Pages

Subscribe

Tuesday 13 July 2010

ဘီပိုးကာကွယ်ဆေးအတွက် ဆေးခန်းကိုသာ အားထားနေရ

မြန်မာနိုင်ငံတွင် ကူးစက်မှုအများဆုံး ရောဂါတခုဖြစ်သည့် ဘီပိုး ခေါ် အသည်းရောင်အသားဝါ (ဘီ) ရောဂါဖြစ်ပွားသူများသည် ကာကွယ်ဆေးအတွက် ကုန်ကျစရိတ် မြင့်မားသော ပြင်ပဆေးခန်းများကိုသာ အားထားနေကြရသည်ဟု သိရသည်။

ကျန်းမာရေးဌာနက ကျေးလက်ဒေသများတွင် အခကြေးငွေ သက်သာစွာ ကာကွယ်ဆေးထိုးပေးသော်လည်း ပြည်တွင်းထုတ်ဆေးထက် အာနိသင်ကောင်းသည့် နိုင်ငံခြားမှသွင်းသည့် ဘီပိုး ကာကွယ်ဆေးများကို ဝေဒနာရှင်များက ပြင်ပဆေးခန်းများတွင် သွားရောက်ဆေးထိုးကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ အသည်းအထူးကု ဆရာဝန်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နိုင်ငံခြားက သွင်းလာတဲ့ ဘီပိုး ကာကွယ်ဆေးတွေက ပြည်တွင်းထုတ်ဆေးထက် အာနိသင်ကောင်းကြတော့ လူတွေက ပြင်ပဆေးခန်းတွေမှာပဲ ထိုးကြတာများတယ်။ ဒါပေမယ့် ပြင်ပဆေးခန်းတွေမှာ တခါထိုးရင် ကျပ် (၆,၀၀၀ - ၇,၀၀၀) အထိကုန်တော့ လူတိုင်း မထိုးနိုင်ပြန်ဘူး” ဟု ပြောသည်။

ဘီပိုး ကာကွယ်ဆေးမထိုးခင် သွေးစစ်ဆေးရန် လိုအပ်ပြီး သွေးစစ်ခမှာ ငွေကျပ် သောင်းဂဏန်းခန့်ရှိသည်အတွက် အဆိုပါ ရောဂါကာကွယ်ဆေးထိုးရန် စရိတ်ကြီးကြောင်း၊ မိသားစုအလိုက် ကာကွယ်ဆေးထိုးရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘီပိုးရောဂါ တိုက်ဖျက်ရေး မအောင်မြင်သေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်တွင်း၌ ဘီပိုးကာကွယ်ဆေးများကို တနှစ်လျှင် အလုံးရေ (၃) သိန်းသာ ထုတ်လုပ်နိုင်သဖြင့် ပြင်ပဆေးခန်းများအနေဖြင့် ပြည်ပမှ တင်သွင်းသော ဘီပိုး ကာကွယ်ဆေးများကိုသာ အားကိုးနေကြရကြောင်း၊ ပြည်တွင်းထုတ် ဘီပိုး ကာကွယ်ဆေး တံဆိပ် (၂) မျိုးအနက် Hepatitis ‘B’ Vaccine မှာ အစိုးရဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက်သာဖြစ်ပြီး Livovax ‘B’ တံဆိပ်ဖြင့် ထုတ်လုပ်သော အခြားကာကွယ်ဆေးတမျိုးကို ပြင်ပဈေးကွက်သို့ ဖြန့်ဖြူးကြောင်း အဆိုပါ အထူးကုဆရာဝန်က ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း (၆၀) အနက် (၆) သန်းမှာ အသည်းရောင် အသားဝါ (ဘီ) ရောဂါ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဘီပိုးကာကွယ်ဆေးကို ပထမ တကြိမ်ထိုးပြီး နောက်တလတွင် ဒုတိယအကြိမ်၊ နောက် (၅) လတွင် တတိယအကြိမ် ခွဲကာ (၃) ကြိမ် ထိုးရသည်။

အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးထိုး ဆေးခန်းကို မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်) တွင် ပြီးခဲ့သည့် ဇွန် (၂၅) ရက်မှစတင် ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ ဆေးဝါး ပြတ်လပ်နေကြောင်း ဆေးထိုးရန် သွားရောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “အဲဒီဆေးခန်း ရောက်သွားတော့ ဆေးပြတ်နေတယ်လို့ ပြောတယ်။ အဲဒီဆေးခန်းမှာက သွေးစစ်တာ (၁,၅၀၀) ကျပ်၊ ကာကွယ်ဆေး တခါအတွက် (၂,၂၀၀) ကျပ်ပဲ ကုန်မယ်ဆိုလို့ သွားတာ။ ဆေးခန်းက မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ဖွင့်တယ်။ ဟိုရောက်တော့ ထိုးဖို့ ဆေးမရှိဘူးတဲ့” ဟု ပြောသည်။

ထိုဆေးခန်းတွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမှတ် (၇) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံရှိ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းမှ ထုတ်လုပ်သော ပြည်တွင်း ဘီပိုးကာကွယ်ဆေးများကို ထိုးပေးခြင်းဖြစ်သည်။

ဗဟိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) အဆိုအရ ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ အသိပညာလေ့လာမှု အားနည်းနေခြင်း၊ ဆေးဝါးအာနိသင် ထိရောက်မှုမရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၌ ဘီပိုးရောဂါ ကူးစက်ပြန့်ပွားမှုမှာ မြင့်မားနေဆဲ ဖြစ်ပြီး အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုးကြောင့် အသည်းကင်ဆာရောဂါ အဖြစ်များကြောင်း သိရသည်။

အသည်းရောင်အသားဝါ (ဘီ) ပိုးရောဂါသည် Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် လူလူချင်း ကူးစက်သည့် အပြင်းစား ရောဂါတမျိုးဖြစ်ပြီး အသည်းကင်ဆာ၊ အသည်းခြောက်ရောဂါ၊ အသည်းအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေနိုင်ကာ မိခင်မှ ကလေးသို့၊ သွေး၊ ဆေးထိုးအပ်၊ ခန္ဓာကိုယ်တွင်းမှထွက်သော အရည်များ၊ လိင်ဆက်ဆံခြင်းတို့မှတဆင့် ရောဂါကူးစက်နိုင်ပြီး HIV ရောဂါပိုးထက် အဆ (၁၀၀) ပို၍ ကူးစက်လွယ်သော ရောဂါဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

No comments:

Post a Comment