ တပ်ရင်းများနှင့် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတခုတို့ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်က ကျဆုံးမှု ၁၃ ယောက်ရှိခဲ့ပြီး ၂၁ ဦးဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဘုရားသုံးဆူနှင့် သံဖြူဇရပ်သို့ သွားသည့် ကားလမ်းမပေါ်တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားတစီးထဲသို့ ကရင်ပျောက်ကြား များက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုနေ့မှာပင် ဘုရားသုံးဆူမြို့နယ်တွင်းရှိ မြိုင်သာယာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးရာ နအဖတပ်က တဦးသေ၍ သုံးဦးဒဏ်ရာရသည်ဟု KNLA ဘက်က ပြောသည်။

“ကျနော်တို့ဘက်က ပြောက်ကျားဆိုတော့ ၂-၃ ယောက်လောက်နဲ့ ထိအောင်ပစ်၊ လွတ်အောင်ရှောင်၊ လုံအောင်ပုန်းပဲဟာ။ နယ်မြေအရလည်း ကျွမ်းပြီးသားလေ” ဟု ဗိုလ်ကြီးထဲနေက ပြောသည်။

လေ့လာသူများအဆိုအရ ကရင်လက်နက်ကိုင်တပ်များသည် ပျောက်ကြားစစ်တွင် ပိုမိုကျွမ်းကျင်မှုရှိပြီး နယ်မြေခံလူထု၏ ထောက်ခံမှု ပိုမိုရခြင်းကြောင့် ပျောက်ကြားစစ်တွင် အသာရလေ့ရှိသည်။

KNLA သည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ် ၆ဝ ကျော် လက်နက်ကိုင်တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သည်။

လူငယ်ပရိတ်သတ်အတွက် ဂျာနယ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စာရေးဆရာဖေမြင့်နှင့် ၀ါရင့်သတင်းစာဆရာ မောင်ဝံသတို့ ပူးပေါင်းစီစဉ်သည့် နိုင်ငံရေး အကြောင်းအရာ ဦးစားပေးဖော်ပြမည့် “ပြည်သူ့ခေတ်” ဂျာနယ်က လူငယ်စာဖတ်ပရိတ်သတ်ကို ပစ်မှတ်ထားပြီး လာမည့်လဆန်းတွင် ထုတ်ဝေသွားမည်ဟု ထုတ်ဝေသူက ပြောသည်။

“အဓိကဦးတည်တဲ့ ပရိသတ်ကတော့ လူငယ်မျိုးဆက်သစ်တွေကို ဦးတည်တာပါ။ လူငယ်တွေ အသက် ၂၀ ၊ ၂၅ အရွယ် လူငယ်တွေ ဖတ်နိုင်တဲ့ အနေအထားမျိုးပေါ့။ တချို့လူငယ်တွေဆို နိုင်ငံရေးကို သူတို့နဲ့ မဆိုင်ဘူးလို့ မြင်နေကြတာရှိတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး သူတို့ စိတ်ဝင်စားလာအောင် တတ်နိုင်သမျှ ကြိုးစားကြည့်လိုတဲ့ ဆန္ဒပါ” ဟု ပြည်သူ့ခေတ် ဂျာနယ်၏ ထုတ်ဝေသူနှင့် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက မဇ္ဈိမကို ပြောသည်။

ဂျာနယ်ထုတ်ဝေခွင့်ကို စာရေးဆရာ မောင်ဝံသက ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် စာပေစိစစ်ရေးသို့ လျှောက်ထားခဲ့ရာ မေလဆန်းပိုင်းတွင် ခွင့်ပြုခဲ့သဖြင့် ယခုကဲ့သို့ ထုတ်ဝေရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ပြည်သူ့ခေတ် ဂျာနယ်တွင် အယ်ဒီတာချုပ် ဖေမြင့်၊ ဒုအယ်ဒီတာချုပ် ကိုမော်လင်း၊ တာဝန်ခံ အယ်ဒီတာ ကိုမင်းနိုင်စိုး၊ အတိုင်ပင်ခံ အယ်ဒီတာများအဖြစ် မောင်ဝံသ၊ စာပေလောက ဦးမျိုးညွန့်နှင့် သရဖူ ကိုရဲတို့ ပါဝင်ကြမည်ဖြစ်သည်။

ဂျာနယ်တွင် နိုင်ငံရေးအပြင် စီးပွားရေး၊ လူမှုရေး၊ စာပေနှင့် ယဉ်ကျေးမှု အကြောင်းအရာများလည်း ဖော်ပြပေးမည်။ ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားအကြောင်း မိတ်ဆက်ကဏ္ဍများ၊ ရွေးကောက်ပွဲ သတင်းများလည်း ပါဝင်မည်ဟု သိရသည်။

“ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို ရည်ရွယ်ပြီးတော့ အချိန်မီ နိုင်ငံရေးဂျာနယ် ထထုတ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲက အစိတ်အပိုင်း တခုအနေနဲ့ပဲ ပါဝင်တာပါ။ ရေရှည်မှာ ပြည်သူတွေနဲ့ လူငယ်တွေကို နိုင်ငံရေးဆိုတာ ငါတို့နဲ့လည်း ဆိုင်ပါလားဆိုတဲ့ အသိမျိုး ဖြစ်ထွန်းလာစေလိုတာပါ” ဟု မောင်ဝံသက ပြောသည်။

ဆရာမောင်ဝံသသည် မြန်မာ့အလင်း၊ ဟံသာဝတီနှင့် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာဟောင်း၊ အတွေးအမြင် စာစဉ်ကို ၁၉၄၈ အောက်တိုဘာလတွင် စတင်ကာ စီစဉ်ထုတ်ဝေသည်။ ထို့အပြင် လူချွန်လူမွန် စာစဉ် (၁၉၈၅)၊ သတင်းထူးဂျာနယ် (၁၉၈၈)၊ ဘက်စုံဂျာနယ် (၁၉၈၈)၊ တော်ဝင်ဂျာနယ် (၁၉၉၄-၉၅) တို့ကို တည်းဖြတ်ထုတ်ဝေခဲ့ပြီး၊ အတွေးအမြင်စာစောင်ကို ကြီးကြပ်သူအဖြစ် လက်ရှိအချိန်အထိ ဆောင်ရွက်လျက်ရှိသည်။

ဆရာဖေမြင့်မှာမူ လူငယ်များအား ဘဝအတွက် အရှုံးမပေးစေရန် စိတ်ဓာတ်ရေးရာ လှုံ့ဆော်သည့် စာအုပ်များ၊ မူရင်းဝတ္ထုတိုများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ အတ္ထုပ္ပတ္တိများဖြင့် နာမည်ကျော်လာခဲ့သူ ဖြစ်သည်။

မလေးရှားတွင် ယာဉ်တိုက်မှု မြန်မာ ၂ ဦး သေဆုံး

နယူးဒေလီ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ ဆီလန်ဂေါမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး စီးနင်းလာသော ဆိုင်ကယ်က ရှေ့တွင်မောင်းနှင်နေသော ကားတစီးကို ဝင်တိုက်မိပြီး နောက်ထပ်ကားတစီးက ကြိတ်မိသဖြင့် နှစ်ဦးစလုံးသေဆုံးမှုဖြစ်သွားသည်။

မြို့တော်ကွာလာလမ်ပူ၏ အနောက်မြောက်ဘက် ၃၃ မိုင်အကွာရှိ ဆီလန်ဂေါမြို့တွင် သစ်စက်လုပ်သား မောင်သန်းဝင်းလှိုင် (၂၅ နှစ်) နှင့် မောင်ရှမ်းလျံမန်း Saiang Lian Mang (၁၈ နှစ်) သည် ဇွန် ၁၂ ရက်နေ့က ဆိုင်ကယ် စီးနင်းလာစဉ် ရှေ့မှ မောင်းနှင်နေသောကားကို ဝင်တိုက်မိပြီး ယာဉ်ကြောပြောင်းပြန် တဖက်လမ်းသို့ လွှင့်စင်သွားရာမှ အိမ်စီးကားတစီးက ဝင်တိုက်မိခြင်း ဖြစ်သည်။
“ သူငယ်ချင်းဆိုင်ကယ်နဲ့ ဖုန်းကဒ်ဝယ်ဖို့ နှစ်ယောက်သွားတယ်။ အရှေ့က ကားကို ဝင်တိုက်မိတယ်။ ဆိုင်ကယ်ရော လူရော တဖက်လမ်းမပေါ် လဲကျသွားတယ်။ အနောက်ကားက ခေါင်းကနေ ကြိတ်တယ်” ဟု သေဆုံးသူ မောင်ရှမ်းလျံမန်း၏ အကို သော့ခ်နိုင်လျံ Tawk Nei Lian က ပြောသည်။

မောင်ရှမ်းလျံမန်းသည် ယာဉ်တိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသွားသည်။ မောင်သန်းဝင်းလှိုင်လည်း ဆေးရုံရောက်ပြီး ၁ နာရီအကြာတွင် သေဆုံးသွားသည်။

မောင်သန်းဝင်းလှိုင်သည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် လိန်ကုန်းကျေးရွာမှ ဦးလှရွှေနှင့် ဒေါ်ခင်ဝင်းတို့၏ သားဖြစ်ပြီး၊ မောင်ရှမ်းလျံမန်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် Varpi ကျေးရွာမှ ဦးဘိုလ်လှဲထန်း Bual Hlei Thang နှင့် ဒေါ်ခွင်နိုတလွဲ Khuang Nawn Thluai တို့၏ သားဖြစ်သည်။

မောင်သန်းဝင်းနိုင်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက မလေးရှားတွင် လုပ်ကိုင်နေပြီး၊ မောင်ရှမ်းလျံမန်းသည် ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ရောက်ရှိလာသူဖြစ်သည်။

သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆေးရုံရှိ အအေးခန်းတွင် ထားရှိဆဲဖြစ်သည်။