Pages

Subscribe

Thursday 1 July 2010

ပဲမျိုးစုံ ရောင်းဝယ်ရေး ပြည်တွင်း ဈေးကွက်တွင် ဈေးကစားမှုကြောင့် ဈေးနှုန်းများ ကမောက်ကမ ဖြစ်ပြီး ပဲကုန်သည်များကို ဖမ်းဆီး စစ်ဆေးမှုများ ရှိလာသဖြင့် ပဲဈေးကွက် ပျက်လုနီးပါး ဖြစ်သွားကြောင်း သိရသည်။

ပဲမျိုးစုံ ရောင်းဝယ်ရေးဈေးကွက်တွင် “လေပတ်ကား”ဟု ခေါ်သည့် ကြိုရောင်း ကြိုဝယ်မှုများ ပြန်လည်ဖြစ်ပေါ်ပြီး ပဲဈေးနှုန်း များ တရှိန်ထိုး ကျဆင်းခြင်း၊ ထိုးတက်ခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ဇွန်လ လဆန်းပိုင်းမှစတင်ပြီး ကြိုတင်ရောင်းဝယ် သည့် ပဲကုန်သည်ကြီးများကို စစ်အစိုးရက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန် ပဲဈေးကွက် ရပ်ဆိုင်းသွားသည်ဟု ရန်ကုန်မြို့ ဘုရင့်နောင် ပွဲရုံတန်းမှ ပဲကုန်သည်ကြီးတဦးက ပြောသည်။

မေလအကုန်တွင် မတ်ပဲ တတန်လျှင် ကျပ် ၁၀ သိန်းကျော်မှ ၁၂ သိန်း ၄ သောင်းအတွင်း အတက် အကျရှိခဲ့သည်။ ပဲတီစိမ်း တတန်လျှင် ၁၇ သိန်းကျော် ပေါက်ဈေးရှိပြီး ဈေးအတက်အကျ သိန်းဂဏန်း ရှိခဲ့ကြောင်း ပြည်တွင်း သတင်း ဂျာနယ်များတွင် ဖော်ပြထားသည်။

ပဲရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင်တဦးက “ရန်ကုန် ပဲဈေးကွက် လုံးဝ အရောင်းအ၀ယ်မရှိဘဲ ရပ်သွားပြီ။ ဈေးတွေ တက်လိုက်၊ ကျလိုက်နဲ့ မတည်မငြိမ် ဖြစ်ပြီးတဲ့နောက် ကုန်သည်တွေကို ဖမ်းစစ်လို့ ဈေးကွက်ရပ်သွားတာ” ဟု ပြောသည်။

အာဏာပိုင်များက ဝင်ရောက် ထိန်းသိမ်းခြင်းမှာ ဈေးကစားသည့် ကုန်သည်များကို တခြား ပဲကုန်သည်များက တိုင်ကြားသောကြောင့်ဖြစ်ကြောင်း၊ ပဲဈေးကွက် မရပ်ဆိုင်းမီက ပြည်ပသို့ တင်ပို့သည့် ပဲမျိုးစုံ တတန် ပေါက်ဈေးနှုန်းမှာ တရက်တည်းတွင်ပင် ကျပ်ငွေ သိန်းဂဏန်းနှင့်ချီ၍ အတက်အကျများ ဖြစ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိတဦးက “အရင်ကလို လေပတ်ကား အရောင်းအ၀ယ်ကြောင့် ကျပ်ငွေ ဘီလီယံနဲ့ချီပြီး နစ်နာဆုံးရှုံးမှုတွေ ဖြစ်မှာစိုးလို့ ဈေးကွက်ကို အချိန်မီထိန်းတာ”ဟု ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ပဲဈေးကွက်ပျက်ပြီး ငွေမချေနိုင်မှုကြောင့် ပဲကုန်သည် အသိုင်းအဝိုင်းတွင် ကျပ် သန်း ထောင်ပေါင်းများစွာ အရှုပ်အထွေး ဖြစ်ခဲ့ကြသည်။ ထိုငွေကြေး အရှုပ်အထွေး ပြဿနာများကြောင့် ပဲဈေးကွက်တွင် အကြွေးစနစ်ဖြင့် အရောင်းအ၀ယ် မလုပ်တော့ဘဲ လက်ငင်းငွေချေစနစ်ဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် ငွေစက္ကူ ၅၀၀၀ ကျပ်တန် ထုတ်ဝေခဲ့ပြီး နောက်ပိုင်း နိုင်ငံခြားသို့ တင်ပို့နေသည့် ပဲမျိုးစုံဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားခဲ့ဖူးသည်။

