Pages

Subscribe

Wednesday 7 July 2010

၇ ဇူလိုင် အထိမ်းအမှတ် ပြည်တွင်း၌ စာဖြန့်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ကော်မတီတို့က ဗကသ ဖြိုခွင်းခံရသည့် ၇ ဇူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုများကို ပြည်တွင်း၌ ပြုလုပ်ကြကြောင်း သိရသည်။

ဒိုင်းနမိုက်ဖြင့် ဖြိုခွဲမခံရမီက တွေ့မြင်ရသော ကျောင်းသား သမဂ္ဂ အဆောက်အအုံ

စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ကော်မတီ (ရန်ကုန်) မှ ကိုအောင်ကလည်း “၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ဗကသကို ဖြိုခွဲခဲ့တယ်။ လက်ရှိအနေအထားမှာ ကျောင်းသားသမဂ္ဂတွေ ပြန်လည် ပေါ်ပေါက်လာဖို့ လိုတယ်။ ဒါဟာ ကျောင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်တယ် ဆိုတာကို ဒီနေ့မှာ နှိုးဆော် တဲ့စာတွေ ကျနော်တို့ ဖြန့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

“ပြည်တွင်း ဗကသ က ကိုဇာနည် ဦးဆောင်ပြီး ရန်ကုန်မှာ လက်ကမ်းစာစောင်တွေ၊ ပို့စကတ်တွေ ဖြန့်ဝေတယ်။ နောက်ပြီး စာတိုက်ကနေတဆင့် ဖြန့်ဝေတာတွေလည်း လုပ်တယ်”ဟု မဲဆောက်အခြေစိုက် ဗကသရုံးမှ ကိုဇော်ထွန်းက ပြောသည်။

ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၂ ခု ပူးပေါင်း ဖွဲ့စည်းထားသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ကော်မတီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့ ဗကသ ဖြိုခွဲခံရမှု သမိုင်းကြောင်းနှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းနိုင်ရေး စသည့် လှုံ့ဆော်စာများ ဖြန့်ဝေခြင်းဖြစ်သည်။

“စာအိတ်ပေါင်း ၅၀၀ ကို စာအိတ်ပုံစံ အမျိုးမျိုးနဲ့ စာတိုက်ပုံး အသီးသီးကနေ ပို့တယ်။ လိပ်စာတွေကို လမ်းညွှန် စာအုပ်တွေကနေ ယူတယ်” ဟု ကိုအောင်က ပြောပြသည်။

ဒုတိယ ကျောင်းသားသပိတ် အပြီး ပထမ အကြိမ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၉၃၆ ခုနှစ် မေလ ၈ ရက်တွင် ဗကသကို စတင် ဖွဲ့စည်းခဲ့ကြသည်။ ပထမဆုံး ဗကသ ဥက္ကဋ္ဌမှာ ကိုရာရှစ်ဖြစ်ပြီး၊ ဒုတိယ ဥက္ကဋ္ဌမှာ ကိုအောင်ဆန်း ဖြစ်သည်။

စစ်အာဏာ သိမ်းမှုကို ဆန့်ကျင် အုံကြွခဲ့သည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေး ကောင်စီက ပစ်ခတ် နှိမ်နင်းခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ခွဲ၍ ဖြိုချ ဖျက်ဆီးခဲ့သည်။ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကိုလည်း ပိတ်ပင်ခဲ့ရာ ယခုအချိန်ထိ ဗကသ သည် မြေအောက်အဖွဲ့အစည်း အသွင်ဖြင့် ရပ်တည်ခဲ့ရသည်။

ဗကသသည် ၁၉၈၈ သြဂုတ်လ ၂၈ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ဦးဆောင်ကာ ဗကသ ပြန်လည်ဖွဲ့စည်းရေးနှင့် တရားဝင်ရပ်တည်နိုင်ရေး ကျောင်းသားထု အစည်းအဝေးကို သတ္တမ ကွန်ဂရက်အဖြစ် ကျင်းပခဲ့ကြသေးသည်။

သို့သော် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းပြီး နောက်ပိုင်း ဗကသ ကျောင်းသား ခေါင်း ဆောင်တချို့ ပြည်ပသို့ တိမ်းရှောင်ခဲ့ကြရပြီး ပြည်တွင်း၌ ကျန်ရှိခဲ့သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှာလည်း ယခုအချိန်အထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြရသည်။

ထို့နောက် မျိုးဆက်သစ် ဗကသ ခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း တို့မှာလည်း ၂၀၀၇ စက်တင်ဘာ အရေးအခင်း အပြီးတွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားကြရသည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

No comments:

Post a Comment