Pages

Subscribe

Friday 28 December 2007

စည်ပင်ဝန်ထမ်းတချို့ အသက်မပြည့်သော ကလေးများကို ဖမ်းဆီး၍ စစ်တပ်သို့ပို့နေ

စည်ပင်ဝန်ထမ်းတချို့ အသက်မပြည့်သော ကလေးများကို ဖမ်းဆီး၍ စစ်တပ်သို့ပို့နေ
လွင်ကျော် | ဒီဇင်ဘာ ၂၈၊ ၂၀၀၇

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်နယ်နိမိတ်အတွင်း တောင်းရမ်းစားသောက်နေသော ကလေး ငယ်များအပါအ၀င် အခြေအနေမဲ့ကလေးငယ်များကို ဖမ်းဆီးထိန်းသိမ်းနေပြီး အုပ်ထိန်းသူများ လာရောက် ရွေးယူခြင်း မရှိသော ကလေးငယ်များအား တပ်သားသစ် အလိုရှိနေသော စစ်တပ်များသို့ ပို့ဆောင်နေကြောင်း သိရသည်။

စည်ပင်ဝန်ထမ်းတချို့က စစ်အစိုးရ စစ်တပ်မှ တပ်ကြပ်ကြီးများနှင့်ပူးပေါင်း၍ အသက် မပြည့်သေးသော ကလေးများအား ဖမ်းဆီးကာ တပ်သားသစ်များအဖြစ် စစ်တပ်သို့ ရောင်းစားမှုများပြုလုပ်နေသည်ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

“စည်ပင်က တောင်းစားနေတဲ့ကလေးတွေ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ အပါအ၀င် အခြေအနေမဲ့ ကလေးတွေကို ဖမ်းပြီးတော့ ဟံသာဝတီ အ၀ိုင်းမှတ်တိုင် အနီးက ယာယီလေလွင့်ကလေးထိန်းသိမ်းရေးစခန်းကို ပို့တယ်၊ အဲဒီစခန်းမှာ ကလေးရာဂဏန်းလောက်ဆံ့ပါတယ်၊ မဆံ့ရင်တွံတေးမြို့မှာရှိတဲ့ဌက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်း(ကလေးထောင်) ကို ပို့ပါတယ်၊ အဲဒီမှာ အုပ်ထိန်းသူ လာမရွေးတဲ့ အသက် ၁၃ နှစ် က ၁၇ နှစ် အရွယ် ယောက်ျားလေးတွေကို တပ်သားသစ် လိုနေတဲ့ စစ်တပ်ကို ရောင်းတာပါ”ဟု ၎င်း က ပြောပြသည်။

စစ်တပ်မှ တပ်ကြပ်ကြီးများလက်သို့ အပ်လိုက်သော တပ်သားသစ်တဦးလျှင် စည်ပင်ဝန်ထမ်းက ကျပ်သုံးသောင်း ရကြောင်း၊ ယင်းတပ်သားသစ် ကလေးများကို တပ်ကြပ်ကြီးများက စစ်တပ်သို့ တာဝန်ယူခေါ်ဆောင်သွားကြောင်း စမ်းချောင်း မြို့နယ် စည်ပင် ၀န်ထမ်းက ရှင်းပြသည်။

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးတွင် ပန်းရောင်းနေသော မိခင်တဦးက အသက် ၁၇ နှစ်ရှိ ၎င်း၏သားမှာ စစ်တပ်ထဲသို့ လိမ်ညာ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ပြောသည်။

“အခုနှစ် ဇူလိုင်လလောက်မှာ ကျမသား ပျောက်သွားပါတယ်။ သားပျောက်သွားတာကို သက်ဆိုင်ရာမှာတိုင်ပါတယ်။ ကျမ ကိုယ်တိုင်လည်းလက်လှမ်းမီသလောက် ရှာပါတယ်။ စားဝတ်နေရေးက တဘက်ဆိုတော့ တလလောက် ရှာပြီးတဲ့အချိန်မှာ ကျမလက်လျှော့လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ကျမသားဆီက အဆက်အသွယ်ပြန်ရတယ်။ သူ့ကို စည်ပင်ကလူတဦးက ဖမ်းသွားတာတဲ့၊ လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ထမင်းပုံမှန် စားရမယ်၊ အ၀တ်အစားတွေပေးမယ် ဆိုပြီး ခေါ်သွားတာတဲ့၊ နောက်မှ စစ်တပ်ဖြစ်နေတာသိရတယ်လို့ စာရေးပါတယ်”ဟု သူမက ရှင်းပြသည်။

ရေးသားထားသည့် လိပ်စာအရ မှော်ဘီမြို့နယ် ခြေမြန် တပ်ရင်း ၃၉၁ တွင် ၎င်း၏သား ရှိနေကြောင်း သိရသည်ဟု သူမက ဆက်လက်ရှင်းပြသည်။

ရန်ကုန် လှိုင်မြို့နယ်မှ မိခင်တဦးကလည်း“သားက ကိုးတန်းကျောင်းသားပါ။ မေလတုန်းက သားရယ် သူ့သူငယ်ချင်း နှစ်ယောက်ရယ် မြို့ထဲမှာ လျှောက်လည်မယ်ဆိုပြီး ထွက်သွားတာ ပြန်ရောက်မလာဘူး။ ပျောက်သွားတယ်။ ကျမတို့လည်း ချက်ချင်းစုံစမ်း မှုတွေလုပ် တိုင်သင့်တဲ့နေရာ တိုင်ပြီး လိုက်စုံစမ်းတာ ထောက်ကြန့် ခြေမြန် တပ်ရင်း ၁၀၆ မှာရောက်နေ မှန်းသိရတယ်။ ကျမရယ် သားသူငယ်ချင်း မိဘတွေရယ် ထောက်ကြန့်ကိုလိုက်သွားပြီး ကလေးတယောက်ကို ကျပ်နှစ်သိန်း နဲ့ရွေးလိုက်ရတယ်”ဟု ပြောပြသည်။

ယင်းသို့ ကလေးစစ်သား စုဆောင်းမှု သတင်းများကို သိရှိနေရသော်လည်း ပြည်တွင်း စာနယ်ဇင်းများတွင် ရေးသားဖော်ပြ ခွင့်မရ၍ လူအများ မသိရှိကြောင်း ပြည်တွင်း ဂျာနယ် သတင်းထောက်တဦးက ပြောသည်။

“သွားရင်လာရင်းသတင်းလိုက်ရင်းနဲ့ ကလေးပျောက်ပြီးတပ်ထဲရောက်သွားတဲ့ သတင်းတွေ၊ တပ်ထဲ ရောက် သွားတဲ့ကလေး တွေကို ငွေသိန်းချီပေးပြီး ပြန်ရွေးရတယ်ဆိုတဲ့သတင်းတွေ မကြာခဏ ဆိုသလို ကြုံတွေ့ ရပါတယ်၊ ဒါပေမယ့် ပြည်တွင်း မှာ အဲဒီလိုသတင်းမျိုးကို ရေးဖို့အခွင့်အရေးမရှိပါဘူး”ဟု ၎င်းပြောဆိုသည်။

မြန်မာစစ်တပ် ခြေလျင် တပ်ရင်း ၇၂၇ တပ်ရင်းတွင် ကလေး စစ်သား ၇၀၀၀၀ ခန့် ရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ သိရသည်။

No comments:

Post a Comment