Pages

Subscribe

Tuesday 29 June 2010

စိတ်ကြွဆေး ထုတ်လုပ် ဖြန့်ဖြူးခြင်းမရှိဟု UWSA ငြင်း

မြန်မာ နိုင်ငံတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လက်နက်များ ဝယ်ယူရန် အတွက် စိတ်ကြွ ဆေးများကို ထုတ်လုပ် တင်ပို့နေသည် ဆိုသည့် အယ်လ်ဂျာဇီးယား သတင်းဌာန၏ ဖော်ပြချက် အပေါ် ‘ဝ’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ငြင်းဆိုလိုက်သည်။

အယ်လ်ဂျာဇီးယား သတင်းဌာနက မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အထူးသဖြင့် ‘ဝ’ အဖွဲ့ သည် လက်နက်များ ဝယ်ယူရန် အတွက် စိတ်ကြွဆေးများကို ထိုင်းနိုင်ငံမှတဆင့် ကမ္ဘာအနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်ဟု ဇွန်လ ၂၇ ရက်နေ့က ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော စိတ်ကြွဆေးပြား အရေအတွက် သိသိသာသာ တိုးလာကြောင်း ထိုင်း နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ဆက်တပွန် ကာတီတမ်က အဆိုပါ သတင်းဌာနသို့ ပြောကြားထားသည်။

“အရင်နှစ်တုန်းက ကျနော်တို့အဖွဲ့တွေ စိတ်ကြွဆေး ၁. ၂ သန်းလောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပထမ ခြောက်လမှာတင် ဖမ်းမိထားတဲ့ စိတ်ကြွဆေးပြားတွေက ၅ သန်းလောက် ရှိနေပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

ယခင် နှစ်များက ရွှေတြိဂံ နယ်တဝိုက်၌ ဘိန်းဖြူ ထုတ်လုပ်သော အဖွဲ့များသည် ယခုအချိန်တွင် မက်သာဖက်တမင်း နှင့် အမ်ဖက်တမင်း ဟုခေါ်သည့် စိတ်ကြွဆေးပြားများကို ပြောင်းလဲ ထုတ်လုပ်လာကြောင်းလည်း အယ်လ်ဂျာဇီးယား သတင်းက ဆက်လက် ဖော်ပြထားသည်။

‘ဝ’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှ ဦးဘွမ်သိမ်း က “လူတိုင်း လူတိုင်းက ကျနော်တို့ကို ဒီလိုမျိုးပဲ စွပ်စွဲနေ ကြတယ်။ အရင်တုန်းက လုပ်ခဲ့တယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မူးယစ်ဆေးဝါး မလုပ်တာ ကြာနေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ဇွန် ၂၆ ရက်နေ့က လူထု အစည်းအဝေး တခုကျင်းပကာ UWSA အနေနှင့် မူးယစ်ဆေးဝါးနှင့် ကင်းရှင်းကြောင်း ပြည်သူ လူထုကို အသိပေးခဲ့သည် ဟုလည်း ၎င်းက ဆက်ပြောသည်။

သူကပင် ဆက်လက်၍ “တစုံတယောက်ကို စွပ်စွဲတော့မယ် ဆိုရင် သေသေချာချာ စုံစမ်းပြီးမှ ပြောဖို့လိုပါတယ်။ မဟုတ်ရင်တော့ ကျနော်တို့ နာမည် ပျက်တာပေါ့။ အခုဆိုရင် မြန်မာပြည်မှာ ဘိန်းမစိုက်တာ၊ မူးယစ်ဆေးဝါး မလုပ်တာ ကျနော်တို့ တဖွဲ့ပဲရှိတယ်” ဟု ဆိုသည်။

ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဦးခွန်စိုင်း ကလည်း စိတ်ကြွဆေး ထုတ်လုပ်ရန်အတွက် ဘိန်းလိုအပ်ကြောင်း၊ ဘိန်းမရှိဘဲ စိတ်ကြွဆေး မထုတ်နိုင်ကြောင်း၊ ထို့ကြောင့် ဘိန်းမစိုက်တော့သည့် ‘ဝ’ တိုင်းရင်းသား များကို စွပ်စွဲခြင်းမှာ ယုတ္တိမရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီနောက်ပိုင်း အစိုးရနဲ့ နိုင်ငံရေးအရ ပလဲပနံ သင့်နေတာက ပြည်သူ့စစ်အဖွဲ့တွေပါ။ အဲဒီအဖွဲ့တွေနဲ့ ထိုင်းနိုင်ငံဘက်က ငွေပင် ငွေရင်းစိုက်တဲ့ သူတွေနဲ့ ပေါင်းပြီးတော့ ထိုင်းနိုင်ငံမှာ ဈေးကွက်တခုလို ဖြစ်နေတဲ့ ရာဘတွေ ထုတ်ကြတဲ့ သဘောပါ” ဟု သူက ဆိုသည်။

ဆက်လက်၍ ဦးခွန်စိုင်းက ယခင်ကာလများတွင် စစ်အစိုးရက အပစ်ရပ် အဖွဲ့များကို အတိုင်းအတာ တခုအထိ အခွင့် အရေး ပေးထားခြင်းမျိုး ရှိခဲ့ပြီး ယခုအချိန်တွင်မူ ယင်း အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ဖိအားပေးနေသဖြင့် အခွင့်အရေးပေးထားခြင်းများကို ကန့်သတ်လာကြောင်း၊ ထို့ကြောင့် စိတ်ကြွဆေးပြား ထုတ်လုပ် နိုင်သူများသည် ဖိအားပေးခံနေရသည့် အပစ်ရပ်အဖွဲ့များ မဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ ယခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး စိတ်ကြွဆေး ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် စတုတ္ထ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

No comments:

Post a Comment