Pages

Subscribe

Monday 5 July 2010

ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများ စာပေစိစစ်ရေးက ပယ်ချ

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများအား စာပေစိစစ်ရေးအဖွဲ့သို့ တင်ပြရာတွင် ဖြတ်တောက်မှုများနေသည့်အတွက် မီဒီယာများက စိတ်ပျက်နေကြကြောင်း သိရသည်။

ယခုဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသော ဇူလိုင် (၁၉) ရက်နေ့ကို ဂုဏ်ပြုသည့် ဗိုလ်ချုပ်အကြောင်း ဆောင်းပါးများကို သတင်းဂျာနယ်များက သတင်းစာဆရာကြီးများထံ တောင်းခံကာ အထူးဂဏ္ဍအနေဖြင့် ထည့်သည်ကို စာပေစိစစ်ရေးက လုံးဝဖြုတ်ပစ်သည်များ ရှိနေ၍ ပြည်တွင်းသတင်း မီဒီယာသမားများ စိတ်ပျက်ကြခြင်း ဖြစ်သည်။

နအဖစစ်အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် မည်သည့်အထိမ်းအမှတ်မျိုးမှ ပြုလုပ်လေ့မရှိသော်လည်း ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းကို သိနေကြသဖြင့် ဂျာနယ်များက ရာသီသတင်းများ၊ ဆောင်းပါးများ ဖော်ပြနေကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အယ်ဒီတာတဦးက ပြောသည်။

၎င်းက “အရင်နှစ်တွေကလည်း ကျနော်တို့ ဗိုလ်ချုပ်ဆောင်းပါးတွေကို ထည့်နေတာပဲ။ ပြည်သူတွေက ဗိုလ်ချုပ်ဆောင်းပါးနဲ့ ပုံတွေပါရင် ၀ယ်ကြတယ်ဗျ။ အခုတော့ ဖြုတ်လိုက်တယ်ဆိုတာ လုပ်ရကိုင်ရလည်း ခက်စေတယ်၊ ပြီးတော့ အစားထိုး သတင်းက မရှိဘူးဆိုရင် မလွယ်နိုင်ဘူး” ဟု ရှင်းပြသည်။

လစဉ်ထုတ် မဂ္ဂဇင်းတစောင်ဖြစ်သည့် စတိုင်သစ်မဂ္ဂဇင်းတွင် ဇူလိုင်လ အာဇာနည်နေ့ အထိမ်းအမှတ် အထူးထုတ်အတွက် ထည့်သွင်းဖော်ပြရန် စာပေစိစစ်ရေးရုံးတင် ဆောင်းပါး တ၀က်ခန့် ဖြုတ်ချခံခဲ့ရကြောင်းလည်း ယင်းမဂ္ဂဇင်းတွင် ပင်တိုင်ရေးနေသော ဆောင်းပါးရှင်တဦးက ပြောသည်။

“ကျနော်သိတာတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားတဲ့ ဆောင်းပါး။ ၁၉၄၇၊ ဇူလိုင်လ နေ့လယ် (၂) နာရီဆောင်းပါး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပထမအကြိမ် ရခိုင်အရေးဆောင်းပါး၊ အဲဒါမျိုးတွေ တော်တော်များများ ဖြုတ်ပစ်တယ်လို့ သိရတယ်။ ဆောင်းပါးရှင်တွေလည်း ကြာတော့ ဘယ်လိုဆောင်းပါးတွေ ရေးရမယ်ဆိုတာ မတွေးတတ်တော့ဘူး” ဟု ၎င်းက ဆိုသည်။

