Pages

Subscribe

Wednesday 30 June 2010

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူ သန်း (၃၀) ကျော်ရှိဟု ထုတ်ပြန်

နိုင်ငံတဝန်းလုံးရှိ ကောက်ယူရရှိထားသော သန်းခေါင်စာရင်းအရ မြန်မာ့လူဦးရေမှာ (၅၉,၁၂၉,၉၀၀) ဦးရှိကာ မဲပေးနိုင်သူ အသက် (၁၈) နှစ်ပြည့်ပြီးသည့် လူဦးရေ စုစုပေါင်း သန်း (၃၀) ကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယင်းကိန်းဂဏန်းများသည် ပြီးခဲ့သည့် ဧပြီလက နောက်ဆုံး ကောက်ယူရရှိထားသော အိမ်ထောင်စုဝင် လူဦးရေစာရင်းဖြစ်ပြီး ထိုစာရင်းကို လာမည့်ရွေးကောက်ပွဲအတွက် အသုံးပြုဖွယ်ရှိကြောင်း ရန်ကုန်မြို့ရှိ မြို့နယ်ပြည်သူ့အင်အားဦးစီးဌာနမှ အရာထမ်းတဦးက ပြောသည်။

၎င်းက “ဒီစာရင်းတွေက လာမယ့် ရွေးကောက်ပွဲအတွက် အသုံးဝင်လိမ့်မယ်ထင်တယ်။ မဲပေးနိုင်တဲ့သူ သန်း (၃၀) ကျော် ဆိုတာက အိမ်ထောင်စုစာရင်းက ပြထားတဲ့ ကိန်းဂဏန်းအတိုင်း ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

စာရင်းကောက်ယူရာတွင် သက်ဆိုင်ရာ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများက တာဝန်ယူကောက်ယူခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) တို့က စစ်ဆေးကာ မြို့နယ်ပြည်သူ့အင်အား ဦးစီးဌာနက အတည်ပြုပြီး ထွက်ရှိလာသော လူဦးရေစာရင်းဖြစ်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

ရန်ကုန်မြို့အပါအဝင် နယ်မြို့များတွင်လည်း အလားတူမဲပေးနိုင်သူ လူဦးရေ အစစ်အမှန် ရရှိနိုင်ရန် စာရင်းကောက်ယူလျက်ရှိကြောင်း ရန်ကုန်မြို့မှ လဝက အရာရှိတဦးက ပြောကြားသည်။

၎င်းက “အစစ်အမှန် မဲပေးနိုင်သူ တနိုင်ငံလုံးရဲ့ စာရင်းကို အခု ကောက်ယူနေဆဲပါ။ ဒီရန်ကုန်မြို့ပေါ်မှာ လူဦးရေ (၆.၆) သန်း ရှိတယ်။ အဲဒီအထဲက မဲပေးနိုင်သူ စာရင်းအမှန်ရဖို့က ဌာနဆိုင်ရာအသီးသီးကနေပြီး စာရင်းထပ်ကောက်မှ ရနိုင်မယ်လေ။ အခု အဲဒါတွေ ကောက်နေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေစာရင်းအတွက် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အောက်တိုဘာလမှစ၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်အမှတ်အသစ်များ ထပ်မံကောက်ယူတပ်ဆင်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခဲ့သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၃၉) သန်းကျော်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ တိုးတက်မှုနှုန်းသည် နှစ်စဉ် (၂) ရာခိုင်နှုန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

No comments:

Post a Comment