အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရီပါပလစ်ကန် ကွန်ဂရက်စ်လွှတ်တော်အမတ် ဒေနာ  ရိုရာဘာကာ (Dana Rohrabacher) က အခုအချိန်ဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊  တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ  ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ 
မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ ကွန်ဂရက်စ်လွှတ်တော်မှာ  သူပြောကြားတဲ့မိန့်ခန်းနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားရာမှာ သူက အခုလို ပြောကြားသွားတာဖြစ်ပါတယ်။  အထက်က ပြောကြားခဲ့သလိုပဲ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ မျိုးချစ်တပ်မတော်သားတွေ  ပူးပေါင်းကြရင် လျှပ်တပြတ်အတွင်းမှာ အောင်မြင်မယ်လို့ မစ္စတာ ရိုရာဘာကာ က ဆိုထားတဲ့အတွက်  ဒါဟာ အပြောလွယ်သလောက် လုပ်ရခက်မယ့်ကိစ္စ၊ "easier said than done" ဖြစ်မနေဘူးလား ဆိုတဲ့ ဗွီအိုအေ  မြန်မာပိုင်းရဲ့ အမေးကိုတော့ သူက အခုလို စပြီးတောဖြေပါတယ်။ 
"ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေး  မူဝါဒချမှတ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို သတိထားစောင့်ကြည့်လာခဲ့တဲ့ ၂၁  နှစ်အတွင်းမှာ အခုချိန်ဟာ မြန်မာပြည်သူတွေ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်လုပ်ဖို့၊  အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့အတွက်ရော၊ တရုတ်တို့ရဲ့ ကျွန်အဖြစ် ကျရောက်နိုင်တဲ့ အန္တရာယ်က လွတ်မြောက်အောင်  လုပ်ဖို့အတွက်ပါ အခွင့်အလမ်း အကောင်းဆုံး အချိန် ဖြစ်ပါတယ်။" 
အခုချိန်ဟာ အခွင့်အသာဆုံးလို့ဆိုရလောက်အောင်  အရင်ကနဲ့ ဘာများကွာခြားနေလို့လဲ ဆိုတဲ့မေးခွန်းကိုတော့ လွှတ်တော်အမတ် ဒေနာရိုရာဘာကာ က အခုလို ဖြေကြားသွားပြန်ပါတယ်။ 
"ကျနော်တို့ဟာ အခု ပွင့်နေတဲ့တံခါးဝတခုကို ရောက်ရှိနေပါတယ်။ မင်းဆိုးမင်းညစ်စနစ်ကို  ဆန့်ကျင်တဲ့ မြန်မာပြည်က အဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေ  ဦးဆောင်တဲ့မြန်မာတွေ တိုင်းရင်းသားအုပ်စုတွေဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့  ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ပါ။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ အခုလောက် ဘယ်တုန်းကမှ မဆိုးခဲ့ပါဘူး။  စစ်တပ်အတွင်းမှာရှိတဲ့ မျိုးချစ်တပ်မတော်သားတွေအနေနဲ့လည်း ချစားပျက်စီးနေတဲ့ အစိုးရ၊ တရုတ်လို  ပြည်ပနိုင်ငံမျိုးရဲ့ လက်အောက်ခံလုပ်ချင်နေတဲ့ အစိုးရရဲ့ စစ်တပ်ဖြစ်နေတာထက် လူထုရဲ့  ချစ်ခင်လေးစားမှုကို ရရှိတဲ့ ပြည်သူ့ဝန်ထမ်း တပ်မတော်ဖြစ်မြောက်ရေးကို လိုလားတောင့်တနေကြပါတယ်။" 
အမေရိကန်အောက်လွှတ်တော်အမတ် ဒေနာရိုရာ ဘာကာ ပြောသွားတာဖြစ်ပါတယ်။ ဒီဆက်သွယ်မေးမြန်းချက် အပြည့်စုံကို  ဗုဒ္ဓဟူးနေ့မှာတင်ဆက်ပေးမယ့် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ ဆက်ပြီးနားဆင်နိုင်ပါတယ်။ 

No comments:
Post a Comment