ဂျာနယ်များတွင် နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးများ၊ နိုင်ငံရေးသတင်းနှင့် နိုင်ငံရေးသမားများအကြောင်းကို ဖော်ပြခွင့်မရကြောင်း၊ စာပေစိစစ်ရေး၏ အတားအဆီးကြောင့် ဂျာနယ်အချို့တွင်ရှိသည့် နိုင်ငံရေးစာမျက်နှာကိုပင် ဖြုတ်ရမလိုဖြစ်နေကြောင်း ပြည်တွင်းမီဒီယာလောကမှ သိရှိရသည်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်များကို ဖတ်ရှုသူ စာဖတ်ပရိသတ်တဦးကမူ ဂျာနယ်များတွင် ဖော်ပြနေသည့် ယခုနှစ်ရွေးကောက်ပွဲ ၀င်မည့်ပါတီများနှင့် အင်တာဗျူးများမှာ ပါတီကြော်ငြာတခုကို ဖတ်ရသည်နှင့်တူကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “ပါတီတွေနှင့်ပတ်သက်ပြီးတော့ ပါတီတွေ ဘာလုပ်နေလဲ၊ ဘာလုပ်မှာလဲ ဆိုတာကိုပဲ ကျနော်တို့က ဖတ်ချင်တာလေ။ ဒါပေမယ့် အခုက ပါတီရုံးခန်း ဘယ်နေရာမှာ ဖွင့်တယ် ဆိုတာလောက်ကိုပဲ ရေးကြတာ။ ပါတီ မူဝါဒတွေကို ရေးပြတာမျိုး မတွေ့ရဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းဂျာနယ်တစောင်မှ သတင်းထောက်တဦး၏ ပြောပြချက်အရ ပါတီများနှင့်ပတ်သက်၍ အသေးစိတ်ပြောဆိုမှုများကို ဖော်ပြပါက စာပေစိစစ်ရေးမှ ပယ်ချကြောင်း သိရသည်။

“ကျနော်တို့လည်း ပါတီတွေကို မေးပြီးတော့ ရေးတာပဲ၊ ဂျာနယ်ထွက်လာတော့ မပါလာဘူး။ မေးတော့မှ စိစစ်ရေးဖြုတ်တာတဲ့” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

စာပေစိစစ်ရေးတွင် ညွှန်ကြားရေးမှူးတာဝန်ယူခဲ့သော စာရေးဆရာ ရဲရင့်တင့်ဆွေ ခေါ် ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီးနောက် ယင်းနေရာတွင် အသစ်ရောက်လာသော ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးညွန့်မောင်(ရေ) တာဝန်ယူပြီးနောက်ပိုင်းတွင် စာပေစိစစ်ရေးက ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။

စာပေစိစစ်ရေး၌ ယခင် တာဝန်ယူနေသော စာစစ်မှူးများ (၃) ဦးအဖွဲ့နှင့် (၄) ဦးပါသော အဖွဲ့တို့ကို စုစည်းကာ (၁၂) ဦးပါ အဖွဲ့တခု ပြောင်းလိုက်ပြီး ယင်း (၁၂) ဦးစလုံးက ဖတ်ပြီးမှ ဒုတိယဗိုလ်မှူးကြီး မျိုးညွန့်မောင် (ရေ) က ပြန်လည်ဖတ်ရှု စစ်ဆေးကြောင်း သိရသည်။

“အခုရောက်လာတဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးညွန့်မောင်(ရေ) က သတင်းနှင့်ပတ်သက်ပြီးတော့ ထိတွေ့မှုမရှိဘူးဆိုတာ ကျနော်တို့ သိတယ်။ အသစ်ကြောင့် ဖြုတ်တာတွေ များနေတာလား၊ အပေါ်ကပဲ ညွှန်ကြားချက် ထုတ်ထားတာလား၊ သူကပဲ မသိလို့ ဖြုတ်နေတာလား ဆိုတာကို ကျနော်တို့လည်း မပြောတတ်တော့ပါဘူးဗျာ” ဟု ပြည်တွင်းသတင်းဂျာနယ်တခုမှ အယ်ဒီတာချုပ်ဖြစ်သူက ပြောကြားသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

No comments:

Post a Comment