Pages

Subscribe

Saturday 3 July 2010

အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသားများ ဆေးကုခွင့်မရ

အင်းစိန် ထောင်တွင်း အကျဉ်းကျခံ နေရသော နာမကျန်း ဖြစ်နေသည့် နိုင်ငံရေး အကျဉ်းသားများကို ထောင်အာဏာပိုင် များက ဆေးကုသခွင့် မပေး၍ ကျန်းမာရေး အတွက် စိုးရိမ်နေရသည်ဟု မိသားစုဝင်များက ပြောဆိုသည်။

ရန်ကုန်တိုင်း တွံတေး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ကိုဇော်မင်းထွန်းနှင့် မစန္ဒာတို့ ဇနီးမောင်နှံ နှစ်ဦးသည် အစာအိမ် ရောဂါနှင့် အသည်းရောဂါ၊ နှလုံးရောဂါတို့ ခံစားနေရ၍ ဆေးကုသခွင့် တောင်းထား သော်လည်း ယနေ့အထိ ခွင့်မပြု သေးကြောင်း သိရသည်။

“ကျနော့်အမေ မစန္ဒာက အသည်း ရောဂါရှိတယ်။ နှလုံးရောဂါလည်း ဖြစ်နေတယ်။ ဆီးချို သွေးချို၊ လေးဘက်နာလည်း ဖြစ်နေတာ၊ အသည်း အသန်ဖြစ်ရင် ဆရာဝန် သွားခေါ်တာ ၂ နာရီ လောက်နေမှ ထဘီပြာဝတ် ဆရာမက လာပြီး အိပ် ဆေး တွေပဲ ပေးတယ်။ ဆေးကုဖို့ စာတင်တာလည်း အခုထိ မရသေးဘူး”ဟု သားဖြစ် သူ ကိုဟိန်းမင်းလတ်က ပြော ပြသည်။

ထို့အတူ အစာအိမ်ရောဂါဖြစ်နေသော ကိုဇော်မင်းထွန်းသည် ထမင်းစား၍ မရသောကြောင့် ဆေးဝါးနှင့် လိုအပ်သော ပစ္စည်းများကို ပေးပို့ခွင့်မရဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။

“သူက အစာအိမ်ရောဂါဖြစ်နေတော့ ထမင်းစားလို့မရဘူး၊ ကော်ဖီပဲသောက်နေရတော့ ရေနွေး အတွက် ဓာတ်ဘူး သွင်းဖို့ စာတင်တာ အခုထိမရသေးဘူး”ဟု ကိုဟိန်းမင်းလတ် ကပြောသည်။

ဆရာဝန်နှင့် ဆေးကုသခွင့်ရလိုကြောင်း ပြောပြသည့်အခါတွင် ပေးထားသည့်ဆေးကို သောက်ရန်သာ ပြောကြားပြီး ဆေးစစ်ဆေးမှုနှင့် ကုသခွင့် တစုံတရာ မပေး၍ ပြည်ထဲရေးဝန်ကြီးထံသို့ တိုက်ရိုက် တောင်းဆိုမည်ဟုလည်း ၎င်းက ပြောဆိုသည်။

သူက ဆက်လက်ပြီး“စာတင်ထားပါတယ်ခင်ဗျ။ ဒါပေမယ့် အရေးတယူကုသတာ မရှိဘူး။ ဒီဆေးနဲ့ပဲ ရပါတယ် ဆိုပြီး တော့ ဆေးစာ မထုတ်ပေးဘူး။ သူတို့ကျန်းမာရေးအတွက် ကျနော်တို့ တအားစိတ်ပူပါတယ်။ ဒါကို ပြည်ထဲရေးဝန်ကြီး ဆီကို စာတင်တောင်းဆိုမယ်”ဟု ပြောသည်။

ကိုဇော်မင်းထွန်းနှင့် မစန္ဒာတို့သည် တွံတေးမြို့နယ်အတွင်း လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ လိုက်လံ ကူညီပေးနေသူများဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလက တွံတေးမြို့နယ်တွင်း ယာဉ်တိုက်မှုတခုကို ကူညီပေးစဉ် ၀တ္တရား နှောင့်ယှက်မှုဖြင့် မြို့နယ် ဆရာဝန် ဒေါက်တာ ကြူကြူခိုင် ဆိုသူက တရားလိုပြု တရားစွဲဆိုခြင်း ခံခဲ့ရသည်။

ထိုအမှုဖြင့် တွံတေးမြို့နယ်တရားရုံးမှ ကိုဇော်မင်းထွန်းကို ထောင်ဒဏ် ၁ နှစ်၊ မစန္ဒာကို ထောင်ဒဏ် ၁ နှစ်ခွဲ အသီးသီး ချမှတ်ခဲ့သည်။

ထို့အတူ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုအပြီးတွင် ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ သံဃာတော် ဦးဆန္ဒာဓိ က ခေါ် ညီညီအောင် သည်လည်း အူကျရောဂါ၊ အစာအိမ်ရောဂါတို့ဖြင့် ခွဲစိတ်ကုသမှုခံယူထားရာ ချုပ်ရိုး မကျက်သောကြောင့် ပြည်ယိုသည့် ဝေဒနာခံစားနေရသည်ကို ဆေးကုသခွင့်မပေးကြောင်း သိရသည်။

“အတွင်းချုပ်ရိုးက ပြေသွားတာတဲ့။ ဗိုက်ကြီးက စူနေတယ်။ ခွဲထားတဲ့ ချုပ်ရိုးကလည်း မကျက်လို့ ပြည်ယိုနေတာ ထောင် ဆရာဝန်ကို သွားပြတော့ အင်းစိန်ဆေးရုံကို သွားပြဖို့ စာထုတ်ပေးတာ ထောင်အာဏာပိုင်တွေက မလွှတ်ဘူး။ ဆေးတွေပေးတာကိုလည်း အာဏာပိုင်တွေက မပေးဘူး။ ထောင်ဝင်စာတွေ့မယ့်သူလည်း မရှိတော့ ခက်နေတယ်”ဟု မကြာသေးခင်က ထောင်မှ လွတ်လာသည့် အကျဉ်းသားတဦးက ဧရာဝတီသို့ ပြောသည်။

ဦးဆန္ဒာဓိက သည် မတရားအသင်းဆက်သွယ်မှု ပုဒ်မ အပါအ၀င် နိုင်ငံရေး ပုဒ်မများဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရ သူ ဖြစ်သည်။

အင်းစိန်ထောင်တွင်းရှိ တချို့သော သံဃာတော်များမှာလည်း ထောင်ဝင်စာ တွေ့မည့်သူမရှိသောကြောင့် အစား အစာ နှင့် ဆေးဝါးရရှိရေး အခက်အခဲများ ရှိနေကြောင်းလည်း မကြာသေးခင်က ထောင်မှ လွတ်လာသည့် အကျဉ်းသားက ပြောပြသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသား ၂၁၅၇ ဦး ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထား သည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။

No comments:

Post a Comment