Pages

Subscribe

Thursday 8 July 2010

ကျောင်းသားသမဂ္ဂ တောင်းဆိုစာများ ရန်ကုန်တွင် ဖြန့်ဝေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းလမ်းဆုံအနီးတွင် ကျောင်းသားလူငယ်တစုက ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ပေါက်ရေး တောင်းဆိုထားပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လှုံ့ဆော်ထားသော လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာများကို ဗုဒ္ဓဟူးနေ့က ဖြန့်ဝေခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။

ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်၊ ပြည်မြန်မာကုန်တိုက်အနီး၊ အင်းစိန်လမ်းမနှင့် ပြည်လမ်းမပေါ်တို့တွင် ဇူလိုင်လ ၇ ရက်နေ့က အနည်းဆုံး လူငယ် ၇ ဦးက ဖြန့်ဝေသော လက်ကမ်းစာစောင်များတွင် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ‘အတုအယောင်’ ဟု ရေးသားထားသည်။

အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကို သည်းခံလေ့မရှိသော စစ်အစိုးရအောက်တွင် စာဖြန့်ဝေမှုက ဇူလိုင် ၇ ရက်၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများဆန္ဒပြမှုကို သေနတ်နှင့် ပစ်ခတ်ဖြိုခွင်းခံရသည့် ၄၈ နှစ်ပြည့် နှစ်ပတ်လည် အခါသမယနှင့်လည်း တိုက်ဆိုင်နေသည်။

”ကျနော် ဆင်ရေတွင်းဘက်ကို အသွားမှာ ကောင်လေးတွေက အဲဒီစာတွေကို ဆင်ရေတွင်း အနားမှာ ဝေတာတွေ့တော့ ကျနော်လည်း စပ်စုပြီးတော့၊ သူတို့ဝေတဲ့စာကို ဘာလဲဆိုပြီးတော့ ကြည့်တော့ အဲဒီထဲမှာ ရေးထားတာတွေက ကျောင်းသား သမဂ္ဂပေါ်ပေါက်ရေး၊ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုပြီး ရေးထားတာ” ဟု လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

”ကျနော်လည်း လန့်သွားပြီးတော့ အဲဒီစာကို ဒီအတိုင်းပဲ မသိမသာ ထားခဲ့လိုက်တယ်” ဟု သူက ထပ်ပြောသည်။

ပြည်မြန်မာကုန်တိုက်အနီးရှိ တိုက်တန်းအမှတ် ၁ တွင် နေထိုင်သူတဦး ပြောပြချက်အရ နံနက် ၁ဝ နာရီကျော်တွင်
တက္ကသိုလ်ကျောင်းသားများ ဖြစ်ဟန်တူသော လူငယ် ၇ ဦးက ဖြန့်ဝေသွားခြင်းဟု ဆိုသည်။

”အသက်အားဖြင့်တော့ ၂ဝ ကျော်၊ ၂၅ ကျော် အရွယ်တွေလို့ပဲ ထင်ရတယ်” ဟု သူက ပြောသည်။

ကမာရွတ်မြို့နယ် စံရိမ်ငြိမ်၊ မာလာနှင့် ဆင်ရေတွင်း ဘတ်စ်ကားမှတ်တိုင်များ အနီးတွင်လည်း စာရွက်များ ဝေငှခဲ့ကြောင်း အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ခိုထီး အမှတ်တံဆိပ်စက်ရုံမှ အရာထမ်းတဦးက ပြောသည်။

ကွယ်လွန်သွားပြီဖြစ်သော အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ဆန့်ကျင်သည့် တက္ကသိုလ် ကျောင်းသားများက ကျောင်းအဆောင်စည်းကမ်းသစ်များ ချမှတ်မှုအပေါ် ဆန္ဒပြရာက စစ်တပ်မှ ပစ်ခတ်ဖြိုခွင်းရာ ၁၆ ဦး သေဆုံးပြီး ၇ဝ ခန့် ဒဏ်ရာရခဲ့သည်ဟု ထိုစဉ်က အစိုးရက ထုတ်ပြန်ခဲ့သည်။

”ဘဘတို့ စုံစမ်းလေ့လာလို့ ရသလောက် သေတာကျေတာက အနည်းဆုံး ၁ဝဝ ကျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘတို့ ရထားတဲ့ သတင်း Source တွေက ရန်ကုန်ဆေးရုံကြီးကို ၈၆ ယောက် ရောက်တယ်။ မင်္ဂလာဒုံ စစ်ဆေးရုံကို ၆၈ ယောက် ရောက်တယ်ဆိုပြီး သတင်းရတယ်။ ဒါပေမဲ့ အဲဒီ မင်္ဂလာဒုံ စစ်ဆေးရုံကို ရောက်တဲ့ လူတွေက ဘာဖြစ်တယ်ဆိုတာ မသိဘူး။” ဟု ထိုကာလကက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၌ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ အသက် ၇၃ နှစ်အရွယ် ဦးလှရွှေက မဇ္ဈိမကို ပြောသည်။

ထို့အပြင် အစိုးရက ရန်ကုန် ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုပါ ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖြိုချလိုက်ပြီး လွတ်လပ်သော ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ကိုပါ ပိတ်ပင်လိုက်သည်။

မဇ္ဈိမသတင်းထောက် ညိမ်းသူ ရေးသားပြီး ဖနိဒါ ထပ်မံဖြည့်စွက် ရေးသားသည်။)

No comments:

Post a Comment