Pages

Subscribe

Friday 9 November 2007

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ဝန်ကြီး၊ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တို့အကြား ဆွေးနွေးပွဲ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ခေါင်းဆောင်များနှင့်၎င်း၊ စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့်၎င်း ယနေ့ တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရပ်ကွက် အများအပြားကအတည်ပြု ပြောကြားပါသည်။

စစ်အစိုးရ အကြီးအကဲ ဦးသန်းရွှေနှင့် ထိမ်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်စုတို့အကြား ဆက်ဆံရေး ဝန်ကြီးအဖြစ် ဆောင်ရွက်နေသူ ဦးအောင်ကြည်သည် မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း နိုင်ငံတော် ရုပ်မြင်သံကြား အစီအစဉ်မှ ကြာသပတေးနေ့ ညနေခင်းတွင် ထုတ်ပြန် ကြေညာ သွားခဲ့ပါသည်။ ထို့ပြင် “သူမ၏ မေတ္တာရပ်ခံချက်အရ” သူမအား သူမပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့်ပါ တွေ့ဆုံခွင့်ပြုမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ကြေညာ သွားခဲ့ပါသည်။

“ဒီချုပ်ခေါင်းဆောင်တွေ ဒီညနေ သူမ (ဒေါ်စု) နဲ့တွေ့မှာပါ။ ကျနော်ထင်တယ်၊ အခုလောက်ဆို တွေ့တောင် တွေ့နေ လောက်ပါပြီ” ဟု ဒီချုပ်၏ ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်သိန်းက မစ္ဈိမသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများနှင့် စပ်လျဉ်း၍ အကြောင်းအရာ အသေးစိတ်ကို အနည်းအကျဉ်းသာ သိရပါသေးသည်။ နိုင်ငံတော် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော အစီအစဉ်တွင် နောက်ထပ် အသေးစိတ် သတင်း အချက်အလက်များ မပါရှိပါ။ ဒီချုပ် ကိုယ်စားလှယ် ဦးမြင့်သိန်း အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့် ဒီချုပ် ခေါင်းဆောင်များ မည်သူမည်ဝါ ဖြစ်မည်ဆိုသည်ကို ထုတ်ဖေါ် ပြောကြားနိုင်ခြင်း မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ဝန်ကြီး၊ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တို့အကြား ဆွေးနွေးပွဲ များနှင့် စပ်လျဉ်း၍ ယခု သောကြာနေ့ ညနေအထိ ခိုင်လုံသော သတင်းတစုံတရာ မကြားရသေးပါ။ သုံးဦးသုံးဖလှယ် တပြိုင်တည်း ဆွေးနွေးနိုင်ဘွယ် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေပါသည်။

ဤဆွေးနွေးပွဲများမှာ ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ၏ စတုတ္ထမြောက် ခရီးစဉ်အပြီး နောက်တရက် တွင် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ သူက ယခုခရီးစဉ်ကို မြန်မာနိုင်ငံ၏ ရှည်ကြာနေပြီ ဖြစ်သော နိုင်ငံရေး ထွက်ပေါက် ပိတ်နေခြင်းကို ဖြေရှင်းနိုင်မည့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်အား အစပြုလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် ယင်းသည် အရေးပါသော ခြေလှမ်းတရပ် ဖြစ်ကြောင်း ခရီးစဉ်အပြီးတွင် ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အတွက်မူ ယနေ့ ဆွေးနွေးပွဲသည် သုံးနှစ်အတွင်း သူမပါတီမှ ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါလိမ့်မည်။ သူမ အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စဉ်ကို အစပြုရန် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အလည်အပတ် လာရောက်ခဲ့သော မစ္စတာ ဂမ်ဘာရီမှတဆင့် ကြာသပတေး နေ့တွင် ကြေညာချက် ထုတ်ပြန် ပြောကြားသွားခဲ့ပါသည်။

“ဤတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်စဉ် အောင်မြင်ရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကျမအနေဖြင့် အဆင်သင့် ရှိပါသည်” ဟု အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားပါသည်။ မြန်မာနိုင်ငံ ပြည်သူများ၏ အကျိုးစီးပွါး အတွက်၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွါးအတွက် လေးလေးနက်နက် ထည့်သွင်း စဉ်းစားကာ စစ်အစိုးရ နှင့်၎င်း၊ အခြား ဆက်စပ် ပတ်သက်သူများနှင့်၎င်း တွေ့ဆုံ ဆွေးနွေးမှုများ စတင်ရန် သူမအနေဖြင့် သဘောတူပါကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖေါ်ပြ ပါရှိပါသည်။

“အဆိုပါ ရည်မှန်းချက် ပေါက်မြောက် အောင်မြင်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲကို အပြုသဘောဆောင်စွာ လျှောက်လှမ်းရန် ကျမအနေဖြင့် ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်။ သို့အတွက် အစိုးရကို၎င်း၊ အခြား ဆက်စပ် ပတ်သက်သူ အားလုံးကို၎င်း ဤစိတ်ဓါတ်အတိုင်း ကျမနှင့်အတူ လက်တွဲ ပါဝင်ကြပါရန် ဖိတ်ခေါ်ပါသည်”

မစ္စတာ ဂမ်ဘာရီကို တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပန်းရန် ဗမာပြည်သို့ နောက်တကြိမ် လာရောက် လည်ပတ်ပါရန် စစ်အစိုးရက ဖိတ်ကြားလိုက်ခြင်းသည် တိုးတက်မှု ခြေလှမ်းတရပ် ဖြစ်ပုံရကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံး၏ ကြေညာချက်တွင် ဖေါ်ပြ ပါရှိပါသည်။

မဇ္ဈိမသတင်းဌာန

No comments:

Post a Comment