Pages

Subscribe

Tuesday 29 June 2010

မှောင်ခိုလမ်းကြောင်းပေါ်ရှိ ကျွဲ၊ နွားများ ပျောက်ဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျွဲ၊ နွားများ အခိုးခံနေရပြီး တရုတ်ပြည်သို့ မှောင်ခို ခိုးထုတ်သည့် ကျွဲ၊ နွားအုပ်များနှင့်အတူ ရောင်းစားခံနေကြရသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်းမှ ကျွဲ၊ နွားများအား ဗန်းမော်ဒေသမှတဆင့် တရုတ်နယ်စပ်သို့ မှောင်ခိုခိုးထုတ်ရာတွင် တပတ်လျှင် အနည်းဆုံး အကောင် (၂ဝဝ) ဝန်းကျင်အထိ သယ်ဆောင်ရာ လမ်းကြောင်းတလျှောက် ကျေးရွာများရှိ ကျွဲ၊ နွားများကိုလည်း တပါတည်းယူဆောင်သွား၍ ပျောက်ဆုံးမှုများ တွေ့ကြုံနေရသည်ဟု မံစီဒေသခံတဦးက ပြောသည်။

၎င်းက “ကုန်သည်တွေက ကျွဲ၊ နွားအုပ်တွေနဲ့ ရွာတွေကို ဖြတ်တော့ ရွာကလှန်ထားတဲ့အကောင်တွေ အဲဒီအုပ်တွေနဲ့ ရောပါသွားတာ။ အချို့ကလည်း ခိုးပြီး အဲဒီကုန်သည်တွေကို ရောင်းစားတာတွေရှိတယ်။ တပတ်၊ တပတ်ကို အချို့ရွာကလည်း သုံးလေးကောင်၊ အချို့ရွာလည်း တကောင်စ နှစ်ကောင်စ ပျောက်နေတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကျေးရွာရှိ ကျွဲ၊ နွားများ ပျောက်ဆုံးနေသဖြင့် ဒေသခံများမှာ ကျွဲ၊ နွား ကုန်သည်များ ရောက်ရှိလာပါက မိမိတို့၏ ကျွဲ၊ နွားများနှင့် ရောနှောမှု မရှိစေရန်၊ အခိုးမခံရစေရန် စောင့်ကြည့်နေရသကဲ့သို့ ကျွဲ၊ နွားများအတွင်း ကူးစက်ရောဂါ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း မံစီဒေသခံက ပြောသည်။

၎င်းက “သူတို့အကောင်တွေက ရွာနားက စားကျက်မှာလည်း လာလွှတ်ထားတာ။ အဲတော့ ကိုယ့်အကောင်တွေ ရောမပါသွားအောင် သတိထားနေရတယ်။ ပြီးတော့ အခုလို မိုးတွင်းကျတော့ ခွာနာ လျှာနာတွေ ဖြစ်ကြတယ်။ သားသတ်ဖို့ ရောင်းစားတယ်ဆိုတော့ အဲဒီ ကျွဲ၊ နွားတွေမှာ ရောဂါတခုခု ဖြစ်လို့ရောင်းတာလည်း ဖြစ်နိုင်တယ်။ ဒီမှာရှိတဲ့ကောင်တွေကို လာပြီးကူးစက်မှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် တရုတ်ကိုသယ်မယ့် ကျွဲ၊ နွားတွေ ရောက်လာပြီဆို အထူးဂရုစိုက်နေရတယ်” ဟု ပြောသည်။

မြန်မာပြည်အလယ်ပိုင်းမှ နွားတကောင်လျှင် ကျပ် (၂) သိန်းဝန်းကျင် ဝယ်ယူလာပြီး တရုတ်ပြည်ဘက်တွင် ကျပ် (၅) သိန်းအထိ ပြန်လည်ရောင်းချနိုင်၍ ကျွဲ၊ နွား မှောင်ခိုကုန်သွယ်မှုကို ငွေကြေးချမ်းသာသည့် မွတ်စလင်များက အဓိက လုပ်ကိုင်နေသည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “ဗန်းမော်သားသတ်ခုံတွေက နွားတွေ လွတ်လပ်စွာ သယ်ခွင့်ရကြတယ်။ နွားကုန်သည်တွေက နွားတွေဝယ်ဖို့ သားသတ်ခုံက သူ့နည်းသူ့ဟန်နဲ့ လက်မှတ်ရထားတယ်။ အဲဒီကုန်သည်တွေက ကျွဲ၊ နွားတွေကို မော်တော်တွေနဲ့ ရွှေဘို၊ ၀က်လက်၊ ငအိုးဘက်က ၀ယ်ပြီး မော်တော်တွေနဲ့သယ်တာ။ မော်တော်တစီးမှာ အကောင် (၇၀) ကျော်လောက်ပါတယ်။ ဗန်းမော်နားက ညောင်ပင်သာရွာမှာချပြီး အဲဒီကနေ တောလမ်းအတိုင်း မောင်းလာတာ” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

No comments:

Post a Comment