Pages

Subscribe

Thursday 1 July 2010

ကလေးမြို့တွင် ရွေးကောက်ပွဲ ရန်ပုံငွေကောက်

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ရွေးကောက်ပွဲ ရန်ပုံငွေဟု ဆိုကာ ငွေများ ကောက်ခံခြင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ၀င်များက နိုင်ငံသား စိစစ်ရေးကတ် ရရှိရေး ၀န်ဆောင်မှုများ စတင်ပြုလုပ် နေကြောင်း သတင်းရရှိသည်။

ကလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာ ရယကနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများက ယခုနှစ်အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရန်ပုံငွေဟုဆိုကာ တအိမ်တက်ဆင်း ငွေများ လိုက်လံကောက်ခံနေသည်ဟု ဒေသခံများကဆိုသည်။

“၂ ရက်လောက်ရှိပြီ၊ လာမယ့် ရွေးကောက်ပွဲအတွက် ရန်ပုံငွေ အလှူခံတာလို့ပဲ ပြောတယ်၊ စေတနာရှိသလောက်လို့ပြောပြီး ကျပ် ၃၀၀ မျိုး ၅၀၀ မျိုးလိုက်ကောက်တာ၊ ကြံ့ဖွံ့ပါတီအတွက်လို့ မပြောပေမယ့် ဒီလူတွေက အရင်က ကြံ့ဖွံ့အသင်းဝင်တွေလေ၊ ကျနော် တို့ကတော့ မထည့်ရင်လည်း စကားရှည်နေမှာမို့ ပြီးပြီးရောဆိုပြီးပဲ ထည့်လိုက်တယ်”ဟု ကလေးမြို့ခံတဦးက ပြောသည်။

ထို့အတူ ကလေးမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၁၅ ခုတို့တွင် USDA အသင်းဝင်များက နိုင်ငံသား စိစစ်ရေးကတ် ရရှိရေး ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုဇယားတွင် စာရင်းမသွင်းရသေးသူများကို စာရင်းရေးသွင်းပေးခြင်းများ ပြုလုပ်နေသည် ဟုလည်း ၎င်းကဆိုသည်။

တခြားသောဒေသခံ တဦးကလည်း“သူတို့က တချို့က အဖြူအစိမ်းဝတ်တယ်၊ တချို့က ရင်ထိုးတံဆိပ်တွေ တပ်ထားတယ်။ သူတို့ ကို ၀န်ဆောင်ခ ကျပ် ၄၅၀၀ ပေးရ တယ်။ သူတို့က ပြည်သူတွေအကျိုးကို လုပ်နေတာပါ ဆိုတာတွေပြောတယ်။ အခုက မှတ်ပုံ တင် ရဖို့က ခက်ခဲနေတော့ ဒီလိုလုပ် တော့ ကောင်းတာပဲဆိုပြီး လူတွေကတော့ လုပ်ကြတာပေါ့”ဟု ပြောသည်။

နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းမှာ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးမှပြုလုပ်ပေးခြင်းမဟုတ်ဘဲ USDAက အိမ်ထောင်စုဇယားများကို ယူဆောင်သွားခြင်းများကြောင့် တချို့သော ဒေသခံများက စိုးရိမ် ပူပန်မှုများဖြစ်နေကြကြောင်း ပြောဆိုကြသည်။

“သူတို့က အမှန်တကယ်လုပ်ပေးတာလားဆိုတာ မသိဘူးလေ။ အိမ်ထောင်စုဇယားကြီးကို ယူသွားတော့ ပျောက်မှာစိုးတာရော၊ မဟုတ်တာလျှောက်လုပ်မှာစိုးတာရောကြောင့် ကျမတို့ကတော့ သွားမလုပ်ဘူး”ဟု ဒေသခံတဦးက ပြောသည်။

၎င်းကဆက်လက်၍“သူတို့က ပါတီဝင်ဖို့ စည်းရုံးတာ၊ သူတို့ပါတီကို မဲပေးဖို့ မပြောရုံတမယ်ပဲရှိတာ။ သူတို့က ပြည်သူအတွက် ဘယ်လို ကောင်းအောင် လုပ်ပေးတယ်၊ ဘာတွေလုပ်နေတယ်၊ အခုလည်း ဒါတွေလုပ်တာ အားလုံးကောင်းဖို့လုပ်တာ ဆိုတာမျိုး တွေ အများကြီးပြောတယ်”ဟု ဆိုသည်။

ကလေးမြို့နှင့် ပတ်ဝန်းကျင်တွင် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသော တခြားသော ပါတီများ၏ စည်းရုံးရေးခရီးစဉ်များ မကြုံတွေ့ရသေးကြောင်း ဒေသခံများကပြောဆိုကြသည်။

USDA လုပ်ဆောင်မှုများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဧပြီလ ၂၉ ရက်မှစ၍ မှတ်ပုံတင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွက် စည်းရုံးနေခြင်းဖြစ်ပြီး ရန်ပုံငွေများ ကောက်ခံခြင်းမှာလည်း ၄င်းတို့အတွက် ကောက်ခံခြင်းများ ဖြစ်နိုင်သည် ဟုလည်း ဒေသခံများက ဆိုသည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။

No comments:

Post a Comment