Pages

Subscribe

Wednesday 7 July 2010

ဂက်စ်ငွေက စစ်အစိုးရ နျူစီမံကိန်းအတွက် အထောက်ကူပြုဟု အစီရင်ခံစာ ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုတယ်လ်နှင့် ရှက်ဗရွန် ကုမ္ပဏီတို့ ဦးဆောင်ပြုလုပ်ခဲ့ကြသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ စစ်အစိုးရအနေဖြင့် အမြတ်အစွန်းများစွာ ရရှိလာခဲ့ပြီး ၎င်းတို့၏ နျူကလီးယား လျှို့ဝှက်စီမံကိန်းတွင် အသုံးချနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ERI ၏ တနင်္လာနေ့ထုတ် အစီရင်ခံစာက ဆိုသည်။

Earth Rights International - ERI သည် အမေရိကန် တရားရုံးများက ယူနိုကယ်လ် (ယခု ရှက်ဗရွန်) ကို မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုတို့တွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သည့် အန်ဂျီအို အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ထဲတွင်လည်း ERI က စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများဖြစ်သည့် ဘီလီယံနှင့်ချီသော ဒေါ်လာငွေများကို စင်္ကာပူနိုင်ငံရှိ ဘဏ်များတွင် လျှို့ဝှက်ဘဏ်အကောင့်များဖွင့်၍ ဝှက်ထားခဲ့သည်ဟုလည်း စွပ်စွဲခဲ့သေးသည်။

တနင်္လာနေ့တွင် ထုတ်ပြန်သည့် ERI အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများအား နိုင်ငံတော် ဘတ်ဂျက်များတွင် မထည့်သလို နိုင်ငံသားများအတွက်လည်း အသုံးမပြုဘဲ စင်္ကာပူရှိ ဘဏ်များတွင် သိမ်းဆည်းထားကြောင်း ထပ်မံဖော်ပြထားသည်။

ပြီးခဲ့သည့်လအတွင်း နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ၏ သတင်းတပုဒ်တွင် မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ရာမှ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ တင်ပြချက်များကို ကိုးကား၍ စစ်အစိုးရသည် အထီးကျန် အာဏာရှင်နိုင်ငံ မြောက်ကိုရီးယား၏ ကင်ဂျုံအီး အစိုးရထံမှ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများ ရရှိရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်ကို ရည်ညွှန်း၍ ERI က ရေးသားသည်။

အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့မှ ရရှိလာသော အမြတ်အစွန်းများအား ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် မသုံးစွဲဘဲ အာဏာတည်မြဲရေးအတွက် အကုန်အကျများလှသော နျူကလီးယား အစီအစဉ်ကို ချမှတ်ကာ မြောက်ကိုရီးယားနှင့် တရားမဝင် နျူကလီးယားရေးရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အသုံးပြုခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုလည်း ထိခိုက်စေသည်ဟု ဆိုထားသည်။

ERI သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် နိုင်ငံတကာ ကုမ္ပဏီများအား နှစ်ရှည်လများ တရားစွဲဆိုခဲ့ရာတွင် ပြုစုခဲ့သည့် အချက်အလက် အထောက်အထားများနှင့် သဘာဝဓာတ်ငွေ့ နောက်ဆုံးဈေးနှုန်းများကို ကိုးကား၍ “တိုတယ်လ်၊ ရှက်ဗရွန်နှင့် PTTEP ကုမ္ပဏီများက စစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘဏ္ဍာရေး လျှို့ဝှက်မှု၊ နျူကလီးယား ပြန့်ပွားမှုတို့ကို အထောက်အကူပြုနေပုံ” ဟူသည့် အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ပြင်သစ် တိုတယ်လ်ကုမ္ပဏီ၊ အမေရိကန် ရှက်ဗရွန်ကုမ္ပဏီတို့နှင့် ဖက်စပ် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှနေ၍ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရရှိခဲ့ရာ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄၁၆ သန်းခန့် ရရှိခဲ့သည်ဟု ဆိုသည်။

