Pages

Subscribe

Saturday 10 April 2010

ဒေါ်စု ဒုတိယအကြိမ် ကျန်းမာရေး စစ်ဆေးမှု ခံယူ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ရကြောင်း သိရသည်။

ဤသည်မှာ စစ်အစိုးရက လတလ၏ ပထမဆုံး ကြာသပတေးနေ့တွင် ကျန်းမာရေးစစ်ဆေးခွင့် ပေးထားရာမှ လိုအပ်ချက်အရ ဒေါက်တာတင်မျိုးဝင်းကို ECG စက်များ သယ်ဆောင်ကာ ယခုလအတွင်း ဒုတိယအကြိမ် သွားရောက်စစ်ဆေးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့ (ကြာသပတေးနေ့) ကလည်း ပုံမှန်စစ်ဆေးခွင့် ရရှိခဲ့သဖြင့် ၈ ရက်အတွင်း ဒုတိယမြောက် ထပ်မံတွေ့ဆုံရခြင်းလည်း ဖြစ်သည်။

“ဆရာဝန် ခေါ်ပြတယ်ဆိုတာလောက် ကြားတယ်။ ECG စက် သွင်းတယ်လို့တော့ ကြားတယ်။ လောလောဆယ် ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ ဆရာဝန်တင်မျိုးဝင်း သွားတယ်။ ECG ရိုက်စက် သွင်းတယ်ဆိုတာပဲ သိရသေးပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကလည်း “ဒေါ်စုမှာ အစာအိမ်တို့ဘာတို့ ဝေဒနာဖြစ်နေလို့ ဆေးပေးနေရတယ်။ အဲဒီ အစာအိမ်ဆေးကလည်း ခေါင်းတွေဘာတွေ မူးတတ်တယ်။ ဒေါက်တာတင်မျိုးဝင်းတို့ အထဲကိုဝင်တဲ့အခါ ECG ရိုက်တဲ့ ကိရိယာတွေ ယူသွားတယ်လို့ ကြားတယ်။ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ အရေးတကြီး မဟုတ်ပါဘူး။ သာမန်ပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အမှုကိစ္စများအတွက် သူမ၏ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံကာ ဆွေးနွေးခဲ့သေးသည်။

ထိုသို့ ဆွေးနွေးစဉ်က တွေ့ရှိခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို ရှေ့နေ ဦးကြည်ဝင်းက ယခုလို ပြောပြသည်။

“ကျနော်တို့နဲ့ ဆွေးနွေးတာက တက်တက်ကြွကြွ လုပ်သွားတာပါပဲ။ သူ့ကိုကြည့်ရတာ နေမကောင်းဘူးဆိုတာ မယုံနိုင်စရာပါပဲ။ သူကိုယ်တိုင် ပြောတာက ခေါင်းမူးတယ်၊ သွေးပေါင်ချိန် ကျနေတယ်လို့ ဒီလိုလေးပဲ ပြောတယ်။ ပြန်ထွက်လာတော့ ကျနော်တို့က SP ကို ပြောတော့၊ သူတို့က ချက်ချင်း လုပ်ပေးပါတယ်။ ဆရာတင်မျိုးဝင်းကို ချက်ချင်း အကြောင်းကြားတယ်။ ဆရာတင်မျိုးဝင်းတော့ ၀င်ပြီးပြီလို့တော့ ကြားတယ်” ဟု ပြောသည်။

အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန်အတွက် ဒေါက်တာတင်မျိုးဝင်းထံသို့ ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့်နှစ် မေလဆန်းတွင် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် မဖိတ်ခေါ်ဘဲ သူမ၏ နေအိမ်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာသဖြင့် နေအိမ်အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက သြဂုတ်လထဲတွင် ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ် ၁၈ လအထိ လျော့ပေါ့ကာ နေအိမ်တွင် အထိန်းသိမ်းခံရန် ညွှန်ကြားခဲ့သည်။

No comments:

Post a Comment