Pages

Subscribe

Thursday 8 July 2010

ကိုအေးလွင် ပါတီကို အလှူခံမှုနှင့် တရားစွဲရန်ပြင်ဆင်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (အရှေ့ပိုင်း ခရိုင်) အာဏာပိုင်များက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု ၎င်းပါတီ၏ တာဝန်ရှိသူ တဦးက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်ရှိ ဈေးတခုတွင် ယင်းပါတီအတွက် ရန်ပုံငွေများ အလှူခံခဲ့ရာ စည်ပင်သာယာ နည်းဥပဒေနှင့် တရားစွဲဆိုရန် ယမန်နေ့က ဆင့်ခေါ်ထားကြောင်း ပါတီ အဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် ကိုအေးလွင်က ဧရာဝတီ သို့ ပြောသည်။

“ကိုအောင်မင်းသူက ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီကို ဦးဆောင်တယ်၊ သူတို့သွားပြီးတော့ အလှူခံ တယ်၊ အဲဒီ အလှူခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စည်ပင်သာယာ နည်းဥပဒေ ၃၃ အရ စည်ပင်သာယာ ဈေးတွေထဲမှာ အလှူခံခွင့် မရှိဘူး ဆိုပြီးတော့ ဆင့်ခေါ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်း ဆင့်ခေါ်သည့်စာကို ရပ်ကွက် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ (ရယက)မှ တဆင့် ပေးပိုမည် ဖြစ်ကြောင်း သိရ သည်။ စည်ပင်သာယာ နည်း ဥပဒေ ပုဒ်မ ၃၃ ဆိုသည်မှာ ဈေးနယ်နိမိတ် အတွင်း အာဏာပိုင်များ၏ ခွင့်ပြုချက် မရဘဲ အလှူခံ ခြင်း၊ ဈေးကောက် ကောက်ခြင်း စသည်တို့ ဖြစ်ကြောင်း သိရသည်။

ဦးအေးလွင်က ဆင့်ခေါ်သည့် ကိစ္စနှင့် ပတ်သက်၍ ဥပဒေ နှင့် ညီမညီ ပြန်လည် စဉ်စားရမည်ဖြစ်ကြောင်း ပြောသည်။

“စည်ပင် နည်း ဥပဒေ ၃၃ ဆိုတာက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ကျော်သွားသလား၊ လွှမ်းမိုးသလား၊ အဲဒါကို လည်း ကျနော်လည်း ကြည့်ဦးမယ်၊ လွှမ်းမိုးတယ်ဆိုရင်တော့ ကျနော်တို့ သွားရမှာပေါ့၊ မလွှမ်းမိုးဘူး ဆိုရင်တော့ ကျနော်တို့ သွားစရာ မလိုဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပါတီများကို ထောက်ပံ့ပေးလိုသူများ အနေဖြင့် အများပြည်သူများက လှူဒါန်းနိုင်ကြောင်း၊ နိုင်ငံရေး ပါတီများကလည်း ယင်း အလှူငွေများကို ကောက်ခံခွင့်ရှိကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပေဒေ ပုဒ်မ ၁၅ အပိုဒ်ခွဲ (က) တွင် ဖော်ပြ ထားသည်။

နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသော ဥပေဒေ ပုဒ်မ ၁၅ အပိုဒ်ခွဲ (က) တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြည်တွင်းရှိ နိုင်ငံသား တဦးချင်းက ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ အစုအဖွဲ့က ဖြစ်စေ ၎င်းတို့ တရားဝင် ရရှိထားသော ငွေကြေး ပစ္စည်းများထဲမှ ပါတီသို့ ငွေကြေး သို့မဟုတ် ပစ္စည်း တို့ကို လှူဒါန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ၀င်များက စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များတွင် ရွေးကောက်ပွဲ ရန်ပုံငွေဟု ဆိုကာ ငွေများ ကောက်ခံခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ရရှိရေး ၀န်ဆောင်မှုများကို လွန်ခဲ့ သည့် တပတ်ခန့်က စတင်ပြု လုပ်ပေးနေကြောင်း သိရသည်။

USDA လုပ်ဆောင်မှုများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဧပြီလ ၂၉ ရက်မှစ၍ မှတ်ပုံတင်ခဲ့သည့် ပြည် ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွက် စည်းရုံးနေခြင်းဖြစ်ပြီး ရန်ပုံငွေများ ကောက်ခံခြင်းမှာလည်း ၄င်းတို့အတွက် ကောက်ခံခြင်းများ ဖြစ်နိုင်သည် ဟု ဒေသခံများက ပြောသည်။

USDA သည် အစိုးရကျောထောက်နောက်ခံပြုထားသော အသင်းဖြစ်သည်။ USDA အသင်းပိုင်ပစ္စည်း များသည် နိုင်ငံတော်ပိုင် ပစ္စည်းများပင်ဖြစ်ခြင်းကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို USDP ပါတီကသာ သုံးစွဲပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိအချို့က ဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီးများ၊ အရာရှိကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ USDPပါတီကို တည် ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း သည် လည်း USDA အသင်း၏ ခေါင်းဆောင် တဦးဖြစ်သည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

No comments:

Post a Comment