စင်္ကာပူမှ Overseas Chinese Banking Corporation (OCBC) နှင့် DBS ဘဏ်တို့ကို သဘာဝဓာတ်ငွေ့မှ ရရှိသော စစ်အစိုးရ၏ ငွေကြေးများအား လက်ခံထိန်းသိမ်းပေးထားသည်ဟု ERI က ပြီးခဲ့သည့်နှစ်ထဲတွင် စွပ်စွဲခဲ့ရာ ဘဏ် ၂ ခုလုံးက ငြင်းပယ်ခဲ့သည်။ သို့သော် ERI ကမူ ထိုဘဏ်များသည် သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ ရရှိသော စစ်ဗိုလ်ချုပ်များ၏ ဘီလီယံနှင့်ချီသော ငွေများအား လက်ခံထိန်းသိမ်းထားပြီး စစ်အစိုးရသည် ထိုငွေများကို နျူကလီးယားနှင့် ဒုံးကျည် စီမံကိန်းများ အပါအဝင် ရည်ရွယ်ချက်များစွာအတွက် အသုံးချဖွယ်ရာ ရှိသည်ဟု ဆိုသည်။

စစ်အစိုးရကို ပေးရသည့် ငွေပမာဏကို တိုတယ်လ်နှင့် ရှက်ဗရွန်က ထုတ်ဖော်ပြောရန် ငြင်းဆန်

ERI ၊ အမေရိကန် ပြည်ထောင်စု ဖက်ဒရေးရှင်းအဖွဲ့၊ AFLCIO ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၊ Global Witness ၊ အခြားအဖွဲ့အစည်းများစွာနှင့်အတူ ကမ္ဘာမှ လေးစားလောက်သော ခေါင်းဆောင်များဖြစ်သည့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik ၊ အိုင်ယာလန် သမ္မတဟောင်း Mary Robinson တို့က တိုတယ်လ်နှင့် ရှက်ဗရွန် ကုမ္ပဏီတို့က စစ်အစိုးရထံ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် ပေးသွင်းရသည့် ငွေပမာဏကို ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ကုမ္ပဏီများက ငြင်းဆန်ခဲ့ကြသည်။ ကုမ္ပဏီများသည် ပေးရသည့် ငွေပမာဏကို ထုတ်ဖော်ပြောသည့် အလေ့အထ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။

“သဘာဝ အရင်းအမြစ်တွေက ရတဲ့ဝင်ငွေတွေကြောင့် စစ်အာဏာရှင်တွေဟာ ပိုပြီး ဆိုးလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားတွေကြောင့် အဲဒီကုမ္ပဏီတွေကို ငွေကြေးကဏ္ဍ အသေးစိတ် ထုတ်ပြန်ပေးဖို့ တောင်းဆိုရတာပါ။ တိုတယ်လ်၊ ရှက်ဗရွန်နဲ့ PTTEP ကုမ္ပဏီတွေဟာ အနည်းဆုံး အဲဒီလို ထုတ်ပြန်ပေးရုံလောက်တော့ လုပ်သင့်ပါတယ်။ သူတို့မှာ လုပ်နိုင်စွမ်းလည်း ရှိပါတယ်” ဟု ERI ၏ သုတေသန အဖွဲ့ဝင် Matthew Smith က ပြောသည်။

ပိုက်လိုင်းတဝိုက် ဒေသတွင် မွန်လူမျိုး ရွာသား ၂ ဦး အသတ်ခံရမှု

တိုတယ်လ်နှင့် ရှက်ဗရွန်တို့ လုပ်ကိုင်နေသော ဧရိယာ တဝိုက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု ဆိုသော်လည်း ERI ကမူ ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်ရန် တာဝန်ယူထားသည့် ခြေမြန်တပ်ရင်း ၂၈၂ မှ တပ်သားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေဆဲဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလက ပိုက်လိုင်းအနီးရှိ ကျေးရွာမှ မွန်လူမျိုး ရွာသား ၂ ဦးကို စစ်သားများက သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ခြေမြန်တပ်ရင်း ၂၈၂ က ရွာသားများကို သတ်ဖြတ်သွားကြောင်း ရွာသားတဦးက ERI ကို ပြောပြခဲ့သည်။

