Pages

Subscribe

Thursday 1 July 2010

မလေးတွင် မြန်မာပြန်ပေးဆွဲဂိုဏ်းအား ဖမ်းဆီးမိ

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးအား ခြံအလုပ်သမား မြန်မာတဦးနှင့် အပေါင်းအဖော်တို့က ဖမ်းဆီးပြန်ပေးဆွဲခဲ့သဖြင့် မလေးရှားရင်းဂစ် (၂၈,၀၀၀) ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း ယနေ့ထုတ် The Star သတင်းစာတွင် ဖော်ပြပါရှိသည်။

အဆိုပါ ပြန်ပေးဆွဲခံရသူ အသက် (၂၀) ဝန်းကျင်ရှိ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်သူ မြန်မာအမျိုးသမီးငယ်သည် ဇွန် (၈) ရက်နေ့တွင် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ကီပေါင်အရပ်ရှိ ၎င်းအလုပ်လုပ်ရာ စားသောက်ဆိုင်သို့ သွားရောက်စဉ် ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်သည်။

စားသောက်ဆိုင်အကူ အလုပ်သမအဖြစ် အလုပ်လုပ်ကိုင်နေသော အဆိုပါအမျိုးသမီးသည် ပြန်လည်မလွတ်မြောက်ခင် ပြန်ပေးသမားများ၏ အဓမ္မကျင့်မှု ခံခဲ့ရကြောင်းလည်း အဆိုပါသတင်း၌ ဖော်ပြထားသည်။

ကွာလာလမ်ပူ မြို့တော်ဗဟိုစုံစမ်းစစ်ဆေးရေးဌာန လက်ထောက်အရာရှိဖြစ်သူ ကူချင်းဝါက ပြန်ပေးဆွဲသူများသည် ကနဦးတွင် ရင်းဂစ် (၁) သိန်း တောင်းဆိုကြောင်း၊ နောက်ပိုင်းတွင် ညှိနှိုင်းမှုများအရ ရင်းဂစ် (၂၈,၀၀၀) ဖြင့် ဈေးတည့်သွားကြောင်း ပြောဆိုသည်။

ဇွန် (၉) ရက်နေ့တွင် ပြန်ရွေးငွေ ပေးချေပြီးသည့်နောက် မသင်္ကာဖွယ် လူ (၅) ဦးနေရာကို တွေ့ရှိရသည့်အတွက် မလေးရှား ရဲများက ပိတ်ဆို့ဖမ်းဆီးရာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား (၃) ဦး၊ အမျိုးသမီး (၁) ဦး အပါအ၀င် လူ (၅) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ အရာရှိဖြစ်သူက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

ပြန်ပေးဆွဲခံရသူ အမျိုးသမီး၏ သူငယ်ချင်းထံမှ ဇွန် (၉) ရက် ည (၉) နာရီခွဲတွင် မန္တလေးစားသောက်ဆိုင်၌ ပြန်ပေးငွေ လက်ခံယူခဲ့သည့် အသက် (၃၀) အရွယ် ခြံအလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အေးမင်းဝင်းအား ငွေလက်ခံမှုဖြင့် ယမန်နေ့တွင် ရာဇဝတ်တရားရုံး၌ အမှုစတင်ကြားနာနေပြီဖြစ်သည်။

ပြန်ပေးဆွဲမှုတွင်ပါဝင်သည့် အခြားသူများ၏ ဖြောင့်ချက်အရ အဓိက ဦးဆောင်သူ အေးမင်းဝင်းအား တရားရုံးတင်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြန်ပေးငွေကို ရဲမှပြန်လည်ရယူနိုင်ခဲ့သည်။

ရာဇဝတ်မှုတရားရုံး၏ တရားသူကြီး ဆီတီရှာခရိ မိုဟာရူဒင်က အေးမင်းဝင်းနှင့် အပေါင်းအပါ မလေးနိုင်ငံသား (၂) ဦးအား မလေးရှားရင်းဂစ်ငွေ (၁၀,၀၀၀) ဖြင့် အာမခံပေးလိုက်ပြီး အမှုကို လာမည့် ဇူလိုင် (၂၃) ရက်တွင် ထပ်မံချိန်းဆိုလိုက်ကြောင်း အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြပါရှိသည်။

ပြစ်မှုထင်ရှားပါက တရားခံသည် (၁၀) နှစ်ထက်မကျော်သော ထောင်ဒဏ်ကိုသော်လည်းကောင်း၊ ကြိမ်ဒဏ်ကို သော်လည်းကောင်း ကျခံရမည်ဖြစ်သည်။

မလေးရှားရှိ အမည်မဖော်လိုသော မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက “သူတို့ရဲ့ခေါင်းဆောင်က စိုးလေးလို့ခေါ်တယ်။ ဒီကောင်တွေအကုန်လုံးက ဆေးသမားတွေ၊ ထောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာ။ သူတို့စားကျက်က မြန်မာဆိုင်တွေနားမှာ အမြဲပဲ၊ တော်တော်ဆိုးတယ်။ သူတို့အထဲမှာလဲ ရဲလက်ထောက်ချတဲ့ကောင်တွေ ပါတယ်။ ကျနော်ထင်တယ် ကျန်တဲ့ မြန်မာ (၃) ယောက်လည်း ပြန်လွတ်လိမ့်မယ်” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

No comments:

Post a Comment