Pages

Subscribe

Sunday 23 May 2010

အင်န်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းစည်း - ဥက္ကဋ္ဌ၊ ပါတီခေါင်းဆောင် ဦးစိုးမြင့် ဈာပန မြင်ကွင်း

0
အင်န်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းစည်း - ဥက္ကဋ္ဌ၊ ပါတီခေါင်းဆောင် ဦးစိုးမြင့် ဈာပန မြင်ကွင်း
မိုးယံမခ
မေ ၂၃၊ ၂၀၁၀
မေလ ၂၀ ကြာသာပတေးနေ့လည် ၁ နာရီမှာ ကွယ်လွန်ခဲ့တဲ့ သခင်စိုးမြင့် (၁၉၂၃ - ၂၀၁၀) ၈၇ နှစ်ရဲ့ ဈာပနကို ယမန်နေ့ မနက် ၁၁ နာရီက ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။
အမှတ် ၅(က)၊ ၃ လမ်း အနောက်၊ ကေတုမာလာရိပ်သာ၊ ၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်မှ နံနက် ၉ နာရီ ၃၀ မှာ ဘီအမ်ကား ၁၀ စီး စီစဉ်ထားပေမယ့် လိုက်ပါပို့ဆောင်သူတွေ များပြားလွန်းတဲ့အတွက် ကားတွေပေါ်မှာ အားလုံးက တိုးဝှေ့ပြီး ပို့ဆောင်ခဲ့ကြရပါတယ်။

ဈာပနာကို နိုင်ငံရေးအသိုင်းအ၀ိုင်း၊ သံရုံးများက သံတမန်များ၊ မြိုနယ်အသီးသီးက အင်န်အယ်ဒီပါတီဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူလူထုများက စည်ကားစွာ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
(ကျန်ရစ်သူ မိသားစု - ဇနီးသည် ဒေါ်အေးကြွယ်)
ကျန်ရစ်သူမိသားစုက ကွယ်လွန်သူကို ရည်စူးပြီး မေ ၂၆ ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီက ၁၁ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားနာပြုလုပ်ကြမယ်လို့ သိရပါတယ်။
ဈာပနာအခမ်းအနားမှာ သခင်စိုးမြင့်ရဲ့ အထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ အင်န်အယ်ဒီပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဆုတောင်းမေတ္တာပို့၍ တရားစာများ ရွတ်ပေးခြင်း၊ ဒို့ဗမာအစည်းအရုံး သီချင်းကို ပရိသတ်များ အပါအ၀င် သံပြိုင်သီဆိုကြပြီး သခင်စိုးမြင့်ရဲ့ ရုပ်အလောင်းကို အင်န်အယ်ဒီ ပါတီဝင်များက ထမ်းပြီး မီးသင်္ဂြိုဟ်စက်ထံ ပို့ဆောင်ခဲ့ကြပါတယ်။
သခင်စိုးမြင့် ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်အေးကြွယ်၊ သားသမီးများဖြစ်ကြတဲ့ (ဦးဝင်းတင်) ဒေါ်ခင်ဆွေမြင့်၊ ဦးမောင်မောင်မြင့် - ဒေါ်ခင်ဝင်း၊ ဦးအေးဆွေ - ဒေါ်ချိုချိုမြင့်၊ (ဦးထွန်းဝေ) - ဒေါ်သစ်သစ်မြင့်၊ ဦးအေးသိန်း - ဒေါ်သင်းသင်းမြင်ံနဲ့ မြေး ၁၄ ယောက်၊ မြစ် ၃ ယောက် ကျန်ရစ်ပါတယ်။
သခင်စိုးမြင့်ဟာ မော်ကွန်းဝင် ပထမဆင့်၊ အင်န်အယ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ၊ တောင်ဥက္ကလာမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
ဦးစိုးမြင့် ခေါ် သခင်စိုးမြင့်ကို မြောင်းမြမြို့ မှာ ၁၂၈၉ ခုနှစ် ၀ါခေါင်လဆန်း၊ ၅ ရက်မှာ အဖဦးမောင်ရှိန်၊ အမိ ဒေါ်ခင်ညိုတို့မှ မွေးဖွားခဲ့ပါတယ်။ မြောင်းမြမြို့မှာ အင်္ဂလိပ်၊ မြန်မာ ၆ တန်း အထိ သင်ကြားခဲ့ပါတယ်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ်တိုင်း စစ်ကော်မီတီဝင်၊ ပြည်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ မြောင်းမြခရိုင် ဥက္ကဋ္ဌနဲ့ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဖဆပလ ဗဟိုဦးစီး၊ ဗလတစ ဗဟိုအလုပ်အမှုဆောင်၊ ဆိုရှယ်နီ ဗဟိုကော်မီတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၅၃ မှာ ဗီယင်နာ ကမ္ဘာလူငယ်ညီလာခံသွား ကိုယ်စားလှယ်၊ အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စတဲ့ ဘ၀တွေမှာ ကျင်လည် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။
သခင်စိုးမြင့်ဟာ အင်န်အယ်ဒီပါတီရဲ့ ၁၉၉၀ ဂန္ဒီဆုံးဖြတ်ချက်အတိုင်း န၀တ စစ်ကောင်စီက လွှတ်တော်ခေါ်မပေးရင် ဆောင်ရွက်သင့်တဲ့ နည်းလမ်း ၃ သွယ် စာတမ်း ဆွေးနွေးရေးသား ပြုစုရာမှာ ပါဝင်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ကွယ်လွန်ချိန်အထိ အင်န်အယ်ဒီပါတီရဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံမတင်ဘဲ အင်န်အယ်ဒီ ဆက်လက်ရပ်တည်ရေးကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
(ဦးအေးသာအောင်နဲ့ ဦးဝင်းတင်ကို ဈာပနတွင် တွေ့ရစဉ်)

(ပါတီ ခေါင်းဆောင်၊ ရှေ့နေကြီး - ဦးဉာဏ်ဝင်း)

No comments:

Post a Comment