Pages

Subscribe

Thursday 1 July 2010

ရန်ကုန် လေဆိပ်အခွန် (၆) ဆ ထပ်တိုး

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်အခွန်အဖြစ် ဖြတ်သန်းခ (၅၀၀) ကျပ် ကောက်ခံနေသည်ကို ဇူလိုင် (၁) ရက် ယနေ့မှစ၍ (၃,၀၀၀) ကျပ် တိုးမြှင့်ကောက်ခံသွားတော့မည်ဟု လေကြောင်းပို့ဆောင်ရေးကုမ္ပဏီတို့ထံမှ သိရသည်။

ယခု ထပ်မံတိုးမြှင့်ကောက်ခံသည့် လေဆိပ်အခွန်သည် မြန်မာနိုင်ငံသား ခရီးသွားများနှင့်သာ သက်ဆိုင်ပြီး နိုင်ငံခြားသား ခရီးသည်များထံမှ ကောက်ခံသည့် လေဆိပ်အခွန်မှာမူ ပုံမှန်အတိုင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်) မှ ဝန်ထမ်းတဦးက ပြောကြားသည်။

၎င်းက “နိုင်ငံခြားသား ခရီးသည်တွေကို အရင်က ကောက်နေတဲ့ ဒေါ်လာ (၁၀) အတိုင်း မပြောင်းလဲပါဘူး။ မြန်မာပြည်သားတွေရဲ့ လေဆိပ်အခွန်က အခု ထပ်တိုးတဲ့ နှုန်း (၃,၀၀၀) ကျပ်ဆိုတာက (၃) ဒေါ်လာပဲ ကျပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယင်းသို့ လေဆိပ်အခွန် ထပ်မံတိုးမြှင့်ရခြင်းမှာ ဆိုက်ရောက်/ထွက်ခွာဌာနများတွင် ဒီဂျီတယ် စစ်ဆေးစက်အသစ်များ တပ်ဆင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေကြောင်းကုမ္ပဏီတို့က ပြောသည်။

လေဆိပ်အခွန် တိုးမြှင့်လိုက်သည့်အတွက် လေကြောင်းလိုင်းများ အပြိုင်အဆိုင် ဖြစ်လာနိုင်ပြီး အိမ်နီးချင်းနိုင်ငံများသို့ ဘုရားဖူးခရီးစဉ် သွားရောက်သူ မြန်မာနိုင်ငံသားများအား ပိုမိုဆွဲဆောင်နိုင်ရန် လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီများက ဝန်ဆောင်မှုများ ထပ်မံလုပ်ဆောင်ရန် လိုအပ်လာကြောင်း အမ်အေအိုင်လေကြောင်းမှ အဆိုပါဝန်ထမ်းက ပြောသည်။

“ထိုင်းအဲလိုင်း ကုမ္ပဏီတွေကဆိုရင် ဘုရားဖူး ခရီးစဉ်တွေရဲ့ သတ်မှတ်ဈေးနှုန်းထဲမှာ လေယာဉ်လက်မှတ်ဖိုး၊ ဟိုတယ်တည်းခိုခ၊ အစားအသောက်၊ အကြိုအပို့တို့သာမကဘဲ ဒီ airport tax (လေဆိပ်အခွန်) ကိုလည်း သူတို့က ဝန်ဆောင်မှု ပေးထားတယ်။ တချို့အဲလိုင်းတွေက ဗီဇာဝန်ဆောင်မှု၊ ဧည့်လမ်းညွှန်စာအုပ်၊ ဖျော်ဖြေရေး၊ စီမံရေးရာ ဝန်ဆောင်ခတို့၊ လေကြောင်းအာမခံတို့ ပါပေမယ့် airport tax ကို ခရီးသည်တွေက ပေးရတယ်။ ဒါကြောင့် အဲဒီဝန်ဆောင်ခတွေနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသား ခရီးသွား (၂.၅) သိန်းကျော် လာရောက်လည်ပတ်မှုရှိခဲ့ကြောင်း သိရသည်။

အမ်အေအိုင်နှင့် အခြားနိုင်ငံခြား လေကြောင်းပို့ဆောင်ရေးကုမ္ပဏီ (၁၃) ခုတို့က ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဗီကျင်း၊ ကူမင်၊ ကွမ်ဇို (Guangzhou)၊ ကာလကတ္တား၊ ချင်းမိုင်၊ ထိုင်ဝမ်၊ ဒိုဟာ (Doha) နှင့် ဟနွိုင်းမြို့သို့ ပျံသန်းနေကြသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

No comments:

Post a Comment