Pages

Subscribe

Sunday 25 November 2007

တိုက်ပွဲခေါ်သံ (လင်းလက်ကြယ်စင်)




မြန်မာပြည်မှာ ကြံ့ဖွတ်တွေရဲ့ ဘလော့ခ်သင်တန်းရှိနေသတဲ့ ။


ကျွန်မ ပါးစပ်ကလေးပွင့်သွားအောင် အံ့သြသွားသည် ။ ကျွန်မ ဘလော့ခ်စရေးချိန်က သင်ဆရာ မရှိ ၊ မြင်ဆရာ မရှိ ၊ ကိုယ့်စိတ်ထဲရှိတာကို ကိုယ်ကရေး ၊ အပြင်အဆင်ကိုတော့ ဟိုလူ့ကိုမေး ဒီလူ့ကိုမေး ၊ သူငယ်ချင်းတွေအကူညီယူ .. ဒါနဲ့ပဲ လင်းလက်ကြယ်စင်ဘလော့ခ်ဆိုတာ ဖြစ်လာခဲ့တာပါ ။ လူငယ်တွေကို နည်းပညာ ၊ အသိပညာ ပိုပြီးအသိဥာဏ်တိုးတက်ဖွံ့ဖြိုးလာအောင်ဆိုတဲ့ နအဖရဲ့ ဟန်ပြရည်ရွယ်ချက်လေးကတော့ သဖန်းသီးလေးလိုပဲ အပြင်ပန်းလေးက လှပါတယ် ။


မြန်မာဘလော့ခ်လောကမှာ ဘလော့ခ်အရေအတွက်က အများကြီး ပိုများလာပါတယ်။ အခုတစ်လော သတိထားမိသလောက်တော့ မျိုးမစစ်တွေ တအားများလာတာပါပဲ ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို ဥာဏ်မှီသလောက် ကျွန်မစဉ်းစားနေမိသည် .. ။ ဘလော့ခ်အရေအတွက်တွေ များလာတာ ၊ အသိဥာဏ်တွေ ပိုပွင့်လာမယ်လို့ ထင်ရရင်တော့ ကောင်းတက်ဘက်ကလို့ ဆိုရမှာပေါ့ .. ။ ဒီလိုမှမဟုတ်ဘဲ မျက်လုံးကိုမှိတ်ပြီး စွတ်အော်နေမယ်ဆိုရင်တော့ အမှောင်ကမ္ဘာထဲမှာပဲ ဆက်လက်တည်ရှိနေမှာပဲ .. ။



ဘလော့ခ်ဆိုတာကိုတောင် သင်တန်းတွေပေး ၊ ဒီလို တန်ပြန်စစ်ထိုးမှုတွေ လာတယ်ဆိုတော့ စစ်အာဏာရှင်လူတန်းစားတွေရဲ့ ရင်ထဲမှာ ကျွန်မတို့ရဲ့ အမှန်တရား ရိုက်ချက်တွေ ဘယ်လောက်ခပ်ပြင်းပြင်းထိသွားလဲ မှန်းဆလို့ရနိုင်ပါတယ်။ ဘလော့ခ်တွေမှာ အချင်းချင်းရန်လာတိုက်ပေးတာတွေ ၊ ဆဲဆိုတာတွေကို စစ်အာဏာရှင်လက်အောက်ငယ်သားတွေ ပြုလုပ်နေပေမယ့် ပြောပုံဆိုပုံကို ကြည့်တာနဲ့ ခွဲခြားတတ်တဲ့ ကျွန်မတို့ဘလော့ခ်ဂါတွေကြောင့် သူတို့လုပ်သမျှအားလုံးက လက်ညောင်းတာပဲ အဖတ်တင်နေမှာပါ။ ပြည်တွင်းဘလော့ခ်ဂါတွေ တိုးလာမယ်ဆိုရင် လူငယ်တွေအတွက် အပြင်လောကတစ်ချို့နဲ့ တိုက်ရိုက်ထိစပ်ခွင့်ပေးလိုက်တဲ့အတွက်တော့ ကောင်းတဲ့အရာတစ်ခုပါပဲ။



