Pages

Subscribe

Wednesday 7 July 2010

ဂွမြို့နယ်တွင် နိုင်ငံသား စိစစ်ရေးကတ် မလုပ်နိုင်သူ များပြား

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် အာဏာပိုင်များက နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ် ပေးနေ သော်လည်း စရိတ် မတတ်နိုင်သူ ဒေသခံ အများအပြား ရှိနေကြောင်း သိရသည်။

ဂွမြို့နယ် လူဝင်မှု ကြီးကြပ်ရေးက အဖွဲ့ ၂ ဖွဲ့ခွဲပြီး မြို့ပေါ်နှင့် ကျေးရွာများအထိပါ အသက် ၁၈ နှစ် ပြည့်ပြီးသူများနှင့် နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသူများအတွက် သွားရောက်လုပ်ကိုင်ပေးနေသော်လည်း ကုန်ကျငွေ ကျပ် ၁၀၀၀ ကို မတတ်နိုင်ခြင်း၊ အလုပ်ခွင် အခက်အခဲရှိခြင်းတို့ကြောင့် လာရောက်မလုပ်သူ အများအပြားရှိနေသည်ဟု ကျေးရွာ ရယက လူကြီးတဦးက ပြော သည်။

“နိုင်ငံသား စိစစ်ရေးကတ်ဖိုး ၁၀၀၀ လည်း မတတ်နိုင်ဘူးတဲ့။ တနေကုန်လာစောင့် လုပ်ရမှာဆိုတော့ အလုပ်ပျက်ရင် နေ့တွက် ပိုက်ဆံမရဘူးဆိုပြီး နယ်ပိုင်းက လူတွေ လာမလုပ်ကြဘူး။ မှတ်ပုံတင် လုပ်ရမယ့် လူစာရင်း တဝက်လောက် ကျန်နေတယ်” ဟု အဆိုပါ ရယက လူကြီးက ပြောသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြား တခုအတွက် ပုံမှန် ကုန်ကျစရိတ်မှာ ကျပ် ၄၀၀၀ ဖြစ်သော်လည်း ငွေကြေး မတတ်နိုင်ကြ သော ကြောင့် ကျပ် ၁၀၀၀ အထိ လျှော့ချထားခြင်း ဖြစ်ကြောင်း၊ ဒေသခံများမှာ အခြေခံ လက်လုပ်လက်စားများ ဖြစ်၍ ထို ကုန်ကျ စရိတ် ကိုပင် မတတ်နိုင်ကြကြောင်း သိရသည်။

“တရက်လုပ်ခ ၁၅၀၀ ပဲ ရတာ။ အဲဒီအထဲက ၁၀၀၀ ပေးပြီး လုပ်ရမယ်၊ အလုပ်လည်း ပျက်မယ်ဆိုရင် ထမင်းငတ်ရုံပဲ”ဟု ကုန်တင် ကုန်ချ အလုပ်သမားတဦးက ပြောသည်။

နိုင်ငံသား စိစစ်ရေးကတ်အပြင် အသစ်ရွှေ့ပြောင်း ရောက်ရှိလာသူများအတွက်လည်း ယာယီကတ်ပြားများ ထုတ်ပေးနေပြီး ထိုကတ်ဖြင့်လည်း မဲပေးနိုင်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်ထဲတွင် နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် ယာယီကတ်ပြား မရှိသော အသက် ၁၈ နှစ်နှင့် အထက် လူဦးရေ အများအပြား ရှိနေသေးကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတဦးက ပြော သည်။

“၂၀၀၈ ခုနှစ်တုန်းက တခါ မြို့နယ်တွေကို စီမံချက်ချပြီး လုပ်ပေးရတယ်။ အဲဒီတုန်းကလည်း အခုလိုပဲ လာမလုပ်တဲ့သူ များတယ်။ လာမလုပ်ပေမယ့် ကျနော်တို့က နောက်တနေရာကို ရွှေ့ရတော့မယ်”ဟု အဆိုပါ ဝန်ထမ်းက ဆိုသည်။

ဧရာဝတီသတင်းထောက် ကိုဗေဒါ ရေးသားသည်။

No comments:

Post a Comment