Pages

Subscribe

Wednesday, 30 June 2010

အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်ကားသူကို ရုံးတင်တရားစွဲ

အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား အကြိမ်ကြိမ်စော်ကား မတရားကျင့်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအား တရားရုံးတင်ရန် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ပြီဖြစ်သည်။

မိဘများမရှိခိုက် မိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူ ရာဘာခြံအလုပ်သမား စိုးမောင်မောင်အား Rask Thai ဖောင်ဒေးရှင်းနှင့် ကလေးသူငယ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ဘန်ဖတ်ဒတ်) တို့မှ ပူးပေါင်း၍ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရပ်ဌာနီခရိုင်၊ ထချန်းမြို့နယ်၊ ဆပ်ဝီယ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ထချန်းမြို့နယ်ရှိ နန်းတလေ ရော်ဘာခြံအတွင်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော ကိုမိုးလှိုင်နှင့် မသိန်းကြည်တို့၏ အသက် (၁၁) နှစ်အရွယ် သမီးငယ် မမိုးဝါအား မိဘများ ရော်ဘာသွားခြစ်သော ညများတွင် အဆိုပါခြံမှ မန်နေဂျာအမျိုးသမီး၏ ယောက်ျားဖြစ်သူ စိုးမောင်မောင်က မကြာခဏလာရောက် ခြိမ်းခြောက် အနိုင်ကျင့်စော်ကားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

မမိုးဝါ၏မိခင်ဖြစ်သူ မသိန်းကြည်က “ကျမတို့က ညဘက်ဆို (၁၁) နာရီလောက်စပြီး ရော်ဘာခြစ်ရတယ်လေ။ အဲဒါ သမီးနဲ့သားငယ် (၂) ယောက်ကို အိမ်မှာ သေသေချာချာမှာထားခဲ့တယ်။ ဘယ်သူလာလာ တံခါးမဖွင့်ပေးရဘူးလို့။ သူက မန်နေဂျာမရဲ့ ယောက်ျားဆိုတော့ သမီးကကြောက်တော့ ဖွင့်ပေးတာနေမယ်။ သမီးပြောတာက သူ (၄) ခါ၊ (၅) ခါ အဲဒီလို လာတယ်လို့ပြောတယ်။ လက်ထဲမှာ သေနတ်နဲ့ ဘယ်သူမှ မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြောက်ထားတော့ ကလေးက မပြောရဲဘူး။ အခုက စကားများရန်ဖြစ်မှ သမီးက ငိုပြီးပြောလို့ သိရတာ” ဟု ဝမ်းနည်းစွာ ပြောပြသည်။

စိုးမောင်မောင်သည် အသက် (၂၅) နှစ်ခန့်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ ရာဘာခြံမန်နေဂျာမှာ အသက် (၄၅) နှစ်ခန့်ရှိကာ ထိုအမျိုးသမီးတွင် ယခင်အိမ်ထောင်နှင့် သားသမီး (၃) ဦးရှိသည်။

မတရားပြုကျင့်မှု ပေါ်ပေါက်ရသည်မှာ အဆိုပါမန်နေဂျာ အမျိုးသမီး၏သားဖြစ်သူနှင့် ပတ်သက်၍ မမိုးဝါ၏ မိဘများနှင့် စကားများရန်ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ မန်နေဂျာအမျိုးသမီး၏ အသက် (၂၀) ခန့်ရှိသူ သားဖြစ်သူက မိဘတို့ထမင်းစားချိန် အချိန်မမီ၍ မစားရသော အခါများတွင် တခါတရံ၌ မမိုးဝါထံ လာရောက်၍ ထမင်းတောင်းစားလေ့ရှိပြီး ပြီးခဲ့သည့်လ မနက်လင်းပိုင်းတွင် မမိုးဝါ၏ မိဘများ ရော်ဘာခြစ်ရာမှပြန်အလာ အိမ်တွင် စားပြီးသား ထမင်းပန်းကန်တွေ့၍ သမီးဖြစ်သူအားမေးမြန်းကာ မန်နေဂျာမိသားစုထံ မိဘများမရှိခိုက် ယင်းသို့ အိမ်ကိုလာရောက် တောင်းစားသည်ကို မကြိုက်ကြောင်း သားဖြစ်သူကို ဆုံးမပေးရန်ပြောကြားရာမှ အခြေအတင် စကားများကြပြီး ယခုကဲ့သို့ စိုးမောင်မောင်က မမိုးဝါအား မတရားကျင့်သည့် ကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။

ပထမပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် လမ်းလွှဲရန် စိုးမောင်မောင် မိသားစုက ကြိုးပမ်းသော်လည်း၊ အဖွဲ့အစည်းများမှ တရားဝင် ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များ ဆောင်ရွက်ပေးနိုင်မှုအရ အခိုင်အမာ သက်သေပြနိုင်ပြီဖြစ်သည့်အတွက် တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိုသို့သော ကလေးသူငယ်များကို စော်ကားမှုများအား မိဘများက တရားရင်မဆိုင်လျှင်ပင် အခြားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက တရားစွဲဆိုပိုင်ခွင့်ရှိသည်။

မမိုးဝါသည် မိဘများ ရော်ဘာသွားခြစ်ခိုက် မောင်ငယ် (၂) ဦးကို စောင့်ရှောက်ရင်း အိမ်တွင် ကျန်ရှိနေသည်ကို စိုးမောင်မောင်က လူသူကင်းရှင်းသော ည (၁၁) နာရီခွဲခန့်တွင် လာရောက်လေ့ရှိကာ မမိုးဝါအား စော်ကားနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသည်မှာ တလခန့်ကြာမြင့်ခဲ့ပြီး လိုအပ်သော ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များလည်း ဝီဖဝတီဆူရပ်ဌာနီ ဆေးရုံကြီးမှ အခိုင်အမာရရှိထားပြီး ဖြစ်သည်ဟု Raks Thai ဖောင်ဒေးရှင်းမှ တရားစွဲဆိုနိုင်ရန် လိုက်ပါဆောင်ရွက်ပေးနေသူ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ရဲစခန်းကလည်း လိုအပ်တာအကုန်လုံး သေချာစစ်ဆေးပါတယ်။ ကျနော်တို့အတွက်လည်း ပညာရတယ်။ နောက်ဆို ဘယ်လို စနစ်တကျ လုပ်ရမယ်ဆိုတာပေါ့။ လာမယ့် (၆) ရက်နေ့မှာ ထချန်းတရားရုံးမှာ အမှုစတင်ရင်ဆိုင်ရမှာပါ” ဟု ပြောသည်။

ယခုအခါတွင် မသိန်းကြည်တို့ မိသားစုအား ထိုရော်ဘာခြံမှ ထွက်သွားခိုင်း၍ မောင်နှမဝမ်းကွဲတော်သူတဦး၏ခြံတွင် ဆက်လက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းသည် ရော်ဘာခြံများ၊ သီးပင်၊ စားပင် စိုက်ပျိုးပင်များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရော်ဘာခြစ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြသူများ ရှိသည်။ ညပိုင်း ပတ်ဝန်းကျင် အေးမြလာချိန်တွင် ရော်ဘာအစေးခြစ် ထွက်ကြရပြီး မနက်ခင်းပိုင်းတွင် အနားယူ အိပ်စက်ကြရသည်။

ပုံမှန်အားဖြင့် (၁၅) ရက်တခါခန့် ခြစ်ပြီးသား အခြောက်လှန်းထားသော ရော်ဘာချပ်များကို ရောင်းချလေ့ရှိကာ ထိုသို့ရောင်းချသော ရက်များကို စနည်းနာ၍ မသမာသူများ၏ ဓားပြတိုက်မှုများလည်း အမြဲလိုလို ဖြစ်ပေါ်နေတတ်၍ ရော်ဘာခြံပိုင်ရှင်များက မိမိတို့၏တပည့်တပန်းများကို သေနတ်များပေးကာ ကိုင်ဆောင်စေလေ့ရှိသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

No comments:

Post a Comment