ကျွန်မ မနက်က ဘလော့ခ်အသစ်လေးတစ်ခုကို မျက်စိလည်လမ်းမှားပြီး အလည်ရောက်သွားသည်။ မြင်လိုက်ရသော ပုံကြောင့် မျက်ဝန်းထဲ လျှပ်စီးလက်သွားသလို ခေါင်းကိုလည်း ပူထူသွားသည် ။ အမေစုပုံကို လဲလျောင်းနေတဲ့ ဘုရားမျက်နှာတော်နေရာမှာ ထည့်သွင်းထားပြီး အဆောင်အယောင်တွေအပြည့်နဲ့ ပုံတစ်ပုံအဖြစ် ဖန်တီးထားလို့ပါပဲ ။ ကျွန်မ အသက်ရှုရပ်မတတ်တောင် ဖြစ်သွားသည် ။ စိတ်ထဲမှာ `လူရောဟုတ်ရဲ့လား ၊ အမျိုးယုတ်ဒိဌိ ၊ ဘာသာတရားကိုနားမလည်ဘူးလား´ဟူသော စကားများသာ ပဲ့ထင်နေသည် .. ။ သာသနာကို စော်ကားလိုက်တာဆိုပြီး စိတ်ထဲမှာ ရုတ်တရက်တော့ အတော်ပူထူသွားသည် ။ စက္ကန့်ပိုင်းမျှကြာမှ စိတ်ကိုလျှော့ချလိုက်ပြီး မျက်နှာလွှဲပစ်လိုက်သည်။ ကျွန်မ အီမိုးရှင်းတွေများတာကို ထိန်းချုပ်ဖို့လိုတယ်ဟု အကြိမ်ကြိမ်သတိပေးကြိုးစားနေတာကြောင့် နောက်ပိုင်း စိတ်ကိုသိပ်လွှတ်မပေးတော့။



ကျွန်မတို့ မြန်မာဘလော့ခ်လောက အတော်စည်ကားလာဖို့ အလားအလာ ရှိနေသည်။ ထို့အတွက် ကျွန်မတို့ ဘလော့ခ်ဂါတွေ ၊ အနုပညာကို ဖန်တီးသူတွေ ၊ အမှန်တရားနဲ့တရားမျှတမှုလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူတွေ အားလုံး ဘာတွေပြင်ဆင်ထားရမလဲ။



၁) အကုသိုလ်ဘလော့ခ်တွေကို သူတို့ဘာလုပ်နေသလဲ သိသင့်တယ်လို့ ယူဆရင် ဖတ်ချင်ရင်သွားဖတ်ပါ။ ဘာမှ သွားမပြောပါနဲ့ ။ ကျွဲပါးစောင်းတီး မဟုတ်ပါဘူး ။ ကျွဲပါးစောင်းပြတ်နေတဲ့လူတွေကို အရေးမလုပ်ပါနဲ့။



၂) ကျွန်မတို့အားလုံး စာများများဖတ်ရပါ့မယ်။ ၀ါသနာပါတဲ့ စာပေတွေအပြင် အသိဥာဏ်ပညာ ၊ ဗဟုသုတအားလုံး တိုးတက်စေနိုင်တဲ့ စာတွေကို ကျွန်မတို့ အားလပ်ချိန်တွေမှာ ဖတ်ရပါ့မယ်။ ဒါမှ ကျွန်မတို့က professional တွေဖြစ်လာမှာပါ။ စိတ်ခံစားမှုအပိုင်းရော ၊ အလုပ်လုပ်တာရော အားလုံးမှာ ကျွန်မကိုယ်တိုင်လည်း တခါတရံ စိတ်က ခံစားမှုတွေနဲ့ရောထွေးကုန်တတ်တဲ့အတွက် ထိန်းချုပ်နေရပါတယ်။



၃) ကျွန်မတို့ တစ်ဦးတစ်ယောက်စီ ပိုက်ဆံရှိသလောက် ၊ ရသလောက်စုရပါ့မယ် ။ သူများကို လျှောက်ပေးဖို့မဟုတ်ပါဘူး ။ မိမိအတွက် လိုအပ်ရင် အမြဲတမ်း လက်ထဲမှာ ငွေတိုငွေစတွေ ရှိဖို့အတွက် ၊ ရှေ့လျှောက်အနာဂတ်မှာ ဘာပဲလုပ်လုပ် ငွေဆိုတာလည်း လိုအပ်တဲ့အရာတစ်ခုပါ ။ တစ်လ တစ်လ ရသမျှကို အပြတ်သုံးပစ်ကြတဲ့ အကျင့်လေးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါတယ်။