ပဲဈေးကွက် ရပ်ဆိုင်းသွား၍ ကုန်သည်များအတွင်း ဂယက်ရိုက်ပြီးနောက် ရန်ကုန်စီးပွားရေး ဈေးကွက်တွင် ပို့ကုန်ရငွေ (Export Earning)၊ ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေးများ ဆက်တိုက်ကျဆင်းလျက်ရှိပြီး ရွှေဈေးကွက်တွင်သာ ရင်းနှီးမြုပ်နှံမှု များနေကြောင်း သိရသည်။

ပုံမှန်အားဖြင့် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ တဒေါ်လာလျှင် ၁၀၀၀ နှင့် ၁၁၀၀ ကျပ်အကြားတွင် အတက်အကျ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုရက်များတွင် အက်ဖ်အီးစီ တဒေါ်လာဈေးနှုန်းသည် ၉၃၀ ကျပ်အထိ အနိမ့်ဆုံး ကျဆင်းသွားပြီး အမေရိကန် တဒေါ်လာလျှင်လည်း ၉၇၀ ကျပ်အထိ ဈေးကျဆင်းသွားသည်။

ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းနိုင်သော ပို့ကုန်ရငွေ ဈေးနှုန်းမှာ တဒေါ်လာလျှင် ၁၁၀၀ ကျပ် ၀န်းကျင်မှ ၁၀၁၅ ကျပ်အထိ ဈေးနှုန်းကျဆင်းသွားသည်။
“Export Earning ဈေးနှုန်းကတော့ ရောင်းချင်တဲ့သူပဲ များတယ်။ ၀ယ်သူ မရှိဘူး။ အဓိက ကတော့ ပဲဈေးကွက်မှာ ဖြစ်နေတဲ့ ဂယက်ကြောင့်ပဲ” ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောသည်။

စစ်အစိုးရက အက်ဖ်အီးစီ ငွေစာရင်းကို ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာကဲ့သို့ပင် ကုန်ပစ္စည်းများ တင်သွင်းခွင့်ပေးပြီး မူဝါဒကို ဖြေလျှော့ပေးခဲ့သော်လည်း လွဲမှားသည့် စီးပွားရေးဆိုင်ရာ ပေါ်လစီများနှင့် ကိုင်တွယ်မှုများကြောင့် ပြည်တွင်းစီးပွားရေးမှာ ကောင်းမွန် တိုးတက်လာခြင်းမရှိဘဲ ကျဆင်းမြဲ ကျဆင်းလျက်ရှိသည်ဟု စီးပွားရေးအသိုင်း အ၀ိုင်းက ဆိုသည်။

အရောင်းအဝယ်ဈေးကွက် ကမောက်ကမ ဖြစ်ခြင်းကြောင့် ကားဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်တို့တွင်လည်း ရင်းနှီးမြုပ်နှံသူ နည်းနေပြီး အလွယ်တကူ ရောင်းဝယ် ငွေဖော်နိုင်သော ရွှေဈေးကွက်တွင်မူ အရောင်းအ၀ယ်ကောင်းနေကာ ဈေးနှုန်းများ ထိုးတက်လျက်ရှိသည်ဟု သိရှိရသည်။

“ရွှေဈေးက အကယ်ဒမီရွှေ တကျပ်သားကို ၆၆၁၅၀၀ ထိတက်သွားတယ်။ ကျဖို့ မမြင်သေးဘူး။ ကျရင်တောင် အနည်းဆုံး အကယ်ဒမီ ရွှေတကျပ်သား ၆၅၀၀၀၀ ကျော်မှာပဲ ရှိနေမယ်” ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန်မှာ အာဏာရှင်ဆန်သော စီးပွားရေးဆိုင်ရာ မူဝါဒများ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး
လက်လှမ်းသင့်ရာ လုပ်ပိုင်ခွင့်ပေးသည့် စီးပွားရေး ဈေးကွက်မှ စစ်မှန်သော ဈေးကွက်စီးပွားရေး ကူးပြောင်းရန်ပင်ဖြစ်ကြောင်း အပတ်စဉ်ထုတ် ဂျာနယ်များတွင် စီးပွားရေးမူဝါဒဆိုင်ရာ ဆောင်းပါးရေးသားနေသည့် ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက သုံးသပ်ပြောကြားသည်။

No comments:

Post a Comment