Pages

Subscribe

Tuesday 22 June 2010

ဖမ်းဆီးမှုများကြောင့် ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ စိုးရိမ်နေ

စမတ်ဆခွန်၊ ထိုင်းနိုင်ငံ (မဇ္ဈိမ) ။ ။ ထိုင်းရဲများက နိုင်ငံတဝှမ်းရှိ ထောင်နှင့်ချီသော ရွှေ့ပြောင်း အလုပ်သမားများကို ပြီးခဲ့သည့်အပတ်အတွင်း ဖမ်းဆီးနေသဖြင့် ရွှေ့ပြောင်းလုပ်သားများအကြား စိုးရိမ်ပူပန်နေကြောင်း ၎င်းတို့နှင့် နီးစပ်သော သတင်းရပ်ကွက်အချို့က တနင်္ဂနွေနေ့တွင် ထုတ်ဖော် ပြောဆိုကြသည်။

မြို့တော်ဘန်ကောက် တောင်ဘက်ရှိ ပင်လယ်ကမ်းခြေပိုင်း စမတ်ဆခွန်ခရိုင် မဟာချိုင်ဒေသမှ မွန်အမျိုးသမီး အလုပ်သမ နိဒါက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် သူမ၏ မိသားစုဝင်များနှင့် သူငယ်ချင်းများသည် နေအိမ်မှ အပြင်မထွက်ရဲကြောင်း ယမန်နေ့ ပြောဆိုသည်။

“ကျမမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့အကြောင်း အထောက်အထားလက်မှတ် ရှိပါတယ်။ ဒါပေမဲ့ အပြင်မထွက်ရဲဘူး။ ဘာလို့လဲဆိုတော့ ကျမရဲ့ သူငယ်ချင်းတချို့ အဲလို အထောက်အထားလက်မှတ် ရှိပေမယ့် အဖမ်းခံရတယ်လေ။ ရဲတွေက အဲဒီအထောက်အထား လက်မှတ်တွေကို သေချာစစ်ဆေးရဦးမယ်လို့ သူတို့ဖမ်းရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်” ဟု သူက ပြောသည်။

ရဲအရာရှိများသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ အီရန်၊ အိန္ဒိယမှ အလုပ်သမား ၁၂၄၁ ဦးသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ကြောင်းနှင့် ၎င်းတို့ထဲမှ အများစုသည် စားသောက်ဆိုင်များနှင့် စက်ရုံများတွင် လုပ်ကိုင်ကြကြောင်း မြို့တော်ရဲတပ်ဖွဲ့မှ ရဲမင်းကြီး ဒုဗိုလ်ချုပ်ကြီး Santan Chayanont က တနင်္ဂနွေနေ့တွင် ပြောဆိုသည်။

ဘဏ်တခုရှေ့တွင် ရပ်ထားသည့် ပစ်ကပ်(ပ်) ကားပေါ်မှ ထိုင်းဘတ်ငွေ ၁၂ သန်းအား နိုင်ငံခြားသားများမှ ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် ရာဇဝတ်မှုများနှင့် ပတ်သက်သူများကို ဖော်ထုတ်နိုင်ရေးအတွက် ရွှေ့ပြောင်းအလုပ်သမားများ၏ ကိုယ်ရေးရာဇဝင်ကို အရှိန်အဟုန် တိုးမြှင့်ကာ စစ်ဆေးနေကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကြိုးကိုင်ချယ်လှယ်သူတွေ၊ ဒီအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်လာအောင် ခေါ်ဆောင်လာခဲ့တဲ့ သူတွေကို ဖော်ထုတ်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ အဲဒီ ကိုယ်ရေးရာဇဝင်တွေ၊ တရားမဝင် အလုပ်သမားတွေ ထိုင်းနိုင်ငံထဲ ခိုးပြီး ဝင်ရောက်ဖို့ သုံးတဲ့ နည်းလမ်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ရဲတပ်ဖွဲ့ဌာနချုပ်ကို ပေးပို့သွားမှာပါ” ဟု Santan က ပြောဆိုခဲ့ကြောင်း ထိုင်းအစိုးရပိုင် ထိုင်းသတင်း အေဂျင်စီဌာန၏ ဝဘ်ဆိုဒ်အရ သိရသည်။

ရဲအရာရှိများသည် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ ဒေသတွင် စစ်ဆေးမှုများကို ယခင်ကထက် ပိုမိုပြုလုပ်နေပြီး ဒေသတွင်း မာဖီးယားဂိုဏ်းများကလည်း အလုပ်သမားများထံမှ ငွေညှစ်မှုများ ရှိနေကြောင်း ပင်လယ်အစားအစာ လုပ်ငန်းများဖြင့် လူသိများသည့် မဟာချိုင်ဒေသမှ ဆိုင်ရှင်တဦးက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများနှင့် နီးကပ်စွာ အလုပ်လုပ်ကိုင်နေသည့် လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) ၏ အဆိုအရ ပြီးခဲ့သည့် ကြာသပတေးနေ့မှ စနေနေ့အတွင်း ဘန်ကောက် နယ်ပယ် ၉ ခုတွင် စုစုပေါင်း အလုပ်သမား ၈၃ဝ ခန့် ဖမ်းဆီးခံခဲ့ရပြီး မဟာချိုင်တွင် စုစုပေါင်း ၁၅ဝ ခန့် အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။ ကမ္ဘောဒီးယား နယ်စပ်ရှိ Sa Kaew ပြည်နယ်တွင်မူ အလုပ်သမား ၁၅ဝ ခန့် အဖမ်းခံခဲ့ရသည်ဟု သိရသည်။

“တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးအရေးယူနှိမ်နင်းရေးဌာန” ကို ဖွဲ့စည်း၍ အရေးယူဆောင်ရွက်ရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ် ဝေ့ချာချီဝက ယခုလ ၂ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် ထိုကဲ့သို့ ဖမ်းဆီးအရေးယူမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုစီမံကိန်း၏ ရည်ရွယ်ချက်မှာ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်သော “အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်ရေး” လုပ်ငန်းစဉ် ထိရောက်မှု ရှိရေးအတွက်ဟု အဘီဆစ်က ဆိုသည်။

ထိုင်းအစိုးရသည် ထို “နိုင်ငံသားစိစစ်ရေး” လုပ်ငန်းစဉ်အား ၂ဝ၁၂ ခုနှစ်တွင် ပြီးမြောက်ရန် ရည်ရွယ်ထားပြီး ထိုနောက်ပိုင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်သမားပတ်စ်ပို့နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရရှိထားရမည်ဖြစ်သည်။

မဟာချိုင်မှ အရာရှိများက ပြောရာတွင် ထိုအစီအစဉ်အား ဆက်လက်အကောင်အထည်ဖော်နေစဉ် အလုပ်သမားများ “နိုင်ငံသားစိစစ်ရေး” အတွက် ပိုမိုလျှောက်ထားလာကြသော်လည်း မြန်မာစစ်အစိုးရ၏ အလုပ်သမားများ၏ သတင်းအချက်အလက်များအား ပြန်လည်စိစစ်ရေး အစီအစဉ်ကြောင့် နှောင့်နှေးနေရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၏ ဆပ်ကော်မတီဖြစ်သော နိုင်ငံမဲ့သူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ Surapong Kongchantuek က လူကုန်ကူးသူ လူပွဲစားများ ထုနှင့်ထည်နှင့် ရှိနေသေးသဖြင့် ရဲအဖွဲ့၏ လုပ်ဆောင်ချက်သည် ပြဿနာဖြေရှင်းရေးအတွက် အရာမထင် ဖြစ်လိမ့်မည်ဟု ဆိုသည်။

“ဒီလို တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးတဲ့ အစီအစဉ်ဟာ နှစ်ပေါင်း ၂ဝ ရှိလာခဲ့ပေမယ့် တရားမဝင် လုပ်ကိုင်မှုတွေဟာ ဆက်လက်တည်ရှိနေဆဲပါ” ဟု သူက ပြောသည်။

ဒုက္ခသည်အကူအညီပေးရေး အုပ်စုတစုဖြစ်သော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီမှ ဥပဒေရေးရာနှင့် သုတေသနရေးရာ အရာရှိ Adisorn Kerdmongkol က ပြောကြားရာတွင် မြန်မာစစ်အစိုးရနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် တိုင်းရင်းသား အင်အားစုများ၏ ပဋိပက္ခကြောင့် လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲသည်လည်း ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမား ပြဿနာများ ဖြစ်ပေါ်စေကာ ထိုင်းနိုင်ငံအပေါ် ဝန်ပိစေဦးမည်ဟု ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများက ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သန်းမှ ၃ သန်းအတွင်း ရှိနေသည်ဟု ဆိုကြသည်။ ၎င်းတို့အထဲမှ ၉ သောင်းခန့်သည် နိုင်ငံသားစိစစ်ရေးအတွက် အစစ်ဆေးခံကာ အလုပ်သမား ပတ်စ်ပို့များ ပိုင်ဆိုင်ပြီး ၈ သိန်းခန့်သည် အလုပ်သမားပတ်စ်ပို့ လျှောက်ထားကြဆဲ ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဖမ်းဆီးနှိမ်နင်းနေမှုများ ရပ်တန့်ပေးရန် လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) က ထိုင်းအစိုးရအား တနင်္လာနေ့က ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်ပြီး ထိုကဲ့သို့ ဖမ်းဆီးမှုများသည် လူ့အခွင့်အရေးကို ပြင်းထန်စွာ ခြိမ်းခြောက်မှုပင် ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုအဖွဲ့က တိုက်တွန်းရာတွင် ဘန်ကောက်တွင်လည်း စိစစ်ရေးဌာနများ ဖွင့်လှစ်ကာ ခန့်မှန်းခြေ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁ သန်းမှ ၁.၄ သန်း တရားဝင် မှတ်ပုံတင်နိုင်ရေးအတွက် အခွင့်အလမ်းများ စီစဉ်ပေးသင့်သည်ဟု တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအား သတိပေးရာတွင် ယခုကဲ့သို့ ဖမ်းဆီးမှုများသည် ထိုင်းနိုင်ငံတွင် အလုပ်သမား ပြတ်လပ်သည့် ပြဿနာများ ပေါ်ပေါက်လာစေနိုင်ပြီး အလုပ်သမားများသည် အလုပ်သစ် ရှာဖွေရသောကြောင့် လူပွဲစားများ၏ အနိုင်ကျင့် လှည့်ဖျားမှုများကို ခံရဖွယ် ရှိလာစေနိုင်ကာ အရာရှိများအတွက်လည်း အကာအကွယ်မဲ့သူများထံမှ လာဘ်လာဘ ရရှိစရာ ပြတင်းတံခါးတချပ် ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်သည်ဟု HRDF က သတိပေးထားသည်။

No comments:

Post a Comment