Pages

Subscribe

Thursday 8 July 2010

မြန်မာနှင့် ဆက်စပ်မည့် ရထားလမ်း ကုဋေ ထောင်ချီ အကုန်ကျခံ တည်ဆောက်မည်

မြန်မာနိုင်ငံ ဆက်စပ်နိုင်မည့် ရထားလမ်း တလမ်းကို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ကုဋေထောင်ချီ အကုန်အကျခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ထုတ်ဖေါ်ပြောကြားသည်။

အဆိုပါ ရထားလမ်းမှာ စစ်တကောင်းမြို့ တောင်ဘက်ပိုင်းတွင် တည်ရှိသော ဒူဟာဇာရီမှ ကော့ဘဇား ခရိုင် အတွင်းရှိ မြန်မာနယ်စပ် အနီး ခေါင်းတုံး-တောင်ပြိုထိ ဖေါက်လုပ်သွားမည် ဖြစ်သည်။

တောင်ပြိုမြို့မှာ မောင်တောမြို့ မြောက်ဘက် ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ရှိပြီး ယခုအခါ မြို့နယ်ခွဲ အဖြစ် သတ်မှတ်ခံထားရသော မြန်မာနိုင်ငံ၏ မြို့ တစ်မြို့ ဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်သော ဘင်္ဂလာဒေခ်ျ့ အမျိုးသား စီးပွားရေး ကောင်စီ အစည်းအဝေးတွင် အဆိုပါ ရထားလမ်း ဖေါက်လုပ်ရေး အတွက် ဘင်္ဂလာ တာကာငွေ ၁၈၅၂ ကုဋေ အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ငွေပမာဏကို အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အဆိုပါ ရထားလမ်းကို ယခုလတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်သည်။

အဆိုပါ ရထားလမ်းကို ဖေါက်လုပ်နိုင်ခြင်း ဖြင့် အာရှ ရထားလမ်းမကြီးနှင့် ဆက်စပ်နိုင်မည် ဖြစ်ပြီး အရှေ့အနောက် ကုန်သွယ်ရေး လုပ်ငန်းကို မြှင့်တင်နိုင်ရန် ဘင်္ဂလာဒေခ်ျ့မှ ရည်ရွယ်ထားကြောင်း အရာရှိ တဦးက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင်လည်း စစ်အစိုးရမှ စစ်တွေ-မင်းဘူး-အမ်းရထားလမ်းကို တည်ဆောက်နေပြီး ယခုအခါ အပိုင်းလိုက် ပြီးစီး နေပြီး ဖြစ်သည်။ သို့သော်လည်း အဆိုပါ ရခိုင်ပြည်နယ် အတွင်း ဖေါက်လုပ်နေသော ရထားလမ်းကို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဖေါက်လုပ် နေသော ရထားလမ်းနှင့် ဆက်စပ်မည် မဆက်စပ်မည် ဆိုသည်ကို နအဖ စစ်အာဏာပိုင်များက ယခု အချိန်ထိ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာများ အပါအ၀င် ချစ်ကြည်ရေး ကားလမ်းဖေါက်လုပ်ရေး၊ တရုတ်- မြန်မာ- ဘင်္ဂလာဒေခ်ျ့ လမ်းဖေါက်လုပ်ရေး အတွက် လွန်ခဲ့သော ဘီအန်ပီ အစိုးရ လက်ထက် ကတည်းက စပြီး မြန်မာ စစ်အစိုးရနှင့် သဘောတူ လက်မှတ်များ တသီတတန်းကြီး ရေးထိုးခဲ့သည်။

သို့သော်လည်း မြန်မာက ပူးပေါင်းဆောင်ရွက်ရန် တက်ကြွမူ မရှိသဖြင့် ယခုအချိန်ထိ အဆိုပါ လမ်းများကို ဖေါက်လုပ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

မောင်တော မြို့မှ နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးက သူအမြင်ကို ယခုကဲ့သို့ ပြောသည်။

“ ဘင်္ဂလာဒေခ်ျ့ အစိုးရက မြန်မာ စစ်အစိုးရကို ချော့မော့ ဆက်ဆံရင် သူတို့ အတွက် အကျိုး အမြတ်တွေ ရနိုင်တယ်လို့ ယူဆ ထားကြပုံ ရပါတယ်။ ဒါကြောင့်လည်း မြန်မာနဲ့ သင့်တင့်အောင် ပေါင်းပြီး ချစ်ကြည်ရေး ကားလမ်း ဖေါက်လုပ်ရေး ကိစ္စ အတွက် တက်လာတဲ့ ဘင်္ဂလာ အစိုးရတိုင်းက ပြောဆို ဆွေးနွေး နေတာတွေ ရှိပါတယ်။ မြန်မာဘက် ကလည်း သဘောတူပါတယ်။ လုပ်ပါ။ ကတိတွေ ပေးတယ်။ လက်မှတ်တွေ ရေးထိုးတယ်။ ဒါပေမယ့် ၁၀ နှစ်ကျော်ရှိလာပြီ ဖြစ်ပေမယ့် ခုချိန်ထိ ဘာမှ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်တာ မရှိသေးဘူး။ မြန်မာ နအစ စစ်အစိုးရက လမ်းကောင်းရင် ဘင်္ဂလီကုလားတွေ ပိုဝင်လာမယ် ဆိုပီး ဘူးသီးတောင်- မောင်တောကားလမ်းကိုတောင်မှ မလုပ်ဘဲ ဒီအတိုင်း ပစ်ထားတယ်ဆိုတော့ ဘင်္ဂလာနဲ့ ရထားလမ်း ကားလမ်းကို ဘယ်လို လုပ်ပြီး ဖေါက်လုပ် မှာလဲ။ နအဖ စစ်အစိုးရရဲ့ အတွင်း သဘောထားကို မသိတော့ ဘင်္ဂလာ အစိုးရက ကားလမ်း ဖေါက်မယ်၊ ရထားလမ်း ဖေါက်မယ် ဆိုပီး တဘက်သတ် တကဲကဲ ဖြစ်နေတာ ဖြစ်ပါတယ်။”

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် “ အရှေ့ကြည့် ပေါ်လစီ” အရ မြန်မာကို ဖြတ်ပြီး ကားလမ်း ရထားလမ်း ဖေါက်လုပ်ကာ တရုတ်နှင့် အာစီယံ နိုင်ငံများနှင့် ကုန်သွယ်ရေး တိုးမြှင့် လိုနေရာ ယခု ရထားလမ်းမှာလည်း အဆိုပါ ပေါ်လစီ၏ တစိတ်တပိုင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် ထွန်းထွန်း ရေးသားသည်။

No comments:

Post a Comment