သူက “အမိန့်ပေးတဲ့ အရာရှိကတော့ ဗလေး (ခေါ်) ညီညီစိုးပါ။ သူတို့က အသတ်ခံရတဲ့ ရွာသား ၂ ယောက်ကို မွန်လက်နက်ကိုင်တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ သံသယဖြစ်ပြီးတော့ မေးခွန်းတွေ မေးပါတယ်။ တညမှာတော့ အဲဒီ့ရွာသား ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက်နေ့မှာတော့ စစ်သားတွေက ရွာထဲကို တွင်းတူးတဲ့ ကိရိယာတွေ ယူဖို့အတွက် လာပါတယ်။ နောက်ပိုင်းမှာတော့ အဖမ်းခံထားရတဲ့ ရွာသား ၂ ယောက်လုံး အသတ်ခံလိုက်ရတယ်ဆိုတာ ကျနော်တို့ သိလိုက်ရပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစ၍ ယခုနှစ်ဦးပိုင်းအထိ ERI သည် စီမံကိန်းဒေသအတွင်း ဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြပ်သော တပ်သားများအတွက် ရွာသားများအား အတင်းအဓမ္မ ပေါ်တာထမ်းခိုင်းမှုများကို စစ်တပ်မက ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် စာရင်းပြုစုခဲ့သည်။

တိုတယ်လ်၏ အထူးနယ်မြေ တာဝန်ဇုန်တွင် နေထိုင်သော ရွာသားတဦးက ERI ကို ပြောပြရာတွင် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက တညနေတွင် စစ်သား ၂၀ ခန့် ဇင်းဘာရွာသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

သူက “စစ်သားတွေ ဘာလုပ်ဖို့ ရောက်လာတယ် ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမဲ့ ရွာသားတယောက်ကတော့ စစ်သားတွေစားဖို့ ဆိတ်တကောင် အတင်းအတောင်းခံရလို့ ပေးလိုက်ရတယ်။ နောက်နေ့ စစ်သားတွေ ပြန်သွားတဲ့အခါ ရွာသားတယောက်ကို ခေါ်သွားတယ်။ တောလမ်းကနေ မိချောင်းလောင်းရွာကို သွားကြတာ။ တညကြာတယ်။ နောက်နေ့ကျတော့ သူ့ကို ပြန်လွှတ်လိုက်တယ်” ဟု ဆိုသည်။

စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲခဲ့ကြောင်း ရွာသားတဦးကလည်း လူ့အခွင့်အရေးအဖွဲ့တခုကို ပြောပြခဲ့သည်။

“၂၀၀၉ ခုနှစ်နှောင်းပိုင်း သီးနှံရိတ်သိမ်းချိန်လောက်ကပေါ့။ ခမရ ၄၁၀ က တပ်သား ၂၅ ယောက်လာက် ရွာကို လာပြီးတော့ ရွာလူကြီးကို ပေါ်တာဆွဲဖို့အတွက် ရွာသား ၃ ယောက် ပေးဖို့ ပြောတယ်။ အဲဒီ ပေါ်တာထမ်းသမားတွေဟာ စစ်သားတွေရဲ့ အထုပ်အပိုးတွေ၊ စားနပ်ရိက္ခာတွေကို ထမ်းပေးရတဲ့အပြင် လမ်းပါ ပြရသေးတယ်။ စစ်သားတွေဟာ လက်နက်ကိုင် ရန်သူတွေရဲ့ အခြေအနေတွေကို စစ်ဆေးဖို့ တောထဲကို သွားကြတယ်။ အဲဒီနေရာဟာ တိုတယ်လ်ရဲ့ ပိုက်လိုင်းနဲ့ သိပ်မဝေးပါဘူး။ ပေါ်တာပါသွားတဲ့ လူတွေ ၅ ရက်လောက်နေမှ ပြန်ရောက်လာတယ်။ လာတိုင်း ပေါ်တာ လာဆွဲနေတော့တာပဲ” ဟု သူက ပြောသည်။

ERI အစီရင်ခံစာထဲတွင် ဥပဒေကို ဆန့်ကျင်၍ အဓမ္မ မြေသိမ်းပိုက်မှုများ အကြောင်းလည်း ပါရှိသည်။ ERI ၏ သုတေသန မှတ်တမ်းများအရ ထိုကဲ့သို့ မြေသိမ်းမှုများအား တိုတယ်လ်၏ ငွေကြေးအကူအညီဖြင့် ဒေသအာဏာပိုင်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အစီအစဉ် အစိတ်အပိုင်းတရပ်အနေဖြင့် သိမ်းယူခြင်းဖြစ်ပြီး လုံလောက်သော လျော်ကြေးပေးမှုမျိုး မရှိဘဲ သိမ်းယူခြင်း ဖြစ်သည်။

