Pages

Subscribe

Wednesday 12 December 2007

လက်နက်ချဦးချစ်မောင်အဖွဲ့ပိုင်ဘိန်းများ ဖမ်းဆီးရမှု နအဖ သတင်းမှောင်ချ

ကျော်ထင် / ၁၂ ဒီဇင်ဘာ ၂၀၀၇


ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှခွဲထွက်ကာ ပြီးခဲ့သည့် ဇူလိုင် လအတွင်း စစ်အစိုးရထံ အပြီးပိုင်လက်နက်ချသွားသော ဦးချစ်မောင်အုပ်စုထံမှ ဘိန်း (၃) တန် ဖမ်းဆီးရမှုကို စစ်အစိုးရက သတင်းမှောင်ချထားကြောင်း ပြည်တွင်းအခြေစိုက် တိုင်းရင်းသား လူငယ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာပြည်) EYNG မှ ထုတ်ပြန်လိုက်သည်။

ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် နိုဝင်ဘာလ (၄) နှင့် (၈) ရက်နေ့တို့တွင် နယ်
မြေခံတပ်များမှ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ နယ် လွယ်မောတောင်တန်းတွင် ဘိန်းစက်ရုံနှင့် အတူ ဘိန်းစိမ်း၊ ဘိန်းခြောက်၊ ဘိန်းဖြူ စုစုပေါင်းတန်ချိန် (၃) တန်ဖမ်းဆီးရမိခဲ့ကြောင်း၊ ပိုင်ရှင်ဟု အများက သတ်မှတ်ထားသော ဦးချစ်မောင်၏ သား ခွန်ချစ်အောင်နှင့်အဖွဲ့မှာ ရှောင်တိမ်းနေသော
ကြောင့် စက်ရုံစောင့်တဦးကိုသာ လက်ရဖမ်းဆီးရမိကြောင်းနှင့် သတင်းကို လျှို့ဝှက်ထားကြောင်း ပါရှိသည်။

ချင်းမိုင်အခြေစိုက် ရှမ်းပြည်မူးယစ်ဆေးဝါးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးခွန်ဆိုင်းက “ဒီဥစ္စာ
က ဖြစ်နိုင်ကောင်းတယ်လို့ ကျနော်ထင်တယ်၊ သို့သော် အရေအတွက်ကတော့ ပြန်ပြီးတော့မှ သေသေချာချာမေးရမယ့်ကိစ္စဖြစ်တယ်ဗျ။” ဟုပြောသည်။

ဖမ်းဆီးရမိသောဘိန်းများသည် ဦးချစ်မောင်အဖွဲ့ပိုင် ဘိန်းများဖြစ်နိုင်ကြောင်းနှင့် EYNG မှ ထုတ်ပြန်သောသတင်းများသည် တိကျမှုရှိခဲ့သော သာဓကများရှိကြောင်း ဦးခွန်ဆိုင်းက ဆက်လက်ပြောသည်။

ရလလဖမှ ခွဲထွက်ကာ ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာပြီး အမည်ပြောင်းလိုက်သည့် ပအိုဝ်း အမျိုးသားလွတ်မြောက်အဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်သူရိန်ကလည်း ယခုဖမ်းဆီးရမိသည့် နေရာသည် ဦးချစ်မောင်အဖွဲ့ အဓိကအခြေချသော နယ်မြေများဖြစ်ကြောင်းနှင့် အနီးဆုံးမျက်မြင် သက်သေများမှတဆင့် ခိုင်ခိုင်မာမာ သတင်းရရှိထားကြောင်း ပြောသည်။

ရလလဖသည် ၁၉၉၆ ခုမှ ၂၀၀၃ အထိ မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပတ်သက်ခဲ့ကြောင်း
နှင့် ၎င်းတို့စတင်တာဝန်ယူသည့် ၂၀၀၃ ခုမှစ၍ ဘိန်းတိုက်ဖျက်ရေးကိုဆောင်ရွက်ခဲ့သော်လည်း နအဖစစ်တပ်မှ အမှန်တကယ် ပူးပေါင်းလုပ်ဆောင်မှု မရှိသောကြောင့် မအောင်မြင်ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်ကပြောသည်။

၎င်းက “နအဖက ချထားတဲ့ပေါ်လစီကတော့ အပြတ်နှိမ်နင်းရမယ်ပေါ့နော်၊ ဒါပေမယ့် သူတို့ရဲ့ အောက်ခြေတပ်နဲ့ ကျနော်တို့ရဲ့အောက်ခြေတပ်တွေက ပူးတွဲပြီးတော့ မူးယစ်ဆေးဝါးကို နှိမ်နင်း တဲ့အချိန်မှာ အခက်အခဲကြုံတယ်။ ကျနော်တို့က ဘိန်းခင်းတွေကို တကယ်ဖျက်ဆီးနေတဲ့အချိန်
မှာ သူတို့က ဘိန်းစိုက်တဲ့တောင်သူတွေနဲ့ညှိတယ်။ ဘယ်နှစ်သိန်းပေးမယ် ဆိုတာဖြစ်လာတယ်။ ဆိုတော့ ကျနော်တို့ တွဲလုပ်လို့မရတော့ဘူး” ဟုပြောသည်။

ဦးချစ်မောင်အဖွဲ့ပိုင်ဘိန်းများ ဖမ်းဆီးရမိခြင်းအပေါ် စစ်အစိုးရမှ သတင်းမထုတ်ပြန်သဖြင့်
ဗိုလ်မှူးခွန်သူရိန်က “ဦးချစ်မောင်က ရလလဖတဖွဲ့လုံးကို အမည်ခံပြီး ဇူလိုင်လက လက်နက် အပ်တယ်။ ဒီအခု ဘိန်းကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းထုတ်လိုက်ရင် မဖြစ်မနေ ဦးချစ်မောင်
ကို သူတို့က ဖမ်းရတော့မှာလေ။ နောက်တခါ သူတို့ပြင်ဆင်ထားတဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ပျက်စီးသွားမှာဖြစ်တယ်။ တခြား ငြိမ်းအဖွဲ့တွေမှာလည်း ကိုယ်ကျိုးစီးပွားနောက် လိုက်ရင်း ဒီလိုလုပ်လာရင် ဦးချစ်မောင်အရေးယူခံရတဲ့ပုံစံကို ထိပ်လန့်သွားမှာကြောက်လို့” ဟု သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့်မေလကလည်း အာဏာပိုင်များက လွယ်မောတောင်တန်းရှိ ဘိန်းဖြူစက်ရုံကို ၀င်ရောက်စီးနင်းရာ ဘိန်းများနှင့်အတူ ခွန်ချစ်အောင်ဦးစီးသောတပ်မှ ရဲဘော်နှစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း EYNG အစီရင်ခံစာတွင်ပါရှိသည်။

မူးယစ်ဆေးဝါးပပျောက်ရေးနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်သူရိန်က “တိုင်းပြည်ကိုအာဏာ သိမ်းထားတဲ့ နအဖနဲ့အဓိက သက်ဆိုင်တယ်။ အရာရာအားလုံးလုပ်ပိုင်ခွင့်ကို သူတို့က ထိန်းချုပ် ထားတယ်ဆိုတော့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် လုံးဝပြောင်းလဲသွားမှပဲ တနိုင်ငံလုံးရော၊ ကျနော်တို့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ဘိန်းတွေရော ပပျောက်မှာဖြစ်တယ်ခင်ဗျ” ဟုပြောသည်။

ရှမ်းပြည်တောင်ပိုင်းဒေသများဖြစ်သည့် ဆီဆိုင်၊ မောက်မယ်နှင့် ဖယ်ခုံမြို့ နယ်များအတွင်း ဘိန်း
စိုက်ဧကသည် ပြီးခဲ့သည့်နှစ်ကထက် ဧက (၂၀၀၀) ကျော်တိုးလာပြီး ယခုနှစ်ဘိန်းစိုက်ရာသီတွင် ဧက (၆၀၀၀) ခန့် ရှိမည်ဟု EYNG အစီရင်ခံစာကိုကိုးကား၍ ရှမ်းပြည်မူးယစ်ဆေးဝါးလေ့လာ စောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းထားသည်။

No comments:

Post a Comment