Pages

Subscribe

Friday 9 July 2010

ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ လျော့နည်းလာ

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှတဆင့် ၂၀၁၀ ခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ ဦးရေသည် ယမန်နှစ်ထက် များစွာလျော့နည်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းကူညီရေးအဖွဲ့ (တီဘီဘီစီ) က ပြောကြားသည်။

၂၀၁၀ ခုနှစ် (၆) လတာ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတဆင့် တတိယနိုင်ငံသို့ အခြေချခွင့်ရခဲ့သူ (၄,၆၇၀) ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင်မူ ဦးရေ (၁၆,၆၈၅) ဦးအထိရှိခဲ့ကြောင်း တီဘီဘီစီ၏ စာရင်းတွင်ဖော်ပြသည်။

ယင်းသို့ ထွက်ခွာခွင့်ရရှိသူ နည်းပါးလာရသည့် အဓိကအကြောင်းမှာ အခြေချခွင့်ပေးသောနိုင်ငံများက ဒုက္ခသည်များအား ရွေးချယ်ရာတွင် အချက်အလက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့်ဖြစ်သည်ဟု တီဘီဘီစီ အကြီးအကဲဖြစ်သူ Jack Dunford က ပြောသည်။

၎င်းက “ဥပမာ ဒုက္ခသည်အများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေဖြစ်တယ်။ အဲဒီအတွက် အခြေချခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အလေးပေးမှုထဲမှာ အဲဒီလူတွေ မပါတော့ဘူး။ ပြီးတော့ ရွေးချယ်ရာမှာ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံ ဗဟုသုတ ရှိမှု၊ မရှိမှု အပေါ်မှာလည်း နောက်ပိုင်းမှာ မူတည်လာတယ်။ အခြားအချက်တွေက ကျန်းမာရေးဆိုင်ရာတွေကြောင့်ပါ။ ဒါကြောင့် ဒီ (၆) လအတွင်းမှာ ထွက်ခွာခွင့်ရသူ နည်းသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေချခွင့်ရရှိသူ အများစုအနက် အမေရိကန်နိုင်ငံက အများဆုံး လက်ခံခဲ့ပြီး သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ယူကေနိုင်ငံတို့က အနည်းငယ်စီ လက်ခံခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုတွင် တီဘီဘီစီ၏ အထောက်အပံ့ ရရှိထားသူ ဒုက္ခသည်ဦးရေ (၁၄၀,၀၉၄) ဦးရှိကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

တီဘီဘီစီသည် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ အန်ဂျီအိုအဖွဲ့ (၁၂) ဖွဲ့ဖြင့် စုစည်းထားသော ညွန့်ပေါင်းအဖွဲ့အစည်းတရပ်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်များအတွက် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် ခိုလှုံခွင့်အတွက် အကာအကွယ် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

တတိယနိုင်ငံသို့ အခြေချရာတွင် စခန်းအကြီးအကဲအချို့နှင့် ပွဲစားအချို့ကြောင့် မသမာမှုများ ရှိနေဆဲဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းမှ ကိုရင်မောင်က ဆိုသည်။

၎င်းက “ထွက်ခွင့်ရတဲ့ အချို့သူတွေရဲ့နေရာမှာ ပွဲစားတွေက လူအစားထိုးပြီး သွားခိုင်းတာတွေ အခုရှိနေဆဲပဲ။ ဒီကိစ္စက စခန်းထဲက အကြီးအကဲတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အဲဒီအတွက် ရန်ကုန်မြို့အပါအဝင် ပိုက်ဆံရှိတဲ့သူတွေက ထွက်ချိန်ရောက်မှ စခန်းကို ခဏရောက်လာပြီး သွားခွင့်ရတာတွေ ရှိတယ်။ ကျနော်က မိသားစုရှိတော့ မိသားစုအားလုံး သွားနိုင်တဲ့နိုင်ငံရမှ ဖြစ်မယ်လေ။ ဒီလိုဆိုပြန်တော့လည်း ကိုယ်သွားချင်တဲ့နိုင်ငံတွေက လက်မခံပြန်ဘူး” ဟု ပြောသည်။

ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းနယ်စပ်သို့ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာဖွယ်ရှိပြီး ယခုနှစ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း Jack Dunford က ဆိုသည်။

ငွေလဲလှယ်နှုန်း ကျဆင်းလာခြင်း၊ ဆန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဒုက္ခသည်များ ထပ်မံတိုးပွားလာခြင်းတို့ကြောင့် ဒုက္ခသည်များအား ထောက်ပံ့ပေးထားသည့် ခွဲတမ်းများကိုလည်း နှစ်စဉ် လျှော့ချနေရပြီး ယခုနှစ်တွင် ထပ်မံ လျှော့ချရဖွယ် ရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှစ၍ တတိယနိုင်များသို့ အခြေချခွင့် ရရှိပြီးသူပေါင်း (၆) သောင်းခန့်ရှိပြီဖြစ်ကြောင်း တီဘီဘီစီက ဖော်ပြသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

No comments:

Post a Comment