ရွာသားများ၏ ပြောပြချက်အရ အာဏာပိုင်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အစီအစဉ်သည် ဒေသတွင်း၌ အမှန်တကယ် ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိဘဲ မယောင်ရာ ဆီလူးနေခြင်းသာ ဖြစ်သည်ဟု သိရသည်။

ဇင်းဘာ ရွာသားတဦးက “သူတို့က ရွာထဲက ဧရိယာ နည်းနည်းမှာပဲ ရွာသားတွေ စိုက်ပျိုးခွင့်၊ လယ်လုပ်ခွင့် ပေးတယ်။ ဧရိယာ တော်တော်များများကို သစ်တောထိန်းသိမ်းဖို့၊ သစ်ပင်စိုက်ပျိုးဖို့ဆိုပြီး သူတို့ သတ်မှတ်လိုက်တဲ့အထဲမှာ ရွာသားတွေရဲ့ လယ်မြေတွေ တော်တော်များများ ပါသွားတယ်။ ကျနော်သိတဲ့ ရွာသားတယောက်ဆိုရင် သူ့ရဲ့ သီဟိုဠ်စေ့ပင် စိုက်တဲ့ လယ် ၆ ဧက လောက် ပါသွားတယ်’’ ဟု ပြောသည်။

ထိုဒေသရှိ ဆင်းရဲသော ရွာသူရွာသားများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ်တွင် မှီခိုနေကြရသူများ ဖြစ်သဖြင့် သူတို့၏ လယ်မြေများ အသိမ်းခံရပါက ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ERI အစီရင်ခံစာက ဆိုသည်။

ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိသည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ERI ၏ စနစ်တကျ ပြုလုပ်ထားသော အစီရင်ခံစာများ ထွက်ပေါ်လာနေသော်လည်း တိုတယ်လ်နှင့် ရှက်ဗရွန်တို့ကမူ ခေါင်းမာနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်မေလက ပြုလုပ်ခဲ့သည့် ရှက်ဗရွန်၏ ရှယ်ယာပိုင်ရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင် Global Exchange လူ့အခွင့်အရေးအဖွဲ့ (ရှက်ဗရွန်) အစီအစဉ်၏ ဒါရိုက်တာ Antonia Juhasz သည် အလုပ်အမှုဆောင်အဖွဲ့ကို ကုမ္ပဏီ၏ လူ့အခွင့်အရေးလိုက်နာမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ အကျပ်ဆိုက်စေမည့် မေးခွန်းများ မေးမိသဖြင့် သူမသည် အခြားလူ့အခွင့်အရေး လှုပ်ရှားသူများနှင့်အတူ ထောင်ထဲတွင် တညတာ ကုန်ဆုံးခဲ့ရသည်။

လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ တိုတယ်လ်၏ အပြုအမူများသည်လည်း တိုးတက်လာဖွယ် မရှိပေ။ တိုတယ်လ် အကြီးအကဲဖြစ်သူ ဘီလျံနာ Christope de Margeriem ၏ နယူးစ်ဝိခ် မဂ္ဂဇင်းနှင့် ပြီးခဲ့သည့်နှစ်က အင်တာဗျူးတွင် မြန်မာနိုင်ငံတွင်း၌ တိုတယ်လ်၏ လုပ်ဆောင်မှုများကို ဝေဖန်နေသူများက သူ့အား ဒေါသထွက်စေသည်ဟုဆိုကာ ထိုကဲ့သို့ ဝေဖန်သူများကို ငရဲကို သွားကြဟု အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တိုတယ်လ် ကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်း အနီးတဝိုက်ရှိ ဒေသခံများသာ ထိုစကားကို သိရှိလျှင် “ငါတို့ကတော့ ငရဲခံနေရတာ ကြာပြီ” ဟု တုံ့ပြန်ဖြေဆိုကောင်း ဖြေဆိုပေလိမ့်မည်။

မဇ္ဈိမသတင်းထောက် သောမတ်စ်မောင်ရွှေ ရေးသားသည်။

No comments:

Post a Comment