Pages

Subscribe

Tuesday 13 July 2010

ထိုင်း-မြန်မာ ကုန်စည် စီးဆင်းမှု ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တဆင့် တင်ပို့နေသော ထိုင်း ကုန်ပစ္စည်းများကို မြန်မာ အာဏာပိုင်များက ဖြတ်သန်းခွင့် ပိတ်ထားကြောင်း သတင်းရ ရှိသည်။

မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (ဓာတ်ပုံ - Dæxus)

မဲဆောက် ခရိုင်ရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက် အခြမ်းက ကမ်းထိန်း တမံများ ဆောက်လုပ် နေခြင်းကို မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုကို ပိတ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ထိုင်းဘက် အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ် မှုကြောင့် ရေကြောင်း ပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စား နိုင်သည့် အတွက် မြန်မာ အာဏာပိုင်များက ကန့်ကွက်ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြထား သည်။

“မြန်မာ အရာရှိတွေက တံတားကို ခြေလျှင်ပဲ ပေးဖြတ်တယ်။ ကုန်ပစ္စည်းတွေ သယ်ပို့ခွင့် မပြုဘူး။ ဘာကြောင့်လဲတော့ မသိဘူး”ဟု ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် တာဝန်ကျနေသော အကောက်ခွန်ရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့တဲ့ ကြာသပတေးနေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဗိုလ်မှူးချုပ် ဇော်မင်း ရောက်ရှိပြီးနောက် တံတားကို စတင် ပိတ်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ် ပြဿနာတက်သည့် အချိန်တိုင်း ဤနယ်စပ်တံတားကို ပိတ်ပစ်ခြင်းသည် မြန်မာနှင့် ထိုင်း ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ကုန်သွယ်ရေး လိုငွေပြနေသောကြောင့်ဟု ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မြန်မာသတင်းထောက်တဦးက ပြောသည်။

ထိုင်း-မြန်မာနယ် နယ်စပ်ဂိတ်များ အနက် မဲဆောက်မြို့သည် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး ထိုင်းနှင့် မြန်မာ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့ကြသည်။

မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်းအထိ တင်ပို့ကြသည်။

သို့သော် မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်း တန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်း တန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

No comments:

Post a Comment