ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နယ်မြေအတွင်း၌  လက်ရှိအချိန်တွင် မြန်မာစစ်တပ်မှ တိုက်ခိုက် ရေး တပ်ရင်း တစ်ရာကျော်ခန့်  နေရာယူလှုပ်ရှားနေကြောင်း မကြာသေးမီကရရှိသည့် စစ်ရေးအစီရင်ခံစာတစ်စောင်အရ  သိရသည်။
   ကရင်လက်နက်ကိုင်တပ်များရှိရာ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ရှိ ကရင်နှင့်  မွန်ပြည်နယ် ၊ ပဲခူးနှင့် သနင်္သာရီတိုင်း အတွင်းရှိ နယ်မြေများတွင်  မြန်မာစစ်တပ်၏ ပင်မ မြေပြင် တိုက်ခိုက်ရေး တပ်မ၂ ခု နှင့် စကခ (ခေါ်)  စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် (၈)ခုတို့ ပုံမှန်လှုပ်ရှားကြောင်း သိရသည်။
အဆိုပါ  တပ်များတွင် တပ်မ ၂၂ ၊ ၄၄ နှင့် စကခ ၂ ၊ ၄ ၊ ၅ ၊ ၇ ၊ ၈ ၊ ၁၀ ၊၁၉ ၊ ၂၁  စသည့်  ကွပ်ကဲမှုတပ်များပါဝင်ပြီး တပ်ရင်းပေါင်း တစ်ရာကျော်ခန့်ရှိကြောင်း  သိရသည်။
ကရင်လက်နက်ကိုင်များနှင့်ရင်ဆိုင်နေသည့် လက်ရှိ  မြန်မာစစ်တပ်၏ အင်အားသည် ယခင်ထက်စာလျှင် တပ်မ ၂ ခုခန့် လျှော့နည်း  နေကြောင်း တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက  သုံးသပ်သည်။
“ကရင်နယ်မြေဘက်မှာ အဓိကကတော့ စကခတွေပဲများတယ် တပ်မ  ၂၂ နဲ့ ၄၄ က ပုံမှန်ရှိတယ် တစ်ခုက ခါတိုင်းရှိတဲ့ တပ်မ ၆၆ နဲ့ ၇၇  ကတော့မပါဘူး ထုတ်ထားတဲ့သဘောရှိတာပေါ့ ခါတိုင်းထက် တပ်မ ၂ခုလောက်လျှော့နေတဲ့  သဘောပေါ့ ” 
“တရုတ်နယ်စပ်ဘက် လိုရင်လည်းသုံးရအောင်ပေါ့  အရင်ဘင်္ဂလားနယ်စပ်ပြဿနာပေါ်ကတည်းက ထုတ်ထားတာလေ အဲဒီကတည်းက ပြန်မသွင်းတာ  တစ်ခုလုံးလိုအပ်ချက်အရ ထုတ်ထားတာဖြစ်နိုင်တယ် ” လို့ သူက ပြောသည်။
လွန်ခဲ့သည့်နှစ်အတွင်းက  သျှမ်းပြည်(မြောက်ပိုင်း)  ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့အား ထိုးစစ်ဆင်  တိုက်ခိုက်ချိန်မှစ၍ အဆိုပါ ဒေသလုံခြုံရေးအတွက် မြန်မာစစ်တပ်က တပ်မ ၃၃  နှင့် ၉၉ ကို ကိုးကန့်ဒေသတစ်ဝိုက်တွင် အမြဲတမ်းတပ်စွဲထား ရသည်။
မြန်မာစစ်တပ်၌  ပင်မမြေပြင်တိုက်ခိုက်ရေး တပ်မ ၁၀ ခုခန့် ရှိသည့်အနက်  နောက်ထပ်ပြောင်းရွှေ့လှုပ်ရှားနိုင်သည့် တပ်မ အနေဖြင့် ၅ ခုခန့်သာရှိကြောင်း  သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည်  ကရင့်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ လက်နက်ကိုင် တပ်ဖြစ်ပြီး  ကရင်အမျိုးသားရပိုင်ခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ  လက်နက်ကိုင်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။



No comments:
Post a Comment