Pages

Subscribe

Thursday 1 July 2010

မြန်မာ့ရွှေဈေး ကျဆင်းရန် အာဏာပိုင်များ ဖိအားပေး

နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံး စံချိန်တင်သွားသော ပြည်တွင်းရွှေဈေး ကျဆင်းစေရေး အတွက် စစ်အစိုးရက ရွှေကုန်သည် များကို ဖိအားပေးလျက် ရှိကြောင်း သတင်းရရှိသည်။

စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် နိုင်ငံတ၀န်းလုံးမှ ရွှေကုန်သည်များနှင့် သက်ဆိုင်ရာ အာဏာပိုင်တချို့တို့ ယနေ့မနက်ပိုင်းက ရန်ကုန်တွင် ရွှေဈေး ထိန်းသိမ်းရေးဆိုင်ရာ အရေးပေါ် ဆွေးနွေးပွဲတရပ် ကျင်းပကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် အသင်း၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး ရွှေအသင်းများမှ ရွှေကုန်သည်များ၊ ကုန်သည် စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း ကုန်သည် စက်မှု အသင်းချုပ်မှ ကုန်သည်တဦးက အတည်ပြု ပြောဆိုသည်။

“တနိုင်ငံလုံးက ရွှေကုန်သည် လက်ကြီးသမားတွေ အစည်းအဝေးလာတက်ရတယ်” ဟု သူက ပြောသည်။

အရေးပေါ် အစည်းအဝေးတွင် ရွှေကြိုရောင်း၊ ကြိုဝယ် ခြင်းများ မပြုလုပ်ရန်၊ ရွှေဈေး ထပ်မံမြင့်တက် လာလျှင် ဈေးသက်သာ စွာဖြင့် ရွှေထုတ်ရောင်းမည့် အစီအစဉ်များပြုလုပ်ရန် အပါအ၀င် ရွှေဈေးကျစေရေးအတွက် ပြုလုပ်ရမည့် အသေးစိတ် အစီအမံများကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ရွှေဈေး အခြေအနေကို အခြေခံ တွက်ချက် ရောင်းဝယ်နေသော မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် ပိုမိုများပြားနေသည်ဟု ဆိုကာ အာဏာပိုင်များက ရွှေဈေးကို နှိမ့်၍ရောင်းချရန် အတင်းအကျပ် ဖိအားပေး လာခြင်းကြောင့် ရွှေကုန်သည်များ အခက်တွေ့နေရကြောင်း သိရသည်။

အမှန်တကယ် ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ရွှေဈေးမှာ အပြည်ပြည်ဆိုင်ရာ ရွှေဈေးထက် များစွာ မြင့်မားခြင်းမရှိဘဲ
အာဏာပိုင်များ၏ ရွှေဈေးတွက်ချက်မှု မှားယွင်းသောကြောင့် ဈေးမြင့်တက်သည်ဟု ထင်မြင်ယူဆရခြင်း ဖြစ်ကြောင်း
မန္တလေး ရွှေကုန်သည် တဦးကပြောသည်။

မြန်မာ့ရွှေဈေးကို တွက်ချက်ရာတွင် တရုတ် - မြန်မာနယ်စပ်တွင် ဖြစ်ပေါ်လျက်ရှိသော အမေရိကန်ဒေါ်လာ ပေါက်ဈေးကိုသာ အခြေခံ တွက်ချက်ခြင်းဖြစ်ပြီး ရန်ကုန်ဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ် လာပေါက်ဈေးကို မူတည် တွက်ချက်ခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဒုတိယ ဥကဋ္ဌ ဦးကျော်မြင့်နှင့်နီးစပ်သူ မန္တလေး ရွှေတူးဖော်ရေးနှင့် သန့်စင်ရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်ဈေးကွက်တွင် အမေရိကန် တဒေါ်လာ ၉၈၄ ကျပ် ဖြစ်သော်လည်း တရုတ် - မြန်မာနယ်စပ်တွင် အမေရိကန်တဒေါ်လာ ၁၀၀၂ ကျပ်ခန့် ပေါက်ဈေးရှိနေကြောင်း၊ နယ်စပ် ကုန်သည်များနှင့် ရွှေကုန်သည်များက
အမှန်တကယ် စီးပွား ကုန်သွယ်ရေးဖြစ်နေသည့် တရုတ် - မြန်မာ နယ်စပ်ငွေဈေးကိုသာ အတည်ယူ တွက်ချက် ရောင်းချကြောင်း၊ သို့သော် အာဏာပိုင်များက ရွှေဈေးကို တွက်ရာတွင် ရန်ကုန်ငွေပေါက်ဈေးနှင့် တွက်ခြင်းကြောင့် ကွဲလွဲမှုများ ရှိကြောင်း ၎င်းက ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အရာရှိတဦးက ရွှေဈေးကွက်တွင် ဈေးနှုန်းအခြေအနေ မထိန်းနိုင် ဖြစ်ပြီး အရောင်းအ၀ယ် ရပ်ဆိုင်းသွားရသည့် အခြေအနေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

မြန်မာ့ရွှေဈေးသည် ယခုလက်ရှိ အကယ်ဒမီရွှေ တကျပ်သားလျင် ကျပ် ၆၆၀၀၀၀ ကျော်အထိ ဈေးတက်နေပြီး ၇ သိန်းအထိ ဈေးတက်မည် ဆိုသော ကုန်သည်များ၏ ခန့်မှန်းပြောဆို မှုများ ရှိနေသည်။

ရွှေဈေး အတက်ဆုံးကာလ ဖြစ်သော်လည်း ဈေးကွက် ရပ်ဆိုင်းခြင်းမရှိဘဲ ရောင်းသူ၊ ၀ယ်သူများ ရှိနေခြင်းကြောင့် ဆက်လက် လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment