Pages

Subscribe

Monday 3 December 2007

တပ်ပေါင်းစုဖွဲ့၍ တိုက်ပွဲဝင်ရန် ဗိုလ်ချုပ် ကျော်ဇော တိုက်တွန်း

အတိုက်အခံ အင်အားစုများ အနေဖြင့် တပ်ပေါင်းစုတခု ဖွဲ့စည်းကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲကို ဆင်နွှဲ ကြစေလိုကြောင်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အထင်ကရ ပုဂ္ဂိုလ်ကြီးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောက ယနေ့ တိုက်တွန်းလိုက်သည်။

အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့ကို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်(ဟောင်း) ကျော်ဇောသည် ယနေ့ ကျရောက်သော သူ၏ ၈၈ နှစ်မြောက် မွေးနေ့အခါ သမယတွင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမျိုးစု ခေါင်းဆောင်များ အနေဖြင့် အမြော်အမြင်ရှိစွာဖြင့် တပ်ပေါင်းစုတခု ဖွဲ့စည်းစေလိုသည်ဟု ပန်ကြားလွှာတရပ် ထုတ်ပြန်ကာ ပြောဆို တိုက်တွန်းလိုက်သည်။

ပန်ကြားလွှာထဲ၌ “နအဖ စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ပြည်သူလူထု၏ တဗိုလ်ကျ တဗိုလ်တက် စနစ်ဖြင့် ဇွဲနဘဲကြီးစွာ တိုက်ပွဲဝင်နေမှုအပေါ် ဂုဏ်ယူမိကြောင်းနှင့် နအဖ စစ်တပ်အတွက်လည်း သမိုင်းတလျှောက်လုံး အာဏာ တည်မြဲရေးအတွက် ပြည်သူလူထု အသက်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သည့်အတွက် သမိုင်းအမှိုက်တောင်းထဲ စွန့်ပစ်ခံရမှာ ဖြစ်ကြောင်း” ရေးသားထားသည်။

ကိုလိုနီနယ်ချဲ့ကို တိုက်ပွဲဝင်ရန် ဂျပန်နိုင်ငံတွင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ စစ်ပညာ သင်ကြားကာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရေးအတွက် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဦးဆောင်ပါဝင် ဖွဲ့စည်းခဲ့သူ ဗိုလ်မှူးချုပ်(ဟောင်း) ကျော်ဇောသည် ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် ဆက်လက်ပါဝင်ကာ လွတ်လပ်ရေး ရပြီးနောက် ရောင်စုံသူပုန်နှင့် တရုတ်ဖြူ ကျူးကျော်စစ်များကို တိုက်ခိုက်ရာတွင် တပ်မတော်ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ဖဆပလ အစိုးရမှ သူ့ကို ၁၉၅၇ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားပေးခဲ့ပြီး၊ ၁၉၈၉ ခုနှစ်တွင် တရုတ်နိုင်ငံထဲသို့ ဝင်ရောက်လာချိန်၌ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) တွင် ဗဟိုကော်မတီဝင်နှင့် ဒုစစ်ဦးစီးချုပ် တာဝန်များကို ထမ်းဆောင်နေခဲ့သူ ဖြစ်သည်။ ဗကပ သည် ၁၉၉ဝ ခုနှစ်မှ စတင်ကာ ဒီမိုကရေစီ အရေးတော်ပုံကြီး၌ မြေအောက်ပါတီအဖြစ် ရပ်တည်နေသော အဖွဲ့ဖြစ်သည်။

သားဖြစ်သူ ဦးအောင်ကျော်ဇောက “ဂုဏ်ယူစရာကောင်းတဲ့ အဖေတယောက်လို့ပဲ မြင်ပါတယ်။ လူမှန်းသိတတ်စ အရွယ်ကနေ အခု အသက် ၈၈ နှစ် ရောက်တဲ့အရွယ်အထိ ဖြတ်သန်းခဲ့တဲ့ အချိန်မှာ နိုင်ငံရေး အတက်အကျတွေ၊ စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေ အများကြီးပေးပြီး ဖြတ်သန်းခဲ့ရပါတယ်။ ကျနော့်အဖေကို ဗမာပြည် ကွန်မြူနစ်ပါတီဝင် တယောက် ဆိုတာထက် မျိုးချစ်စိတ်ရှိတဲ့ တပ်မှူးကောင်း တယောက်လို့ မြင်ပါတယ်” ဟု ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဦးအောင်ကျော်ဇော၏ ဦးဆောင်မှုဖြင့် မွေးနေ့မင်္ဂလာ ဆွမ်းကျွေးပွဲကို တရုတ်-မြန်မာ နယ်စပ်ရှိ ကြယ်ဂေါင်မြို့မှ ဘုန်းကြီးကျောင်း တခုတွင် ကျင်းပခဲ့ရာ နိုင်ငံရေး အသိုင်းအဝိုင်းမှ လုပ်ဖေါ်ကိုင်ဘက် ဦးရေ ၂ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ယခုကာလသည် နိုင်ငံတကာ၏ ထောက်ခံမှုကို မကြုံစဖူး ရရှိနေချိန်ဖြစ်ပြီး ပြည်သူလူထု၏ စိတ်ဓာတ်ရေးရာ အမြင့်မား၊ အတက်ကြွဆုံးအချိန် ဖြစ်သောကြောင့် နိုင်ငံရေး ခေါင်းဆောင်များ၊ လူမျိုးစု ခေါင်းဆောင်များ အနေဖြင့် စည်းလုံးညီညွတ်မှု ရရှိစေရန် ကြိုးပမ်းကြပါ” ဟု ဗိုလ်မှူးချုပ်(ဟောင်း) ကျော်ဇောက ပန်ကြားလွှာထဲတွင် တိုက်တွန်းခဲ့သေးသည်။

No comments:

Post a Comment