၎) ကျွန်မတို့ လူတွေအားလုံးမှာ နည်းပါးတဲ့ မေတ္တာတရားကိုလည်း မပြတ်အောင် ဆုပ်ကိုင်ထားရပါ့မယ်။ တခါတလေ ဒေါသကြောင့် ၊ စိတ်ခံစားမှုတွေကြောင့် မေတ္တာက မပါဝင်တော့တဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်ကုန်တတ်ကြပါတယ်။ စစ်အာဏာရှင်ကို သည်းခံခွင့်လွှတ်အမျှဝေဖို့ မဟုတ်ပါဘူး ။ မိမိအတွက် ၊ မိမိလုပ်နေတဲ့အရာတွေအတွက် ၊ မိမိပတ်ဝန်းကျင်က ရဲဘော်ရဲဘက်တွေ ၊ ဆက်ဆံသမျှလူအားလုံးနဲ့ပတ်သတ်လာရင် အတ္တစွဲလေးတွေ ကင်းစင်နေရင် သွားနေတဲ့လမ်းကြောင်းက ပိုမိုဖြောင့်ဖြူးလို့ပါ။



၅) မိမိစီဗောက်စ်တွေ ၊ ကွန်မန့်တွေမှာ အမြဲတမ်းဖြစ်ပေါ်နေမယ့် အတုအယောင်တွေ ၊ နာမည်ခပ်ဆင်ဆင်တွေကို ခွဲခြားတတ်ဖို့ စိတ်ကလေးကို ကျင့်ရပါ့မယ် ။ မကြာခဏ ဘလော့ခ်ဂါတွေ အထင်မှားပြီး ပို့စ်တွေနဲ့ ရန်ဖြစ်တာတွေ ၊ ခံစားမှုတွေပွင့်တာတွေ ကျွန်မ မြင်ရတိုင်း စိတ်မချမ်းသာမိပါ။



၆) ကျွန်မတို့ လူတိုင်း လူတိုင်း သင်ယူနေတဲ့ အတတ်ပညာ ၊ အသက်မွေးဝမ်းကြောင်း ပညာ ၊ ၀ါသနာပညာ အစရှိသဖြင့် အားလုံးမှာ နောက်ဆုံးမှာ ရှိနေတဲ့လူတွေ မဖြစ်ဘဲ ထူးချွန်တဲ့လူတွေဖြစ်အောင် ကြိုးစားရပါ့မယ်။



ကျွန်မ စိတ်ထဲရှိသမျှ တွေးမိသမျှအားလုံးကို ကျွန်မ လက်ဆင့်ကမ်းဝေမျှလိုက်သလို ကျွန်မကိုယ်တိုင်လည်း အရာအားလုံးမှာ အများကြီးလိုအပ်နေသေးတဲ့အတွက် အမြဲကြိုးစားနေရပါမည်။ ကျွန်မ နှလုံးသွေးထဲမှ စီးဆင်းလာသော ခွန်အားများဖြင့် ယုံကြည်ချက်များက ပိုမိုခိုင်မာနေလျက် .. ။ ကဲ ... ယုံကြည်ချက်တွေခိုင်မာတဲ့ အမှန်တရားအတွက် `တိုက်ပွဲ´အဖြစ် သတ်မှတ်လိုက်တယ် .. ။



`လမ်းပေါ်မှာသွေးတွေချောင်းစီးခဲ့ပြီ


သာသနာကိုလည်းအစော်ကားခံခဲ့ရပြီ


ဟိုးခပ်လှမ်းလှမ်းကငါတို့မြေမှာ


ငိုသံအော်ညည်းသံတွေ


လုံးဝမတိတ်သေးဘူး


လူဖြစ်ရတဲ့သက်တမ်းလေးမှာ


ဒီစစ်ဖိနပ်အောက်က


လွတ်မြောက်စေဖို့အတွက်


အမှန်တရားဘက်ရှိနေတဲ့


မိတ်ဆွေဘလော့ခ်ဂါမောင်နှမအားလုံးနဲ့

အခြားအမှန်တရားဘက်တော်သားအားလုံး

ညီကြလားဟေ့´ ........... ။

လင်းလက်ကြယ်စင်

No comments:

Post a Comment